အခန်း (၅၀၅-၅၀၇)
Vol. 34 Ch. 505-507
အခန်း ၅၀၅ ။ လူသားမျိုးနွယ်ဆီ ခရီးနှင်ခြင်း
ကူယွဲ့အကောင်းဆုံး သင်ကြားနေပေမဲ့ ကျောင်းအုပ်တွေက ကျောင်းအုပ်တွေပဲလေ။ ကျောင်းသားတွေရဲ့ နားလည်နိုင်စွမ်းပေါ် မူတည်နေသေးတယ်။ ဒါပေမဲ့ တစ်ခါရှင်းပြပြီးတဲ့နောက် တစ်စုံတစ်ခုကို နားလည်နိုင်ပြီး ချက်ချင်းကွင်းပြင်မှာ တရားထိုင်တဲ့သူတွေ ရှိမယ် မထင်ခဲ့ဘူး။ ပြီးတော့ ကောင်းကင်စွမ်းအင်တွေဝိုင်းနေတဲ့ မျိုးနွယ်စု လေးခုငါးခုက ချက်ချင်း သူတို့ကိုယ်ပေါ် ကြွယ်ဝလာကာ အပြာရောင် အလင်းဖျော့ဖျော့က ပေါ်လာပြီး သူတို့ဘေး တခြားသူတွေကို ခြောက်လှန်တဲ့ ကောင်းကင်ဖိနှိပ်မှိုမျိုး ခပ်ရေးရေး ပေါ်လာတယ်။ အကြောက်တရားက သူတို့ရင်ထဲ အကြောင်းရင်းမရှိ ပေါ်လာပေမဲ့ သူတို့အတိတ်မှာ ထုထောင်းချိန်ခံစားခဲ့ရတဲ့အကြောက်တရားနဲ့ကွဲတယ်။ အဲအစား အံ့ဩမှု၊ ကြည်ညိုမှုအရိပ်အယောင် ပါဝင်နေခဲ့တယ်။
ကူယွဲ့ ဘေးက ကောင်းကင်မျိုးနွယ်တွေကို ငြိမ်ခိုင်းပြီး တရားထိုင်နေသူတွေကို မနှောင့်ယှက်ခိုင်းဘဲ ဆက်ပြီးပို့ချခဲ့တယ်။ သူ အဲလိုလုပ်တာနဲ့ တရားထိုင်သူက ပိုပိုများလာတယ်။ သူတို့က ကောင်းကင်မျိုးနွယ်တွေ ဖြစ်ပြီး သဘာဝအရ အရည်အသွေးက မဆိုးဘူး။ အထူးသဖြင့် လွန်ခဲ့တဲ့နှစ်အနည်းငယ်က ယုန်ရဲ့ ဇွန်းခွံ့ကျွေးသင်ကြားရေးအပြီးမှာ ဘာကိုရှင်းပြနေလဲဆိုတတာ နားလည်ဖို့ ပိုလွယ်ကူလာတယ်။ အရင်က သူတို့တွေ ကသောင်းကနင်း အရှိန်အဝါ သက်ရောက်ခံထားရတာမို့ သူတို့အသက်ရှူနှုန်းကို လေ့ကျင့်ဖို့သင်ယူပြီးတဲ့နောက်မှာ ဒီလွှမ်းမိုးမှုက တဖြည်းဖြည်း နည်းပါးလာခဲ့တယ်။
ကွင်းပြင်ပေါ်က ကောင်းကင်စွမ်းအင်က သိသိသာသာ ပေါများလာပြီး ထိတွေ့လို့ရတဲ့ တစ်စုံတစ်ခုဆီ ပြောင်းဖို့ အရိပ်အယောင်ပါ ပြနေတယ်။ ဒီရက်ပိုင်း သူတို့တွေ ဝိညာဥ်မိုးဖွဲလေးတွေတောင် မြင်နေရတာ။ ယုန် တောင်နောက်မှာ စိုက်နေတဲ့ မုန်လာဥနီတွေတောင် လေးနာရီတိုင်း ခူးဆွတ်ဖို့အဆင်သင့် ဖြစ်နေပြီ။ ယုန်ရဲ့လက်တွေက ရိတ်သိမ်းရလွန်းလို့ နာတောင်နာနေပြီ အသည်းအသန် ပေါက်နေတဲ့ တခြားဝိညာဉ်ဆေးပင်တွေတော့ ပြောကိုမနေနဲ့တော့။
ယိချင်း ဆက်မကြည့်နိုင်တော့ဘဲ တောင်အောက်ဆင်းကာ အင်းကွက်တွေ ခင်းလိုက်ပြီး ဒီအပိုဆောင်း ကောင်းကင်စွမ်းအင်တွေကို မြေပြင်ထဲစီးဆင်းသွားတာ ဒါမှမဟုတ် အမတ သွေးကြောအဖြစ် ကြီးထွားလာအောင် ဒါမှမဟုတ် လောကကြီးထဲပျံ့သွားအောင် စီးဆင်းဖို့ညွှန်လိုက်တယ်။
သူက ခရမ်းညနန်းတော်ရဲ့ အရင်ပိုင်ရှင် ဟုန်မုန့်ကိုပါ ကူညီခိုင်းဖို့ ခေါ်လိုက်လေတယ်။
ဒါပေမဲ့ ဟုန်မုန့်က မရွေ့ဘဲ ကောင်းကင်ကို ရီဝေစွာ မော့ကြည့်နေတယ်။ သူ့မျက်လုံးတွေက ထိတ်လန့်တကြား ပြူးကုန်ပြီး တုန်ယင်နေတဲ့လက်ညှိုးနဲ့ ကောင်းကင်ကို လက်ညှိုးထိုးကာ ထိတ်လန့်နေတာလား ပျော်နေတာလား မသေချာတဲ့ အမူအရာနဲ့။
"ဆ... ဆရာ ကောင်းကင်... ကောင်းကင်တာအိုက စတင်ပေါ်ပေါက်လာပြီ" ဒါ အရမ်းမြန်လွန်းတယ်။
ဒီဘက်မှာ အချိန်စီးဆင်းမှုက ကွာခြားတယ်။ အဲအပြင် မျက်နှာပြင်တည်ငြိမ်စေဖို့ ဟုန်မုန့်တို့တွေက ဒီကမ္ဘာက အချိန်ကို မြန်ထားတာ။ တကယ်တော့ ရှန်းရင် ဒီမျက်နှာပြင်ကို ဖွင့်ဖို့ကူညီပေးခဲ့တည်းက နှစ်သန်းချီကြာသွားပြီ။ ဒီလိုဆိုရင်တောင် သူတို့ ဒီလောက်နှစ်တွေအကြာကြီး ကြိုးစားခဲ့ပေမဲ့ ကောင်းကင်တာအိုကို ဒီကမ္ဘာထဲမခေါ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ ခု ဒါ ဘယ်လောက်ပဲကြာသေးလို့လဲ၊ ကောင်းကင်တာအိုက ပေါ်ပေါက်လာဖို့ အရိပ်အယောင်တွေ ပြနေပြီ။
ယိချင်းက မော့ကြည့်လိုက်ပြီး သေချာအာရုံခံပြီးတဲ့နောက် ဒီကမ္ဘာကတကယ်ပဲ အခွင့်အာဏာစွမ်းအင် ရရှိလာပြီဆိုတာ နားလည်ခဲ့ရတယ်။ သူ့မျက်လုံးထဲကအကြည့်က မည်းမှောင်သွားပြီး စင်မြင့်ပေါ် ဟောကြားနေဆဲ ဖေဖေနျို့ဘက် လှည့်ပြီး တစ်စုံတစ်ခုကို ချက်ချင်း နားလည်သွားကာ သူ့ဘေးမှာ ထိုင်ခုံတစ်လုံးပေါ် လေးတွဲ့နေရင်း အသီးကို ကိုက်စားနေတဲ့လူဘက် လှည့်လိုက်တယ်။
"ဆရာ၊ ဖြစ်နိုင်တာဖေဖေနျိုက..."
