← Chapters

အခန်း (၅၀၈-၅၁၀)

Vol. 34 Ch. 508-510

အခန်း (၅၀၈-၅၁၀)

Vol. 34 Ch. 508-510

အခန်း ၅၀၈ ။ ကျားမိစ္ဆာဆီ ဦးတည်ခြင်း

"ခင်ဗျား ဘယ်လိုသိတာလဲ" ရှဉ့်မိစ္ဆာက အလိုလို ပြန်ဖြေမိသွားတယ်။ ချက်ချင်း သူလုပ်မိလိုက်တဲ့အရာကို နားလည်သွားကာ မျက်လုံးပြူးမျက်ဆန်ပြူးနဲ့ ကြည့်တယ်။

"ခင်ဗျား... ခင်ဗျား..."

အတော်ကြာတဲ့နောက် သူစကားမဆုံးနိုင်‌ဘဲ မျက်လုံးက ရေငွေ့အပြည့်ဖြစ်လာကာ ငိုချတော့မဲ့ပုံမျိုး။ အတော်ကြာတော့ သူက ငိုသံနဲ့ အင်မတန် ဂရုတစိုက် မေးလာတယ်။

"ခင်ဗျားတို့... မှိုဝယ်ချင်လားဟင်"

သုံးယောက်သား ။ ။ "..." ဒီလိုသရုပ်ဆောင်ညံ့ဖျင်းတာမျိုး။ ဘယ်ကျောင်းကနေများ ဘွဲ့ရလာတာလဲ။

သူက အနီနဲ့အဖြူ မှိုနှစ်ခုကို ကူယွဲ့ကိုအတင်းပေးလာပေးတယ်။

"တစ်စုံသာဝယ်ပါ၊ အဲဆိုရလား၊ တကယ်လို့မရရင် လက်ဆောင်အဖြစ်ပေးမယ်လေ"

သူတို့မယူတာ မြင်တော့ ချက်ချင်းပိုပြီးစိတ်ပူပန်လာကာ ခြင်းတစ်ခုလုံးကိုလှမ်းယူတယ်။

"ကျွန်တော် အဖြူတွေအားလုံးကို ပေးမယ်လေ၊ ခူးရတာအရမ်းကြာတာနော်၊ အနီတစ်ခုပဲဝယ်ပါ... အဲလိုဆိုရလား"

"ဟင့်အင်း" သူ ချက်ချင်း တန်းထောက်ပြလိုက်တယ်။

"မင်းက မိစ္ဆာလေ"

"ဟင် ခင်ဗျားဘယ်လိုသိ..." ရှဉ့်က ခဏတာ ‌တောင့်ခဲသွားပြီး သွေးပျက်မှုအနည်းငယ် သူ့မျက်စိထဲ ပေါ်လာပေမဲ့ ခေါင်းကြောမာစွာပဲ ခြင်းကိုကိုင်ထားဆဲ။

"ခင်ဗျား ဒါဆို မှိုဝယ်ချင်လား"

"ဟင့်အင်း" ဒီတစ်ကောင်က ငတုံးလား။ ခုထိတောင် မှိုရောင်းဖို့မမေ့ဘူး။

ဒါပေမဲ့ ရှဉ့်က ပိုပြီးတောင် အသည်းအသန်ဖြစ်လာတယ်။ သူက တစ်ဖက်လှည့်ကာ ရှန်းရင်ဆီ ခြင်းကို ကမ်းပေးတယ်။

"တစ်ခုလောက်ဝယ်ချင်လားဟင်"

ရှန်းရင်က ငုံ့ကြည့်တယ်။

"ငါ ဟင်းသီးဟင်းရွက် မစားဘူး"

သူက စားဖိုမှူးဆီ ကမ်းပေးရတော့တယ်။

"ခင်ဗျားရော-"

"ငါက အသီးအရွက်တွေမချက်ဘူး"

ရှဉ့်မျက်နှာက ကောင်းကင်ပြိုသလိုမျိုး ချက်ချင်း လုံးဝဖြူဖျော့သွားတယ်။ ခြင်းကို တင်းတင်းဆုပ်ထားရာကနေ လွတ်ကျသွားပြီး ချက်ချင်း မှိုတွေက မြေကြီးပေါ် ပြုတ်ကျကုန်တယ်။ မိစ္ဆာက သူ့ကိုယ်သူ ဆုံးရှုံးသွားတယ်။ သူက မြေကြီးပေါ် တန်းထိုင်ချကာ ငိုချတော့တယ်။

"အား... အချိန်မရှိတော့ဘူး၊ ဘာလို့ ဘယ်သူမှ ငါ့မှိုကို မဝယ်ကြတာလဲ၊ ပန်းလေး စားခံရတော့မယ်... ငါက အသုံးမကျလွန်းလို့ သူ့ကိုမကယ်နိုင်တော့ဘူး၊ အား..."

သူက ဝမ်းနည်းတကြီးငိုတာများ မျက်ရည်တွေက ပဲစေ့တွေလို အဆက်မပြတ်ကျလာတယ်။ သူ့ရဲ့သေးငယ်တဲ့အသွင်က ဘောလုံးအဖြစ် ကျုံ့သွားကာ သူ့နောက်က အမြီးကြီးက‌ မြေပြင်ကို ပုတ်နေတယ်။ သူက သူ့အသွင်ကို ဝှက်ဖို့တောင် အာရုံမစိုက်တော့ဘဲ သူ့ဦးထုပ်ကို ကျစေကာ ခပ်တွဲတွဲတြိဂံနားရွက်နှစ်ဖက်ပါ ပေါ်လာတော့တယ်။

ရှန်းရင် ။ ။ "..."

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

အဲတော့ ဒါက ဒီမျက်နှာပြင်ရဲ့ မိစ္ဆာတွေ အရည်အသွေးက ဒါလား။

အာ ဘာလို့ သူတို့ ကလေးကို အနိုင်ကျင့်နေမိတယ်လို့ ခံစားနေရပါလိမ့်။

"ငိုနေတာ တော်တော့" ကူယွဲ့ ခေါင်းနည်းနည်းကိုက်လာပြီး ပြောလိုက်ရတော့တယ်။

"ငိုမှာပဲ" သူကပိုတောင် ကျယ်လောင်စွာငိုလာတယ်။

"ပန်းလေးက စားခံရတော့မှာ၊ ပြီးတော့ ဒါတွေအားလုံး ကျုပ်အပြစ်ပဲ... ကျုပ်သူ့ကို အန္တရာယ်ပေးမိတာ အား..."

"ဘာပန်းလေးလဲ‌၊ ဟေးဟေး ဆက်ငိုနေရင် ငါမင်းကို ဖမ်းပစ်မှာနော်" ဒါက ကလေးပဲဖြစ်ရမယ် ဟုတ်တယ်မလား။

"ဒါဆိုလည်း ဖမ်းပေါ့၊ ပန်းလေး မရှိတော့ရင် ငါလည်း အသက်ဆက်မရှင်ချင်တော့ဘူး၊ အား..."

