အခန်း (၅၅-၅၆)
Vol. 6 Ch. 55-56
အခန်း။ ၅၅
"တတိယသခင်လေး"
ချန်ကျီရှင်း၏ အော်ဟစ်သံကို ကြားလိုက်ရသည်နှင့် ကောင်းကင်ယံထက်တွင် အပူတပြင်း ရှာဖွေနေကြသော အကြီးအကဲ ကျောက်ကွမ်နှင့် ကွေ့ချန်းတို့မှာ ချက်ချင်းပင် အနားသို့ ရောက်ရှိလာကြသည်။
သူတို့သည် ချန်ကျီရှင်းကို ခြေဆုံးခေါင်းဆုံး စစ်ဆေးကြည့်ရှုလိုက်ပြီး ပြင်းထန်သော ဒဏ်ရာရရှိထားခြင်း မရှိသည်ကို မြင်သောအခါမှ သက်ပြင်းချနိုင်တော့သည်။
"တတိယသခင်လေး... ဒီရက်ပိုင်းအတွင်း ဘယ်မှာ ပုန်းနေတာလဲ"
ချန်ကျီရှင်းက ရိုးသားဟန်ဖြင့် ပြန်ဖြေလိုက်သည်မှာ "စမ်းသပ်မှု စတင်ပြီး မကြာခင်မှာပဲ မိသားစုဝင် တပည့်နှစ်ယောက်က ကျွန်တော့်ရဲ့ လက်ပတ်ကို လုဖို့ ကြိုးစားကြတယ်။ ကံကောင်းတာက သူတို့က သိပ်မသန်မာကြလို့ ကျွန်တော် သူတို့ကို သတိလစ်အောင် လုပ်ခဲ့ပြီးနောက် တခြားသူတွေ ထပ်လာမှာ စိုးရိမ်တာနဲ့ ဂူတစ်ခုထဲမှာ သွားပုန်းနေခဲ့တာပါ"
ဤစကားကို ကြားလိုက်ရသောအခါ ကျောက်ကွမ်နှင့် ကွေ့ချန်းတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး အခြေအနေမှာ ရယ်စရာကောင်းသလိုလို၊ အဓိပ္ပာယ်မရှိသလိုလို ဖြစ်နေကြသည်။
"တတိယသခင်လေးကတော့ တကယ့်ကို ကံထူးသူပါပဲ..."
အကြီးအကဲ ကျောက်ကွမ်က မပြောဘဲ မနေနိုင်တော့ဘဲ မှတ်ချက်ချလိုက်၏။
စမ်းသပ်မှုအတွက် ရောက်ရှိလာကြသော ချန်မိသားစု တပည့်ပေါင်း ဒါဇင်နှင့်ချီထဲတွင် အားလုံးနီးပါးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိကာ သတိလစ်နေကြပြီဖြစ်သည်။ အချို့သော ကံဆိုးသူများမှာမူ ချန်ထျန်းချန်နှင့် ဝတ်ရုံနက်ဝတ် ဆယ့်ကိုးတို့ တိုက်ခိုက်သည့် ဗဟိုချက်နှင့် နီးကပ်လွန်းသဖြင့် တိုက်ပွဲစသည်နှင့် သွေးမြူမှုန်များအဖြစ် ဘဝပြောင်းသွားခဲ့ကြသည်။
ဤတတိယသခင်လေး တစ်ဦးတည်းသာ အံ့ဩဖွယ်ကောင်းသော ကံတရားကြောင့် တစ်ချက်မျှပင် အခြစ်အရာမထင်ဘဲ လွတ်မြောက်လာခဲ့ခြင်းပင်။
"ဘာတွေဖြစ်ခဲ့လို့လဲဟင်"
ချန်ကျီရှင်းက နားမလည်သလို မေးမြန်းလိုက်သည်။
"အင်း... ပြောရရင်တော့ ရှည်ပါတယ်..."
အကြီးအကဲ ကျောက်ကွမ်က လေးပင်စွာ သက်ပြင်းချလိုက်ပြီးနောက် တစ်စုံတစ်ခုကို သတိရဟန်ဖြင့် မျက်နှာကို တည်ကြည်လိုက်ကာ မေးမြန်းလိုက်သည်မှာ...
"ဒါနဲ့ တတိယသခင်လေး... အကြီးဆုံးသခင်လေးကိုရော တွေ့မိသေးလား"
"အစ်ကို ကျောက်ရှန်းကိုလား"
ချန်ကျီရှင်းက ခေါင်းကို ခါယမ်းလိုက်ပြီး "ကျွန်တော်က ပထမဆုံးနေ့ကတည်းက ဂူထဲမှာ ပုန်းနေတာဆိုတော့ သူ့ကို မမြင်မိဘူး" ဟု ပြန်ဖြေလိုက်၏။
ဤသည်ကို ကြားလိုက်ရပြန်သောအခါ အကြီးအကဲ ကျောက်ကွမ်နှင့် ကွေ့ချန်းတို့သည် တစ်ဦးကိုတစ်ဦး ပြန်လည်ကြည့်ရှုလိုက်ကြပြီး နှစ်ဦးစလုံး၏ မျက်ဝန်းထဲတွင် မှောင်မိုက်သော အရိပ်အယောင်များကို မြင်တွေ့နေရသည်။
သူတို့သည် ချန်ကျောက်ရှန်းကို ရှာဖွေနေခဲ့သည်မှာ နာရီပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။
သို့သော် ချန်ကျောက်ရှန်း၏ ကြေမွနေသော လက်ပတ်မှလွဲ၍ သူ၏ မည်သည့်ခြေရာလက်ရာကိုမျှ မတွေ့ရှိခဲ့ကြပေ။
ချန်ကျောက်ရှန်းရှိရာဘက်သို့ အစောဆုံး ပြေးဝင်သွားခဲ့ကြသော ဝတ်ရုံနက်ဝတ် နှစ်ဦးကို တွေးမိလိုက်သည့်အခါ သူတို့၏ ရင်ထဲတွင် လေးလံသော ကျောက်တုံးကြီးတစ်ခု ကျရောက်နေသကဲ့သို့ ခံစားလိုက်ရပြီး မျက်နှာများမှာလည်း အစွန်းကုန် ညှိုးငယ်သွားကြတော့သည်။
"အကြီးဆုံးသခင်လေးက ချန်မိသားစုရဲ့ အနာဂတ်ကို ပခုံးထမ်းထားရသူလေ။ အကယ်၍ သူသာ တစ်ခုခုဖြစ်သွားရင်..."