ရှန်းရင်လက်တွေ ရပ်သွားပြီး သူမက တစ်ဖက်ကို ခေါင်းစောင်းလိုက်တယ်။
"အင်း၊ ငါကခေါင်းဆောင်ကောင်းလို့ ထင်တာပဲ"
"..." သူ့နှုတ်ခမ်းထောင့်တွန့်သွားပေမဲ့ အဆုံးမှာတော့ ဘာမှမပြောခဲ့တော့။ သူ နောက်တစ်ကြိမ် စင်မြင့်ပေါ် အဆက်မပြတ် စကားပြောနေတဲ့ တစ်ယောက်သောသူကို ကြည့်ကာ သက်ပြင်းချလိုက်တယ်။ သူဘာလုပ်နိုင်မှာလဲ။ ဒါ သူ့ဆရာ ဖြစ်နေတာ ဘယ်သူ့အမှားလဲ။ သူ သူမကို ဆက်အလိုလိုက်ဖို့ပဲ ရှိတော့တာပေါ။
အင်း၊ ဒါက ဆရာပျင်းနေလို့ လုံးဝမဟုတ်ဘူး။
——————
ကူယွဲ့ရဲ့သင်ကြားရေးက ဆယ်နှစ်ကျော် ကြာသွားခဲ့တယ်။ အစကတော့ သူက ဖတ်စာအုပ်ထဲက အကြောင်းအရာတွေကို ကျေပွန်စွာ အသေးစိတ်ရှင်းပြပြီး ကျောင်းသားတွေနဲ့ ရံဖန်ရံခါ အဆက်အဆံ ရှိတယ်။ နားလည်ပြီး တရားထိုင်သူတွေ ပိုပိုများလာတာ မြင်တော့ သူကနည်းနည်း ပိုတောင်ပျော်လာတယ်။ ဒါပေမဲ့ အကြောင်းအရာက ဘယ်လောက်ပဲ စိတ်ဝင်စားဖို့ကောင်းပစေ ၄ ၅ ကြိမ် ရှင်းပြပြီးရင်တော့ သူလည်း မချင့်မရဲဖြစ်လာတာပေါ့။
ဒါကြောင့် အလိုလို သူက စင်မြင့်က အင်းကွက် အစီအရင်ကို ပြောင်းကာ အချိန်တစ်ခုစီမှာ ပြသဖို့ ပုံရိပ်ထိန်းအင်းကွက်တချို့ ကပ်ပေးလိုက်တယ်။ အကြောင်းအရာတွေကတော့ အားလုံးအတူတူပဲ။ ဒါပေမဲ့ အံ့ဩစရာက ဒီလို ဗြုတ်စဗျင်းတောင်း နည်းလမ်းက တကယ်အလုပ်ဖြစ်သွားတာပဲ။ တရားထိုင်သူတွေ ပိုများလာပြီး ကူယွဲ့ စိတ်အေးလက်အေး ဒီပုံရိပ်တွေကိုဆက်ပြသနေလိုက်တယ်။
ပြီးတော့ သူတို့ အတန်းကို နားထောင်ရင်း ဘေးပတ်ဝန်းကျင်က ကောင်းကင်စွမ်းအားတွေကို ဆက်စုပ်ယူနေတာမို့ သူတို့ကိုယ်ထဲက ကသောင်းကနင်းအရှိန်အဝါက တဖြည်းဖြည်း လျော့ပါးလာတော့တယ်။ သူတို့တွေ စစရောက်ကာစက ခက်ထန်တဲ့အကြည့်မျိုး မရှိတော့ဘဲ အများကြီး ပိုညင်သာလာကာ တကယ့် ကောင်းကင်မျိုးနွယ်ဝင်ပုံနဲ့ ပိုတူလာတယ်။
သူ့အကြည့်က ပုံရိပ်တွေ ကြည့်နေတာတောင် စည်းစနစ်တကျ ထိုင်နေဆဲ မျိုးနွယ်အသီးသီးဆီ ရောက်သွားတယ်။ သူတို့အားလုံးက အလေးအနက်အပြည့်။ တရားထိုင်မှုထဲ မဝင်ရသေးတဲ့ အစိတ်အပိုင်းတချို့တော့ ရှိနေသေးတယ်။ သူတို့က တကယ်ပဲ ပါရမီ မလုံလောက်ဘူးထင်။ သူ ခဏစဉ်းစားကာ သူတို့ကို ပိတ်လှောင်ထားတဲ့ အင်းကွက်အစီအရင်ကိုဖွင့်ပေးလိုက်တယ်။
သူတို့ကိုယ်ထဲက ကသောင်းကနင်းအရှိန်အဝါကို ရှင်းထုတ်ပြီးပြီမို့ သူတို့အတွေးတွေက ကြည်လင်ကာ အသိစိတ်တွေက လွှမ်းမိုးမှုအောက် ရှိမနေတော့တာမို့ ဒီကျင့်ကြံမှုရဲ့ အကျိုးအမြတ်ကိုနားလည်မှာပဲ။ သူတို့ရဲ့ ပါရမီက မပါပေမဲ့ အပြင်ထွက်ပြီးပိုဖွံ့ဖြိုးအောင်လုပ်တာက အတော်လေးကောင်းတဲ့ ရွေးချယ်မှုပဲမို့ သူတို့ကိုလွှတ်ပေးဖို့အချိန်တန်ပြီ။
ဘယ်သူမှ အစက မလှုပ်ရှားရဲဘဲ ဒါက ကြောင်နဲ့ကြွက်ကစားနည်းမျိုး စာမေးပွဲစမ်းသပ်မှု ထင်နေကြပြန်တယ်။ ဒါပေမဲ့ တချို့က အရဲစွန့်စွာ အပြင်ထွက်ပြီး ဘာမှဖြစ်မလာတာ မြင်တော့ သူတို့တွေက ဆက်တိုက်ထွက်ခွာသွားကြတယ်။ တရားထိုင်နေတဲ့လူအရေအတွက်က တစ်ဝက်လောက် လျော့သွားပြီး ကျန်ရစ်တာ တရားထိုင်ရာကနေ မနိုးသေးသူတွေ။ သူတို့ တရားထိုင်ရမဲ့ကြာချိန်က သူတို့ရဲ့ပါရမီပေါ်ပဲမူတည်တာမို့ နာရီပိုင်းလောက်တိုနိုင်သလို နှစ်ထောင်ချီလည်း ကြာနိုင်တယ်။
ကျန်ရစ်သူတွေထဲ ပြန်လည်ဝင်စားလာတဲ့ ရှေးဟောင်းနတ်ဘုရား၁၂ပါလည်းပါပြီး တချို့က တရားထိုင်နေဆဲဖြစ်ကာ တချို့က အသိစိတ်ဝင်နေပေမဲ့ မထွက်သွားချင်။ သူတို့က ဟောကြားပို့ချမှုကနေ တစ်ခုခုနားလည်သွားလို့ထင် သူတို့ အခု မထွက်သွားချင်တော့ဘူး။
