အခန်း (၃၈၃)
Vol. 39 Ch. 383
အခန်း။ ၃၈၃
ဂျိမ်း...
ယခုအချိန်တွင် ကျယ်ပြောလှသော မြစ်ပြင်ကြီးမှာ ဆူပွက်နေသော လှိုင်းတံပိုးပင်လယ်ကြီးအဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်သည်။ နားကွဲမတတ် ကျယ်လောင်လှသော ဟိန်းဟောက်သံများက ပဲ့တင်ထပ်နေပြီး နှင်းပွင့်ကဲ့သို့ ဖြူဖွေးနေသော လှိုင်းလုံးကြီးများမှာ အရပ်မျက်နှာအနှံ့သို့ တလိမ့်လိမ့် တက်လာနေသည်။
မြစ်၏ အလယ်ဗဟိုတည့်တည့်တွင် ဧရာမ သတ္တဝါကြီး နှစ်ကောင်မှာ ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံနေကြသည်။ ၎င်းတို့၏ ဟိန်းဟောက်သံများမှာ မြစ်ရေပြင်နှင့် ပင်လယ်ပြင်ကို ပြောင်းပြန်လှန်ပစ်တော့မည့်အလား အဆက်မပြတ် ထွက်ပေါ်နေသည်။ တစ်ကြိမ် ထိပ်တိုက်တိုးမိတိုင်း ပတ်ဝန်းကျင်ရှိ မြစ်ရေပြင်မှ ရေတိုင်ကြီးများမှာ တစ်ခုပြီးတစ်ခု ပန်းထွက်လာကြသဖြင့် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို ဖန်တီးနေတော့သည်။
"ဝေါ့... ဝေါ့..."
ယခုအချိန်တွင် မျိုးရိုးဗီဇပြောင်း လိပ်ကြီးမှာ သူ၏ ခြေလက်များနှင့် ဦးခေါင်းတို့တွင် ပြတ်ရှဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး အတော်ပင် အထိနာနေသည့်ပုံ ပေါ်နေသည်။ သူသည် အဆက်မပြတ် ဟိန်းဟောက်ရင်း ထက်မြက်သော သွားများရှိသည့် သူ၏ပါးစပ်ကို ဟကာ လက်သည်းအစုံကို ဝှေ့ယမ်းလျက် ရှေ့မှ ဧရာမ ငါးခူကြီးကို တိုက်ခိုက်နေသည်။
ဤဧရာမ ငါးခူကြီးမှာ အလျား လေး၊ ငါးမီတာခန့် ရှိနေပြီး မျိုးရိုးဗီဇပြောင်း လိပ်ကြီး၏ အလျားထက် နှစ်ဆနီးပါး ပိုရှည်သဖြင့် တကယ့်ကို ထွားကျိုင်းလှသော သတ္တဝါကြီး ဖြစ်သည်။
သူ၏ တစ်ကိုယ်လုံးမှာ ကတ္တရာစေးကဲ့သို့ မည်းနက်နေပြီး ဧရာမ ဦးခေါင်းကြီးမှာ ပြားချပ်နေသော ကားတစ်စီးနှင့်ပင် တူနေသည်။ ပြောင်လက်နေသော ငါးကိုယ်ထည်ကြီးမှာ နေရောင်အောက်တွင် အနက်ရောင် အရောင်အဝါများ တလက်လက် တောက်ပနေသည်။
"ဝေါ့... "
ရှေ့သို့ တိုးဝင်လာသော လိပ်ကြီးကို ရင်ဆိုင်ရင်း အနက်ရောင် ငါးခူကြီးမှာလည်း ထူးဆန်းသော ဟိန်းသံကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် သူ၏ ဧရာမ ခန္ဓာကိုယ်ကြီးဖြင့် လိပ်ကြီးဆီသို့ အပြင်းအထန် ပြေးဝင်သွားပြီး သူ၏ ပါးစပ်အတွင်းမှ မည်းနက်သော အဆိပ်ရေပန်းများကို မှုတ်ထုတ်လိုက်တော့သည်။