အကြီးအကဲ ကွေ့ချန်းက ချန်မိသားစု ရင်ဆိုင်ရတော့မည့် လှိုင်းဂယက်များကို ကြိုတင်မြင်ယောင်နေဟန်ဖြင့် စိတ်မကောင်းစွာ ပြောလိုက်သည်။
သူ စကားမဆုံးမီမှာပင် ကျောက်ကွမ်က အကြည့်ဖြင့် တားမြစ်လိုက်ပြီး "ဒါတွေက ငါတို့ ဆွေးနွေးရမယ့် ကိစ္စတွေ မဟုတ်ဘူး။ အရာအားလုံးက စတုတ္ထသခင်ကြီးရဲ့ ဆုံးဖြတ်ချက်ကိုပဲ စောင့်ရမယ်" ဟု လေးနက်စွာ ပြောလိုက်၏။
ထို့နောက်တွင်မူ ကျောက်ကွမ်နှင့် ကွေ့ချန်းတို့သည် အနီးအနားတွင် နာရီဝက်ခန့် ထပ်မံ ရှာဖွေခဲ့ကြသော်လည်း ချန်ကျောက်ရှန်း၏ အရိပ်အယောင်ကို မတွေ့ရှိသဖြင့် နောက်ဆုံးတွင် ချန်ကျီရှင်းကို ခေါ်ဆောင်ကာ ထိုနေရာမှ ထွက်ခွါသွားကြသည်။
လမ်းခရီးတွင် ကျောက်ကွမ်နှင့် ကွေ့ချန်းတို့က လတ်တလော ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ချန်ကျီရှင်းအား အကျဉ်းချုပ် ပြောပြခဲ့ကြသည်။ အထူးသဖြင့် ဆယဂဏန်းအဖြူရောင်မျက်နှာဖုံးစွပ် ပုဂ္ဂိုလ်အကြောင်း ပြောဆိုရာတွင် သူတို့၏ စိတ်ခံစားချက်များမှာ အလွန်တရာ တက်ကြွကာ ကြည်ညိုနေကြ၏။
"ဟုတ်လား လောကကြီးမှာ ဒီလိုမျိုး ကျေးဇူးရှင် ဆရာကြီးတစ်ယောက် ရှိနေလိမ့်မယ်လို့ ကျွန်တော် လုံးဝ မထင်ထားခဲ့ဘူး"
ချန်ကျီရှင်းကလည်း အံ့ဩတကြီးဖြစ်ဟန်ဖြင့် ချက်ချင်းပင် လိုက်ပါရေရွတ်လိုက်သည်။
သင်္ဘောကုန်းပတ်ပေါ်သို့ ပြန်လည်ရောက်ရှိချိန်တွင် ချန်ထျန်းချန်မှာ တင်ပျဉ်ခွေထိုင်လျက် သူ၏ဒဏ်ရာများကို ကုသနေ၏။
ချန်ကျီရှင်း ရောက်လာသည်ကို မြင်သောအခါ သူသည် သက်ပြင်းချကာ စိတ်အေးသွားပြီး မတ်တပ်ရပ်၍ ကြိုဆိုရင်း ချန်ကျီရှင်းကို တင်းတင်းကြပ်ကြပ် ဖက်လိုက်သည်။
"မင်း အဆင်ပြေနေလို့ တော်သေးတာပေါ့ ကျီရှင်းရာ မဟုတ်ရင် အစ်ကိုကြီး ကျောက်ရှန်းကို ငါ ဘယ်လို မျက်နှာပြရမလဲတောင် မသိဘူး"
"စတုတ္ထဦးလေး... ဦးလေးရော အဆင်ပြေရဲ့လား"
ချန်ကျီရှင်းက အပူတပြင်း မေးမြန်းလိုက်သည်။
ဤသည်ကို ကြားသောအခါ ချန်ထျန်းချန်က အားယူပြုံးလိုက်ပြီး "ငါ အဆင်ပြေပါတယ်။ ကံကောင်းတာက ဒီမှာ ပုန်းအောင်းနေတဲ့ ကျင့်ကြံသူ မိတ်ဆွေတစ်ယောက်က ကူညီပေးခဲ့လို့ပေါ့။ မဟုတ်ရင် ဒီနေ့ တကယ်ကို ခက်ခဲသွားမှာ။ အဲဒီလူက ငါ့အတွက်တင်မကဘဲ တစ်ခုလုံးသော ချန်မိသားစုအတွက်ပါ တကယ့်ကျေးဇူးရှင်ကြီးပဲ"
"ဟုတ်ကဲ့ အကြီးအကဲ ကျောက်ကွမ်တို့ ပြောတာ ကြားလိုက်ရပါတယ်"
ချန်ကျီရှင်းက ခေါင်းညိတ်ရင်း စူးစမ်းလိုစိတ်ဖြင့် "စတုတ္ထဦးလေး... အဲဒီလူက အခု ဘယ်မှာလဲဟင် ကျွန်တော်တို့ သူ့ကို ချန်မိသားစုဆီ ဖိတ်ခေါ်ပြီး သေသေချာချာ ကျေးဇူးတင်သင့်တယ် မဟုတ်လား" ဟု မေးလိုက်သည်။
ချန်ထျန်းချန်က ခါးသက်စွာ ရယ်မောလိုက်ပြီး "အဲဒီ ကျင့်ကြံသူ မိတ်ဆွေက ပင်ကိုယ်စရိုက် နည်းနည်းထူးဆန်းတယ်ကွ။ ကူညီပြီးတာနဲ့ နာမည်တောင် မထားခဲ့ဘဲ ထွက်သွားတာပဲ။ ဒါပေမဲ့ သူက ဆယ်ဂဏန်းအဖြူရောင်မျက်နှာဖုံးကို တပ်ထားတယ်။ နောင်တစ်ချိန်မှာ မင်း သူ့ကိုတွေ့ရင် ဒီစီနီယာကြီးကို သေသေချာချာ ကျေးဇူးတင်ရမယ်နော်။ ဒီစီနီယာက တကယ်ကို လူကောင်းတစ်ယောက်ပဲ"
"နားလည်ပါပြီ"
ချန်ကျီရှင်းက တည်ကြည်လေးနက်သော မျက်နှာထားဖြင့် လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။
သူ့ပုံစံမှာ ထိုပုဂ္ဂိုလ်၏ ပုံပန်းသဏ္ဌာန်ကို အသေအချာ မှတ်သားထားသည့်အလားပင်။
"အင်း"
ချန်ထျန်းချန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ကျောက်ကွမ်နှင့် ကွေ့ချန်းတို့ဘက်သို့ လှည့်ကြည့်ကာ မေးလိုက်၏။
"ချန်ကျောက်ရှန်းရဲ့ သတင်းကရော ဘာမှမရသေးဘူးလား"
"စတုတ္ထသခင်ကြီးကို တင်ပြပါတယ်။ ကျွန်တော်တို့ အကြီးဆုံးသခင်လေးရဲ့ ကြေမွနေတဲ့ လက်ပတ်ကိုပဲ ရှာတွေ့ခဲ့ပါတယ်"
ကျောက်ကွမ်က တိုးညှင်းစွာ ပြန်ဖြေသည်။
"အာ..."
