← Chapters

အခန်း (၅၉-၆၀)

Vol. 6 Ch. 59-60

အခန်း (၅၉-၆၀)

Vol. 6 Ch. 59-60

အခန်း။ ၅၉

ချန်တောက်ယန်၏ ခန်းမဆောင်အတွင်းမှ ချန်ကျီရှင်း လှမ်းထွက်လာချိန်တွင် တောက်ပလှသော နေရောင်ခြည်က သူ့ကို ဆီးကြိုနေ၏။

ချန်ကျီရှင်းသည် သူ၏မျက်မှောင်ကို အသာအယာ ကျုံ့လိုက်သည်။

ယွီကျိုးမြို့...ငါ မဖြစ်မနေ သွားရဦးမှာပဲ။

ပထမအချက်မှာ ရွမ်နန်ကျူး၏ ကိစ္စကြောင့်ပင်။ အကယ်၍ ထိုအိမ်စေကဏ္ဍ၏ ကောင်းကင်ဘုံရွေးချယ်ခံ ဇာတ်ဆောင်သာ ထိုနေရာတွင် ရှိနေပါက သူသည် ထိုသူကို သတ်ရန် နည်းလမ်းရှာရမည် ဖြစ်သည်။ ထိုသူ၏ ကံကြမ္မာနှင့် ရွှေလက်ချောင်းကဲ့သို့ ဝှက်ဖဲများကို လုယူရပေလိမ့်မည်။

ထိုဇာတ်ဆောင်သည် ယခုအချိန်တွင် သူ့အတွက်ဖြစ်စေ ချန်မိသားစုအတွက်ဖြစ်စေ ခြိမ်းခြောက်မှု ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ...

ထိုကဲ့သို့သော ကိစ္စရပ်များတွင် လွှတ်ပေးမိမည့်အစား မှားယွင်းစွာ သတ်မိလိုက်ခြင်းက ပို၍ စိတ်ချရသည်။

သူသည် ဇာတ်လမ်းတွဲများထဲမှ မျက်ကန်းတစ္ဆေမကြောက်၊ မာန်မာနထောင်လွှားနေသည့် ဗီလိန်တစ်ယောက် မဖြစ်ချင်ပေ။ ထိုဗီလိန်များသည် ဇာတ်ဆောင်ကို အထင်သေးမိသောကြောင့် နောက်ဆုံးတွင် အရေးနိမ့်ကာ မိမိကိုယ်ကို သေတွင်းတူးသကဲ့သို့ ဖြစ်သွားတတ်ကြသည်။

အထူးသဖြင့် ကံကြမ္မာအပြည့်ရှိပြီး ဝှက်ဖဲပါရှိသော ဇာတ်ဆောင်တစ်ဦးနှင့် အကန့်အသတ်မရှိ ပါရမီရှိသော ရွမ်နန်ကျူးတို့ ပေါင်းစည်းသွားမည်ဆိုလျှင် အိုမင်းဟောင်းနွမ်းနေပြီး အပေါက်အပြဲများစွာ ဖြစ်နေသည့် ချန်မိသားစု၏ လှေကြီးမှာ အမှန်တကယ်ပင် မှောက်သွားနိုင်သည်။

ဒုတိယအချက်မှာ ဓားနတ်ဘုရား၏ အမွေအနှစ် တည်ရှိရာနေရာမှာလည်း ယွီကျိုးမြို့တွင်ပင် ရှိနေခြင်းဖြစ်သည်။ ထို့ကြောင့် သူကိုယ်တိုင်လည်း ထိုနေရာသို့ သွားရန် လိုအပ်နေသည်။

ထို့ပြင် သူသည် စစ်မှန်သော ကိုယ်ပိုင်နယ်ပယ်သို့ ဖောက်ထွက်ရန် လိုအပ်နေပြီး အကယ်၍ ဇီဝေတောင်ကုန်းပေါ်တွင်သာ ဖောက်ထွက်မည်ဆိုပါက မလွဲမသွေ ဆူညံပွက်လောရိုက်သွားပေလိမ့်မည်။ ထို့ကြောင့် ယခုကဲ့သို့ အပြင်ထွက်မည့် အခွင့်အရေးမှာ ဖောက်ထွက်ရန်အတွက် အကောင်းဆုံးပင်။

ချန်ကျီရှင်းသည် ထိုအချက်များကို စဉ်းစားရင်း ပင်မတောင်ထိပ်မှ ဆင်းလာခဲ့သည်။ သူ တတိယတောင်ထိပ်ဆီသို့ ဦးတည်မည့်အချိန်မှာပင်...

"တတိယသခင်လေး"

တောင်တံခါးကို စောင့်ကြပ်နေသည့် ချန်မိသားစုတပည့်တစ်ဦး အပြေးအလွှား ရောက်ရှိလာသည်။

"တတိယသခင်လေး... ကျွန်တော် သခင်လေးကို တတိယတောင်ထိပ်မှာ သွားရှာမလို့ပဲ။ အခု ဒီမှာတင် ဆုံတာ တော်သေးတာပေါ့"

"အိုး... ဘာကိစ္စရှိလို့လဲ"

ချန်ကျီရှင်းက မျက်ခုံးပင့်ကာ မေးလိုက်၏။

"တတိယသခင်လေး... တောင်အောက်က နဂါးနက်ဂိုဏ်းက လူတစ်ယောက် ရောက်နေပါတယ်။ နာမည်က ရွှီတာလုံတဲ့။ အရေးကြီးကိစ္စရှိလို့ သခင်လေးနဲ့ တွေ့ချင်ပါတယ်လို့ ပြောနေပါတယ်ခင်ဗျာ"

"ရွှီတာလုံ ဟုတ်လား"

ချန်ကျီရှင်း၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။

ဒီလူက ဘာကိစ္စငါ့ကို လာရှာနေရတာလဲ။

"ကောင်းပြီ... ငါ့ကို သူ့ဆီ ခေါ်သွားပေး"

ချန်ကျီရှင်းက ခေါင်းညိတ်ပြလိုက်ပြီး တောင်တံခါးဆီသို့ ဦးတည်လျှောက်လှမ်းသွားတော့သည်။

...

...

တစ်ချိန်တည်းမှာပင် ပင်မတောင်ထိပ်ရှိ မှောင်ရိပ်သန်းကာ တိတ်ဆိတ်လှသော မိသားစုခေါင်းဆောင်၏ ခန်းမဆောင်အတွင်းဝယ်။

ချန်တောက်ယန်၏ အကြည့်တို့သည် ထွက်ခွာသွားသော ချန်ကျီရှင်း၏ နောက်ကျောဆီသို့ တဖြည်းဖြည်း လိုက်ပါသွား၏။

"မိသားစုခေါင်းဆောင်... အရင်တုန်းက မိသားစုရဲ့ ကျောက်စိမ်းတွင်းတွေကို ချန်ထျန်းရှုံရဲ့ မျိုးနွယ်စုကပဲ စီမံခန့်ခွဲခဲ့တာပါ။ အခု ခေါင်းဆောင်က အဲဒီတွင်းတွေကို တတိယတောင်ထိပ်ဆီ လွှဲပေးလိုက်တော့ ချန်ထျန်းရှုံဘက်က မကျေမနပ် ဖြစ်လာနိုင်တာကို ကျွန်တော် စိုးရိမ်မိတယ်"

အကြီးအကဲ မဟူရာက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"သူ မကျေမနပ်ဖြစ်ရင်ကော ဘာဖြစ်လဲ ဖြစ်လည်းပဲ အောင့်ထားခိုင်းလိုက်"