လိပ်ကြီးမှာ ထိုအဆိပ်ရေ၏ ပြင်းအားကို နားလည်ထားပုံရသဖြင့် သူ၏ တိုက်စစ်ကို ချက်ချင်းရပ်တန့်ကာ ရှောင်တိမ်းရန် ကြိုးစားလိုက်သည်။ သို့သော်လည်း အနက်ရောင် ရေပန်းမှာ မမျှော်လင့်ဘဲ ပန်းပွင့်များ ကြဲချလိုက်သကဲ့သို့ ပြန့်ကားသွားပြီး လိပ်ကြီး၏ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားတော့သည်။
၎င်းကို မြင်လိုက်ရသောအခါ လိပ်ကြီး၏ ဧရာမ မျက်လုံးကြီးများထဲတွင် လူသားတို့ကဲ့သို့ ထိတ်လန့်တုန်လှုပ်မှုများ ဝင်းလက်သွားပြီး သူ၏ ခန္ဓာကိုယ်ကြီးမှာ ချက်ချင်းပင် ရွှဲရွှဲစိုသွားခဲ့သည်။
"ဝေါ့... ဝူးး..."
ချက်ချင်းဆိုသလိုပင် လိပ်ကြီးမှာ ရင်ကွဲမတတ် နာကျင်စွာ အော်ဟစ်လိုက်ပြီး သူ၏ တစ်
ကိုယ်လုံးမှာ ပြင်းထန်စွာ တုန်သွားပါတော့သည်။
အနက်ရောင် အဆိပ်ရေများမှာ လိပ်ကြီး၏ မှင်ရောင်ကျောက်စိမ်းအခွံပေါ်သို့ ကျရောက်သည့်အခါတွင်မူ ထိခိုက်မှု တစ်စုံတစ်ရာ မရှိဘဲ သာမန်ရေစက်များကဲ့သို့ပင် လိမ့်ဆင်းသွားကြသည်။
သို့သော်လည်း အချို့သော အဆိပ်ရေများသည် လိပ်ကြီး၏ ခြေလက်များနှင့် ဦးခေါင်းပေါ်သို့ ကျရောက်သွားသည့်အခါတွင်မူ အနက်ရောင် အကြေးခွံချပ်ဝတ်များကို လျင်မြန်စွာ တိုက်စားပစ်တော့သည်။ ရှဲရှဲမြည်သော အသံများနှင့်အတူ အခိုးအငွေ့များ ထွက်ပေါ်လာပြီး နောက်ဆုံးတွင် အသားထဲအထိ ထိုးဖောက်ကာ ဝင်ရောက်သွားသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် လိပ်ကြီး၏ ခြေလက်များနှင့် ဦးခေါင်းပေါ်၌ အက်ဆစ်ဖြင့် အလောင်ခံထားရသကဲ့သို့ အငွေ့တလူလူထွက်နေသော သွေးပေါက်ငယ်များစွာ ပေါ်လာတော့သည်။
ပါးစပ်ကြီးကို ဟလျက် အရှိန်အဟုန်ဖြင့် ပြေးဝင်လာသော အနက်ရောင် ငါးခူကြီးကို ရင်ဆိုင်ရင်း လိပ်ကြီးမှာ နာကျင်မှုကို အံတုကာ သူ၏ စွမ်းအားများကို ထုတ်ဖော်လိုက်သည်။ သူသည် ရေများကို ဖိသိပ်စုစည်း၍ ကြိုးများအသွင် ဖန်တီးကာ အနက်ရောင် ငါးခူကြီးထံသို့ ပစ်လွှတ်လိုက်သည်။
ရှူး... ရှူး... ရှူး...