"..." ဟိုလီရှစ်၊ ဒီမိစ္ဆာလေးက ငိုတာကိုစွဲလမ်းနေတာလား။

သူ ဂါထာတစ်ခု ဖန်တီးမို့ရှိသေး ဘေးက ရှန်းရင်က ရှေ့အရင်တက်လာတယ်။ သူမကလက်လှမ်းပြီး အသီးတစ်လုံးကို သူ့ပါးစပ်ထဲ ထိုးထည့်ပေးလိုက်တယ်။ ငိုသံကရပ်သွားပြီး လောကကြီးက ချက်ချင်း တိတ်သွားတယ်။

"မှို၊ ဘယ်သူက မင်းပန်းလေးကိုစားမှာလဲ" ရှန်းရင်က ဆောင့်ကြောင့်ထိုင်ကာ မေးတယ်။

ရှဉ့်မိစ္ဆာက တောင့်ခဲသွားပြီး မျက်ရည်တွေနဲ့ကြည့်တယ်။ သူ့လက်နှစ်ဖက်က ပါးစပ်ထဲက အသီးကို ယူကာ မကျေမချမ်းစွာပြောတယ်။

"ကျုပ်က ရှဉ့်ပါ၊ မှိုဟုတ်ဘူး" အဲနောက်တော့ သူက အသီးကိုကိုင်ကာ ကိုက်ရင်း နှာတရှုံ့ရှုံ့နဲ့ပြောတယ်။

"အဲဒါ... အဲဒါ ကျားဘုရင်ပါ၊ သူက ပန်းလေးကို ဖမ်းသွားတာ"

ဒီမှာတခြားမိစ္ဆာတွေ ရှိသေးတယ်ပေါ့။

"ဘယ်သူက ပန်းလေးလဲ" ရှန်းရင်က ဆက်မေးတယ်။

"ပန်းလေးက ကျုပ် ကျုပ်အကောင်းဆုံး သူငယ်ချင်းပါ" ရှဉ့်က အလေးအနက်ပြောသလို ခေါင်းညိတ်တယ်။

"ခင်ဗျားလိုပဲ သူက ကျုပ်ကို အရသာရှိတဲ့ စားစရာ‌ပေးတယ်၊ ကျုပ် ရှဉ့်ပေါက်လေးပဲရှိသေးတည်းက သူ့အိမ်ဘေးက သစ်ပင်မှာ နေခဲ့တာ၊ သူက နေ့တိုင်း ကျုပ်ကို ပိုင်မုန့်အကြီးကြီးတစ်ခုပေးတယ်၊ သူက အရမ်းလှတာ၊ ကြည့်... ကျုပ်လည်း အခု သူနဲ့တူနေပြီလေ"

ကူယွဲ့ မှင်တက်သွားတယ်။ သူ မပြည့်စုံသေးတဲ့ လူအသွင်ပြောင်းမှုကို ကြည့်‌လိုက်တယ်။ အဲပန်းလေးက လူလား။

"ဒါပေမဲ့ နောက်တော့... ကျားဖမ်းခံရတယ်" သူက နောက်တစ်ကြိမ် ဝမ်းနည်းသွားတဲ့ပုံ။

"ကျားဘုရင်က ပြောတယ်၊ ကျုပ် တခြားလူသားတွေကို သူ့ဆီခေါ်လာနိုင်ရင် ပန်းလေးကို ပြန်ပေးမယ်တဲ့၊ နေ့တိုင်း ကျုပ်ဒီမှာစောင့်ပေမဲ့ လူတိုင်းက ကျုပ်ကို ကြောက်ပြီး ကျုပ်နဲ့မလိုက်ဘူး၊ အဲဒါကြောင့်... အဲဒါကြောင့်... မှိုကိုသုံးဖို့နည်းလမ်း စဉ်းစားမိခဲ့တာ၊ မနေ့က ကျားဘုရင်က ပြောတယ်၊ ကျုပ် လူတွေမခေါ်‌လာသေးရင် သူက ပန်းလေးကိုစားတော့မယ်တဲ့..."

သူက ပြော‌လာလေ အသံပိုတိုးလာလေပဲ။ ခေါင်းကလည်း ငုံ့သထက်ငုံ့လာတယ်။ အဆုံးမှာတော့ သူက နောက်ထပ် ဇွဲမလျှော့သောအကြည့်နဲ့ ကြည့်တယ်။

"တကယ်ပဲ မှိုမဝယ်တော့ဘူးလားဟင်"

"..." မင်းသောက်ကျိုးနည်း ရည်ရွယ်ချက်ကို ပြောလိုက်ပြီးပြီကို ဘယ်သူကဝယ်ဦးမှာလဲဟ။ ဟဲလို။

"တော်တော့၊ ငါတို့ကို အဲကျားမိစ္ဆာဆီ ခေါ်သွား" ကူယွဲ့ တိုက်ရိုက်ပြောလိုက်တယ်။

"ငါတို့ မင်းကို ပန်းလေးကို ကယ်ဖို့ကူညီပေးမယ်" တကယ်လို့ သူခန့်မှန်းတာမမှားရင် အဲကျားမိစ္ဆာက မြို့ထဲ ခုတလော ဒုက္ခပေးနေသူပဲ၊ ပြီးတော့ ဒီရှဉ့်မိစ္ဆာမှာက အငြိုးအတေးစွမ်းအင်မရှိတော့ လူတွေကို ဒုက္ခမပေးဖူးတဲ့ပုံပဲ။ သူပြောတဲ့ပန်းလေးဆိုတာလည်း လူသားဖြစ်လောက်တယ်။

"တကယ်လား" သူ့မျက်လုံးတွေက မျက်စိတစ်မှိတ်အတွင်းလက်သွားကာ နောက်တစ်ကြိမ် မှိန်သွားပြန်တယ်။

"ဒါပေမဲ့... ကျားမိစ္ဆာက အားကြီးလွန်းတယ်"

ကူယွဲ့ ရှင်းပြဖို့ ပျင်းလွန်းတာမို့ လက်တစ်ဖက်နဲ့သာ တန်းဆွဲထူကာ ဓားပေါ်တက်လိုက်တယ်။

"ဘယ်နားမှာလဲ"

ရှဉ့်ကထိတ်လန့်ပြီး အမြန် သူ့အမြီးကိုသူ ဖက်ကာ ညာဘက်ကို ‌ချိတုံ့ချတုံ လက်ညှိုးထိုးပြတယ်။

သူတို့က ရှဉ့်ညွှန်ပြတဲ့ဘက် ပျံသန်းခဲ့တယ်။ ကျားမိစ္ဆာရဲ့ အသိုက်က မဝေးတာမို့ ၂မိနစ်အတွင်း ရောက်ခဲ့တယ်။ သူတို့ အနားမရောက်ခင်မှာတင် အင်မတန် ပြစ်တဲ့သွေးနံ့ရလိုက်ပြီ။ အင်မတန် ပြင်းထန်တဲ့ မိစ္ဆာအရှိန်အဝါကိုတောင် ဖုံးနေတယ်။

ကူယွဲ့ စို့နေတဲ့အနံ့ထွက်နေတဲ့ ဂူဝကိုကြည့်ကာ မျက်မှောင်ကြုတ်ပြီး အထဲဝင်ခဲ့တယ်။ ဒါပေမဲ့ ရှဉ့်က သတ္တိမရှိတော့ဘဲ နောက်ပြန်ဆုတ်သွားတယ်။ သူကခဏစဉ်းစားပြီး နောက်တော့ပြန်လှည့်လာကာ ရှန်းရင်နောက် ပုန်းလေတယ်။ သူ့ကို အသီးပေးသူဘယ်သူမဆို လူကောင်းပဲ။