ချန်တောက်ယန်က တည်ငြိမ်သော မျက်နှာပေးဖြင့်ပင် "အရင်တုန်းက ချန်ထျန်းရှုံက အဲဒီတွင်းတွေကို လက်ဝါးကြီးအုပ်ပြီး အကျိုးအမြတ်တွေ အများကြီး ယူခဲ့တာ နှစ်နဲ့ချီနေပြီ။ အဲဒါကို ငါက ပြန်မစစ်ဆေးတာတင်ပဲ သူ့ကို မျက်နှာသာ အကြီးအကျယ် ပေးထားတာ။ သူကများ မကျေမနပ် ဖြစ်ရဲသေးလို့လား"

အကြီးအကဲ မဟူရာက ခေါင်းညိတ်လိုက်သော်လည်း "ကျွန်တော် စိုးရိမ်တာက ချန်ထျန်းရှုံက တတိယသခင်လေးကို လျှို့ဝှက်ပြီး ဒုက္ခပေးမှာကိုပါ။ ကျောက်ရှန်းရဲ့ ရုတ်တရက် သေဆုံးမှုကလည်း အခုထိ အဖြေမပေါ်သေးဘူး။ ချန်ထျန်းရှုံက တတိယသခင်လေးကို အမြဲ သံသယဝင်နေတာ။ အခု ခေါင်းဆောင်က ပထမတောင်ထိပ်ရဲ့ အခွင့်အရေးမှန်သမျှကို တတိယတောင်ထိပ်ဆီ ပြောင်းပေးလိုက်တော့ သူ တစ်ခုခု အစွန်းရောက်တာမျိုး လုပ်လာမှာကို ကြောက်တယ်"

"အစွန်းရောက်မယ်"

ထိုစကားကို ကြားသောအခါ ချန်တောက်ယန်၏ မျက်ဝန်းအိမ်တွင် ရက်စက်သော အေးစက်မှုများ တဖြည်းဖြည်း ပေါ်ထွက်လာပြီး အေးစက်စက်ပင် ပြောလိုက်သည်။

"လက်ရှိမှာ ချန်ကျီရှင်းက ငါ့ချန်မိသားစုရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပဲ။ ဘယ်သူပဲဖြစ်ဖြစ် ချန်ကျီရှင်းကို ထိခိုက်အောင်လုပ်ဖို့ ကြိုးစားမယ်ဆိုရင် အဲဒီလူက ငါ့ရဲ့ရန်သူ ပြီးတော့ တစ်ခုလုံးသော ဇီဝေ ချန်မိသားစုရဲ့ ရန်သူပဲ"

ဤအခိုက်အတန့်တွင် ချန်တောက်ယန်၏ အိုမင်းနေသော မျက်နှာထက်၌ ကြောက်မက်ဖွယ်ကောင်းသော တင်းမာမှုများကို မြင်တွေ့ရသည်။ အမှောင်ထုထဲတွင် ဝပ်စုံနေရင်း သူ၏ အစွယ်ဖြူဖြူများကို ထုတ်ပြနေသည့် အိုမင်းသော တောဝံပုလွေကြီး တစ်ကောင်ကဲ့သို့ပင်။

အကြီးအကဲ မဟူရာက ခေါင်းညိတ်တုံ့ပြန်လိုက်သည်။ မိသားစုခေါင်းဆောင်သည် ယခုအခါ လမ်းဆုံးသို့ ရောက်နေပြီဖြစ်ပြီး သူ၏ တန်ဖိုးရှိသော ရင်းမြစ်အားလုံးကို ချန်ကျီရှင်းအပေါ်

တွင်သာ ပုံအောပြီး လောင်းကြေးထပ်ထားပြီဖြစ်ကြောင်း သူ နားလည်သွားခဲ့သည်။

ယခုအချိန်တွင် ချန်ကျီရှင်းသည် ချန်တောက်ယန်၏ ထိမရသည့် အကြေးခွံပင်။

ဘယ်သူပဲ လာထိထိ သေရမည်သာ။

"ငါ့ရဲ့ အလုပ်လုပ်ပုံက အမြဲတမ်း ရိုးရှင်းတယ်။ ဘယ်သူပဲဖြစ်ဖြစ် ချန်မိသားစုကို အကျိုးပြုရင် ငါက မျက်နှာသာပေးမယ်။ ဒါပေမဲ့ ဘယ်သူမဆို မျက်စိကန်းပြီး ချန်မိသားစု တိုးတက်မှုကို လာဟန့်တားမယ်ဆိုရင်တော့ ငါက သူတို့ကို သေစေချင်တယ်"

ချန်တောက်ယန်၏ မျက်လုံးများ လှုပ်ခတ်သွားပြီး ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်း ကင်းမဲ့သော မျက်နှာဖြင့် ဆက်ပြောသည်။

"သေသွားတဲ့ ချီလင်သားတော်တစ်ယောက်က ဘာတန်ဖိုးမှ မရှိတော့ဘူး။ အဲဒီအတွက်

ကြောင့်နဲ့ အသက်ရှင်နေတဲ့သူကို လာပြီး အန္တရာယ်ပြုမယ်ဆိုရင်တော့ ငါက မိသားစုခေါင်းဆောင် တစ်ယောက်အနေနဲ့ ဘယ်လို ကရုဏာတရားမှ ပြမှာမဟုတ်ဘူး"

"မိသားစုခေါင်းဆောင်ရဲ့ စကားက မှန်ကန်ပါတယ်"

အကြီးအကဲ မဟူရာက သဘောတူညီစွာ ခေါင်းညိတ်လိုက်သည်။

ချန်တောက်ယန်က အင်းဟု အသိအမှတ်ပြုလိုက်ပြီးမှ တစ်စုံတစ်ခုကို သတိရသွားကာ ခပ်ဖွဖွ ပြုံးလျက် "အကြီးအကဲ မဟူရာ... မင်း ကျီရှင်းဆိုတဲ့ ဒီကလေးကို ဘယ်လိုမြင်လဲ"

"တတိယသခင်လေးကတော့..."

အကြီးအကဲ မဟူရာက ခဏမျှ စဉ်းစားလိုက်ပြီး ဝေခွဲမရသည့် လေသံဖြင့် "ကျွန်တော်လည်း သခင်လေးအကြောင်း သိပ်တော့ မသိသေးဘူး။ ဒါပေမဲ့ မိသားစုခေါင်းဆောင်က မေးလာမှတော့ ကျွန်တော် မြင်တာလေး အနည်းငယ် ပြောပြပါ့မယ်"

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူသည် စကားကို ဖြည်းညှင်းစွာ စတင်ပြောဆိုလိုက်၏။

"ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ အစတုန်းက ကျွန်တော် ထင်ခဲ့တာက တတိယသခင်လေးက ပါရမီ အရမ်းမြင့်ပေမဲ့ သဘာဝအတိုင်း ပျင်းရိပြီး ဘာရည်မှန်းချက်မှ မရှိတဲ့သူ၊ ချန်ကျောက်ရှန်းနဲ့ ယှဉ်ရင် အများကြီး နိမ့်ကျတဲ့သူလို့ပဲ မြင်ခဲ့တာပါ"

"ဒါပေမဲ့ ဒီနေ့မှာတော့ တတိယသခင်လေးက သူ့ရဲ့ ကျင့်ကြံဆင့်ကို ထုတ်ပြလိုက်တဲ့အချိန်မှာ ကျွန်တော်အရင်က ထားရှိခဲ့တဲ့ အမြင်တွေအားလုံး ချက်ချင်း ပြောင်းလဲသွားခဲ့ရပြီ"