ကူယွဲ့ မနှောင့်ယှက်ဘူး။ ခုပိုစိုးရိမ်ရတာက အောက်ဘက်ကလူသားမျိုးနွယ်ပဲ။ ဒါက ဒီမျက်နှာပြင်ကို ပြင်ဖို့လိုတဲ့ပထမပြဿနာ။ ကောင်းကင်မျိုးနွယ်တွေကိစ္စက လမ်းကြောင်းမှန်ပေါ်ပြန်ရောက်ပြီး သိပိစိုးရိမ်စရာမလိုတော့တာမို့ လူသားမျိုးနွယ်ဘက် တစ်ချက်သွားကြည့်ဖို့ အချိန်တန်ပြီ။
သူ ဆရာတပည့်နှစ်ယောက်ကိုခေါ်ပြီး ကျန်သုံးယောက်ကို ချန်ထားခဲ့တယ်။ ခု သူ စိတ်အေးသွားပြီ။ ကွင်းပြင်ထဲ ကောင်းကင်မျိုးနွယ်တွေ အများကြီးရှိပေမဲ့ ဟုန်မုန့်နဲ့ ဖက်တီးရောက ရှေးဟောင်းနတ်ဘုရားတွေ။ တစ်ခုခုဖြစ်ရင်တောင် သူတို့ထွက်ပြေးနိုင်မှာပဲ။ ယုန်အတွက်ကတော့... သူ ပိုစိုးရိမ်စရာတောင် မလိုသေးတယ်။ အဲကောင်းကင်မျိုးနွယ်တွေက ခု သူ့ကိုမြင်တာနဲ့ စတင်တုန်ယင်လာပြီး သူစကားပြောဖို့ ပါးစပ်ဟမှာ ကြောက်နေတယ်။ စိတ်ဒဏ်ရာက ပိုပြီးတောင် ကြောက်စရာကောင်းသေး။
ဟုန်မုန့် သူတို့ကို ညွှန်ပြတဲ့ဘက်အရ လူသားမျိုးနွယ်ရှိရာ သီးသန့်နယ်နိမိတ်ဆီ ရောက်လာပြီ။ သူတို့ရောက်လာမှ နားလည်ရတာက အဲနေရာက တကယ်ပဲ နတ်ဘုရားတွေရဲ့ စစ်မြေပြင်နဲ့ တကယ်ကို ဝေးတယ်။ သူတို့ကြားထဲ ပင်လယ်ကြီးတစ်ခုခြားထားတဲ့ ကျွန်းကြီးတစ်ခုပဲ။ ကျွန်းတစ်ခုလုံးကို ဟုန်မုန့်က ထူးခြားတဲ့ဂါထာတစ်ခုသုံးပြီးချိတ်ပိတ်ထားတယ်။ အဲတုန်းက မိစ္ဆာနတ်ဘုရားက အပြင်ဘုံကို သီးသန့် ချိပ်ပိတ်ခဲ့သလိုမျိုးပဲ။ ကျွန်းတစ်ခုလုံးက ကြီးမားတဲ့ အကာအရံ ဝိုင်းခံထားရပြီး အပြင်ဘက်က ကောင်းကင်မျိုးနွယ်အပါအဝင် အင်အားကြီးသက်ရှိသတ္တဝါအားလုံးကိုပိတ်ဆို့ထားတာပဲ။
ကူယွဲ့ သူ့ကောင်းကင်စိတ်အာရုံနဲ့ ဝေ့ဝဲကြည့်လိုက်တော့ အခြေအနေက သူထင်ထားတာထက် ပိုကောင်းနေတာ သိလိုက်ရတယ်။ ဟုန်မုန့်ရဲ့ အချိန်ကိုက် သီးသန့်ခြားထားမှုကြောင့်ထင် လူသားမျိုးနွယ် အရေအတွက်က အတော်လေးကြီးပြီး သူတို့မျက်နှာပြင်ထဲက ကမ္ဘာငယ်ရဲ့ စုစုပေါင်းလူဦးရေထက် မနည်းဘူး။ နဂိုက ရှေးကျတဲ့လူနေထိုင်မှုဖြစ်မယ် တွေးခဲ့ပေမဲ့ အရင်ကမ္ဘာငယ်လေးနဲ့ ကွာခြားမှုအများကြီး ရှိမှာမဟုတ်ဘူးလို့ မထင်ခဲ့တာ။ သူတို့တွေက နိုင်ငံသုံး ဘာသာစကားနဲ့ ပိုပြီးစနစ်ကျကာ အချိုးအစားသေးတာကလွဲ တခြားမျက်နှာပြင်နဲ့ ဘာမှမကွာခြား။
"အောက်ဆင်းပြီး တစ်ချက်ကြည့်စို့" သူက အနီးဆုံးမြို့ပြင်က တောအုပ်ကို လက်ညှိုးထိုးကာ ပျံသန်းလာခဲ့တယ်။ သူတို့တွေ တောအုပ်အပြင်ထွက်ဖို့ရည်ရွယ်နေတုန်း လူ၅ယောက်က ရုတ်တရက် ခုန်ထွက်လာကာ သူတို့၃ယောက်ကို သတိတကြီးကြည့်နေတယ်။
"မင်းတို့က ဘယ်သူတွေလဲ" သူတို့လက်ထဲ ဓားတွေ၊ ပုဆိန်တွေလို လက်နက်တွေ ကိုင်ထားပြီး ကူယွဲ့တို့ဆီ ချိန်လာတယ်။
ကူယွဲ့ ။ ။ "..." သူတို့နေ့ခင်းကြောင်တောင် ဓားပြတိုက်ခံနေရတာလား။
…
အခန်း ၅၀၆ ။ နောက်ထပ် ဂိုဏ်းခွဲတည်ထောင်ခြင်း
သူတို့ပြန်မဖြေတာ မြင်တော့ သန်မာပြီး အရပ်ရှည်ရှည်နဲ့ အုပ်စုကိုခေါင်းဆောင်နေတဲ့ လူတစ်ယောက်က ဓားကိုယမ်းကာ ကျယ်လောင်စွာ ပြောတယ်။ "မင်းတို့ ဘယ်ကလာကြတာလဲ၊ ဖြတ်သန်းခွင့်ပါလား"
"ဖြတ်သန်းခွင့်လား" ကူယွဲ့ မှင်တက်သွားတယ်။ အဲတော့ ဒါက ဓားပြတိုက်နေတာ မဟုတ်ဘူးပေါ့။ သူက အမြန် စီးပွားရေး ကျွမ်းကျင်အပြုံးဆီ အမြန်ပြောင်းလိုက်တယ်။ "အစ်ကိုကြီး၊ ကျွန်တော်တို့..."