ချန်ထျန်းချန်သည် ကောင်းကင်ယံသို့ မော့ကြည့်ကာ သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။
ချန်မိသားစု၏ အဓိကပုဂ္ဂိုလ်တစ်ဦးအနေဖြင့် မိသားစုခေါင်းဆောင်က ချန်ကျောက်ရှန်းကို မည်မျှအထိ တန်ဖိုးထားသည်ကို သူ ကောင်းကောင်းကြီး နားလည်ထားသည်။ ချန်ကျောက်ရှန်းကို ဇီဝေ ချန်မိသားစု ၏ အနာဂတ် ဆက်ခံသူအဖြစ် အမွမ်းတင်ခြင်းမရှိဘဲ သတ်မှတ်ထားခြင်းပင်။
ယခုတစ်ကြိမ် ချန်ကျောက်ရှန်း ဖြစ်ရပ်ကြောင့် မိသားစုခေါင်းဆောင် ချန်တောက်ယန်မည်မျှအထိ ရူးသွပ်ပေါက်ကွဲသွားမည်ကို သူ စိတ်ကူးပင် မယဉ်ရဲတော့ပေ။ အစ်ကိုကြီးဖြစ်သူ ချန်ထျန်းရှုံဆိုလျှင်လည်း...
"ကွေ့ချန်း... မင်း ဒီမှာပဲနေပြီး အဲဒီကလေး ကျောက်ရှန်းကို ဆက်ရှာပါ။ ကျန်တဲ့သူတွေအားလုံး ငါနဲ့အတူ ပြန်ကြမယ်"
စကားအဆုံးတွင် ချန်ထျန်းချန်သည် သူ၏ ညာဘက်လက်ကို ဝှေ့ယမ်းလိုက်ရာ သစ်ရွက်
ပုံသဏ္ဌာန် ပျံသန်းလွန်းပြန်ယာဉ်လေးတစ်ခု သူ၏လက်ထဲတွင် ပေါ်ထွက်လာသည်။ ထိုယာဉ်လေးသည် လေနှင့်ထိတွေ့သည်နှင့် တပြိုင်နက် ပေအနည်းငယ်မှ ပေပေါင်းများစွာအထိ လျင်မြန်စွာ ကြီးမားကျယ်ပြန့်လာတော့၏။
"သွားကြစို့"
ချန်ထျန်းချန်သည် သူ၏ ဝတ်ရုံလက်အင်္ကျီအရှည်ကြီးကို ဝှေ့ယမ်းလိုက်ပြီး သတိလစ်နေကြသော ချန်မိသားစုတပည့်များကို လေနှင့်အတူ သိမ်းကျုံးမယူလိုက်ကာ ကျန်လက်တစ်ဖက်ဖြင့် ချန်ကျီရှင်းကို ဆွဲ၍ ယာဉ်ပေါ်သို့ တက်လိုက်သည်။
ဝုန်းးးး
ပျံသန်းလွန်းပြန်ယာဉ်သည် ချက်ချင်းပင် အရှိန်မြှင့်လိုက်ပြီး ယန်ကျိုးမြို့ဆီသို့ ဦးတည်ကာ ကောင်းကင်ယံထက်သို့ မြှားတစ်စင်းအလား ထိုးပျံသွားတော့သည်။
...
...
တစ်ချိန်တည်းမှာပင် တောင်ပိုင်းနယ်စပ် မဟာတောင်တန်း တစ်သိန်းအတွင်း၌။
အခြားသော အစွန်အဖျားတစ်နေရာတွင်...
"အကြီးအကဲ ဖေးလုံ.. ကျွန်မပဲ ရှေ့ကနေ လမ်းပြပါ့မယ်"
မိုချင်းယွဲ့သည် ခေါင်းကို ကုတ်လျက် လမ်းရှာနေသော ဆရာကြီး ဖေးလုံကို ကြည့်ကာ အားမလိုအားမရ ဖြစ်နေမိသည်။
သုံးရက်တောင် ရှိသွားပြီ။
တောင်ပိုင်းနယ်စပ်ကို ရောက်ကတည်းက အခုဆိုရင် သုံးရက်တိတိ ရှိသွားခဲ့ပြီဖြစ်သော်လည်း ချန်မိသားစု၏ စမ်းသပ်မှုနယ်မြေကို ရှာမတွေ့သည့် အပြင် မဟာတောင်တန်း တစ်သိန်း၏ အလယ်ဗဟို နက်ရှိုင်းသည့်နေရာအထိတောင် လမ်းမှားကာ ရောက်နေခဲ့ကြခြင်းပင်။
သူမ တကယ်ကို စိတ်ပျက်အားလျော့နေပြီ ဖြစ်သည်။
"မင်းသမီးလေး... ကျွန်တော့်ကို နောက်ထပ် တစ်နာရီလောက်ပဲ အချိန်ပေးပါ။ မကြာခင် လမ်းကို ရှာတွေ့တော့မှာပါ"
ဆရာကြီး ဖေးလုံက ယုံကြည်မှုအပြည့်ဖြင့် ကတိပေးလိုက်၏။
"လွန်ခဲ့တဲ့ သုံးရက်ကလည်း ဦးလေး ဒီစကားကိုပဲ ပြောခဲ့တာလေ"
မိုချင်းယွဲ့က သူ့ကို ငြိမ်သက်စွာ စိုက်ကြည့်ရင်း ပြောလိုက်သည်။
"အဲ..."