သူသည် ချန်တောက်ယန်ကို တစ်ချက်ကြည့်လိုက်ရာ ချန်တောက်ယန်က ဆက်ပြောရန် အချက်ပြသဖြင့် သူ၏မျက်နှာမှာ ပို၍လေးနက်သွားကာ

"ဇီဝေချန်မိသားစုတစ်ခုလုံးကို ကြည့်လိုက်မယ်ဆိုရင် တတိယသခင်လေးသာ ကိုယ်တိုင်မပြောရင် သူက နတ်ဘုရားခရီးသွား နယ်ပယ်ကို တိတ်တဆိတ် ရောက်နေပြီဆိုတာ ဘယ်သူသိနိုင်မှာလဲ"

"ဒါက ဘာကိုဆိုလိုတာလဲဆိုတော့ လွန်ခဲ့တဲ့ ဆယ်နှစ်ပတ်လုံး တတိယသခင်လေးက ကျင့်ကြံဆင့်တွေကို တစ်ဆင့်ပြီးတစ်ဆင့် တိတ်တဆိတ် တိုးမြှင့်နေခဲ့တာပဲ ဖြစ်ရမယ်။ အပြင်ပန်းမှာ သူပြသခဲ့တဲ့ ပျင်းရိပျော်ပါးနေတဲ့ ပုံစံဆိုတာ အပြင်လူတွေကို လှည့်စားဖို့ ဟန်ဆောင်နေခဲ့တာပဲ"

"စွမ်းအားကို ဖုံးကွယ်ထားပြီး မသိသာအောင် နေထိုင်ခဲ့တယ်။ အရည်အချင်းတွေကို သိမ်းဆည်းထားပြီး အချိန်ကောင်းကို စောင့်ဆိုင်းခဲ့တာပဲ"

"ဒီအရာအားလုံးကို လုပ်ဆောင်နိုင်ဖို့ဆိုတာ... အလွန်အမင်း စေ့စပ်သေချာတဲ့ စိတ်ဓာတ်ရှိဖို့ လိုအပ်ရုံတင်မကဘဲ အရမ်းနက်နဲတဲ့ အကြံအစည်၊ ထူးကဲတဲ့ ပြတ်သားမှုနဲ့ ထူးခြားတဲ့ ဟန်ဆောင်နိုင်စွမ်းတွေလည်း ရှိဖို့လိုပါတယ်"

"ဒီတစ်ခါမှာလည်း ချန်ကျောက်ရှန်း သေဆုံးသွားတာနဲ့ တတိယသခင်လေးက ခေါင်းဆောင်ကြီးရဲ့ ရှေ့မှာ ဆက်ပြီး ဟန်မဆောင်တော့ဘဲ သူ့ရဲ့ စူးရှမှုကို ထုတ်ပြလိုက်တယ်။ ဒါက သူ့အတွက် အကျိုးအမြတ်တွေ ရယူဖို့နဲ့ ပထမတောင်ထိပ်က ရင်းမြစ်တွေကို လုယူဖို့အတွက်ပဲ။ ဒါက မိသားစုခေါင်းဆောင်ကြီးကို ရွေးချယ်မှုတစ်ခု လုပ်ခိုင်းလိုက်တာ မဟုတ်ဘူးလား သူ့ကို ဘယ်လိုပေးဆပ်မှုမျိုးနဲ့မဆို ကာကွယ်ပေးဖို့အတွက်ပေါ့"

"တတိယသခင်လေးရဲ့ ခြေလှမ်းတိုင်းက အစအနမကျန်အောင် စေ့စပ်လွန်းလို့ ရင်သပ်ရှုမောစရာပါပဲ"

"မိသားစုခေါင်းဆောင်ကြီး... ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော် အခုလေးတင် တွေးနေမိတာက... အကယ်၍ ဒီတစ်ခါ ချန်ကျောက်ရှန်းသာ မတော်တဆမှုနဲ့ မကြုံခဲ့ဘူးဆိုရင်တောင် နောင်တစ်ချိန်မှာ သူက မိသားစုခေါင်းဆောင် ဖြစ်လာရင်တောင်မှ တတိယသခင်လေးရဲ့ ကစားကွက်တွေအောက်မှာ သေအောင် ကစားခံရမှာပဲ"

"တတိယသခင်လေးရဲ့ ရှေ့မှာဆိုရင် ချန်ကျောက်ရှန်းက... ကလေးတစ်ယောက်လိုပဲ အတွေ့အကြုံ မရှိသေးတာပါ"

အကြီးအကဲ မဟူရာက ရှုပ်ထွေးသော အမူအရာဖြင့် စကားအဆုံးသတ်လိုက်သည့်အခါချန်တောက်ယန်၏ မျက်နှာတွင် ခပ်ဖွဖွ အပြုံးတစ်ခု ပေါ်လာပြီး လက်ငါးချောင်းကို ဖြန့်ပြကာ "စေ့စပ်တဲ့ စိတ်ဓာတ်၊ နက်နဲတဲ့ အကြံအစည်၊ ပြတ်သားတဲ့ ဆုံးဖြတ်ချက်၊ ကျွမ်းကျင်တဲ့ ဟန်ဆောင်မှုနဲ့ ကိုယ့်ကိုယ်ကိုယ် ဗဟိုပြုခြင်း... ဒါတွေက မင်း သူ့အပေါ် ထားတဲ့ အကဲဖြတ်ချက်တွေလား"

"ဟုတ်ပါတယ် ဒါတွေကတော့ လောလောဆယ် ကျွန်တော် မြင်တွေ့နိုင်သမျှအကုန်ပါပဲ"

အကြီးအကဲ မဟူရာက ခေါင်းညိတ်လိုက်သည်။

"မင်း တစ်ခု မေ့နေပြီ အရေးအကြီးဆုံး အချက်ကိုပေါ့"

ချန်တောက်ယန်က ခေါင်းခါယမ်းလိုက်ပြီး ခန်းမဆောင် အပြင်ဘက်က အဆုံးမဲ့ ဟင်းလင်းပြင်ကြီးကို မော့ကြည့်လိုက်၏။

"လွန်ခဲ့တဲ့ အချိန်တုန်းက ချန်ကျီရှင်းက မူလပညာသင်တန်းမှာ အကြီးအကဲ ဆွေ့ဖုန်းကို ဆွေ့ဆွေ့ခုန်ပြီး ဒေါသထွက်အောင် လုပ်ခဲ့တာ မင်းမှတ်မိသေးလား"

"မှတ်မိတာပေါ့ခင်ဗျာ"

အကြီးအကဲ မဟူရာက ထိုအကြောင်းကို ပြန်တွေးမိပြီး မရည်ရွယ်ဘဲ ရယ်မောလိုက်မိသည်။

"ဒီကလေး ကျီရှင်းက ရှေ့လူတွေရဲ့ တာအိုတွေကို စိန်ခေါ်ရဲတယ်။ ဒါက သူ့မှာ ငါ အတန်ဖိုးထားဆုံး အချက်ပဲ"

ချန်တောက်ယန်က သူ၏အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ညင်သာစွာ ပြောလိုက်သည်။