"ဘယ်သူက မင်းအစ်ကိုကြီးလဲ" အဲလူက သူ့ကို တန်းဝင်ဖြတ်ပြီး သူ့အကြည့်က ပိုပြီးတောင် သတိထားလာတယ်။
"အဓိပ္ပာယ်မရှိတာ မပြောနဲ့၊ မင်းတို့ဖြတ်သန်းခွင့်ကို ချက်ချင်းထုတ်၊ မဟုတ်ရင် မင်းတို့ကို မညှာတာလို့ အပြစ်မတင်နဲ့"
"..." ကူယွဲ့ တိတ်သွားတယ်။ ဒါက ပထမဆုံးအကြိမ် သူ ညှိနှိုင်းမှုကျရှုံးတာပဲ။ သူ အဲဖြတ်သန်းခွင့်က ဘယ်လိုပုံမျိုးလဲစဉ်းစားနေပြီး ဂါထာတစ်ခုနဲ့ပဲ တန်းဖန်တီးရမလား တွေးနေတုန်းရှိသေးတယ်...။
"မြန်မြန်" နောက်လူငယ်တစ်ယောက်က ဘေးကနေ သူတို့ကိုလောတယ်။ သူက သူတို့နဲ့ အနီးဆုံး ရှန်းရင်ကို တစ်ချက်ကြည့်တယ်။ "ဖြတ်သန်းခွင့်"
"မရှိဘူး" ရှန်းရင်ခေါင်းက စောင်းသွားပေမဲ့ လက်တစ်ဖက်ကို လှည့်ကာ အသီးတစ်လုံး ကမ်းပေးလိုက်တယ်။
"အသီးလိုချင်လား"
ကူယွဲ့ နှုတ်ခမ်းထောင့်တွေ တွန့်သွားတယ်။ "ရှန်းရင်" ပြဿနာထပ်မရှာနဲ့တော့။ ဘယ်သူက မင်းအသီးကို လိုချင်မှာလဲ။ ပြီးတော့ မင်းလက်ထဲကဟာက ငါ့ကိုအရင်တစ်ခေါက်က မေးလို့မရခဲ့တဲ့ မမှည့်သေးတဲ့အသီး မဟုတ်လား။ ကျေးဇူးပြုပြီး လူတွေကို ဖိတ်ကြားချိန် ပိုပြီး စိတ်ရင်းထည့်ပေးလို့ရမလား။
သူ ရှင်းပြမို့ရှိသေး ရှေ့ကလူက အသီးကို တစ်ချက်ကြည့်ကာ တခြားသူတွေကို လှည့်ပြောတယ်။
"ဒီတစ်ယောက်မှာ ပြဿနာမရှိဘူး" အဲလိုနဲ့ သူကအသီးကိုယူကာ ရှန်းရင်ကို သူ့အုပ်စုထဲ ဆွဲသွင်းလိုက်တယ်။ ပြီးတော့ လက်နက်ကို နောက်တစ်ကြိမ် ထုတ်ကာ သူနဲ့ စားဖိုမှူးဘက်ညွှန်လာတယ်။
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
သောက်ကျိုးနည်း ဒါဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ။
(⊙ o ⊙)
"မင်းတို့နှစ်ယောက်ကရော" အဲလူက နှစ်ယောက်သားကို ဒေါသတကြီး ကြည့်နေဆဲ။ သူက လက်ထဲကလက်နက်ကို တင်းတင်းဆုပ်ကိုင်ပြီး ကျယ်လောင်စွာပြောလာတယ်။
"ဖြတ်သန်းခွင့်မပါဘူး၊ သူတို့က အဲလူသားစား မကောင်းဆိုးဝါးတွေအဖြစ် ပြောင်းခံထားရတာပဲ သူတို့ကိုဖမ်း"
သူစကားဆုံးတာနဲ့ တခြားသူတွေအားလုံးက သူတို့လက်နက်တွေကို မြှောက်ကာ သူတို့ဆီ ထိုးမဲ့ပုံစံတွေ လုပ်တယ်။
"ခဏ"
ကူယွဲ့ စက္ကန့်ပိုင်းအတွင်း တစ်ခုခုကိုတွေးမိသွားတယ်။ သူ့နှုတ်ခမ်းထောင့်က တွန့်သွားပြီး အဆာသွတ်မုန့်တစ်ထုတ်ကို ထုပ်ကာ ကမ်းပေးလိုက်တယ်။ စားဖိုမှူးလည်း သဘောပေါက်သွားပြီး ဝက်သားပေါင်းတစ်ဝက် ထုတ်ပေးလာတယ်။
အဲလူတွေက သံသယတချို့နဲ့ လှမ်းယူကာ အနည်းငယ်ကိုက်ပြီးမှ သူတို့လက်နက်တွေကိုချတယ်။
"တကယ်လို့ ဖြတ်သန်းခွင့်တွေရှိရင် စောစောတည်းကပြောရမှာပေါ့၊ နားလည်မှုလွဲသွားရင် မကောင်းဘူးလေ" ခေါင်းဆောင်က နှစ်ယောက်ကို အရမ်းနှေးလွန်းတယ်လို့ အပြစ်တင်ဟန်နဲ့ ကြည့်တယ်။ သူက ခဏစဉ်းစားပြီး ထပ်ပြောတယ်။ "ဒါပေမဲ့ ခင်ဗျားတို့ ဖြတ်သန်းခွင့်တွေက အတော်လေး အရသာရှိတာပဲ၊ ဘယ်လိုလုပ်ခဲ့တာလဲ"
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
ဖြတ်သန်းခွင့်တွေကို စစ်ဆေးပြီး လုယက်နေတာ မဟုတ်တာ သေချာရဲ့လား။
"ဟူး၊ ခုတလော မြို့ထဲ မငြိမ်းချမ်းနေတာမို့ ဝင်ထွက်သွားလာသူတွေကို စစ်ဆေးတာ နည်းနည်း တင်းကြပ်နေတာပါ" အဲလူက သက်ပြင်းချပြီး ဆက်ပြောတယ်။
"ခင်ဗျားတို့က တခြားနေရာက လာတမဟုတ်လား၊ ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့၊ ကျုပ်တို့က မြို့လုံခြုံရေးအတွက် လုပ်နေရတာပါ"
ကူယွဲ့နားလည်သွားပြီး ရှေ့ကို ချက်ချင်းတစ်လှမ်းတိုးလိုက်တယ်။ သူ့စီးပွားရေးအပြုံးကို ပြန်လည်တပ်ဆင်ပြီး မေးတယ်။
"ဟင့်အင်း ဟင့်အင်း၊ ဒါမှန်ပါတယ်၊ ကျုပ်တို့နားလည်နိုင်တယ်၊ မြို့ထဲဘာများဖြစ်ခဲ့လဲ အစ်ကိုကြီး ကျုပ်တို့ကို ပြောပြနိုင်မလား"
"အဲဒီမကောင်းဆိုးဝါးတွေ ပြန်ပေါ်လာတာပါပဲ" အဲလူက သက်ပြင်းချတယ်။
"မြို့ထဲ ခုတလော ဆယ်ယောက်ကျော် ပျောက်သွားတာမို့ ကျုပ်တို့ ဖြတ်သန်းခွင့်တွေအပေါ် စည်းကမ်းကြပ်ပြီး စစ်ဆေးနေတာပါ၊ ကောင်းပြီလေ၊ ဒီမှာကြာကြာမနေကြနဲ့တော့၊ မြို့ထဲ မြန်မြန်ဝင်ကြပါ၊ မှောင်လာရင် သူတို့နဲ့တိုးသွားနိုင်တယ်"
သူက စကားဆုံးတော့ လက်ကိုယမ်းကာ လောလေတယ်။