ရေဖြင့် ပြုလုပ်ထားသော ကြိုးများသည် သေနတ်မှ ထွက်လာသော ကျည်ဆန်များအလား အလွန်ပင် လျင်မြန်လှသည်။ ခဏချင်းမှာပင် ၎င်းတို့သည် အနက်ရောင် ငါးခူကြီးကို အကြိမ်ကြိမ် ရစ်ပတ်သွားပြီး လှုပ်မရအောင် ချည်နှောင်လိုက်တော့သည်။
"ဝေါ့... "
အခွင့်အရေးကို အရယူလျက် လိပ်ကြီး၏ မျက်ဝန်းများထဲတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ဝင်းလက်သွားသည်။ သူသည် သွေးစွန်းနေသော သူ၏ ပါးစပ်ကြီးကို ဟကာ ထက်မြက်သော သွားများဖြင့် အနက်ရောင် ငါးခူကြီး၏ ဦးခေါင်းကို ကိုက်ခဲရန် ကြိုးစားလိုက်သည်။
အကယ်၍သာ ဤကိုက်ချက် မိသွားခဲ့လျှင် အနက်ရောင် ငါးခူကြီး၏ ဦးခေါင်းတစ်ဝက်ခန့်မှာ ပြတ်ထွက်သွားနိုင်သည်။
သို့သော် အရေးကြီးသော အချိန်တွင်မူ ချည်နှောင်ခံထားရသော အနက်ရောင် ငါးခူကြီးမှာ ရုတ်တရက် တုန်ခါသွားပြီး အပြင်းအထန် ရုန်းကန်လိုက်သည်။ နောက်ဆုံးတွင် သူ၏ ချောကျိနေသော ခန္ဓာကိုယ်ကို အသုံးချ၍ ရေကြိုးများကြားမှ ရုန်းထွက်နိုင်ခဲ့ပြီး လိပ်ကြီး၏ မေးရိုးများကို ပြန်လည် တိုက်ခိုက်လိုက်သည်။
ဗုန်း…
ဥက္ကာခဲတစ်ခု ကမ္ဘာမြေကို ရိုက်ခတ်လိုက်သကဲ့သို့ ဝိညာဉ်ကိုပင် တုန်ခါစေနိုင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။ မြစ်ရေပြင်မှာလည်း အဆက်မပြတ် ပေါက်ကွဲထွက်သွားကာ သစ်ပင်ကြီးများအလား ရေတိုင်ကြီးများမှာ ကောင်းကင်သို့ ပန်းထွက်သွားတော့သည်။
အကယ်၍သာ အနီးနားရှိ မျိုးရိုးဗီဇပြောင်း ငါးများမှာ ကြိုတင်ထွက်ပြေးခြင်း မရှိခဲ့ပါက ဤတိုက်ခိုက်မှု တစ်ခုတည်းဖြင့်ပင် မီတာ ၁၀၀ ပတ်လည်အတွင်းရှိ ငါးအားလုံး ပျက်စီးသွားနိုင်သည်။
တစ်ချိန်တည်းမှာပင် ထိပ်တိုက်တွေ့ဆုံနေကြသော ဧရာမ သတ္တဝါကြီးနှစ်ကောင်စလုံးမှာ ပြင်းထန်သော ရိုက်ခတ်မှုကြောင့် နောက်သို့ လွင့်စဉ်သွားကြပြီး မြစ်ရေပြင်ထက်တွင် ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးကြီးများကို ဖြစ်ပေါ်စေခဲ့သည်။
ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများ၏ သက်ရောက်မှုကြောင့် ဤထိပ်တိုက်တွေ့ဆုံမှုတွင် လိပ်ကြီးမှာ သိသိသာသာ အရေးနိမ့်သွားပြီး မြစ်ရေပြင်ထက်တွင် အဆက်မပြတ် နောက်ဆုတ်နေရသည်။
၎င်း၏ ခြေလက်များနှင့် ဦးခေါင်းတို့မှာ စူးရှသော နာကျင်မှုကြောင့် ပတ်ဝန်းကျင်ရှိ အသားစများမှာ မထိန်းချုပ်နိုင်ဘဲ တဆတ်ဆတ် တုန်ခါနေတော့သည်။
ပြင်းထန်စွာ ဒဏ်ရာရရှိထားသည့် မျိုးရိုးဗီဇပြောင်း လိပ်ကြီးနှင့် နှိုင်းယှဉ်လျှင် အနက်ရောင် ငါးခူကြီး၏ အခြေအနေမှာ များစွာ ပိုမိုကောင်းမွန်နေသည်။ အကြောင်းမှာ ဤသို့ ထိပ်တိုက်တိုးမိခြင်းမှာ သူ့အတွက် ကြီးမားသော ထိခိုက်မှု မဖြစ်စေသောကြောင့်ပင်။
သူ၏ စွမ်းအားကို အသုံးပြုခြင်းနှင့် ချည်နှောင်မှုများမှ ရုန်းထွက်ခြင်းတို့ကြောင့် အင်အားကုန်ခမ်းသွားသည်မှလွဲ၍ သူ၏ မျက်နှာပေါ်တွင် သွေးစအချို့ စွန်းထင်နေရုံသာ ရှိသည်။
၎င်းမှာ လိပ်ကြီး၏ ဦးခေါင်းနှင့် ထိပ်တိုက်တိုးမိရာမှ ရရှိခဲ့သော ဒဏ်ရာပင်။
"ဝေါ့... "
နောက်တစ်စက္ကန့်တွင် အနက်ရောင် ငါးခူကြီး၏ ကြောက်မက်ဖွယ် မျက်နှာမှာ ဒေါသရိပ်များဖြင့် ပြည့်နှက်သွားပြီး ဟိန်းဟောက်သံတစ်ချက်နှင့်အတူ လိပ်ကြီးရှိရာသို့ တစ်ကျော့ပြန် ပြေးဝင်သွားပြန်သည်။
တစ်ချိန်တည်းမှာပင် သူမ၏ သခင်မ ရောက်ရှိလာသည်ကို အာရုံခံမိလိုက်သော လိပ်ကြီးသည် ဦးတည်ချက်ကို ပြောင်းလဲလိုက်ပြီး သူ၏ ကျယ်ပြန့်သော ခြေလက်များဖြင့် ရေကို အပြင်းအထန် ယက်ခတ်ကာ ကမ်းခြေဆီသို့ ဦးတည်ကူးခတ်သွားတော့သည်။
ယခုအချိန်တွင် အနက်ရောင် ငါးခူကြီး၏ လိပ်ကြီးအပေါ် ထားရှိသော သတ်ဖြတ်လိုသည့် စိတ်မှာ အထင်အရှားပင်။ ထို့ကြောင့် လိပ်ကြီးကို အလွတ်ပေးရန် လုံးဝဆန္ဒမရှိပေ။ သူသည် သူ၏ ဧရာမ အမြီးကြီးကို အားကုန်လွှဲယမ်းကာ နောက်မှ ထပ်ကြပ်မကွာ လိုက်လာသည်။
ဂျိမ်း...
ဧရာမ သတ္တဝါကြီးနှစ်ကောင်မှာ တစ်ကောင်က ထွက်ပြေးပြီး တစ်ကောင်က လိုက်လံတိုက်ခိုက်ရင်း မြစ်ရေပြင်ထက်တွင် အကြီးအကျယ် ဆူပွက်လှုပ်ရှားစေကာ မြစ်ကမ်းနားသို့ တဖြည်းဖြည်း နီးကပ်လာကြသည်။
ဖလပ်...