"မင်းသိလား မေးခွန်းထုတ်ခြင်းရဲ့ စွမ်းအားက တကယ်တော့ ဒီလောကမှာ အကြီးမားဆုံး စွမ်းအားပဲ။ ဘာလို့လဲဆိုတော့ မေးခွန်းထုတ်ရဲမှသာ တိုးတက်မှုနဲ့ ကျော်လွန်ခြင်းဆီကို ရောက်နိုင်မယ့် အလားအလာတွေ ရှိလာမှာမို့လို့ပဲ"

"ဒီလောကမှာ ဟောင်းနွမ်းတာတွေကို မဖျက်ဆီးဘဲ အသစ်ဆိုတာ တည်ဆောက်လို့ မရဘူး"

"ဒီအချက်ကြောင့်ပဲ... ချန်မိသားစုရဲ့ မှောင်မိုက်နေတဲ့ အနာဂတ်ကြားထဲမှာ သူ့ဆီကနေ မျှော်လင့်ချက် ရောင်ခြည်အချို့ကို ငါ မြင်တွေ့နေရတာပေါ့"

အကြီးအကဲ မဟူရာ၏ ရင်ထဲတွင် တုန်လှုပ်သွားရသည်။ သူ စကားမပြောရသေးမီမှာပင် ချန်တောက်ယန်က ခပ်ဖွဖွ ပြုံးလျက် ပြောလိုက်သည်။

"ဒီတစ်ခေါက် ယွီကျိုးခရီးစဉ်မှာ ကျီရှင်းနဲ့အတူ လိုက်သွားပေးပါ။ ဒါပေမဲ့ သူ့နားကို သိပ်ကပ်မနေနဲ့။ သူဘာလုပ်သလဲဆိုတာကိုလည်း ဝင်မစွက်ဖက်နဲ့။ သူလုပ်ချင်တာကို လုပ်ပါစေ။ သူ့အမိန့်ကိုပဲ နာခံလိုက်နာပါ... နားလည်လား"

"နားလည်ပါပြီ"

အကြီးအကဲ မဟူရာ၏ မျက်နှာမှာ တည်ကြည်သွားပြီး ရိုသေစွာ ဦးညွှတ်လိုက်၏။

ချန်တောက်ယန်က ကျေနပ်သလို ခေါင်းညိတ်လိုက်ပြီးမှ တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် သူ၏မျက်နှာမှာ တဖြည်းဖြည်း မှောင်ကျလာပြီး မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုသော အရှိန်အဝါများ ထွက်ပေါ်လာသည်။

"ပြီးတော့... ပင့်ကူအိမ်ကိစ္စ ဒါကို ဒီအတိုင်း လွယ်လွယ်နဲ့ လွှတ်ထားလို့ မဖြစ်ဘူး"

"အကြီးအကဲမင်ကို လွှတ်ပြီး မိသားစုရဲ့ မှောင်မိုက်တပ်ဖွဲ့ကို ဦးဆောင်စေပြီးတော့ ဒီကိစ္စကို စုံစမ်းခိုင်းလိုက်"

"ကောင်းကင်နဲ့ မြေကြီး ပြောင်းပြန်ဖြစ်သွားပါစေ သွေးချောင်းတွေပဲ စီးဆင်းသွားပါစေဦး"

"တစ်လအတွင်းမှာ ပင့်ကူအိမ်နဲ့ ပတ်သက်တဲ့ အချက်အလက်မှန်သမျှကို ငါ သိစေရမယ်"

"ငါတို့ ဇီဝေ ချန်မိသားစုက ဆုတ်ယုတ်နေပြီဆိုပေမဲ့ ကျားသေကို အစွယ်ထုတ်လို့ ရသေးတယ်ဆိုတာ ပြရမယ်။ ငါ့ချန်မိသားစုက ဘယ်သူမဆို လာပြီး နင်းခြေလို့ရတဲ့ ပျော့ညံ့တဲ့သူတွေ မဟုတ်ဘူးဆိုတာ အရှေ့ပိုင်း နယ်မြေတစ်ခုလုံး သိစေရမယ်"

"ဘယ်သူမဆို ငါ့ချန်မိသားစုကို နင်းခြေချင်တယ်ဆိုရင် သူတို့ရဲ့ အသားတစ်ဖဲ့ကို အမိအရ ကိုက်ဖဲ့ပစ်ဖို့ ငါဝန်မလေးဘူး"

...

...

တစ်ချိန်တည်းမှာပင် ချန်ကျီရှင်းသည် ချန်မိသားစုတပည့်၏ လမ်းပြမှုဖြင့် တောင်တံခါး တည်ရှိရာနေရာသို့ ရောက်ရှိနေပြီဖြစ်သည်။

အဝေးမှပင် သူသည် ကိုယ်လုံးကိုယ်ထည် ကြီးမားထွားကျိုင်းလှသော လူတစ်ယောက်က သူ၏ရင်ဘတ်ကို စိုးရိမ်တကြီး ဆုပ်ကိုင်ထားပြီး ကျောကိုကိုင်းကာ ပတ်ဝန်းကျင်ကို ထိတ်လန့်တကြား အကဲခတ်နေသည်ကို မြင်လိုက်ရ၏။

"ရွှီတာလုံ... နဂါးနက်ဂိုဏ်းရဲ့ ခေါင်းဆောင်ကိုယ်တိုင် ဘာကိစ္စရှိလို့ ဒီအထိ လာရတာလဲ"

ချန်ကျီရှင်းသည် သူ၏လက်ထဲရှိ ယပ်တောင်ကို ဖြတ်ကနဲ အသံမြည်အောင် ဖွင့်လိုက်ရင်း ခပ်ဖွဖွ ပြုံးလိုက်သည်။

"တတိယသခင်လေး"

ရွှီတာလုံသည် ချန်ကျီရှင်းကို မြင်လိုက်ရသည်နှင့် မျက်ဝန်းများ အရောင်တောက်သွားပြီး သူ့ထံသို့ အပြေးအလွှား ရောက်လာ၏။ သူသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ပြီးမှ အသံကို နှိမ့်ကာ ပြောလိုက်သည်။

"တတိယသခင်လေး... ကျွန်တော့်ဂိုဏ်းဆီကို စာတစ်စောင် ရောက်လာလို့ပါ။ စာအိတ်ပေါ်မှာ ရေးထားတဲ့ ပေးပို့သူအမည်က ယွမ်ပုဖူးတဲ့။ သခင်လေးဆီကို အရောက်ပေးပေးပါလို့ ပါလာပါတယ်"

"သခင်လေးရဲ့ ကိစ္စဆိုတော့ ကျွန်တော် ဘယ်လိုလုပ် ပေါ့ဆရဲပါ့မလဲ။ ဒါကြောင့် အခုချက်ချင်း ကိုယ်တိုင်ပဲ တက်လာခဲ့တာပါ"

ထိုသို့ပြောရင်း သူသည် သူ၏ရင်ဘတ်ထဲတွင် အသေအချာ သိမ်းဆည်းထားသောကြောင့် ကြေမွနေသည့် ဝါညစ်ညစ် စာအိတ်တစ်ခုကို ထုတ်ပေးလိုက်သည်။ ချန်ကျီရှင်း အထင်လွဲမည်ကို စိုးရိမ်သဖြင့် သူက အမြန်ပင် ရှင်းပြလိုက်သေးသည်။

"စိတ်ချပါ သခင်လေး၊ ဒီစာရဲ့ တံဆိပ်က အကောင်းအတိုင်းပါပဲ။ ကျွန်တော် တစ်ချက်ကလေးတောင် ခိုးမဖတ်ခဲ့ပါဘူး"

"ယွမ်ပုဖူး... ယွမ်ပုဖူး ဟုတ်လား စိတ်ဝင်စားစရာပဲ"