ကူယွဲ့ ဆက်မေးလို့မရတော့တာမို့ ရှန်းရင်နဲ့ စားဖိုမှူးကိုဆွဲခေါ်ကာ မြို့ဘက်ဆက်သွားခဲ့တယ်။ သူတို့ပြောပုံအရ ခပ်ရေးရေး သူခန့်မှန်းမိတာတော့ မိစ္ဆာတွေ၊ ဝိညာဉ်သားရဲတွေ ဘာတွေ ဖြစ်လောက်တယ်။ ပြီးတော့ သူတို့က လူအသွင်ပြောင်းနိုင်တယ်။ ဒါပေမဲ့ စားစရာတွေက ဘာလို့ ဖြတ်သန်းခွင့် ဖြစ်ရလဲတော့ သူလည်းမသိ။
မြို့ဆီရောက်တဲ့နောက် သူမော့ကြည့်တော့ တကယ်ပဲ မြို့ထဲမှာ အကြွင်းအကျန်နတ်ဆိုးအရှိန်အဝါ ရှိနေတာ နားလည်လိုက်ရတယ်။ ဒါပေမဲ့ မိစ္ဆာတွေက ထွက်သွားလောက်ပြီ။ သူ 'ဖြတ်သန်းခွင့်အရောင်းဆိုင်' ဆိုတဲ့ သင်္ကေတနဲ့ ဆိုင်လေးထဲ ဝင်မေးဖို့လုပ်မှ အကြောင်းရင်းကို နားလည်ခဲ့ရတယ်။ မိစ္ဆာတွေရဲ့ စားစရာက လူတွေဆိုတော့ သူတို့ကိုယ်ပေါ် စားစရာ ယူမလာတတ်ကြဘူး။ ပြီးတော့ မိစ္ဆာအများစုက သားရဲသဘာဝ ရှိသေးတဲ့အတွက် သူတို့က လောဘကြီးပြီး သူတို့ကိုယ်ပိုင်စားစရာကို ကာကွယ်တတ်ကြတာကြောင့် သူတို့စားစရာကို တခြားသူတွေကိုမပေး။ ဒါကြောင့် လူတစ်ယောက် အစစ်ဟုတ်မဟုတ် အတည်ပြုဖို့ ဒီနည်းလမ်းကို သုံးခဲ့တာတဲ့။
ဒီနည်းလမ်းကိုကြားတော့ ကူယွဲ့ နှုတ်ခမ်းထောင့် တွန့်သွားတယ်။ ဒီနည်းလမ်းနဲ့ အများဆုံးမှ လောကကြီးအကြောင်း မသေချာသေးတဲ့ မိစ္ဆာငယ်လေးတချို့ကို အတည်ပြုနိုင်တာ။ တကယ်လို့ လူတွေကို တကယ် အန္တရာယ်ပေးချင်တာဆိုရင် သူတို့ မှတ်မိနိုင်စရာနည်းလမ်းမရှိဘူး။
ဒါပေမဲ့ ထပ်တွေးကြည့်တော့ ဒီမျက်နှာပြင်မှာက ကျင့်ကြံသူတွေ မရှိသေးတာမို့ သူတို့ ဒီလိုနည်းလမ်းကို တွေးနိုင်တာကတင် အတော်လေး အထင်ကြီးစရာကောင်းနေပြီ။ သူတို့အုပ်စုထဲ စားဖိုမှူးရှိတာ ကံကောင်းတယ်လို့ ခံစားရမလား။ မဟုတ်ရင် မကောင်းဆိုးဝါးတွေနဲ့ ပူးပေါင်းနေတယ်လို့ စဉ်းစားခံရနိုင်တယ်။
သုံးယောက်သား မြို့ကို တစ်နေကုန်လျှောက်ပြီး ဒီက လူသားမျိုးနွယ်အခြေအနေအကြောင်း အကြမ်းဖျင်း နားလည်သွားခဲ့တယ်။ ဟုန်မုန့် လူသားမျိုးနွယ်ကို ခွဲခြားခဲ့ချိန်က သူက ကောင်းကင်မျိုးနွယ်ရဲ့အရှုပ်အထွေးတွေကိုပဲ စဉ်းစားခဲ့ပြီး ဒီကမ္ဘာမှာ မိစ္ဆာသားရဲတွေ၊ မကောင်းဆိုးဝါးတွေ စသဖြင့် ရှိသေးတာကို မေ့သွားခဲ့တယ်။ ဒါကြောင့် လူသားမျိုးနွယ်က အတော်လေး အန္တရာယ်တကြီး နေထိုင်နေရတာ။ သူတို့အကြီးမားဆုံးအားသာချက်က သူတို့အရေအတွက်ပဲ ဖြစ်လောက်တယ်။ သူတို့ မတူညီတဲ့မျိုးနွယ်တစ်ခုနဲ့ ကြုံရရင် တုံ့ပြန်ဖို့ အစွမ်းမရှိသလောက်ပဲ။
ဒီမြို့ထဲလူဆယ်ယောက်ကျော် စားပြီးတဲ့ အဲမိစ္ဆာလိုပဲပေါ့။ တကယ်လို့လူတွေသာ တကယ်ကြုံရရင် သူတို့တိုက်ခိုက်မှုမှာ ကျော်မလွှားနိုင်လောက်ဘူး။ ဖြေရှင်းချက်က ဒီကနေရွှေ့သွားဖို့ပဲ။
အဲတော့ ဒီပြဿနာကို ဖြေရှင်းဖို့အကောင်းဆုံးနည်းက လူသားတွေ မိစ္ဆာတွေ၊ သားရဲတွေနဲ့ ရင်ဆိုင်ရချိန် သူတို့ကိုယ်သူတို့ကာကွယ်နိုင်အောင် ကျင့်ကြံနည်းသင်ပေးဖို့ပဲ။ ဆိုလိုတာ သူတို့ ကျောင်းဆက်ဖွင့်ပြီး ဒုတိယကျောင်းခွဲ ဖွင့်ဖို့လိုလောက်တယ်။
"ဖေဖေနျို ကျွန်တော်တို့ ထပ်ကြော်ငြာဦးမှာလား" ယိချင်းက မေးလာတယ်။
"ဒါပေါ့ ငါတို့ ကြော်ငြာ... ခဏ၊ ဘာလို့ အဲဓားကိုထုတ်နေတာလဲ" စားဖိုမှူးက သူ့ဓားကို အကျင့်အတိုင်း ဆင့်ခေါ်နေတာမြင်တော့ ကူယွဲ့ အမြန်တားလိုက်ရတယ်။
"ကျွန်တော်တို့ ကြော်ငြာတင်မလို့ဆို" ယိချင်းခေါင်းက စောင်းသွားတယ်။
[မှတ်ချက် ။ ။ ထုထောင်းနဲ့ ကြော်ငြာတင်ဆိုတဲ့ တရုတ်စာလုံးကတူပါတယ်]
"ကျွန်တော့်ကိုပြော၊ ဒီတစ်ကြိမ် ဘယ်သူ့ကိုထုထောင်းမှာလဲ" ကျွန်တော်က ထုထောင်းတာ တာဝန်ယူပြီး ခင်ဗျားက ကြော်ငြာတာ တာဝန်ယူ။
"ဘယ်သူက ထုထောင်းဖို့ဘာပြောလဲ၊ ဟင့်အင်း ငါပြောတဲ့ ကြော်ငြာတင်ဆိုတာ တိုက်ခိုက်ဖို့ မဟုတ်ဘူး ဟုတ်ပြီလား" ဘာတွေ စိတ်လှုပ်ရှားနေတာလဲ။
ယိချင်း မှင်တက်သွားတယ်။ သူတို့ အရင်တစ်ကြိမ်က ကောင်းကင်မျိုးနွယ်ကို ထုထောင်းခဲ့တယ် မဟုတ်လား။
"ဒီလိုတိုက်ခိုက်တာတွေက ကောင်းကင်မျိုးနွယ်အတွက်ပဲ သင့်တော်တယ်" ကူယွဲ့ သူ့ကို စိုက်ကြည့်ပေးလိုက်တယ်။ "ငါတို့လို ယဉ်ကျေးတဲ့သူတွေက အဲလောက်အလွယ်တကူ ဓားတွေ ဆွဲထုတ်လို့ဖြစ်မလား၊ မင်း ဟင်းချက်ဓားအဖြစ် ပြောင်းရင်တောင်မရဘူး"
"ဒါဆိုဘာလုပ်ကြမလဲ"
"အရင်စည်းမျဉ်းဟောင်းတွေနောက် လိုက်ပြီး ဂိုဏ်းတစ်ခု အရင်ထောင်တာပေါ့" လူသားတွေက ကောင်းကင်မျိုးနွယ်တွေထက် သင်ကြားပေးဖို့ လွယ်ကူမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် နှစ်တွေအကြာကြီး မိစ္ဆာတွေ၊ မကောင်းဆိုးဝါးမျိုးနွယ်တွေအောက် နေခဲ့ရသူတွေကို လိမ်ဖို့လွယ်... မဟုတ်ဘူး စုဆောင်းဖို့ ပိုလွယ်မှာပါ။