ဆရာကြီး ဖေးလုံ တစ်ချက် တွန့်သွားပြီးမှ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ကာ ချောင်းတစ်ချက် ဟန့်လိုက်၏။
"ကျွန်တော့်ကို နောက်တစ်ကြိမ်လောက်ပဲ ထပ်ယုံပေးပါ မင်းသမီးလေး ဒီတစ်ခါတော့ အရှေ့ဘက် မလှမ်းမကမ်းမှာ စမ်းသပ်မှုနယ်မြေ ရှိနေတယ်လို့ ကျွန်တော် အာရုံရနေပြီ"
"ဟုတ်ပါတယ် မင်းသမီးလေး ကျွန်တော့်ကို ယုံလိုက်ပါ။ ဒီတစ်ခါတော့ လုံးဝ မမှားစေရဘူး"
ထိုသို့ပြောပြီးနောက် ဆရာကြီး ဖေးလုံသည် လှည့်ထွက်သွားပြီး အရှေ့ဘက်ဆီသို့ ခိုင်မာသော ခြေလှမ်းများဖြင့် စတင် လျှောက်လှမ်းသွားသည်။
ခြေလှမ်းအနည်းငယ် လှောက်လှမ်းပြီးနောက်...
မိုချင်းယွဲ့လိုက်မလာသည်ကို သတိပြုမိသွားသဖြင့် ဆရာကြီး ဖေးလုံမှာ နားမလည်နိုင်သော မျက်နှာပေးဖြင့် နောက်သို့လှည့်ကြည့်ကာ မေးလိုက်၏။
"ဟင် မင်းသမီးလေး... ဘာလို့ မလာတာလဲဗျ"
မိုချင်းယွဲ့က သူ့ကို အားအင်ကုန်ခမ်းနေသည့် အကြည့်ဖြင့် ကြည့်လိုက်ပြီး လုံးဝ အရှုံးပေးလိုက်ရသော လေသံဖြင့် ပြောလိုက်သည်။
"အကြီးအကဲ ဖေးလုံ... ဦးလေး လျှောက်နေတာ မြောက်ဘက်ကြီးလေ"
...
...
တစ်ချိန်တည်းမှာပင် မဟာတောင်တန်း တစ်သိန်း၏ အနက်ရှိုင်းဆုံးသော နေရာတစ်ခုရှိ စိုစွတ်ထိုင်းမှိုင်းလှသော မြေအောက်ဂူနက်ကြီးတစ်ခုအတွင်းဝယ် မြေပြင်ထက်တွင် မည်သည့်အသံမျှမထွက်ဘဲ လေဝဲဂယက်တစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။
ထို့နောက်တွင်မူ ရွှေရောင် ပင့်ကူမျက်နှာဖုံးကို ဝတ်ဆင်ထားပြီး နဖူး၏ ဘယ်ဘက်ခြမ်းတွင် ဆယ့်ကိုးဟု ရေးထိုးထားသော ဝတ်ရုံနက်ဝတ်တစ်ဦးသည် လေဝဲဂယက်အတွင်းမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာတော့သည်။
ခဏအကြာတွင် လေဝဲဂယက်မှာလည်း အစအနမကျန်အောင် ပျောက်ကွယ်သွားခဲ့သည်။
ဝတ်ရုံနက်ဝတ် ဆယ့်ကိုးသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်၏။
ဂူအတွင်း၌ ပိန်လှီသော အခြားဝတ်ရုံနက်ဝတ်တစ်ဦးမှာ ကြိုတင်စောင့်ဆိုင်းနေနှင့်ပြီးသား ဖြစ်သည်။ သူ၏ဘေးရှိ ကျောက်ကုတင်ထက်တွင်မူ အလောင်းတစ်လောင်းမှာ တိတ်ဆိတ်စွာ လဲလျောင်းလျက်ရှိ၏။
"သခင်ကြီး... ကျွန်တော်တို့ ၃၇ ခုမြောက် မီးမျိုးစေ့ကို ရရှိခဲ့ပါပြီ။ အခု အလောင်းထဲကနေ ဘုရင်မြေပုံကို ထုတ်ယူရမလားခင်ဗျာ"
ပိန်လှီသော ဝတ်ရုံနက်ဝတ်က အသံနှိမ့်၍ မေးမြန်းလိုက်သည်။
"မလောပါနဲ့ဦး"
ဝတ်ရုံနက်ဝတ် ဆယ့်ကိုးက ခေါင်းခါယမ်းလိုက်ပြီးနောက် မျက်မှောင်ကြုတ်ကာ မေးလိုက်
သည်။
"ခရမ်းရောင်မုတ်ဆိတ်ကော ဘယ်မှာလဲ သူမ မင်းနဲ့အတူ ရှိမနေဘူးလား"
ဤသည်ကို ကြားလိုက်ရသောအခါ ပိန်လှီသော ဝတ်ရုံနက်ဝတ်မှာ အံ့အားသင့်သွားပြီး ခပ်ဖွဖွရယ်မောကာ ပြန်ဖြေလိုက်၏။