ချန်ကျီရှင်းသည် တစ်စုံတစ်ခုကို ခန့်မှန်းမိသကဲ့သို့ ရှိကာ စာအိတ်ကို ဆွဲဖြဲပြီး အတွင်းဘက်သို့ ငုံ့ကြည့်လိုက်သည်။

ခဏချင်းမှာပင် ချန်ကျီရှင်း၏ မျက်ဝန်းအိမ်တွင် တောက်ပသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွား၏။ လက်ရေးများ ပြည့်နှက်နေသည့် ထိုစာလွှာ၏ ပထမဆုံး စာကြောင်းတွင် ထင်ထင်ရှားရှား ရေးသားထားသည်။

အခန်း။ ၆၀

စာအိတ်ထဲမှ စာလွှာကို ဖတ်ကြည့်လိုက်သောအခါ ချန်ကျီရှင်း၏ မျက်လုံးများမှာ အရောင်တောက်သွားသည်။ စာထဲတွင် ဖော်ပြထားသည်မှာ

[သခင်လေးထံ ပေးပို့သောစာ ကျွန်တော် ချင်းကျိုးနယ်မြေကို ရောက်ရှိနေပြီး ညီအစ်ကို မုန့်နဲ့ ခင်မင်ရင်းနှီးခွင့် ရခဲ့ပါတယ်။

ဒီညီအစ်ကို မုန့်ရဲ့ စရိုက်ကို အကဲခတ်ကြည့်ရသလောက်တော့ သူက တည်ငြိမ်မှုရှိပြီး အထွတ်အထိပ်ကို တက်လှမ်းချင်တဲ့ ဇွဲလုံ့လ ရှိသူပါ။

သူ့ရဲ့ စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းခံရတဲ့အခါမှာ သူက စိတ်အားထက်သန်စွာနဲ့ ဟယ်တုန်းမှာ အနှစ်သုံးဆယ်၊ ဟယ်ရှီးမှာ အနှစ်သုံးဆယ်၊ လူငယ်တစ်ယောက်ရဲ့ ဆင်းရဲနိမ့်ကျမှုကို အထင်မသေးပါနဲ့ဆိုတဲ့ စာသားကို ရေးသားခဲ့ပြီး စေ့စပ်မှုကို ဖျက်ခဲ့တဲ့ အမျိုးသမီးနဲ့ ငါးနှစ်သက်တမ်း ကတိကဝတ်တစ်ခုတောင် ပြုလုပ်ခဲ့ပါတယ်။

သူ့ရဲ့ ပါရမီက သာမန်ပဲလို့ ကျွန်တော်ထင်ပေမဲ့ ကျင့်ကြံဆင့်ကတော့ အံ့သြစရာကောင်းလောက်အောင် မြန်မြန်ဆန်ဆန် တိုးတက်နေတာပါ။ ဒီနှစ်မှာ လူလားမြောက်ရုံပဲ ရှိသေးပေမဲ့ ကြည်လင်ခြင်းနယ်ပယ်ကို ရောက်နေပါပြီ။ ကြည်လင်ခြင်းနယ်ပယ်ရဲ့ ဘယ်နှဆင့်အထိ ရောက်နေလဲဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

အရေးအကြီးဆုံးကတော့ သူရဲ့ တိုက်ခိုက်ရေးစွမ်းရည်က ထူးခြားလွန်းတယ်။ ပထမဆုံးအကြိမ် ဆုံတွေ့စဉ်မှာပဲ သူရဲ့ မီးထိန်းချုပ်ခြင်း တာအိုနဲ့ နယ်ပယ်တူ ကျင့်ကြံသူအများအပြားကို အပြတ်အသတ် အနိုင်ယူနိုင်တာကို မြင်ခဲ့ရပါတယ်။ သူက နတ်ဘုရားခရီးသွား နယ်ပယ်

အောက်မှာဆိုရင် ရှုံးနိမ့်ခြင်းမရှိတဲ့သူလို့ ပြောလို့ရပါတယ်။

ဒါပေမဲ့ သူ့ရဲ့ လက်သူကြွယ်မှာ ဝတ်ထားတဲ့ လက်စွပ်ကတော့ တစ်ခုခု ထူးခြားနေပုံပဲ။

သူက တစ်ခါတစ်ရံမှာ ပုံမှန်မဟုတ်တဲ့ အပြုအမူတွေ လုပ်တတ်ပြီး မွေးရာပါ သိနေသလိုမျိုး ရုတ်တရက် အသိဉာဏ်ပွင့်သွားတာမျိုးတွေ ရှိပါတယ်။ အထူးသဖြင့် ဆေးဖော်စပ်

ခြင်းအတတ်ပညာမှာဆိုရင် သူက အမှားအယွင်းမရှိအောင် ပြည့်စုံလွန်းနေတာပါ။

ဒါကြောင့် ကျွန်တော် ခန့်မှန်းမိတာကတော့ အဲဒီလက်စွပ်ထဲမှာ အင်အားကြီး ပညာရှင်တစ်

ယောက်ရဲ့ ဝိညာဉ်အကြွင်းအကျန်ရှိနေပြီး သူ့ကို လျှို့ဝှက်လမ်းညွှန်ပေးနေတာ ဖြစ်နိုင်ပါတယ်။

ဒါ့အပြင် ညီအစ်ကိုမုန့်ရဲ့ ကံကောင်းမှုကလည်း အံ့မခန်းပါပဲ။

သူ့ရဲ့ဘေးမှာ အမျိုးသမီးနှစ်ယောက် အမြဲပါလေ့ရှိပါတယ်။ တစ်ယောက်ကတော့ ဆေးဘုရင်ချိုင့်ဝှမ်းက ဖြစ်ပြီး အဆိပ်နတ်သမီးလေးလို့ လူသိများပါတယ်။ သူမမှာ ကပ်ဘေးအဆိပ်ခန္ဓာကိုယ်ရှိတယ်လို့ ပြောကြပါတယ်။]

နောက်တစ်ယောက်ကတော့ ပိုပြီးတော့ ထူးခြားပါတယ်။ သူမရဲ့ အထောက်အထားကို အတိအကျ မသိရပေမဲ့ သူမရဲ့ စကားပြောပုံက မုန့်မိသားစုကိုတောင် ဂရုမစိုက်တဲ့ ဟန်ပန်

မျိုးပဲ။ ဒါက သူမရဲ့ နောက်ခံအင်အားက မုန့်မိသားစုထက် အများကြီး သာလွန်နေတာကို ပြနေတာပါ။

ကျွန်တော် ညီအစ်ကိုမုန့်နဲ့ ခင်မင်မှုကို တည်ဆောက်ရင်း သူ့ရဲ့ သဘောထားတွေကို တိတ်တဆိတ် စုံစမ်းကြည့်ခဲ့ပါတယ်။ တစ်ခါက သူ့ကို အရှေ့ပိုင်းနယ်မြေက သက်ရှည်မိသားစုကြီးတွေအပေါ် ဘယ်လိုမြင်လဲလို့ မေးကြည့်ခဲ့ပါတယ်။

ဇီဝေချန်မိသားစုအကြောင်း ပြောလိုက်တဲ့အခါ ညီအစ်ကိုမုန့်ရဲ့ မျက်နှာက ချက်ချင်း ပြောင်းလဲသွားပြီး ချန်မိသားစုအပေါ် မဖော်ပြနိုင်တဲ့ ရန်လိုမုန်းတီးမှုတွေ ရှိနေပုံပဲ။