ဂူထဲရောက်တာနဲ့ သွေးနံ့ပြင်းလာတာများ မွန်းကြပ်လာတဲ့အထိပဲ။ သူတို့ခြေထောက်အောက်ကနေ ချလွင်ချလွင် အသံတွေ ခပ်တိုးတိုးပေါ်လာတယ်။ ယိချင်းလက်ကိုလှည့်ကာ မီးဘောလုံးတစ်ခု ဆင့်ခေါ်ပြီး ဂူကို ချက်ချင်း လင်းထိန်သွားစေတယ်။

ဂူထဲမှာတော့ မကြီးဘဲ အားလုံးကိုအကြည့်တစ်ချက်နဲ့မြင်ရတယ်။ ကျားမိစ္ဆာက ဂူထဲမရှိ။ ဂူတစ်ခုလုံးက အရိုးအပြည့်ပဲ။ သားရဲမျိုးစုံရဲ့အရိုးတွေရှိပေမဲ့ လူအရိုးတွေ ပိုများတယ်။ တချို့က အဖြူရောင်တောင် ပြောင်းနေပြီ။ တချို့က အသားနဲ့ သွေးစတွေ ကပ်နေဆဲမို့ ရွံစရာညှီစို့စို့အနံ့ ထွက်နေတယ်။

"ကောင်းလိုက်တာ၊ ကျားဘုရင် ဒီမှာမရှိဘူးပဲ" ရှဉ့်က ပျော်ရွှင်သွားပြီး ချက်ချင်းပြေးထွက်လာကာ ဂူကို ဟိုဟိုဒီဒီ ကြည့်တော့တယ်။

"ပန်းလေး... ပန်းလေး ဘယ်မှာလဲ၊ ငါ နင့်ကိုကယ်ဖို့ ဒီရောက်လာပြီလေ၊ ပန်းလေး..." သူက အကြာကြီး ခေါ်ပေမဲ့ ထူးသံမရှိ။ သူက သွေးပျက်လာပြီး မြေကြီးပေါ်က အရိုးတွေကိုပါ တူးရှာတော့တယ်။

ကူယွဲ့ မျက်မှောင်ကြုတ်ကာ ရှဉ့်မိစ္ဆာကို ဆွဲပြီး ခေါ်ထုတ်လာခဲ့တယ်။

"အရင်ထွက်မယ်"

"ဟင့်အင်း ပန်းလေးကို ကယ်ရမယ်..." ရှဉ့်က ရပ်ဖို့ ရုန်းကန်နေပေမဲ့ အပြင်ကိုဆွဲထုတ်ခံလာရဆဲ။

"ကျုပ်ကိုလွှတ်ပေး"

"အထဲမှာ အသက်ရှင်နေသူ မရှိဘူး" ကူယွဲ့ သူ့ကိုစိုက်ကြည့်ပေးပြီး နောက်တော့သက်ပြင်းချလိုက်တယ်။

"မင်းပန်းလေး ဖမ်းခံရတာ ဘယ်လောက်ကြာပြီလဲ"

ရှဉ့်က မှင်တက်သွားပြီး နောက်တော့ သူ့လက်ချောင်းတွေနဲ့ ရေတွက်တော့တယ်။

"၄၊ ၅၊ ၆... ကျုပ်... ကျုပ်မသိဘူး၊ ဒါပေမဲ့ ကျားဘုရင်က သူ့ကို အလဲအထပ် လုပ်ပေးမယ်လို့ ကတိပေးထားတယ်၊ သူ..."

"သူသေသွားတာ ကြာလှပြီ" ဂူထဲက အခြေအနေကိုကြည့်တော့ ကျားမိစ္ဆာက လူတစ်ယောက်ကို အရှင်ထားဖို့ နည်းမရှိ။ သူက ဒီရှဉ့်ကို အလွယ်လေး လိမ်နေရုံပဲ။

...

အခန်း ၅၀၉ ။ အဆင့်မြင့်ကြော်ငြာ

"ဟင့်အင်း မဖြစ်နိုင်တာ..." သွေးရောင်က ရှဉ့်မျက်နှာကနေ လုံးဝပျောက်ကွယ်သွားခဲ့တယ်။

"ကျားမိစ္ဆာက နေမထွက်လာခင် လဲလို့ရတယ်လို့ ပြောခဲ့တာ အသေအချာပဲ... ရှင်းရှင်းလင်းလင်းကို... ဝါး..."

သူ ပြန်ငိုတော့မှာကိုမြင်တော့ ကူယွဲ့ သူ့ပါးစပ်ထဲ အသီးတစ်လုံး အမြန်ထိုးထည့်လိုက်တယ်။ မိစ္ဆာကောင်းတစ်ယောက်ပါ၊ ဆူညံလွန်းရုံပဲ

"မှိုလေး၊ မင်း..." သူ နည်းနည်း နှစ်သိမ့်ပေးမို့ရှိသေး ရုတ်တရက် တောအုပ်ဘယ်ဘက်ခြမ်းကနေ မိစ္ဆာအရှိန်အဝါကို ခံစားလိုက်ရတယ်။

"ဒါမြို့ဘက်ကပဲ" ယိချင်းက သတိပေးလာတယ်။

"ပြန်သွားမယ်" ကူယွဲ့က ရှဉ့်မိစ္ဆာကိုကောက်ဆွဲကာ ဓားနဲ့အတူ အဲဘက်ကို ပျံသန်းခဲ့တော့တယ်။

သူတို့ အနားကပ်မလာခင် ကျယ်လောင်တဲ့ ဝုန်းဒိုင်းအသံကြီးနဲ့ ကြောက်မက်စရာအော်သံတချို့ကို ကြားလိုက်ရတယ်။ မြို့နံရံအပြင်မှာ ကျားကြီးတစ်ကောင် ရုတ်တရက် ပေါ်လာခဲ့တယ်။ သူ့ကြည့်ရတာ ပဉ္စမအဆင့် ရောက်နေပြီ။ မူလကိုယ်က မတ်တတ်ရပ်လိုက်တာ နံရံတွေနဲ့အမြင့်အတူတူပဲ။ အဲအချိန် သူက အဲနံရံထူတွေကို ရှေ့လက်သည်းတွေနဲ့ တိုက်ခိုက်နေတယ်။ ချက်ချင်း ကျောက်တုံးတွေ အုတ်ခဲတွေက မြေကြီးဆီကျလာကာ ခံစစ်နံရံက သူ့တိုက်ခိုက်မှုကြောင့် ပြိုကျတော့မလို။

"ကျား... ကျား... ကျားဘုရင်" ရှဉ့်က တစ်ချက်တည်းနဲ့ မှတ်မိသွားပြီး ခန္ဓာကိုယ်က တုန်ယင်သွားတယ်။

ကူယွဲ့ရဲ့ မျက်လုံးတွေ မည်းနက်သွားတယ်။ သူတို့ ရှာရမဲ့အချိန် သက်သာသွားတာပေါ့။

"စားဖိုမှူး၊ ကြော်ငြာဖို့ အချိန်တန်ပြီ"

"အင်း" ယိချင်းက ခေါင်းညိတ်ကာ သူ့ဓားကိုခေါ်ဖို့လုပ်တယ်။

"ထားလိုက်တော့၊ ငါသွားလိုက်မယ်" ကူယွဲ့က ရုတ်တရက် စိတ်ပြောင်းသွားပြီး ရှဉ့်ကို သူ့ဆီ ပစ်ပေးလိုက်တယ်။ "မင်းသွားရင် ဓားတစ်ချက်တည်းနဲ့ အပြီးသတ်သွားမှာ" သေချာပေါက် ကြော်ငြာတာက ခမ်းနားဖို့လိုတယ်။ အဆင့်မြင့်ပြီး ပိုအံ့အားသင့်စရာကောင်းလေ ပိုကောင်းလေပဲ။