"ကောင်းပြီလေ" ယိချင်းက ခေါင်းညိတ်တယ်။ သူစဉ်းစားကာ မြေပုံတစ်ခုထုတ်တယ်။ "ဒါက ဟုန်မုန့်ဆီက တောင်းလာတဲ့ လူသားမျိုးနွယ်မြေပုံပဲ၊ တကယ်လို့ဒီမှာ ဂိုဏ်းထောင်ဖို့ လိုရင် ဒီမြေပုံပေါ် အခြေခံပြီး နေရာရွေးလို့ရတယ်"
ကူယွဲ့ ယူကြည့်လိုက်တော့ တကယ်ပဲ ဒါက သီးသန့်ခြားထားတဲ့ တိုက်ကြီးတစ်ခုလုံးရဲ့မြေပုံ။ ပတ်ပတ်လည်မှာ ပင်လယ်ဝိုင်းထားပြီး မျက်နှာပြင်တစ်ခုလုံးထဲ ခွဲခြားထားတယ်။ သူက တိုက်ကြီးထဲက ဘယ်နေရာကိုမှ မရွေးဘဲ ကမ်းခြေတစ်လျှောက်က အမတတောင်ထွတ်တစ်လုံးကို ရွေးခဲ့တယ်။
သူ ရွေးတာမြင်တော့ ယိချင်းက ဆက်ပြောတယ်။
"ကျွန်တော် ထွက်လာချိန် တောင်အောက်က အသစ်စက်စက် အမတသွေးကြောတစ်ခုကို ယူခဲ့တယ်၊ ဂိုဏ်းထောင်မယ်ဆိုရင် ဒီမှာ အမတသွေးကြောစိုက်လို့ရတယ်"
"အင်း၊ ဒီနေရာက ခွဲခြားခံထားရတာကြာလှပြီဆိုတော့ ဝိညာဉ်ချီက တကယ်ပဲ တခြားနေရာတွေနဲ့ ယှဉ်ရင်ပါးလွန်းတယ်" နေရာတိုင်းမှာ နတ်ဘုရားစွမ်းအားရှိတဲ့ ကောင်းကင်မျိုးနွယ်တွေရဲ့ မြေပြင်ကိုတော့ မပြောနဲ့ပေါ့။ "အမတသွေးကြောယူဖို့ မင်းစဥ်းစားမိတာ မဆိုးဘူး...၊ ခဏ"
...
အခန်း ၅၀၇ ။ မှိုများနှင့်ရှဉ့်
ကူယွဲ့ မျက်လုံးတွေ မှေးသွားတယ်။ သူ စားဖိုမှူးကို ခေါင်းစခြေဆုံးကြည့်လိုက်တယ်။
"မင်း ခုတလော တစ်ခုခုထူးဆန်းနေတယ်လို့ ဘာလို့ ခံစားရတာပါလိမ့်၊ မင်း ရှန်းရင်နောက် လိုက်ပြီး ပြဿနာမရှာတာ ကောင်းပါတယ်၊ ဒါပေမဲ့ မင်းဘက်ကစပြီး ကူညီပေးလာတယ်ပေါ့လေ"
ဒါအတော်လေး ကျိုးနွံရာကျနေတာ။ "ပြောစမ်း မင်းတို့နှစ်ယောက် ဒီတစ်ခေါက် ဘာလုပ်ထားပြန်ပြီလဲ"
ယိချင်းက တောင့်ခဲသွားပေမဲ့ မျက်နှာသေဖြစ်နေဆဲပဲ။ သူ့မျက်လုံးတွေက ရှန်းရင်ဘက်ရောက်သွားပြီး အသည်းအသန် ခေါင်းခါတယ်။ "ဟင့်အင်း ဟင့်အင်း၊ ကျွန်တော်တို့ အပြစ်ရှိတာ ဘာမှ မလုပ်ထားဘူး၊ ခင်ဗျားအထင်လွဲနေတာ"
"..." မင်းပြောပြီးပြီ စကားလမ်းကြောင်း လွှဲရဲရင် လွှဲကြည့်လိုက် သူ့လက်ကိုထုတ်ကာ ပြောလိုက်တယ်။
"မင်း သိုလှောင်အိတ်ပေး"
ယိချင်းက ခဏတာတုံ့ဆိုင်းသွားပေမဲ့ တဖြည်းဖြည်းကမ်းပေးလာတယ်။
သူ ဖွင့်ကာ ကြည့်လိုက်တယ်။ အထဲမှာတော့ ဈေးဝယ်ပစ္စည်းတစ်ပုံနဲ့ ဟင်းချက်ပစ္စည်းတွေအပြင် ထောင့်မှာ အထီးကျန်ဓားတစ်ချောင်းပဲရှိတယ်။ သန့်ရှင်းနေတာများ ဝိညာဉ်ကျောက်တုံးတစ်ခုတောင် မရှိ။
ကူယွဲ့ စိတ်မချသေး။ သူ လှည့်ကာ ရှန်းရင်ဘက်လက်လှမ်းလိုက်တယ်။
"ပြီးတော့ မင်းဟာရော"
"ငါက စစ်ဆေးခံစရာ မလိုဘူးမဟုတ်လား" ရှန်းရင်က သူ့အိတ်ကိုတင်းတင်းပိုက်ထားလေရဲ့။
"မင်းကိုစစ်ဆေးမှဖြစ်မယ်"
"ကောင်းပြီလေ... ပြန်တော့ပေးရမယ်နော်" ရှန်းရင်က အသီးတချို့ အမြန်ထုတ်ပြီးမှ ကမ်းပေးလာတယ်။
ကူယွဲ့ ဖွင့်ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းထောင့်တွေ ချက်ချင်းကွေးသွားတယ်။ ဒါက သာမန် သိုလှောင်အိတ်လို့ သူထင်နေခဲ့တာ။ ဒါပေမဲ့ ဆွဲဖွင့်ကြည့်လိုက်တော့ ဒါက အထဲမှာ တကယ်ကို ကြီးမားတဲ့ သိုလှောင်အိတ်ဖြစ်နေတာ သိလိုက်ရတယ်။ ဆန်းကြယ်ဘုံငယ်လေးတစ်ခုစာလောက် ရှိတယ်။ အဲဒါတင်မကဘူး၊ အထဲမှာစိုက်ပျိုးလို့ရတဲ့နေရာနဲ့ ဝိညာဥ်သစ်သီးသစ်ပင်တွေနဲ့ တောအုပ်ကြီးတစ်ခု ဖြစ်နေတာပဲ။ ရှန်းရင်က ဘယ်တုန်းကမှ မခူးဘဲ သစ်သီးတွေကို နေ့တိုင်း အဆက်မပြတ် ဝါးနေတာ မဆန်းတော့ဘူး။ အဲတော့ ဒါက စိုက်ထားတဲ့နေရာကိုး။
ဒီသိုလှောင်အိတ်နဲ့ တူတဲ့ဆန်းကြယ်ဘုံငယ်လေးက စားဖိုမှူး သူမအတွက် တိတ်တိတ်လေး ခိုးလုပ်ပေးထားတဲ့ဟာဆိုတာ အများကြီး တွေးတောစရာမလိုဘူး။ တောင်လိုပုံနေတဲ့ တခြားအဆာသွတ်မုန့်တွေ၊ အဆာပြေမုန့်တွေကိုတော့ ထည့်တောင်ပြောမနေနဲ့တော့။ သူမ ဆောင်းအတွက် ပြင်နေတာလား။ ဘယ်လောက်တောင် သိမ်းထားတာလဲဟ။ ဟဲလို။
ပိုအရေးကြီးတာက တချို့ကို သူ တစ်ခါမှမမြင်ဖူးတာ။ ဒီခွေးမလေးက တစ်ယောက်တည်း စားနေတာပေါ့ ပြီးတော့ ပုံမှန်ရက်တွေမှာ သူနဲ့အတူ စားစရာကိုလာလုရဲတယ်။ အဲဒါလွန်သွားပြီ။
"တစ်ဝက်ကို သိမ်းမယ်" သူလက်တစ်ဖက်ယမ်းကာ အထဲက စားစရာတစ်ဝက်ကို သိမ်းပြီး သစ်ပင်ပေါ်က မှည့်နေတဲ့ အသီးတစ်ဝက်ပါ ပါတယ်။
"..."