ကျွန်တော်က ဘာမှမသိသလို ဟန်ဆောင်ပြီး ထပ်မံစုံစမ်းကြည့်လိုက်တော့ ညီအစ်ကိုမုန့်ရဲ့ဖခင် မုန့်တုန်းချွန်းက လွန်ခဲ့တဲ့ ဆယ်နှစ်က လင်အန်းမြို့မှာ တတိယသခင်လေးရဲ့ လက်ချက်နဲ့ အသတ်ခံခဲ့ရတာလို့ သိလိုက်ရပါတယ်။

ကျွန်တော့်အမြင်အရတော့ ဒီလောက် နက်ရှိုင်းတဲ့ အမုန်းတရားရှိတဲ့သူက နောင်တစ်ချိန်မှာ အမြင့်ဆုံးအထိ ပျံတက်နိုင်မယ့်သူပါ။

အကယ်၍ စောစောစီးစီး မဖြေရှင်းနိုင်ဘူးဆိုရင်တော့ သခင်လေးအတွက် အဆုံးမရှိတဲ့ ဒုက္ခတွေ ဖြစ်လာနိုင်ပါတယ်။

ကျွန်တော် ကိုယ့်သဘောနဲ့ကိုယ် မဆုံးဖြတ်ရဲတာကြောင့် သခင်လေးကိုယ်တိုင် ရွေးချယ်ပေးဖို့ တောင်းဆိုအပ်ပါတယ်။

အခု ကျွန်တော်က ညီအစ်ကို မုန့်နဲ့အတူ မြွေတစ်သောင်းဂူဆီကို ခရီးဆက်ဖို့ ပြင်ဆင်နေပါတယ်။ မြွေတစ်သောင်း ဘုရင်မရဲ့ စွမ်းအားက အရမ်းကြီးမားတယ်လို့ သတင်းထွက်နေတာကြောင့် ဘယ်လို ကံကြမ္မာမျိုးနဲ့ ဆုံမလဲဆိုတာတော့ မသိရသေးပါဘူး။

ယွမ်ပုဖူး ကိုယ်တိုင် ရေးသားပြီး ပို့ပေးတာပါ]

……

ချန်ကျီရှင်း၏ မျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

ငါကိုယ်တိုင်က သန်မာလာနေသလို ဒီကောင်းကင်ဘုံရွေးချယ်ခံဇာတ်ဆောင်တွေကလည်း အချိန်နဲ့အမျှ အရှိန်အဟုန်နဲ့ တိုးတက်နေကြတာပဲ။

ဝူး...

ချန်ကျီရှင်း၏ လက်ထိပ်မှ မီးလျှံကလေးတစ်ခု ထွက်ပေါ်လာပြီး ထိုစာတစ်စောင်လုံးကို ပြာဖြစ်သွားသည်အထိ လောင်ကျွမ်းပစ်လိုက်သည်။

"ကောင်းတယ်... မင်း တော်တော်လေး အလုပ်ကြိုးစားတာပဲ"

ချန်ကျီရှင်းက ရွှီတာလုံကို ကြည့်ကာ သာယာစွာ ရယ်မောလိုက်၏။

ထိုစကားကို ကြားလိုက်ရသည်နှင့် ရွှီတာလုံမှာ မျက်နှာချိုသွေးသော အပြုံးတစ်ခုကို ချက်ချင်းပြသလိုက်ပြီး "သခင်လေးကလည်း မြှောက်ပင့်လွန်းနေပါပြီ။ ဒါက ကျွန်တော် လုပ်သင့်လုပ်ထိုက်တာတွေပါ" ဟု ပြောလိုက်သည်။

ချန်ကျီရှင်းက ခေါင်းညိတ်ပြလိုက်ပြီး သူ၏ညာဘက်လက်ကို ဝှေ့ယမ်းလိုက်ရာ အရောင်တလက်လက်တောက်ပနေသော ဆေးပုလင်းကလေးတစ်လုံး ရွှီတာလုံ၏ ရှေ့တွင် ထွက်ပေါ်လာသည်။

"ဒါကို ဟင်းလင်းပြင် အသွင်ပြောင်းဆေးလုံးလို့ ခေါ်တယ်။ ဒီဆေးရဲ့ အာနိသင်ကိုတော့ ငါ အထူးတလည် ရှင်းပြနေစရာ မလိုတော့ဘူး ထင်တယ်နော်"

ဤသည်ကို မြင်လိုက်ရသောအခါ ရွှီတာလုံ၏ မျက်ဝန်းများမှာ အရောင်တောက်သွားတော့သည်။

"ဟင်းလင်းပြင်... ဟင်းလင်းပြင် အသွင်ပြောင်းဆေးလုံး ဟုတ်လား"

သူသည် တံတွေးများကို အကြိမ်ကြိမ် မျိုချနေမိပြီး နှုတ်ခမ်းများမှာလည်း တုန်ယင်နေ၏။

ဟင်းလင်းပြင် အသွင်ပြောင်းဆေးလုံးလား။

သူ့ကို ဟင်းလင်းပြင် အသွင်ပြောင်းနယ်ပယ်ဆီသို့ တက်လှမ်းနိုင်အောင် ကူညီပေးနိုင်သည့် နတ်ဆေးတစ်လုံးပင်။ ဤနယ်ပယ်မှာ သူ နှစ်ပေါင်းများစွာ အိပ်မက်မက်ခဲ့သော်လည်း မရောက်ရှိနိုင်ခဲ့သော နယ်ပယ်ပင်။

သူသည် ချန်ကျီရှင်းကို ကြည့်ကာ ဤဆေးမှာ သူ့အတွက်လားဟု မေးရန် ပါးစပ်ပြင်

လိုက်သော်လည်း မေးလိုက်ပါက အရှက်ရသွားမည်ကို စိုးရိမ်နေမိသည်။ အမှန်စင်စစ် သူကဲ့သို့ ဝိညာဉ်ပြုစုပျိုးထောင်ခြင်းနယ်ပယ်ကျင့်ကြံသူတစ်ဦးမှာ တတိယသခင်လေးအတွက်တော့ ပုရွက်ဆိတ်တစ်ကောင်ထက် မပိုပေ။ သခင်လေးက ဘာကြောင့်များ သူ့ကို တန်ဖိုးကြီးရတနာတွေ ပေးရမှာလဲ။

"ယူထားလိုက်ပါ။ အရင်ဆုံး မင်းရဲ့ ကျင့်ကြံဆင့်ကို မြှင့်ထားလိုက်ဦး။ အခု မင်းရဲ့ စွမ်းအားက ငါခိုင်းမယ့် ကိစ္စတွေကို လုပ်ဖို့အတွက် နည်းနည်းတော့ နိမ့်လွန်းနေသေးတယ်"

ချန်ကျီရှင်းက ပြုံးလျက် ပြောလိုက်သည်။

"တကယ်... တကယ်ပဲ ကျွန်တော့်အတွက်လား"

ရွှီတာလုံသည် ထိုဆေးလုံးကို လက်ခံယူစဉ် တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ယင်နေခဲ့ပြီး သူ၏မျက်ဝန်းများမှာလည်း ထိန်းမနိုင်သိမ်းမရ စိတ်လှုပ်ရှားမှုနှင့် ဝမ်းသာမှုများဖြင့် ပြည့်နှက်နေ၏။