အဲအချိန် အောက်က ကျားမိစ္ဆာက မြို့နံရံကို ပြိုအောင်လုပ်ပြီးပြီ။ မြို့ထဲကလူတွေက သွေးပျက်စွာ ပြေးလွှားကုန်တယ်။ ကျားမိစ္ဆာက ကျယ်လောင်စွာ ဟိန်းဟောက်ပြီး ခုန်အုပ်ကာ သူ့နီရဲနေတဲ့ပါးစပ်ကြီးကိုဟ လူအုပ်ကို ဝင်ကိုက်တော့မယ်။ ရုတ်တရက် ရွှေရောင်အလင်းတစ်ခု တောက်ပသွားတယ်။

ကြည်လင်နေတဲ့ အတားအဆီးတစ်ခုက လူအုပ်ရှေ့ရုတ်တရက် ပေါ်လာတယ်။ မရေမတွက်နိုင်တဲ့ အင်းကွက်တွေ ကောင်းကင်ထဲ ပေါ်လာပြီး မြို့တစ်ခုလုံးကို တောက်ပနေတဲ့ ရွှေရောင်အလင်းက ဖုံးလွှမ်းသွားခဲ့တယ်။ အဲအတားအဆီးက ကြီးသထက်ကြီးလာကာ မြို့တစ်ခုလုံးကိုအထဲ ရစ်ပတ်လေတယ်။

"ကျားမိစ္ဆာ မကောင်းတာမ လုပ်နဲ့စမ်း" ခပ်ဩဩ ယောက်ျားတစ်ယောက်အသံက ကောင်းကင်အစွန်းအဖျားက ထွက်လာသလိုမျိုး လူတိုင်းရဲ့နားထဲ ချက်ချင်းဖြည့်သွားခဲ့တယ်။

အဲကျားမိစ္ဆာက ဘယ်လောက်ဝင်တိုက်တိုက် အတားအဆီးကို ဖြတ်ကျော်မရတာ မြင်တော့ အစက သွေးပျက်နေတဲ့လူအုပ်က ချက်ချင်းငြိမ်ကျသွားခဲ့တယ်။ လူတိုင်း ကောင်းကင်ကို ထိတ်လန့်စွာ မော့ကြည့်လိုက်ကြတယ်။ သူတို့အဲတော့မှ အဖြူရောင်တလွင့်လွင့်ဝတ်ရုံနဲ့ လူတစ်ယောက် တိမ်တိုက်တွေပေါ် ရပ်နေတာကို မြင်လိုက်ရတယ်။ သူ့ကိုယ်မှာ အဖြူရောင်အလင်းဖုံးနေတော့ လူတွေ သူ့ကို သေချာမမြင်‌ရပေမဲ့ ရောက်ဖို့မြင့်လွန်းတဲ့နေရာလို့ ခံစားလိုက်ရတယ်။

ယိချင်းနဲ့ ရှန်းရင်က လူအုပ်ထဲ တိတ်တိတ်လေး ခိုးကြောင်ခိုးဝှက်ဝင်ပြီး ဖေဖေနျိုရဲ့ ကြီးမားလှတဲ့ ကြွားဝါမှုမြင်ကွင်းကိုတူတူကြည့်နေကြတယ်။

ကူယွဲ့ရဲ့လက်တွေက နောက်ထပ်စည်းတံဆိပ်တစ်ခု ပြုလုပ်လေတယ်။ ချက်ချင်း နောက်အင်းကွက်တစ်ခု ပေါ်လာကာ အောက်ကကျားမိစ္ဆာဆီ တန်းကျသွားခဲ့တယ်။ ကြီးမားတဲ့ဖိအားတစ်ခုက အောက်ကမိစ္ဆာကို ခြေမွှသွားတယ်။ သူ့ရပ်တည်နေမှုက ချက်ချင်း ယိမ်းယိုင်သွားကာ မြေကြီးပေါ် ပိကျတော့မလိုဖြစ်နေတယ်။

သူ့ပြိုင်ဘက်ကို ကျော်မလွှားနိုင်တာကို နားလည်နိုင်သလိုမျိုး ကျားမိစ္ဆာက ထွက်ပြေးဖို့ပြင်တယ်။ ကောင်းကင်ထဲကလူက လက်တစ်ဖက်ကိုဝှေ့ယမ်းပြီး ကောင်းကင်ထဲကနေ ဓားတွေချက်ချင်းကျလာပြီး သူ့လမ်းကိုချက်ချင်းဖြတ်တောက်လိုက်တယ်။ တစ်ခုက သူ့အရှေ့လက်သည်းတွေပေါ်ကျသွားပြီး ကျားမိစ္ဆာက ချက်ချင်း နာကျင်စွာအော်ဟစ်တော့တယ်။

အဲကျက်သရေရှိတဲ့အသံက နောက်တစ်ကြိမ် ပေါ်လာတယ်။ "ကျားမိစ္ဆာ၊ မင်းမှာ အငြိုးအတေး စွမ်းအင်အပြည့်ပဲ၊ တားမြစ်ခြင်းတွေကိိုချိုးဖောက်ပြီး လူသားတွေကိုစား၊ ဒေသကို အန္တရာယ်ပြုဖို့ ခြိမ်းခြောက်တယ်၊ ဒီနေ့ မင်းဘေးဆိုးကို မြို့ထဲကလူတွေအတွက် ရှင်းထုတ်ပစ်မယ်"

အဲလိုပြောပြီး သူကလက်တစ်ဖက်နဲ့ ဂါထာတစ်ခု လုပ်တယ်။ ချက်ချင်း ဓားကြီးတစ်ခု ကောင်းကင်ထဲ ပေါ်လာတယ်။ သူက ရွှေရောင်နဲ့ တောက်ပနေပြီး တောက်ပလွန်းလို့ မျက်စိကျိန်းမတတ်ပဲ။ ကျားမိစ္ဆာက ကြောက်လန့်သွားပြီး ထွက်ပြေးဖို့လုပ်ပေမဲ့ ဓားချီရဲ့ဖိနှိပ်မှုအောက် လှုပ်မရ။ ဓားကြီးက သူ့ဆီ တန်းတန်းမတ်မတ် ကျလာတာကိုသာ ကြည့်နေရတယ်။ ကျားမိစ္ဆာရဲ့အသက်ရှူသံက ချက်ချင်း ရပ်တန့်သွားခဲ့တယ်။

မြို့ထဲကလူတွေအားလုံး မှင်တက်စွာ တောင့်ခဲနေတယ်။ အတော်ကြာမှ သူတို့ နောက်ဆုံးတော့ တုံ့ပြန်နိုင်ပြီး မျက်နှာတွေမှာ စိတ်လှုပ်ရှားမှုအပြည့်။

"အဲမကောင်းဆိုးဝါး... သေသွားပြီ အဲမကောင်းဆိုးဝါး တကယ်သေသွားပြီ"

"ကောင်းလိုက်တာ ငါတို့ပြေးဖို့ မလိုတော့ဘူး၊ သူက ငါတို့ကိုကယ်ခဲ့တာ၊ သူ အဲမကောင်း‌ဆိုးဝါးကို သတ်လိုက်ပြီ"

"အဲလူက တကယ်ပဲပျံနိုင်ပြီး ဒီလို မကောင်းဆိုးဝါးကြီးကိုပါ သတ်နိုင်တယ်'

"ဟုတ်တယ် ပြီးတော့ ခုလေးတင် ဒီလိုအရာတွေ... တကယ်ပဲသူကဘာလဲ"

"သူက... အာ... အာ... အာ..."