"သခင်ကြီးကို တင်ပြပါတယ်... ကျွန်တော် ၃၇ ခုမြောက် မီးမျိုးစေ့ကို ပြန်သယ်လာတုန်းက သူက သေနေပါပြီ။ အဲဒီအချိန်မှာ ချန်မိသားစုရဲ့ တတိယတောင်ထိပ်က သားကြီး ချန်ကျီရှင်းက အနားမှာ ရှိနေတာပါ။
ဒါကြောင့် ခရမ်းရောင်မုတ်ဆိတ်ကို အဲဒီ ချန်ကျီရှင်းကို လမ်းကြုံရှင်းပစ်ဖို့ လွှတ်လိုက်တာလေ။ သူမ သခင်ကြီးနဲ့အတူ ပြန်မလာဘူးလား"
ဤစကားကို ကြားသောအခါ ဝတ်ရုံနက်ဝတ် ဆယ့်ကိုး၏ မျက်မှောင်မှာ ပို၍ပင် တွန့်ချိုးသွားတော့သည်။
ထို့နောက် သူ၏လက်ထဲတွင် ရှေးဟောင်း ကျောက်စိမ်းနက်တုံးလေးတစ်ခု ပေါ်ထွက်လာ၏။
သူသည် ထိုကျောက်တုံးကို တစ်ချက်ကြည့်လိုက်ပြီး တစ်စုံတစ်ခုကို အာရုံခံမိဟန်ဖြင့် အေးစက်စွာ ပြောလိုက်သည်။
"ခရမ်းရောင်မုတ်ဆိတ်... အသတ်ခံလိုက်ရပြီ"
ထိုစကားအဆုံးတွင် ပိန်လှီသော ဝတ်ရုံနက်ဝတ်၏ မျက်ဝန်းအိမ်များမှာ ပြင်းထန်စွာ ကျုံ့သွားတော့သည်။
"ဘာ... ဘာပြောတယ်"
အခန်း။ ၅၆
"ခရမ်းရောင်မုတ်ဆိတ်အသတ်ခံလိုက်ရတယ် ဟုတ်လား ဒါ... ဒါမဖြစ်နိုင်တာ။ သူမက ငါတို့ကြားထဲမှာ အသန်မာဆုံးထဲက တစ်ယောက်လေ။ ပြီးတော့ သူမရဲ့ ခန္ဓာကိုယ်ထဲမှာ မီးမျိုးစေ့တစ်စိတ်တစ်ပိုင်းကိုတောင် အစားထိုးထည့်သွင်းထားတာဆိုတော့ သတ်ဖို့ဆိုတာ အတော်လေး ခက်ခဲတဲ့ကိစ္စပဲ။ ဘယ်လိုလုပ်ပြီး ဒီလောက်အလွယ်တကူ အသတ်ခံလိုက်ရတာလဲ"
ပိန်လှီသော ဝတ်ရုံနက်ဝတ်က မယုံကြည်နိုင်စွာဖြင့် ပြောလိုက်၏။
ဝတ်ရုံနက်ဝတ် ဆယ့်ကိုးက ဘာမှပြန်မပြောပေ။ ယင်းအစား သူသည် ဂူအပြင်ဘက်သို့ လှမ်းထွက်လိုက်ပြီး ဇီဝေချန်မိသားစု တည်ရှိရာ ယန်ကျိုးမြို့ဘက်သို့ လှမ်းကြည့်လိုက်သည်။ သူ၏ အကြည့်များမှာ မသေချာမရေရာမှုများဖြင့် လှုပ်ခတ်နေ၏။
"ဇီဝေချန်မိသားစု... ချန်ကျီရှင်း..."
သူသည် တစ်စုံတစ်ခုကို စဉ်းစားနေသည့်အလား ထိုနာမည်ကို ထပ်တလဲလဲ ရေရွတ်နေမိသည်။
ခဏအကြာတွင် ဝတ်ရုံနက်ဝတ် ဆယ့်ကိုးက တိုးညှင်းစွာ ပြောလိုက်သည်။
"အမြီးနက်... ယန်ကျိုးက ငါတို့အဖွဲ့အစည်းကို ဆက်သွယ်လိုက်။ အဲဒီ ချန်ကျီရှင်း ဆိုတဲ့ကောင်ကို စုံစမ်းစစ်ဆေးပြီး သူ့နားကို ချဉ်းကပ်ဖို့ ကြိုးစားကြည့်စမ်း"
ပိန်လှီသော ဝတ်ရုံနက်ဝတ်က ခေါင်းညိတ်လိုက်ပြီး "နားလည်ပါပြီ" ဟု ဖြေကြားလိုက်၏။
"အင်း..."
ဝတ်ရုံနက်ဝတ် ဆယ့်ကိုးက ခဏရပ်ပြီးမှ ထပ်ပြောလိုက်သည်။
"ချန်ကျီရှင်းနားကို ချဉ်းကပ်တဲ့အခါ မီးစမ်းသပ်ကျောက်ကို ယူသွားဖို့ မမေ့နဲ့။ သူ့ရဲ့ နောက်ကွယ်မှာ တစ်ခုခု လျှို့ဝှက်ချက် ရှိနေနိုင်တယ်"
"သူ့ကို ငါတို့အဖွဲ့အစည်းထဲ ဆွဲသွင်းလို့ရမလားဆိုတာ ကြည့်လိုက်။ အကယ်၍ မရဘူးဆိုရင်တော့ ယန်ကျိုးက အဖွဲ့အစည်းကိုပဲ သူ့ကို တိုက်ရိုက်ရှင်းပစ်ခိုင်းလိုက်တော့"
...
...