"ဒါပဲ သွားစို့" ကူယွဲ့ တစ်ဝက်အလွတ်အိတ်ကို ပြန်ထိုးထည့်ပေးကာ လမ်းတစ်ဖက်ခြမ်းဆီ လှည့်လျှောက်သွားတယ်။
"..." မေ-ိုး
"စိတ်မပူပန်ပါနဲ့ ဆရာ" သူ အဝေးကို ထွက်သွားတာမြင်တော့ ယိချင်းက နောက်ထပ် ပုံစံတူသိုလှောင်အိတ်ကို ထုတ်ကာ စိတ်ထဲကနေ လှမ်းပြောလိုက်တယ်။
"ဒီမှာ ဆရာ့အိတ်ပါ၊ ဖေဖေနျို စောနကရှာသွားတဲ့ဟာက အပိုဆောင်းအိတ်သက်သက်ပဲ"
"တော်လိုက်တဲ့စားဖိုမှူး" ရှန်းရင်က ချက်ချင်းလှမ်းယူလိုက်တယ်။ အင်း၊ ကံကောင်းလို့ ပိုကြီးတဲ့ဟာ ရှိနေတာပဲ။
"ဆရာ..." ယိချင်းက အဝေးဆီ လျှောက်သွားပြီဖြစ်တဲ့ ကူယွဲ့ကိုကြည့်ကာ တုံ့ဆိုင်းမှုတချို့နဲ့ ပြောလိုက်တယ်။
"ဖေဖေနျို တစ်ခုခုကိုသိသွားလား၊ ကျွန်တော်တို့ ဆက်ပြီး..." သူ စောနက ထိတ်လန့်သွားခဲ့တာ။
ရှန်းရင်က သူ့ကိုကြည့်ကာ ပခုံးပုတ်လိုက်တယ်။
"အားလုံးက ခုထိ လုံးဝအဆင်ပြေနေတာပဲဟာ"
"ဒါပေမဲ့ နောက်ပိုင်း တကယ်လို့..."
"စိတ်ချပါ၊ သူက ဖေဖေနျိုပဲဟာ"
"..."
ဘာလို့ပိုစိုးရိမ်မိလာတာပါလိမ့်။ သေချာပေါက် ရူးတော့မှာပဲ
"မင်းတို့နှစ်ယောက် ဘာလုပ်နေတာလဲ" ကူယွဲ့က ပြန်လှည့်ကြည့်ကာ နှစ်ယောက်ကို လှမ်းခေါ်တယ်။
"ဒီည ဒီမှာနေမှာ၊ ငါ အခန်းငှားပြီးပြီ၊ မြန်မြန် ဒီကိုလာ"
"ဟုတ်ကဲ့ ဖေဖေနျို ပြဿနာမရှိပါဘူး ဖေဖေနျို"
သူ ခုလောလောဆယ် ဆရာ့အတွက် စားစရာ ထပ်ပြီးသိုလှောင်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူတို့ နောက်ကျ စားစရာထောက်ပံ့မှု တကယ် ကုန်ခမ်းသွားလောက်တယ်။
——————
ညယံက ရေပြင်လို နက်ရှိုင်းပြီး ပြည့်ဝန်းတဲ့လမင်းက ကောင်းကင်ယံမှာ လင်းလက်နေတယ်။
ဖြစ်နိုင်တာ မြို့ပြင်က မကောင်းဆိုးဝါးတွေကြောင့်ထင် မြို့က ညရောက်တာနဲ့ လုံးဝတိတ်ဆိတ်သွားခဲ့တယ်။ လရောင်အောက် ဒီမိစ္ဆာအရှိန်အဝါက မြို့ပြင်က တောအုပ်ထဲ စတင်မြင့်တက်လာတယ်။
ကူယွဲ့ ရှန်းရင်နဲ့ယိချင်းကို မြို့ပြင်ဆွဲခေါ်လာခဲ့တယ်။ သူတို့နေ့ဘက်က တောအုပ်ထဲအာရုံခံမိခဲ့တဲ့ အဲဒီနတ်ဆိုးအရှိန်အဝါကိုရှာဖို့ သူတို့ တောအုပ်ဆီ ချက်ချင်း တန်းသွားခဲ့တယ်။ ဒီမျက်နှာပြင်မှာ အမတကျင့်ကြံသူတစ်ယောက်မှ မရှိသေးဘူး။ အဲတော့ လူအများသိဖို့အကောင်းဆုံးနည်းလမ်းက ဒီမိစ္ဆာကိုသတ်ပြီး မြို့ထဲက လူတွေကို ကျင့်ကြံသူကဘာလဲဆိုတာ သိစေဖို့ပဲ။
သူ ဒီမြို့မှာ ပြဿနာရှာနေသူက မိစ္ဆာငယ်လေးတစ်ကောင်ဖြစ်ပြီး မိစ္ဆာအရှိန်အဝါက အားနည်းကာ ဒီတောအုပ်ထဲပုန်းနေတာ နေ့ခင်းကသတိထားမိခဲ့တယ်။ ကူယွဲ့ အစက ထင်တာတော့ ရှာတွေ့ဖို့ အချိန်ယူရမယ်ပေါ့။ ဒါပေမဲ့ သူတို့ တောအုပ်ထဲ နှစ်မိနစ်တောင်မရှိသေး တစ်စုံတစ်ယောက်က သူ့ဘာသာထွက်လာကာ သူတို့ရှေ့ကမြေကြီးပေါ် တမင်သက်သက် ပြုတ်ကျလာတယ်။ သူက ကျလာချိန် ကျောက်တုံးနဲ့ တိုက်မိပြီး ဘေးကိုရွေ့သွားပြီးမှ နာကျင်နေတဲ့အော်သံထွက်လာတယ်။
"အို့~~~"
ရှန်းရင် ။ ။ "..."