လူအုပ်ကြီးက အတော်ကြာတာတောင် စဉ်းစားမရ။ ဘေးမှာ စောင့်ကြည့်နေတဲ့ရှန်းရင်က ချောမွေ့စွာနဲ့ သူတို့အတွက် စကားကိုအဆုံးသတ်လိုက်တယ်။

"သူက နတ်ဘုရားပဲ"

လူအုပ်က မှင်တက်သွားပြီး ရုတ်တရက် သဘောပေါက်သွားတယ်။ သူတို့တွေက ပိုပြီး‌တောင် စိတ်လှုပ်ရှားစွာနဲ့ အော်ဟစ်နေကြတယ်။

"ဟုတ်တယ် ဟုတ်တယ်၊ သူက ‌နတ်ဘုရားပဲ၊ သေချာပေါက် နတ်ဘုရားပဲ၊ နတ်ဘုရားတစ်ပါးက ငါတို့ကိုကယ်တင်ဖို့ ရောက်လာပြီ"

"နတ်ဘုရားတွေပဲ ဒီလိုကောင်းမှုတွေလုပ်နိုင်တာ၊ သူကသေချာပေါက် နတ်ဘုရားပဲ"

"နတ်ဘုရားတစ်ပါးက မကောင်းဆိုးဝါးကို နှိမ်နင်းပြီး ငါတို့ကိုကူညီဖို့ဆင်းချလာတာပဲ"

သူတို့စကားပြောလေ ပိုစိတ်လှုပ်ရှားလေပဲ။ တချို့က ကူယွဲ့ဘက်ကို ဂါရ၀ပြုနေကြပြီ။

ရှန်းရင် နောက်ဆုံးတော့ အသီးကို ဆက်ကိုက်စားတော့တယ်။ အင်း၊ ထောက်ခံသူတစ်ယောက်က ဘယ်လောက်တောင် အရေးကြီးလိုက်လဲ

ကြော်ငြာမှုရဲ့သက်ရောက်မှုက အတော်လေး အောင်မြင်သွားတာမြင်တော့ ကူယွဲ့ နောက်ဆုံး ပတ်ပတ်လည်က အင်းကွက်တွေအားလုံးကို ဖယ်ရှားပြီး အငွေ့အသက်ကိုဖန်တီးကာကြွားဝါဖို့အတွက်ပဲ အလင်းကို ထွန်းညှိထားတဲ့ ဂါထာတချို့ကိုချန်ထားခဲ့တယ်။ နောက်တော့ သူက မြို့နေလူထုက မြေကြီးပေါ် ဒူးထောက်နေတာကို လေးနက်ကာ အဓိပ္ပာယ်ဖော်မရတဲ့ စီးပွားရေးအမူအရာနဲ့ ငုံ့ကြည့်နေတယ်။ သူက တူညီတဲ့ ခမ်းနားတဲ့အသံနဲ့ ပြောလေတယ်။

"မင်းတို့ ငါ့ကို ဂါရ၀ပြစရာမလိုပါဘူး၊ ငါက ဒီနေရာကို လမ်းကြုံဝင်ပြီး ခက်ခဲမှုမရှိလုပ်ခဲ့တာပဲ၊ ဖြစ်နိုင်တာ ငါက ဒီနေရာနဲ့ ရေစက်ပါတဲ့ပုံမို့ အကြံတချို့ပေးပါ့မယ်" သူက သက်ပြင်းချကာ ဆက်ပြောတယ်။

"အခု မိစ္ဆာတွေက လူသားကမ္ဘာထဲ လွတ်လပ်စွာသွားလာနေကြတယ်၊ ကံပါလာတဲ့သူတွေက အရှေ့ဘက်က အမတတောင်ဆီသွားပြီး အမတတွေဆီက တာအိုကို အကူအညီတောင်းရင်း မိစ္ဆာတွေကို အနိုင်ယူနည်းတွေသင်ယူရင်း ဒီပြဿနာကို ဖြေရှင်းနိုင်ပါတယ်"

အဲနောက်တော့ သူကထပ်မပြောတော့ဘဲ လှည့်ကာ ဓားနဲ့ အရှေ့ဘက်ဆီ ဆက်ပျံသန်းလာတယ်။ မကြာခင် သူ့ပုံရိပ်ကပျောက်ကွယ်သွားတယ်။ ကောင်းကင်ထဲက အဲဒီအိပ်မက်ဆန်ဆဋ် အလင်းရောင်က ဖြည်းဖြည်းချင်း လွင့်ပျောက်သွားကာ မြို့ပြင်မှာကျားအလောင်းကြီးတစ်ခုပဲ ကျန်ခဲ့တယ်။

လူအုပ်ကြီးက အချင်းချင်းကြည့်နေကာ နတ်ဘုရားထွက်မသွားခင် ပြောခဲ့တဲ့စကားတွေကို ပြန်စဉ်းစားကြတော့တယ်။ အမတတွေကို၊ တာအိုကို တောင်း၊ မိစ္ဆာတွေကို နှိမ်နင်းနည်းတွေ သင်ယူ။ ဆိုလိုတာ သာမန်လူတွေလည်း အမတမှော်ကို သင်ယူနိုင်မယ်လို့ နတ်ဘုရားကပြောခဲ့တာလား။ လူ‌တိုင်းမျက်လုံးတွေ တောက်ပသွားကာ မျှော်လင့်ချက်ရောင်ခြည်တွေ လင်းလက်သွားတော့တယ်။

——————

ကိုက်တစ်ရာအကွာ။

"ငါတို့အိမ်ပြန်ပြီး ဟင်းချက်လို့ရလား" ရှန်းရင်က တစ်ဖက်ကကျောက်တုံးကို မှီပြီး ထပ်မလှုပ်ချင်တော့ဘူး။

"သေချာပေါက် မရဘူး" ကူယွဲ့ ငြင်းလိုက်တယ်။

"ဟမ်" ရှန်းရင် မှင်တက်သွားတယ်။ ငါထင်တာ ကြော်ငြာက ပြီးသွားပြီလားလို့လေ။

"တစ်ခေါက်တည်း ကြော်ငြာတာ ဘယ်လိုလုပ်အလုပ်ဖြစ်မလဲ၊ ဒီမှာ တွစ်တာမရှိတော့ အချက်အလက် စီးဆင်းနှုန်းကနှေးမှာ၊ ငါတို့တွေ နေရာတွေထပ်သွားဖို့လိုပြီး လူတိုင်းကို ကျင့်ကြံမှုအကြောင်း အသိပေးရမယ်" သူက တစ်လျှောက်လုံးမှာ တစ်ကြိမ်သာ ထောက်ခံသူ‌လုပ်ပေးခဲ့တဲ့ နှစ်ယောက်ကို လှည့်ကြည့်လိုက်တယ်။

"ငါတစ်ယောက်တည်းနဲ့တင် ဒီကိစ္စကလုံလောက်တယ်၊ မင်းတို့က ဘယ်လိုပဲဖြစ်ဖြစ် မကူညီနိုင်ဘူး"

သူက ပြောရင်း ကျောက်တုံးက လူကိုခွာကာ စားဖိုမှူးဆီ ပစ်ပေးလိုက်တယ်။

"မင်းတို့နှစ်ယောက်လုံး အရင်က ရွေးထားတဲ့နေရာဆီသွား၊ အမတကြောစိုက်ပြီး ဂိုဏ်းအရင်ထောင်ထားကြ"

"အမတသွေးကြောစိုက်တာက ပြဿနာမရှိဘူး" ယိချင်းကမျက်မှောင်ကြုတ်ကာ ဖြေတယ်။

"ဒါပေမဲ့ အိမ်တွေက..." ဘယ်သူဆောက်မှာလဲ။

ကူယွဲ့ မှင်တက်သွားပြီး ဒီတော့မှ ပြဿနာကိုနားလည်သွားတယ်။

ယိချင်းက မျက်မှောင်ကြုတ်ကာ ခပ်ပေါ့ပေါ့ဆိုတယ်။

"အရင်ကနေခဲ့တဲ့နေရာတွေမှာက ရှိပြီးသားတွေကြီးပဲ၊ တစ်ခုတည်းသောက ယုန်ပဲ ဆောက်ခဲ့တာ၊ ဒါပေမဲ့ ကျွန်‌တော်တို့မှာ ခုယုန်မရှိဘူး..."