မျက်တောင်တစ်ခတ်အတွင်းမှာပင် သုံးရက်တာ အချိန်ကာလမှာ ကုန်ဆုံးသွားခဲ့သည်။
ဤပျံသန်းလွန်းပြန်ယာဉ်မှာ အစောပိုင်းက ဧရာမဘီးယာဉ်ပျံနှင့် နှိုင်းယှဉ်လျှင် အတော်လေး နှေးကွေးသည်။
တတိယမြောက်နေ့ မွန်းတည့်ချိန်သို့ ရောက်ရှိမှသာ ပျံသန်းလွန်းပြန်ယာဉ်သည် ဇီဝေချန်မိသားစုရှိရာသို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့တော့သည်။
ချန်မိသားစုသို့ ရောက်ရှိပြီးနောက် ချန်ထျန်းချန်သည် ပထမဦးစွာ ဘေးထွက်မျိုးနွယ်စုဝင်များကို လူစုခွဲလိုက်ပြီးနောက် ချန်ကျီရှင်းကို တစ်ဖက်သို့ သီးသန့်ခေါ်ထုတ်လိုက်၏။
"စတုတ္ထဦးလေး... တစ်ခုခုဖြစ်လို့လားဟင်"
ချန်ကျီရှင်းက နားမလည်သလို မေးမြန်းလိုက်သည်။
ချန်ထျန်းချန်သည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ပြီးမှ အသံကိုနှိမ့်ကာ ပြောလိုက်သည်။
"ကျီရှင်း... မင်း အရင်ဆုံး ပြန်ပြီး နားနေလိုက်ဦး။ မဟုတ်ရင် အခု ချက်ချင်း မိသားစုခန်းမကို သွားတဲ့အခါ မင်းဦးလေးက ချန်ကျောက်ရှန်း ပျောက်ဆုံးသွားတာကို သိသွားရင် သူ တကယ်ပဲ ရူးသွပ်သွားလိမ့်မယ်။
အဲဒီအချိန်မှာ စမ်းသပ်မှုနယ်မြေတစ်ခုလုံးမှာ ပျောက်ဆုံးနေတဲ့ ချန်ချိုးအာကလွဲရင် မင်းတစ်ယောက်ပဲ အနားမှာ ရှိနေတာ မဟုတ်လား"
"မင်းဦးလေးက စိတ်တိုရင် မင်းအပေါ် ပေါက်ကွဲပစ်ဖို့ များတယ်။ လူပုံအလယ်မှာ မင်းကို တိုက်ရိုက် ဘာမှမလုပ်နိုင်ပေမဲ့ အနည်းနဲ့အများတော့ ပွတ်တိုက်မှုတွေ ရှိလာနိုင်တယ်"
ဤစကားကို ကြားလိုက်ရသောအခါ ချန်ကျီရှင်း၏ ရင်ထဲတွင် နွေးထွေးမှုတစ်ခု ခံစားလိုက်ရသည်။ ချန်ထျန်းချန်သည် ချန်ထျန်းရှုံက သူ့အပေါ် ဒေါသပုံချမည်ကို အမှန်တကယ် စိုးရိမ်နေခြင်းပင်။
"ဟုတ်ကဲ့ပါ စတုတ္ထဦးလေး... ကျွန်တော် ဦးလေးစကားအတိုင်း လုပ်ပါ့မယ်"
ချန်ကျီရှင်းက ခေါင်းညိတ်ပြလိုက်၏။
ချန်ထျန်းချန်က ခပ်ဖွဖွ ပြုံးလိုက်ပြီး "အင်း... ပြီးတော့ နေ့တိုင်း လင်းအာနဲ့ အချိန်ပိုပေးဖို့ မမေ့နဲ့ဦး။ လင်းအာလည်း အခု ကျင့်ကြံခြင်း စတင်နေပြီ။ မင်းက အစ်ကိုဆိုတော့ သူမကို ပိုပြီး သင်ပြပေးသင့်တယ်"
"စိတ်ချပါ စတုတ္ထဦးလေး"
ချန်ကျီရှင်းက အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
ချန်ထျန်းချန်သည် ခေါင်းညိတ်ပြပြီးနောက် ဘာမှထပ်မပြောတော့ဘဲ အကြီးအကဲ ကျောက်ကွမ်ကို ခေါ်ဆောင်ကာ ပင်မတောင်ထိပ် ခန်းမဆောင်ကြီးဆီသို့ ထွက်ခွာသွားတော့သည်။ ချန်ကျီရှင်းမှာမူ တတိယတောင်ထိပ်ဆီသို့ တစ်ဦးတည်း ပြန်လာခဲ့၏။
သူ တတိယတောင်ထိပ်သို့ ရောက်ရှိသွားသည်နှင့်...
"သခင်လေး"
အဝေးတစ်နေရာမှ လှမ်းခေါ်သံတစ်ခု ထွက်ပေါ်လာသည်။ မကြာမီမှာပင် ပိလော့တစ်ယောက် ယိုင်တိယိုင်တိုင်ဖြင့် သူ့ထံသို့ ပြေးလာပြီး သူ၏ရင်ခွင်ထဲသို့ တိုးဝင်လာသည်ကို ချန်ကျီရှင်း မြင်လိုက်ရ၏။
"သခင်လေး... မနေ့က မိသားစုက သတင်းပို့တယ်။ သခင်လေးတို့ အတိုက်ခိုက်ခံရတယ်ဆိုလို့။ ကျွန်မ... ကျွန်မ ထင်နေတာ... အင့် သခင်လေးကို နောက်တစ်ခါ ပြန်မတွေ့ရတော့ဘူးလို့ ထင်နေတာ"
ပိလော့သည် ချန်ကျီရှင်းကို တင်းတင်းကြပ်ကြပ် ဖက်ထားပြီး သူမ၏ ပါးပြင်ကို သူ၏ရင်ဘတ်နှင့် ကပ်ထားကာ ငိုရှိုက်နေရှာသည်။ ငိုလွန်း၍ မျက်လုံးများ နီရဲကာ အားအင်ကုန်ခမ်းနေသော ပိလော့ကို ကြည့်ရင်း သူမ မနေ့ကတည်းက ဘယ်လောက်တောင် ငိုထားမည်ကို ချန်ကျီရှင်း ခန့်မှန်းရုံဖြင့် သိနိုင်ပါသည်။
"အငိုသန်လေးရာ... ငါ အကောင်းအတိုင်း ပြန်လာပြီ မဟုတ်လား အားလုံး အဆင်ပြေနေပြီပဲ။ မငိုနဲ့တော့"
ချန်ကျီရှင်းသည် ပိလော့၏ ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးရင်း ပြုံးကာ ချော့မော့လိုက်၏။
"အင့်... ကျွန်မ မငိုချင်ဘူး... ဒါပေမဲ့... မျက်ရည်က မတိတ်နိုင်ဘူး... အင့်..."