တစ်စိတ်တစ်ပိုင်းမှာ ထိုဆေးလုံးကို ရရှိခြင်းကြောင့် ဖြစ်သော်လည်း အရေးအကြီးဆုံးမှာ ချန်ကျီရှင်း ပြောလိုက်သော ငါခိုင်းမယ့် ကိစ္စတွေကို လုပ်ဖို့ဟူသော စကားကြောင့်ပင်။ ဤစကားသည် သူ ချန်မိသားစု၏ အထက်တန်းလွှာများအတွင်းသို့ အမှန်တကယ် ဝင်ရောက်ခွင့် ရရှိသွားပြီဖြစ်ကြောင်း သက်သေပြလိုက်ခြင်းပင်။

ဝုန်း…

ရွှီတာလုံသည် မြေပြင်ပေါ်သို့ အားပါပါ ဒူးထောက်ချလိုက်ပြီး လေးနက်တည်ကြည်စွာဖြင့် ကြွေးကြော်လိုက်သည်။

"တတိယသခင်လေးရဲ့ ကျေးဇူးကို အထူးတင်ရှိပါတယ်ခင်ဗျာ။ ဒီနေ့ကစပြီး ကျွန်တော် ရွှီတာလုံက သခင်လေးအပေါ်မှာပဲ သေတစ်ပန် သက်တစ်ဆုံး သစ္စာရှိပါ့မယ်လို့ ကတိပြုပါတယ်"

"သေတာတွေ ရှင်တာတွေချည်းပဲ အမြဲပြောမနေနဲ့ ထတော့"

ချန်ကျီရှင်းက သူ၏ညာဘက်လက်ကို အသာအယာ မြှောက်လိုက်ရာ ညင်သာသော စွမ်းအားတစ်ခုက ရွှီတာလုံကို မြေပြင်မှ မတ်တပ်ရပ်လျက်သား ဖြစ်သွားစေသည်။

မကြာမီမှာပင် ချန်ကျီရှင်းသည် သူ၏လက်ကို တစ်ဖန်ဝှေ့ယမ်းလိုက်ရာ မီးလျှံပုံစံများ ထွင်းထုထားသည့် နက်မှောင်သော ဓားရှည်တစ်စင်း သူ၏လက်ထဲတွင် ထွက်ပေါ်လာ၏။

"တာလုံ... ဒီဓားကို ချင်းကျိုးဆီ ယူသွားပါ။ မြွေတစ်သောင်းဂူရဲ့ မျက်နှာချင်းဆိုင်မှာ မြှုပ်ထားလိုက်။ ပြီးရင်တော့ မီးတာအိုဆိုင်ရာ နတ်ဘုရားလက်နက်တစ်ခု ပေါ်ထွန်းတော့မယ်ဆိုတဲ့ ကောလာဟလတွေကို အနှံ့အပြားဖြစ်အောင် လွှင့်လိုက်ပါ။ ချင်းကျိုးမှာရှိတဲ့ မီးတာအိုကျင့်ကြံသူတွေအားလုံး အဲဒီနေရာမှာ စုမိသွားအောင် လုပ်ရမယ်"

ရွှီတာလုံက ထိုနက်မှောင်သော ဓားရှည်ကို လက်ခံယူကာ အလေးအနက် ခေါင်းညိတ်လိုက်ပြီးနောက် ဖြီးဖြီးကြီး ရယ်မောလျက် "စိတ်ချပါ သခင်လေး... ကျွန်တော့်ကျင့်ကြံဆင့်က နိမ့်ပေမဲ့ ကောလာဟလဖြန့်တဲ့နေရာမှာတော့ တော်တော်လေး ဆရာကျပါတယ်" ဟု ပြောလိုက်သည်။

"အင်း... သွားတော့"

ချန်ကျီရှင်းက ရွှီတာလုံ၏ ပုခုံးကို ပုတ်၍ အားပေးလိုက်၏။

ဝိညာဉ်အာရုံ အဆိပ်မြွေသွတ်သွင်းထားသော ထိုဓားကိုယူ၍ ရွှီတာလုံ ထွက်ခွာသွားပြီးနောက် ချန်ကျီရှင်းသည် သမ်းဝေလိုက်ရင်း တတိယတောင်ထိပ်ဆီသို့ ပြန်လာခဲ့သည်။ ဤခြေလှမ်းများမှာ သူ စိတ်ကူးပေါက်၍ လုပ်ဆောင်လိုက်ခြင်းသာ ဖြစ်သည်။ အောင်မြင်သည်ဖြစ်စေ ရှုံးနိမ့်သည်ဖြစ်စေ သူ့အတွက်တော့ သိပ်ပြီး အရေးမကြီးပေ။

...

မျက်တောင်တစ်ခတ်အတွင်းမှာပင် သုံးရက်တာ အချိန်ကာလ ကုန်ဆုံးသွားခဲ့ကာ အရုဏ်တက်ချိန်တွင် ဇီဝေ ချန်မိသားစု၏ အလံတော်လွှင့်ထူထားသော လေယာဉ်ပျံသင်္ဘောကြီးတစ်စင်းသည် ဇီဝေတောင်ကုန်းမှ ပျံတက်လာပြီး ယွီကျိုးမြို့ဆီသို့ လျင်မြန်စွာ ဦးတည်၍ ထွက်ခွာသွားတော့သည်။

နာရီအနည်းငယ်အတွင်းမှာပင် ထိုသင်္ဘောကြီးသည် ယန်ကျိုးနယ်နိမိတ်မှ ထွက်ခွာကာ ယွီကျိုးနယ်မြေအတွင်းသို့ ချဉ်းနင်းဝင်ရောက်လာခဲ့သည်။

သင်္ဘောကုန်းပတ်ထက်တွင် ညင်သာသော လေပြေအေးလေးများ တိုက်ခတ်နေ၏။

ချန်ကျီရှင်းသည် ခန့်ညားလှသော ထိုင်ခုံကြီးထက်တွင် ဖြူစင်သန့်ရှင်းသော ဝတ်စုံကို ဝတ်ဆင်ကာ ထိုင်နေသည်။ သူ၏ ချောမောသော မျက်နှာထက်တွင် တည်ငြိမ်မှုများ စိုးမိုးနေပြီး လက်ဖက်ရည်ကို အေးအေးလူလူ သောက်သုံးနေခဲ့သည်။

"တတိယသခင်လေး... ကျွန်တော်တို့ ယွီကျိုးနယ်မြေထဲကို ဝင်လာပါပြီ။ မနက်ဖြန် မိုးသောက်ယံဆိုရင်တော့ ရွမ်မိသားစုဆီကို ရောက်ပါလိမ့်မယ်"

သူ၏နောက်ကွယ်မှ အစောင့်အရှောက်အဖြစ် လိုက်ပါလာသော အကြီးအကဲ မဟူရာက တည်ငြိမ်စွာ ပြောလိုက်သည်။

"ကောင်းပြီ... ရွမ်မိသားစုရဲ့ အင်အားက ဘယ်လောက်ရှိလဲ"

ချန်ကျီရှင်းက အေးအေးလူလူပင် မေးလိုက်၏။

အကြီးအကဲ မဟူရာက ပြုံးလျက် ခေတ္တစဉ်းစားပြီးနောက် "ယွီကျိုးနယ်က ဝူရွှမ်းမြို့မှာဆိုရင်တော့ ရွမ်မိသားစုက ထိပ်တန်းမိသားစုတစ်ခုလို့ ပြောလို့ရပါတယ်။ သူတို့ရဲ့ အသန်မာဆုံး ဘိုးဘေး ရွမ်ကျန့်လုံဆိုရင် နတ်ဘုရားခရီးသွား နယ်ပယ်အထွတ်အထိပ်မှာ ရှိနေပေမဲ့ ကျွန်တော်တို့ ချန်မိသားစုအတွက်တော့ ဘာခြိမ်းခြောက်မှုမှ မရှိပါဘူး"