သူစကားဆုံးတော့ မျက်လုံး၃စုံက မှိုရောင်းတဲ့ တစ်ကောင်သောရှဉ့်ဆီ ရောက်သွားတယ်။

ရှဉ့်က တုန်ယင်ကာ ချက်ချင်း အသည်းအသန်ခေါင်းယမ်းတယ်။

"မှို... မှိုပဲ စိုက်နိုင်တာပါ"

ငါတို့ မင်းကို ဘာအတွက်လိုချင်ရမှာလဲ။ ဒါ သူတို့ကောက်ခေါ်လာသမျှထဲ အသုံးမဝင်ဆုံး အကောင်သေးပဲ။

...

အခန်း ၅၁၀ ။ ကျောင်းလိပ်စာရွေးခြင်း

ဖြစ်နိုင်တာ သူတို့ အထင်သေးတာ သိသာလို့ထင်။ ရှဉ့်ကအားနည်းစွာပြောလာတယ်။

"ခင်ဗျားတို့အတွက်... အသိုက်လုပ်ပေးရင်ရော"

သူ အသိုက်ဘယ်လိုလုပ်ရမလဲသိတယ်။

"အကြီးတစ်ခုဆိုရင်ရော"

သုံးယောက်သား ။ ။ "..." ဘယ်သူက မင်းအသိုက်လိုချင်မှာလဲ

"ထားလိုက်တော့" ကူယွဲ့ သူ့ဝတ်ရုံကနေအဖြူရောင်သေတ္တာတစ်ခုဆွဲထုတ်ကာ ယိချင်းဆီ ကမ်းပေးလိုက်တယ်။

"ဒါက ဖက်တီး ပစ္စည်းတွေ သန့်စင်ဖို့ ကြိုးစားနေချိန် ဖန်တီးခဲ့တဲ့ ဂူဗိမာန်ပဲ၊ မကြီးပေမဲ့ လောလောဆယ်တော့ အဆင်ပြေနိုင်တယ်"

သူက အသံလှိုင်းအဆောင်ကိုထုတ်ကာ ဖက်တီးကို အမြန် ခေါ်လိုက်တယ်။

"ရက်ပိုင်းအတွင်း၊ ငါမင်းတို့ဆီ လာတွေ့မယ်၊ ပြီးတော့..." သူက ရှဉ့်မိစ္ဆာဆီ လက်ညှိုးထိုးလိုက်တယ်။

"ဒီမှိုသွားဖို့ နေရာတစ်ခုရှာလိုက်"

သူ့ညွှန်ကြားချက်တွေကို ထားပြီးတဲ့နောက် သူက ရှန်းရင်ဘက်လှည့်လေ့လာတယ်။ နောက်တော့သူက သူ့ဓားပျံကို ဆင့်ခေါ်လိုက်တယ်။ သူ အဝေးကို ပျံထွက်သွားမို့ရှိသေး အံကြိတ်ကာ ပြန်လှည့်လာတယ်။ ရှန်းရင်ဆီက အရင်ကသိမ်းထားတဲ့ အဆာပြေမုန့်တွေကိုထုတ်ကာ သူမဆီပြန်ထိုးထည့်ပေးလိုက်တယ်။

"အသီးတွေကိုစား၊ နောက်ထပ် လမ်းမပျောက်စေနဲ့"

ရှန်းရင်မျက်လုံးတွေ တောက်ပသွားတယ်။

"ဟုတ်ကဲ့ ဖေဖေနျို ပြဿနာမရှိပါဘူး ဖေဖေနျို"

ကူယွဲ့ သူ့ရင်ထဲခံစားနေရတဲ့ ဖခင်မေတ္တာ စိုးရိမ်မှုတွေကို မျက်နှာမှာ မပေါ်အောင် ထိန်းဖို့ ကြိုးစားနေရတယ်။ သူကတစ်ဖက်လှည့်ကာ သူ့အလေအလွင့်ကလေးတွေအတွက် တိုက်ခိုက်ဖို့ ထွက်သွားခဲ့တယ်။

——————

အမတကျင့်ကြံသူတွေနဲ့ အဆက်အဆံမရှိသေးသူတွေက လှည့်စားရအတော်လေး လွယ်ကူတယ်...။ မဟုတ်ပါဘူး၊ ကြော်ငြာဖို့ အတော်လေးလွယ်တာ။ ကူယွဲ့ နေရာမျိုးစုံမှာ ရိုးရှင်းတဲ့ မှော်အတတ်မျိုးစုံကို ဖျော်ဖြေခဲ့တယ်။ လမ်းတစ်လျှောက်မှာ သူက ပြဿနာရှာနေတဲ့မိစ္ဆာအချို့ကိုလည်းဖမ်းဆီးခဲ့တယ်။ တဖြည်းဖြည်း အရှေ့ဘက်မှာ လူတွေ တက်လှမ်းနိုင်အောင် အမတတွေဆီ ဆုတောင်းလို့ရတဲ့ အမတတောင်ရှိတယ်ဆိုတာ သေမျိုးနယ်ပယ်တစ်လျှောက် ပျံ့နှံ့သွားခဲ့တယ်။ လူအများစုက ဒီအမတတောင်ကို အရှာထွက်ကြတော့တယ်။

ကူယွဲ့က သင့်တော်တဲ့အချိန်တွေမှာ မြေပုံတချို့ကို ဖောက်ချခဲ့ပြီး နောက်တော့ လူတွေကို အသက်ငယ်လေ သူတို့ဆုတောင်းသံတွေကို ကြားနိုင်ချေပိုများလေဆိုတဲ့ ကောလာဟလတွေ ဖြန့်ခဲ့တယ်။ အရှေ့ကိုထွက်လာမဲ့လူတွေ တော်တော်များများရှိမယ်လို့ထင်တာပဲ။ ဒီတိုက်ကြီးထဲ ကြော်ငြာဖို့က လွယ်တယ်။ ဒါပေမဲ့ ကူယွဲ့နှလုံးသားက သူ့ရဲ့အလေအလွင့်ကလေးနှစ်ယောက်ကို တွေးမိတာနဲ့တင် ရင်ထဲအောင့်ရတယ်။ ဘာကြောင့်မှန်းမသိ သူ့အတွက်ပြဿနာမဖန်တီးဘဲ ငြိမ်ငြိမ် ထိုင်မနေနိုင်သလိုမျိုးပဲ။