ပိလော့သည် လက်ကို လွှတ်လိုက်ပါက သခင်လေးကို ထပ်မတွေ့ရတော့မည်ကို စိုးရိမ်နေသည့်အလား ပို၍ပင် တင်းတင်းကြပ်ကြပ် ဖက်ထားပြန်သည်။
"သခင်လေး... ဒီလောကကြီးမှာ သခင်လေးက ကျွန်မအတွက် တစ်ဦးတည်းသော မိသားစုပါ... သခင်လေးကို ဘာမှမဖြစ်စေချင်ဘူး"
ပိလော့၏ ရှိုက်ကြီးတငင် ပြောစကားများကြောင့် ချန်ကျီရှင်း၏ နှလုံးသားမှာ ပို၍ပင် နွေးထွေးသွားခဲ့ပြီး သူ ဘာမှထပ်မပြောဘဲ ငြိမ်သက်နေလိုက်သည်။
ပိလော့ ငိုလို့ဝသွားပြီး စိတ်ငြိမ်သွားမှသာ သူက... "စိတ်မပူပါနဲ့ မင်းရဲ့သခင်လေးက ကံတရားရဲ့ စောင့်ရှောက်မှုကို ခံထားရတဲ့သူပဲ။ တခြားသူတွေ ပြန်မလာရင်တောင် မင်းရဲ့သခင်လေးကတော့ အမြဲပြန်လာမှာပါ"
ခဏရပ်ပြီးနောက် သူက ခပ်နောက်နောက် ပြုံးလိုက်ကာ "ပြီးတော့... မင်းချက်တဲ့ ခြင်္သေ့ခေါင်းအသားလုံးဟင်းကိုလည်း ငါ ဝအောင် မစားရသေးဘူးလေ။ ဘယ်လိုလုပ် ပြန်မလာဘဲ နေမလဲ"
"သခင်လေးကတော့ အမြဲတမ်း ကျွန်မကို နောက်နေတော့တာပဲ"
ပိလော့သည် ချန်ကျီရှင်း၏ ရင်ခွင်ထဲမှ ဝန်လေးစွာဖြင့် ခွာလိုက်ပြီးနောက် မျက်ရည်များကို သုတ်ကာ ပြုံးလျက် ပြောလိုက်သည်။
"သခင်လေး... ကျွန်မ အခုချက်ချင်းပဲ သခင်လေးအတွက် ခြင်္သေ့ခေါင်းအသားလုံးဟင်း သွားချက်ပေးမယ်နော်"
ထိုသို့ပြောပြီးနောက် ပိလော့သည် မီးဖိုချောင်ရှိရာသို့ ပျော်ရွှင်တက်ကြွစွာဖြင့် ပြေးထွက်သွားတော့သည်။
ပိလော့၏ နောက်ကျောကို ကြည့်ရင်း ချန်ကျီရှင်းမှာ ညင်သာစွာ ပြုံးမိလိုက်၏။
ဖြစ်နိုင်သည်မှာ ကျင့်ကြံအားထုတ်ပြီး သန်မာအောင် လုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ သူ့ကို ဂရုစိုက်သောသူများ၏ စိုးရိမ်ပူပန်မှုနှင့် ကြောက်ရွံ့မှုများကို လျော့ပါးစေရန်အတွက်ပင်။
ခဏအကြာတွင် ပိလော့သည် အငွေ့တထောင်းထောင်းထွက်နေသော ခြင်္သေ့ခေါင်းအသားလုံးဟင်း တစ်ပန်းကန်ကို သယ်ဆောင်လာခဲ့သည်။
"သခင်လေး... မြန်မြန်စားနော်။ အကယ်၍ မဝဘူးဆိုရင် ကျွန်မ ထပ်ချက်ပေးမယ်"
ပိလော့က ပြောလိုက်သည်။
"ကောင်းပြီလေ"
ချန်ကျီရှင်းက ခေါင်းညိတ်လိုက်၏။
ထို့နောက် ချန်ကျီရှင်း စတင်စားသောက်နေစဉ် ပိလော့မှာမူ သူ၏ဘေးတွင် ထိုင်ကာ လက်
ကလေးနှစ်ဖက်ဖြင့် မေးထောက်လျက် သူစားနေသည်ကို ငေးကြည့်နေသည်။
...
...
မျက်တောင်တစ်ခတ်အတွင်းမှာပင် တစ်ရက်တာ အချိန်ကာလ ကုန်ဆုံးသွားခဲ့သည်။
ဤတစ်ရက်အတွင်း၌ ချန်ကျီရှင်းသည် ပြင်ပလောကရှိ ကိစ္စအရပ်ရပ်ကို အာရုံမစိုက်ဘဲ နတ်ဘုရားကိုးပါး အတတ်ကိုသာ အာရုံစူးစိုက်၍ နားလည်သဘောပေါက်ရန် ကြိုးစားနေခဲ့သည်။
[ တင် သင်သည် နတ်ဘုရားကိုးပါး အတတ်ကို နေ့မနား ညမနား တွေးတောဆင်ခြင်ခဲ့သည်။ သင်၏ ကောင်းကင်ဘုံကို ဆန့်ကျင်သော နားလည်သဘောပေါက်မှုကြောင့် ဤအတတ်ပညာကို အထွတ်အထိပ်သို့ ရောက်အောင် ပြုပြင်မွမ်းမံနိုင်ခဲ့ပြီ။ စစ်မှန်သော ကိုယ်ပိုင်နယ်ပယ်သို့ တက်လှမ်းပြီးနောက် သင်၏ ဝိညာဉ်ပင်လယ်အတွင်းတွင် မဟာတာအို အခြေခံကိုးခုကို တည်ဆောက်နိုင်ပါလိမ့်မည် ]
သူ၏ စိတ်အာရုံထဲတွင် စနစ်၏ အသိပေးချက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
"အောင်မြင်သွားပြီ"
ချန်ကျီရှင်း၏ မျက်နှာထက်တွင် ပျော်ရွှင်နေသော အပြုံးတစ်ခု ပေါ်ထွက်လာသည်။
မဟာတာအို အခြေခံ ကိုးခုတောင်လား။
အခုဆိုရင် အရာအားလုံးက အသင့်ဖြစ်နေပြီ။ စစ်မှန်သော ကိုယ်ပိုင်နယ်ပယ်ကို တက်လှမ်းဖို့ပဲ ကျန်တော့တယ်။
"နောက်တစ်ဆင့်ကတော့ စစ်မှန်သော ကိုယ်ပိုင်နယ်ပယ်ရဲ့ ပထမအဆင့်မှာ ဘယ်မဟာတာအိုမျိုးစေ့ကို အခြေတည်မလဲဆိုတာ ဆုံးဖြတ်ဖို့ပဲ"
ချန်ကျီရှင်းက တိုးညှင်းစွာ ရေရွတ်လိုက်သည်။
အမှန်တကယ်တော့ လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက ချန်ကျီရှင်း၏ ရင်ထဲတွင် အဖြေရှိပြီးသားဖြစ်သည်။ လက်ရှိတွင် သူ ရွေးချယ်နိုင်သော တာအိုနှစ်ခု ရှိ၏။
တစ်ခုမှာ ဝိညာဉ်အာရုံတာအိုဖြစ်ပြီး နောက်တစ်ခုမှာ ခွန်အားတာအိုပင်။
"ဝိညာဉ်အာရုံတာအိုက ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတယ်။ အခြေတည်ဖို့ လွယ်ကူပေမဲ့ ကောင်းကင်နှင့်မြေကြီး ထင်ရှားခြင်းမြေပုံကို ဖော်ဆောင်ဖို့ကျတော့ ပိုပြီး စဉ်းစားရဦးမယ်..."