လိပ်ကြီးသည် သူ၏ ခြေလက်အားလုံးကို အသုံးချကာ ရေပြင်ထက်မှ ရုတ်တရက် ခုန်ထွက်လိုက်ပြီး ကမ်းပေါ်သို့ တက်လှမ်းလိုက်သည်။
အနက်ရောင် ငါးခူကြီးမှာလည်း နောက်၌ ချန်မနေခဲ့ပေ။ ရေသတ္တဝါဖြစ်သော်လည်း ရေပြငထက်မှ ဝုန်းကနဲ ခုန်ထွက်လိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်မှာ ကုန်းပေါ်တွင် ကူးခတ်နေသော ဧရာမ မြွေကြီးတစ်ကောင်အလား လျင်မြန်လှရာ သူ၏အရှိန်မှာ လိပ်ကြီးထက်ပင် မနိမ့်ကျပေ။
"တိရစ္ဆာန်စုတ်... သေပေတော့"
ထိုအချိန်မှာပင် နုနယ်သော်လည်း ပြတ်သားလှသော အော်ဟစ်သံတစ်ချက် ကောင်းကင်ယံမှ ထွက်ပေါ်လာတော့သည်။
ရောက်ရှိလာသူမှာ ကျိရုရွှယ်ပင်။
အောက်ဘက်ရှိ အနက်ရောင် ငါးခူကြီးကို ကြည့်နေသော ကျိရုရွှယ်၏ မျက်ဝန်းများမှာ အေးစက်နေပြီး သူမ၏ တစ်ကိုယ်လုံးမှ သတ်ဖြတ်လိုသော အရှိန်အဝါများ ဝန်းရံလျက်ရှိသည်။
အဆင့် ၄ နှောင်းပိုင်းမျှသာရှိသော ဤသားရဲကို သူမအနေဖြင့် မျက်တောင်တစ်ခတ်အတွင်း အပြတ်ရှင်းပစ်နိုင်သည်။
အသည်းအသန် ထွက်ပြေးနေခဲ့သော မျိုးရိုးဗီဇပြောင်း လိပ်ကြီးမှာလည်း သူ၏သခင်မ ရောက်လာပြီဖြစ်၍ အားတက်သွားဟန်တူကာ ရုတ်တရက် ရပ်တန့်လိုက်သည်။ ထို့နောက် လှည့်ကြည့်ကာ အနက်ရောင် ငါးခူကြီးကို ဒေါသတကြီး ပြန်လည်ဟိန်းဟောက်ရင်း တိုက်ခိုက်ရန် ပြင်ဆင်လိုက်တော့သည်။
ကျိရုရွှယ်ဆီမှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ် စွမ်းအားကို အာရုံခံမိလိုက်သည်နှင့် အနက်ရောင် ငါးခူကြီးသည် အန္တရာယ်ကို ချက်ချင်းရိပ်မိသွားပြီး ဗီဇအရ နောက်သို့လှည့်ကာ အနီးနားရှိ လီမြစ်အတွင်းသို့ ပြန်လည်ကူးခတ်ရန် ကြိုးစားတော့သည်။
သို့သော် မမျှော်လင့်ဘဲ သူလှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် အနက်ရောင် ငါးခူကြီးမှာ မိမိ၏ ခန္ဓာကိုယ်ကြီး ပေါ့ပါးသွားသလို ခံစားလိုက်ရပြီး မထိန်းချုပ်နိုင်ဘဲ လေထဲသို့ မြောကတက်သွားသည်။
ယခုအချိန်တွင် အနက်ရောင် ငါးခူကြီးမှာ မမြင်ရသော ဧရာမ လက်ဝါးကြီးတစ်ဖက်ဖြင့် အကိုင်ခံထားရသကဲ့သို့ ခံစားနေရသည်။ သူသည် မည်မျှပင် ရုန်းကန်၍ ဟိန်းဟောက်နေပါစေ ဤသံမဏိကဲ့သို့ ခိုင်မာလှသော ဆုပ်ကိုင်မှုကြားမှ လွတ်မြောက်နိုင်ခြင်း မရှိတော့ပေ။
"ဝေါ့... ဝေါ့... "
လေထဲတွင် ကျိရုရွှယ်သည် သူမ၏ စိတ်စွမ်းအင်ကို အသုံးပြု၍ အနက်ရောင် ငါးခူကြီးကို မြှောက်တင်ထားသည်။ အစွမ်းမရှိတော့ဘဲ ဒေါသတကြီး ဖြစ်နေသော ငါးခူကြီးကို ကြည့်ကာ သူမက အေးစက်စွာ ပြုံးလိုက်သည်။
ရုတ်တရက် သူမ၏ မျက်ဝန်းများထဲတွင် ရက်စက်သော အလင်းတန်းတစ်ခု ဝင်းလက်သွားသည်။
ခရက်...