ဒါကြောင့် သူ လုပ်စရာရှိတာလုပ်ပြီးတာနဲ့ အမြန်ပြန်ခဲ့တယ်။ သူ လေထဲမှာ မြင့်မားတဲ့တောင်တစ်ခုပေါ် မသေမျိုးချီတွေ လွှမ်းမိုးနေပြီး အရှိန်အဝါကြီးတဲ့ အဆောက်အဦတစ်ခု ရှိနေဝာာ မြင်ချိန် သူ ဘယ်လိုတုံ့ပြန်ရမလဲ မသိတော့ဘူး။

ဒါ... ရှန်းရင်နဲ့ စားဖိုမှူး ဆောက်ထားဝာာလား။

(⊙_⊙)

အလိုလို သူ အဆောက်အဦနဲ့ တောင်ကိုစစ်ဆေးဖို့ ကောင်းကင်စိတ်အာရုံ လွှတ်ထုတ်လိုက်တယ်။ သူ ဒါက ဓမ္မလက်နက်နဲ့ ဖန်တီးထားတာ မဟုတ်တာကို တွေ့လိုက်ရတယ်။ တကယ့်အဆောက်အဦကြီး ဖြစ်ပြီး အကြီးကြီးပဲ။ မသေမျိုးချီက မြေကြီးထဲက အမတသွေးကြောကနေ စီးဆင်းနေတာကို ခပ်ရေးရေးခံစားရတယ်။ ဒါပေမဲ့ အဆောက်အဦထဲမှာက ဝိညာဉ်ချီတွေ။ သူတို့က မသေမျိုးချီကို ဝိညာဉ်ချီအဖြစ် ပြောင်းဖို့တောင် စနစ်တပ်ထားတာပဲ။

သူ့အိမ်ထဲက ကလန်ကဆန်တွေက ရုတ်တရက်ကြီး အရမ်းကိုတတ်ကျွမ်းပြီး လိမ္မာလာတယ်ပေါ့။ ကူယွဲ့ ရင်ထဲထိသွားတယ်

သူ လှည့်ကာ အနောက်ဆောင်ဆီ ဦးတည်လိုက်တယ်။

"ဖေဖေနျို ပြန်လာပြီပေါ့" ရှန်းရင်က နှုတ်ဆက်တဲ့အနေနဲ့ လက်ယမ်းပြတယ်။ နောက်တော့ သူက စားပွဲပေါ်က စားစရာအားလုံးကို ပန်းကန်ပေါ် တင်လိုက်လေတယ်။

ကူယွဲ့ နှုတ်ခမ်းစေ့ကာ စားပွဲ‌မှာထိုင်ချပြီး ဟိုဟိုဒီဒီကြည့်ကာ မေးလိုက်တယ်။ "စားဖိုမှူး၊ ဒီအဆောက်အဦက ဘာဖြစ်တာလဲ၊ မင်းတို့အတွက် ဒါ‌ဆောက်ပေးဖို့ ဘယ်သူ့ကို ဖမ်းခေါ်လာတာလဲ"

"ဘယ်သူမှ မဟုတ်ပါဘူး" ယိချင်းက လေးနက်စွာ ဖြေတယ်။ "ဆရာဆောက်ပေးတာ"

"ရှန်းရင်လား" ကူယွဲ့က မျက်လုံးတွေ မှေးသွားတယ်။ "သူ အဆောက်အဦတစ်ခုကို ဖြိုချခဲ့တယ်လို့ ပြောရင်တောင် ယုံဦးမယ်၊ ဒါပေမဲ့ သူက ‌ဆောက်ပေးတယ်လား၊ ဟားဟားဟား... ခဏ"

ကူယွဲ့ ထခုန်ကာ သူ့ပတ်ဝန်းကျင်ကို သေချာ ဟိုဟိုဒီဒီကြည့်လိုက်တယ်။ သူကစောနက ထိတ်လန့်သွားလို့ သေချာမစဉ်းစားမိခဲ့တာ။

"ဘာလို့ ဒီအဆောက်အဦတစ်ခုလုံးက အရမ်းရင်းနှီးနေတာပါလိမ့်၊ ဘာလို့ ဟုန်မုန့်ဟာနဲ့တူ..."

"ခင်ဗျားခန့်မှန်းတာ မှန်တယ်၊ ဒါ ခရမ်းရောင်ညနန်းတော်ပါ" ယိချင်းက သူ့ကိုဖြေတယ်။

"မင်းက ဒီနေရာဆီ ဟုန်မုန့်ကိုဆွဲခေါ်လာပြီး သူ့ကိုယ်ပိုင်‌နန်းတော်ကို ပုံတူကူးဖို့ ပြောခဲ့တာလား"

"ဟင့်အင်း" ယိချင်းက သူ့ခေါင်းကိုယမ်းတယ်။ "ဆရာက ပြောတယ် အဆောက်အဦကိုအစကနေ စဆောက်ရမှာ အရမ်းအလုပ်များတယ်တဲ့၊ ဟုန်မုန့်အဆောက်အဦကို ဒီမှာသုံးဖို့ ရွှေ့လာတာက အများကြီး ပိုလွယ်မယ်ပြောခဲ့တာ"

"ဒါဆို..." ကူယွဲ့ နှုတ်ခမ်းသပ်လိုက်တယ်။

"မင်းတို့တွေ ခရမ်းရောင်ညနန်းတော်တစ်ခုလုံးကို ဒီနေရာဆီ ရွှေ့ခဲ့တာလား"

"အဲဒါအမြန်ဆုံးနည်းလမ်းပဲ"

"ငါမေးလို့ရမလား... အဲမှာဘာကျန်ခဲ့လဲဆိုတာ"

ယိချင်းက ခဏစဉ်းစားနေတယ်။

"အရှေ့ဘက်က ရင်ပြင်လေ" ဘယ်လိုပဲဖြစ်ဖြစ် အခုလက်ရှိဆီ ပြန်ရောက်မလာသေးတဲ့ လူတွေ အများကြီးရှိနေဆဲပဲ။

ကူယွဲ့ တိတ်သွားကာ သက်ပြင်းရှည်ကြီးချတယ်။ "စားဖိုမှူး" သူက လက်သီးဆုပ်ကာ ယိချင်းပခုံးကို ပုတ်လိုက်တယ်။ တည်ကြည်တဲ့မျက်နှာထားနဲ့... သူက လက်မထောင်လိုက်တယ်။

"တော်တယ်"

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

သူ ဒီနှစ်ယောက်ကို နှစ်ပေါင်းများစွာ သင်ကြားပေးခဲ့ပြီး နောက်ဆုံးတော့ သူတို့က သူတို့အဖေဆီကနေ တစ်စုံတစ်ခုကို သင်ယူခဲ့ကြပြီ။ သူက တကယ်ပဲ စိတ်ထဲအားရသွားမိတယ်

**

ပင်လယ်ဘက်။

ခရမ်းရောင်ညနန်းတော် တစ်ခါက ရှိနေခဲ့တဲ့ နေရာမှာ တောင်အလွတ်ကြီးကလွဲ ဘာမှမရှိတော့။

ဟုန် ဒေဝါလီခံ မုန့်က ရင်ပြင်ပေါ်ရပ်ရင်း တောင်လိုမျိုး လစ်ဟင်းသလိုခံစားနေရတယ်။

"ညီကိုဟုန်၊ မင်းကိုယ်မင်း စိတ်ငြိမ်အောင် မုန်လာဥနီစားချင်လား" ယုန်က သူ့ကိုကြည့်ရင်း စိတ်မကောင်း ဖြစ်ကာ မုန်လာဥနီတွေထဲကတစ်ခု ‌ကမ်းလှမ်းပေးလိုက်တယ်။

ဟုန်မုန့် ။ ။ "တစ်ခုနဲ့ မလုံလောက်လောက်ဘူးထင်တယ်..."