" လက်နက်တစ်ရာ သွေးချွန်ခြင်း အတတ်ကိုပဲ အခြေခံပြီး လက်နက်တစ်ရာမြေပုံကို အခြေတည်ရမှာက နည်းနည်းတော့ နှမြောစရာကောင်းလွန်းသလိုပဲ"
"ဒါကြောင့် ဝိညာဉ်အာရုံ တာအိုကို ခဏစောင့်ခိုင်းပြီး ခွန်အား တာအိုကိုပဲ အရင်ဆုံး အခြေတည်လိုက်မယ်..."
ချန်ကျီရှင်း၏ မျက်ဝန်းများမှာ အတွေးမျိုးစုံဖြင့် လှုပ်ခတ်နေသည်။ သူ ထိုသို့ စဉ်းစားနေစဉ်မှာပင်...
"သခင်လေး... ခေါက်ဆွဲစားဖို့ ထွက်ခဲ့ဦးနော်"
ပိလော့က အပြင်ဘက်မှ တံခါးခေါက်၍ လှမ်းခေါ်လိုက်သည်။
"လာပြီ"
ချန်ကျီရှင်းသည် သူ၏အတွေးများကို အမြန်သိမ်းဆည်းလိုက်ပြီး အခန်းပြင်သို့ ထွက်လာခဲ့၏။
ခဏအကြာတွင် ချန်ကျီရှင်းက ခေါက်ဆွဲကို ရှူးရှူးရှဲရှဲနှင့် စားသောက်နေစဉ် ပိလော့က အနားသို့ တိုးကပ်လာပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"သခင်လေး... မနေ့က ပင်မတောင်ထိပ်မှာ ကိစ္စအကြီးကြီး တစ်ခုဖြစ်ခဲ့တယ်လို့ ကြားတယ်"
"အိုး... ဘာဖြစ်လို့လဲ"
ချန်ကျီရှင်းက မျက်ခုံးတစ်ဖက်ကို ပင့်လိုက်၏။
"မနေ့က မိသားစုခေါင်းဆောင်က လူလွှတ်ပြီး ဝိညာဉ်မီးအိမ်တွေကို စစ်ခိုင်းတာ။ အကြီးဆုံးသခင်လေး ချန်ကျောက်ရှန်းရဲ့ မီးအိမ်က လုံးဝ ငြိမ်းသွားပြီတဲ့ အဲဒါက အကြီးဆုံးသခင်လေး ဆုံးသွားပြီလို့ အဓိပ္ပာယ်ရတာပေါ့။ အဲဒါကို သိတော့ တောင်ထိပ်သခင် ချန်ထျန်းရှုံက အရမ်းစိတ်ဆိုးပြီး နေရာတင် သွေးအန်သွားတယ်တဲ့"
"အဲဒီနောက်မှာ တောင်ထိပ်သခင် ချန်ထျန်းရှုံက သူ့ဒေါသတွေကို စတုတ္ထဦးလေးအပေါ်မှာပဲ အကုန်ပုံချလိုက်တယ်။ အကြီးဆုံးသခင်လေး သေရတာဟာ စတုတ္ထဦးလေးရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းလို့ဆိုပြီး အပြစ်တင်နေတာ"
"အကယ်၍ မိသားစုခေါင်းဆောင်သာ အဲဒီမှာ ရှိမနေရင် တောင်ထိပ်သခင် ချန်ထျန်းရှုံက စတုတ္ထဦးလေးကို သတ်တောင် သတ်ပစ်လောက်တယ်တဲ့"
ပိလော့က အပူတပြင်း ရှင်းပြပြီးမှ နောက်ဆက်တွဲအနေဖြင့် "ဒါတွေက ပင်မတောင်ထိပ်က အစေခံတွေဆီက ကြားတာဆိုတော့ ဘယ်လောက်အထိ မှန်မလဲတော့ မသိဘူးနော်" ဟု ပြောလိုက်သည်။
သူမ စကားပြောနေစဉ်မှာပင် တောင်ထိပ်ဝင်ပေါက်ကို စောင့်ကြပ်နေသော အစေခံတစ်ဦး အပြေးအလွှား ရောက်ရှိလာသည်။
"တတိယသခင်လေး... မိသားစုခေါင်းဆောင်က သခင်လေးကို ပင်မခန်းမဆောင်ဆီ လာခဲ့ဖို့ အမိန့်ပေးလိုက်ပါတယ်။ ပြောစရာရှိလို့တဲ့ခင်ဗျာ"