အနက်ရောင် ငါးခူကြီးထံမှ တိုးညင်းသော အသံတစ်ခု ထွက်ပေါ်လာပြီးနောက် သူ၏ အဆက်မပြတ် ဟိန်းဟောက်နေသံမှာလည်း ထိုခဏမှာပင် ရုတ်တရက် ရပ်တန့်သွားတော့သည်။
အစောပိုင်းက သက်ဝင်လှုပ်ရှားနေသော အနက်ရောင် ငါးခူကြီးမှာ ယခုအခါ လေထဲတွင် ပျော့ခွေစွာ တွဲလောင်းကျနေပြီး ဦးခေါင်းမှာလည်း ငိုက်စိုက်ကျလျက် တိတ်ဆိတ်သွားခဲ့ပြီ ဖြစ်သည်။
အနက်ရောင် ငါးခူကြီးမှာ ကျိရုရွှယ်၏ စိတ်စွမ်းအင်ဖြင့် အတင်းအကျပ် အညှစ်ခံလိုက်ရသဖြင့် သူ၏ ထူထဲလှသော လည်ပင်းရိုးမှာ ကျိုးသွားခဲ့ရခြင်းပင်။
ဗုန်း…
ကျိရုရွှယ်က သူမ၏ စိတ်စွမ်းအင်ကို ရုပ်သိမ်းလိုက်ရာ အနက်ရောင် ငါးခူကြီး၏ ခန္ဓာကိုယ်မှာ ကြိုးပြတ်သွားသော စွန်တစ်ခုအလား မြေပြင်ပေါ်သို့ ဝုန်းကနဲ ပြုတ်ကျသွားပြီး ကျင်းကြီးတစ်ခု ဖြစ်သွားတော့သည်။
"မဆိုးဘူးပဲ... မယှဉ်နိုင်တဲ့အခါ အကူအညီတောင်းရမှန်း သိသားပဲ။ တကယ့်ကို လိမ္မာတဲ့ လိပ်ကလေးပဲ"
မြေပြင်သို့ ဆင်းသက်လာသော ကျိရုရွှယ်သည် အနားသို့ တိုးကပ်လာသော လိပ်ကြီးကို ကြည့်ကာ ကျေနပ်အားရစွာ ချီးကျူးလိုက်သည်။
၎င်းကို ကြားလိုက်ရသောအခါ လိပ်အိုကြီးမှာ ဂုဏ်ယူဝင့်ကြွားစွာဖြင့် သူ၏ ခေါင်းကို မော့လိုက်တော့သည်။
ကျိရုရွှယ်က အခွင့်သင့်ခိုက် ဆက်လက်အားပေးလိုက်သည်။
"ဒီအတိုင်းပဲ ဆက်ကြိုးစား အကယ်၍ နင်သာ ဒီလီမြစ်ထဲမှာရှိတဲ့ အစွမ်းထက်တဲ့ သားရဲတွေအားလုံးကို ရှင်းထုတ်နိုင်မယ်ဆိုရင် နင်က ဒီမြစ်ရဲ့ အရှင်သခင် ဖြစ်လာလိမ့်မယ်"