"ရပါတယ်၊ ကျုပ် အများကြီးပေးမယ်"

"..."

——————

နေထိုင်မှုပြဿနာကို ဖြေရှင်းပြီးပြီ။ ကူယွဲ့ ‌အေးအေးချမ်းချမ်း စားသောက်နေရင်း ဝိညာဉ်ချီအကြောင်း မေးဖို့ပြင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခရမ်းညကောင်းကင်ယံက နဂိုက ဟုန်မုန့်နန်းတော်လေ - နတ်ဘုရားစွမ်းအင်နဲ့ ပြည့်နေသင့်တာ။ ကျင့်ကြံသူတွေက ချက်ချင်း နတ်ဘုရားစွမ်းအင်ကို ခံနိုင်ရည်ရှိမှာမဟုတ်ဘူး။ တကယ်တော့ သူတို့ ကျင့်ကြံခြင်းစတင်ကာစဆို မသေမျိုးချီကို တောင့်ခံနိုင်လောက်မှာမဟုတ်ဘူး။ ဝိညာဉ်သွေးကြောတွေက ဒီလိုအခြေအနေတွေအောက်မှာ သူတို့အတွက် အကောင်းဆုံးပဲ။ ဒါပေမဲ့ ဒီမျက်နှာပြင်က ဟိုတလောကမှစတာ။ နေရာတိုင်းမှာ မသေမျိုးသွေးကြောတွေနဲ့ နတ်ဘုရားစွမ်းအင်တွေ။ ဒါပေမဲ့ ဝိညာဉ်ချီနဲ့ ဝိညာဉ်သွေးကြောတွေက နည်းပါးပြီး ဝေးကွာတယ်။

ကူယွဲ့ အမတသွေးကြောစိုက်ပြီးရင် မသေမျိုးချီကို ဝိညာဉ်ချီဘယ်လိုပြောင်းမလဲ အင်းကွက်ခင်းဖို့ စဉ်းစားနေခဲ့တာ။ သူ ဖြေရှင်းနည်း မစဉ်းစားခင် စားဖိုမှူးက ပြဿနာကို ရှင်းနိုင်မယမမထင်ခဲ့ဘူး။

သူ မေးမို့ရှိသေး၊ ဖက်တီးက အခန်းထဲဝင်ကာ ကူယွဲ့ကို သတိထားမိတော့ ပျော်သွားတယ်။

"ဆရာ ပြန်လာပြီပဲ"

သူက သွက်လက်စွာ ကူယွဲ့ဘေး လျှောက်လာတယ်။ သူ့နောက်ကနေ သဏ္ဌာန်သေးလေးတစ်ခုက နီးကပ်စွာလိုက်လာရင်း ခြင်းတစ်ခုသယ်ထားတယ်။

"အင်း" ကူယွဲ့ ခေါင်းညိတ်ကာ ဖက်တီးဘေးက သူကို လှမ်းကြည့်ပြီးတော့ စားဖိုမှူးဘက် လှည့်လိုက်တယ်။

"ဘာလို့ ဒီမှိုက ဒီမှာရှိနေသေးတာလဲ၊ မင်း မလွှတ်ပေးရသေးဘူးလား" ဖက်တီးဘေးကအရာကတော့ ရှဉ့်မိစ္ဆာပဲ။

"ကျွန်တော်... ကျွန်တော်က အရမ်းအသုံးဝင်ပါတယ်" မှိုက ရှေ့တက်ကာ အမူအရာပြတယ်။

"မှိုဘယ်လိုစိုက်ရမလဲသိတယ်လေ"

ဘယ်သူက မင်းမှိုတွေ လိုချင်လို့တုံး။

ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။

"ဆရာ၊ သူစိုက်တဲ့မှိုတွေက မသေမျိုးချီကို ဝိညာဉ်ချီအဖြစ် အသွင်ပြောင်းလဲနိုင်တယ်" ဖက်တီးက ရှင်းပြတယ်။

"ဒီက ဝိညာဉ်ချီက သူ့မှိုတွေကနေ ထုတ်လုပ်ထားတာ"

"သူက မသေမျိုးချီကို အသွင်ပြောင်းနိုင်တယ်ပေါ့" ကူယွဲ့ အံ့ဩတကြီးရေရွတ်မိတယ်။ သူ လှည့်ကာ ခြံပတ်လည်မှာပေါက်နေတဲ့မှိုတွေကို လေ့လာလိုက်တယ်။ သူတို့တွေက ဓမ္မဂါထာတစ်ခုခုကနေ ပေါက်နေတာ သိသာတယ်။ သူတို့တွေက ဝိညာဉ်ချီထွက်နေတာပဲ။ "ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

မိစ္ဆာတွေမှာ ဘယ်လိုလုပ် ဒီလိုစွမ်းအင်ရှိနေနိုင်မှာလဲ။ မဟုတ်မှလွဲရော...။

"သူက သာမန်မိစ္ဆာ မဟုတ်လောက်ဘူး" ယိချင်းက ခပ်တိုးတိုးပြောတယ်။

ယိချင်းက ရှဉ့်မိစ္ဆာကို ခေါင်းစခြေဆုံး စစ်ဆေးကာ ဂါထာတစ်ခုဖန်တီးလိုက်တယ်။ ရှဉ့်ကိုယ်က ယိမ်းယိုင်သွားပြီး သူ့နဂိုအသွင်ဆီ ပြောင်းသွားတယ်။ လက်ထဲကခြင်းတောင်းက မြေကြီးပေါ် ကျသွားကာ သူ့ကိုယ်ပေါ်အုပ်ပြီး အမြီးပေါ်ပိသွားတယ်။ ရှဉ့်က သွေးပျက်လာပြီး ရုန်းတော့တယ်။

ဖက်တီးက ရှဉ့်ကိုလွှတ်ဖို့ မှောက်နေတဲ့ ခြင်းတောင်းကို ကောက်လိုက်တယ်။ ရှဉ့်ကတော့ အသေကြောက်နေပြီ။ နှစ်ချက်အတွင်း သူကဖက်တီးပခုံးပေါ် တက်ကာ ခေါင်းနောက် ပုန်းနေတယ်။ ကြီးမားပြီး မျက်ရည်ပြည့်နေတဲ့ မျက်လုံး၂လုံးက ကူယွဲ့ကိုခိုးကြည့်နေတယ်။

ကြီးကြီးငယ်ငယ် သူက တကယ့်ရှဉ့်ပဲ။ ဒါပေမဲ့ဘာလို့ သူက မသေမျိုးချီကို ဝိညာဉ်ချီအဖြစ် ပြောင်းနိုင်တဲ့ မှိုတွေကို စိုက်နိုင်ရတာလဲ။

"ဖက်တီး သူ့ခေါ်လာခဲ့" သူက ရှန်းရင်မဟုတ်ဘူး - ကြောက်စရာဘာမှမရှိဘူး။

"မကြောက်ပါနဲ့" ဖက်တီးက ရှဥ့်မိစ္ဆာကိုနှစ်သိမ့်ပေးလိုက်တယ်။ နောက်တော့ သူက ရှဉ့်ကို ကောက်ယူကာ ကူယွဲ့ဆီ ကမ်းပေးလိုက်တယ်။

…

All Chapters