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
ဖြစ်နိုင်တာ သုံးယောက်သားက ဥပေက္ခာပြုပြီး သူ့ကိုကူညီဖို့ရှေ့ထွက်လာမဲ့အရိပ်အယောင်ပြတာ မမြင်လို့ထင် အဲပြုတ်ကျလာတဲ့တစ်ယောက်က မထဘဲ မြေကြီးပေါ်လှဲကာ ပိုကျယ်လောင်တဲ့အော်သံ ထွက်လာတယ်။
"အု အု"
"..."
"အား နာလိုက်တာ"
"..."
သုံးယောက်သားက မလှုပ်သေး။ သူက နောက်ဆုံးတော့ မနေနိုင်တော့ဘဲ လှည့်ကြည့်လာကာ အံ့ဩမှု၊ ဒေါသအနည်းငယ်နဲ့ သူတို့ကို သတိပေးတယ်။
"ခင်ဗျားတို့... ကျုပ်ကို မကူဘူးလား"
သုံးယောက်က အကြည့်ချင်းဖလှယ်ကာ နောက်တော့ တစ်ပြိုင်နက်ဖြေတယ်။
"မကူဘူး"
"..." ဒါ ငါထင်ထားတာနဲ့ တခြားစီပဲ
"မင်း ဘာလိုချင်တာတုံး" ကူယွဲ့ တစ်ချက်ကြည့်လိုက်တယ်။ သူတို့ကန်းနေတယ်များထင်နေလား။ ဒီလို သရုပ်ဆောင်ပုံကိုမပြောနဲ့ ဒါက မိစ္ဆာတစ်ကောင်မလား။ လူပုံစံ ဘယ်လိုပြောင်းရမလဲ မသိတာ ထားပါ၊ ဒါပေမဲ့ အနည်းဆုံးတော့ အနောက်က ရှဉ့်အမြီးကြီးကိုတော့ ဖုံးထားပါလား။ သူတို့ ဉာဏ်ရည်ကို ဘလိုင်းကြီး စော်ကားတာပဲ ဟုတ်ပြီလား။
ရှဉ့်မိစ္ဆာက ခဏတာ တုံ့ဆိုင်းသွားကာ သူဘယ်သူလဲပေါ်သွားပြီဆိုတာ လုံးဝသတိမထားမိ။ သူတို့က ကူညီမဲ့အရိပ်အယောင် မပြတာမြင်တော့ သူ့ဘာသာထရတော့တယ်။ သူ့အဝတ်အစားက အညစ်အကြေးတွေကို ပုတ်ကာ မြေကြီးပေါ်က ဝါးခြင်းကို ကောက်လိုက်တယ်။ သူက သူ့အသွင်ကို ပေါ်သွားမှာ စိုးရိမ်နေသလိုမျိုး သူ့ကိုယ်သူ အပေါ်ရုံကြီးနဲ့ဖုံးထားတယ်... အမြီးကလွဲလို့
"အဟွတ် ကျေးဇူးတင်ပါတယ် ကြင်နာသူတို့" သူက ချောင်းဟန့်ကာ အပြစ်ကင်းသလို ဖားယားတဲ့အသံမျိုးနဲ့ ဆက်ပြောတယ်။
"ခင်ဗျားတို့အားလုံး ကျုပ်ကိုကူညီမှတော့ ကျုပ် ဒီရှားပါးတဲ့မှိုကောင်းတွေ ခူးဆွတ်လာတာနဲ့ အတော်ပဲ၊ ဖြစ်နိုင်တာ..."
"ငါတို့မင်းကိုမကူခဲ့ဘူး" သူစကားမဆုံးခင် ကူယွဲ့က တန်းကြားဖြတ် ပြောလိုက်တယ်။
"အာ" ကြားဖြတ်ခံရတဲ့ ရှဉ့်မိစ္ဆာက ယာယီတောင့်ခဲသွားပြီး မျက်နှာမှာ သွေးပျက်မှုတချို့ ဖြတ်ပြေးသွားတယ်။ သူက မျက်နှာသေနဲ့ လျစ်လျူရှုကာ သတ္တိကိုစုပြီး ဆက်သရုပ်ဆောင်ရှာတယ်။
"ဟင့်အင်း၊ ခင်ဗျားတို့အားလုံး ကျုပ်ကိုတကယ်ပဲကူညီခဲ့တာပါ၊ ကျုပ်မှိုတွေ ရောင်းပါရစေ၊ ကြည့်ပါ ဒါနုတ်လာကာစတွေ"
အဲလိုနဲ့သူက လက်ထဲက ခြင်းနဲ့ ရောက်လာတယ်။ တကယ်ပဲ မှိုအပြည့်ခြင်းတစ်ခု။ အနီနဲ့အဖြူ အမျိုးအစားရှိတယ်။ အနီက မိစ္ဆာအရှိန်အဝါတချို့ပါပြီး တခြားတစ်ခုကတော့ ဝိညာဉ်ချီနဲ့ ဝိညာဉ်ဆေးပင်ပဲ။
ကူယွဲ့ ရှဉ့်မိစ္ဆာကိုလှမ်းကြည့်လိုက်တယ်။
"မင်း ဘယ်လိုမှိုကိုရောင်းနေတာလဲ"
ရှဉ့်မိစ္ဆာက အပျော်လွန်သွားကာ မျက်နှာမှာအောင်အောင်မြင်မြင် ဆောင်ရွက်နိုင်တဲ့ ပျော်ရွှင်မှုအပြည့် ရေးထားတယ်။ သူက အနီရောင်ကြီးတွေကို အမြန်ထုတ်ကာပြောတယ်။
"ဒီဟာ ဒီဟာ" နောက်တော့ သူက ခဏတွေးကာ အဖြူကိုထုတ်ပြီး ဆက်ပြောတယ်။
"ဒီဟာကိုလည်းဝယ်ဖို့လိုတယ်၊ ဒါပေမဲ့ အနီကို အရင်စားရမှာ၊ နေ့ခင်းနိုးလာရင် အဖြူကိုစားရမယ်၊ တစ်မျိုးပဲ ဝယ်လို့မရဘူး"
ကူယွဲ့ မျက်လုံးတွေမှေးသွားတယ်။
"ဆိုလိုတာ ဒီအနီတွေစားပြီးရင် လူတစ်ယောက်က တစ်ညလောက် သတိလစ်သွားမယ်ပေါ့"
"ဟုတ်တယ်၊ ဒါပေမဲ့ အဖြူဟာတွေကို စားဖို့လိုသေးတယ်၊ မဟုတ်ရင် မသက်မသာဖြစ်နေဦးမှာ"
ရှဉ့်မိစ္ဆာက အမှန်အတိုင်းခေါင်းညိတ်တယ်။
"အဲလိုကိုး" ကူယွဲ့ ခေါင်းညိတ်လိုက်တယ်။
"မင်း ဒါ လူတွေကိုလိမ်ဖို့ အပြင်ထွက်လာတာ ပထမဆုံးလား"