"ဒီတစ်ခါ ကျွန်တော်တို့လာတာက ရွမ်နန်ကျူးနဲ့ တွေ့ဖို့ပဲလေ"

ထိုအကြောင်းကို ပြောလိုက်ချိန်တွင် အကြီးအကဲ မဟူရာက ခပ်တိုးတိုး ရယ်မောလိုက်ပြီး "တတိယသခင်လေး... သတင်းတွေအရဆိုရင် ရွမ်နန်ကျူးက ရင်သပ်ရှုမောစရာကောင်းလောက်အောင် လှတယ်လို့ ပြောကြတယ်။ အကယ်၍ သခင်လေးသာ စိတ်ဝင်စားတယ်လို့ အရိပ်အယောင်ပြလိုက်ရင် ရွမ်မိသားစုက သူမကို ဆက်သမှာ သေချာပါတယ်။ အဲဒီအခါကျရင် ကျွန်တော်တို့ ချန်မိသားစုမှာ နောက်ထပ် ချီလင်ကလေးတစ်ယောက် ထပ်ရနိုင်တာပေါ့..."

"အကြီးအကဲ မဟူရာ... စီနီယာကတော့ တကယ်ကို... ခန့်မှန်းရခက်တဲ့ လူတစ်ယောက်ပဲ"

ချန်ကျီရှင်းသည် ဘာပြန်ပြောရမှန်းမသိဘဲ နဖူးကို လက်ဖြင့် အသာအယာ ဖိလိုက်မိသည်။

အစတုန်းကတော့ အကြီးအကဲ မဟူရာကို စကားနည်းပြီး ခန့်ညားတည်ကြည်တဲ့ စီနီယာကြီးတစ်ယောက်လို့ ငါ ထင်ခဲ့တာ။ ခရီးတစ်လျှောက်လုံး အတူရှိလာမှပဲ ငါ နားလည်သွားတော့တယ်။

ဤအဘိုးကြီးမှာ လုံးဝ တည်ကြည်မနေဘဲ နောက်ပြောင်ရတာ ဝါသနာပါသည့် ပျော်ပျော်နေတတ်သော လူကြီးတစ်ဦးသာ ဖြစ်နေသည်။

မဟုတ်ရင်... ဘယ်အစောင့်အရှောက်ကများ ဒီလောက် သေသေချာချာ ဝတ်စားပြင်ဆင်နေမှာလဲ

"ဟားဟားဟား... ဒါတွေက မိသားစုခေါင်းဆောင်ရဲ့ ဆန္ဒတွေပါ သခင်လေးရယ် ကျွန်တော့်ကို အပြစ်မတင်ပါနဲ့"

ဇိမ်ခံဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ကို သေသေချာချာ ဖီးလိမ်းထားကာ မုတ်ဆိတ်မွှေးများ ရိတ်သင်ထားသော အကြီးအကဲ မဟူရာက အားရပါးရ ရယ်မောလိုက်၏။

"ကျွန်တော်က ငယ်ပါသေးတယ် အလျင်လိုစရာ မရှိပါဘူး"

ချန်ကျီရှင်းက ခေါင်းခါယမ်းလိုက်သည်။ အကြီးအကဲ မဟူရာက ဖြီးဖြီးကြီး ပြုံးလျက် ထပ်မံစနောက်ပြန်သည်။

"အသက်က အရေးမကြီးပါဘူး။ အရည်အချင်းပဲ ... ကျွန်တော်ဆိုလိုတာက စွမ်းဆောင်ရည် ရှိရင် ရပါပြီ။ မြင်းကလေးက ငယ်ပေမဲ့ လှည်းကြီးကို ဆွဲနိုင်သေးတာပဲ မဟုတ်လား..."

"အကြီးအကဲ မဟူရာ"

ချန်ကျီရှင်းမှာ စကားပြောလို့ပင် မထွက်တော့ပေ။ အကြီးအကဲ မဟူရာက ဆက်လက်စနောက်ရန် ပြင်နေသည်ကို မြင်သောအခါ သူက အတင်းပင် စကားလမ်းကြောင်း လွှဲလိုက်ရတော့သည်။

"ဒါနဲ့... ညရောက်ရင် နားဖို့အတွက် မြို့တစ်မြို့ ရှာကြရအောင် တစ်ညနားပြီးမှ ခရီးဆက်ကြမယ်"

"တစ်ညနားမယ် ဟုတ်လား"

အကြီးအကဲ မဟူရာက အနည်းငယ် အံ့ဩသွား၏။

ဒီလေယာဉ်ပျံသင်္ဘောပေါ်မှာတင် နားလို့ရတာပဲ မဟုတ်ဘူးလား။

သို့သော် ချန်တောက်ယန်၏ မှာကြားချက်ကို ပြန်လည်သတိရမိသဖြင့် အကြီးအကဲ မဟူရာက ထပ်မံ၍ အထွန့်မတက်တော့ဘဲ ပြုံးလျက် ခေါင်းညိတ်လိုက်သည်။

"ကောင်းပါပြီ... သခင်လေးရဲ့ စကားအတိုင်း လုပ်ကြတာပေါ့"

"ကျေးဇူးတင်ပါတယ် စီနီယာ"

ချန်ကျီရှင်းက အကြီးအကဲ မဟူရာကို ကြည့်ကာ ပြုံးပြလိုက်ပြီးနောက် တန်ဖိုးကြီးလှသော နဂါးပုံစံ လက်ဖက်ရည်ခွက်ကို ချလိုက်ကာ သင်္ဘောပေါ်မှနေ၍ အောက်ဘက်သို့ ငုံ့ကြည့်လိုက်သည်။ အောက်တွင် မြူတိမ်ပင်လယ်ကြီးက လှိုင်းထနေပြီး မြေပြင်အလှတရားမှာ တစ်စုတစ်စည်းတည်း ရှိနေသကဲ့သို့ပင်။

ချန်ကျီရှင်း၏ အကြည့်တို့မှာ တည်ငြိမ်သွားခဲ့ကာ သူသည် ကြယ်တာရာနက္ခတ်ဗေဒဆိုင်ရာ ရှေးဟောင်းစာအုပ်တစ်အုပ်ကို ဖတ်ရှုနေခဲ့သည်မှာ ကြာပြီဖြစ်သည်။ ထိုစာအုပ်အရဆိုလျှင် ယနေ့သည် ခရီးသွားရန်နှင့် ကျင့်ကြံဆင့် ဖောက်ထွက်ရန်အတွက် အလွန်မင်္ဂလာရှိသော နေ့တစ်နေ့ပင်။

"ဒီနေ့မှာတော့... ငါ့ရဲ့ စစ်မှန်တဲ့ ကိုယ်ပိုင်လက္ခဏာကို ရှာဖွေတွေ့ရှိပြီး စစ်မှန်သော ကိုယ်ပိုင်

နယ်ပယ်ထဲကို ငါဝင်ရောက်ရမယ်"

ချန်ကျီရှင်း၏ မျက်ဝန်းအိမ်တွင် အရောင်တစ်ချက် တောက်သွားပြီး စိတ်ထဲမှနေ၍ တိတ်ဆိတ်စွာ ရွတ်ပြောလိုက်သည်။

All Chapters