အခန်း (၃၈၄)
Vol. 39 Ch. 384
အခန်း။ ၃၈၄
မျိုးရိုးဗီဇပြောင်း လိပ်ကြီးသည် ကျိရုရွှယ်အား ချစ်ခင်ရင်းနှီးစွာဖြင့် ပွတ်သပ်ရန် ပြင်လိုက်သည်။
သို့သော် ထိုအချိန်တွင် ကျိရုရွှယ်၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ သူမ၏ အာရုံစိုက်မှုအားလုံးမှာ လိပ်ကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများဆီသို့ လုံးဝရောက်ရှိသွားပြီး ၎င်း၏ ခြေလက်များနှင့် ဦးခေါင်းပေါ်ရှိ သွေးစိမ်းရှင်ရှင် ထွက်နေသော အပေါက်များကို ကြည့်ကာ စိတ်မကောင်းဖြစ်သွားရသည်။
ထို့နောက် ကျိရုရွှယ်သည် လိပ်ကြီး၏ ဒဏ်ရာများကို အသည်းအသန် စတင်စစ်ဆေးတော့သည်။ စိုးရိမ်ရသည့် အခြေအနေမျိုး မဟုတ်သည်ကို သိလိုက်ရသည့်အခါမှသာ သူမ၏ မျက်နှာမှာ ပြန်လည်ဝင်းပလာခဲ့သည်။
"တော်သေးတာပေါ့... အရိုးတွေ ဘာမှမဖြစ်လို့။ လိပ်ကလေး... နင်က တကယ်ကို ခံနိုင်ရည်ရှိတာပဲ"
ကျိရုရွှယ်သည် လိပ်ကြီးကိုကြည့်ကာ ပြုံးလိုက်သည်။
ဤသွေးပေါက်ငယ်များသည် ကြည့်ရသည်မှာ ကြောက်စရာကောင်းပြီး ခြေလက်များနှင့် ဦးခေါင်းပေါ်တွင် ပြည့်နှက်နေကာ သွေးများ တဖြည်းဖြည်း ထွက်နေသော်လည်း အများစုမှာ လက်မဝက်ခန့်သာ နက်ရှိုင်းကြသည်။ ထွားကျိုင်းလှသော လိပ်ကြီးအတွက်မူ ၎င်းတို့မှာ ပြင်းထန်သော ဒဏ်ရာများ မဟုတ်ကြပေ။
ကျိရုရွှယ် ခန့်မှန်းကြည့်ရသလောက် လိပ်အိုကြီးအနေဖြင့် လုံလောက်သော အစားအစာသာ ရှိမည်ဆိုပါက အနားယူပြီးနောက်တွင် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာပြီး ဒဏ်ရာများမှာလည်း ပုံမှန်အတိုင်း ဖြစ်သွားပေလိမ့်မည်။
လိပ်အိုကြီး ဘာမှမဖြစ်သည်ကို မြင်ရသောအခါ ကျိရုရွှယ်သည် လှည့်ထွက်သွားပြီး အနက်ရောင် ငါးခူကြီးဆီသို့ လျှောက်သွားလိုက်သည်။ သူမ၏ စိတ်စွမ်းအင်များသည် ထက်မြက်သော လက်သည်းအစုံကဲ့သို့ ငါးခူကြီး၏ ဦးခေါင်းကို အတင်းအကျပ် ဆွဲဖြဲလိုက်ပြီး သွေးများစွန်းထင်နေသော အဆင့် ၄ အမြုတေကို ထုတ်ယူလိုက်တော့သည်။
အဆင့် ၄ အမြုတေမှာ ကျိရုရွှယ်၏ ရှေ့မှောက်တွင် လွင့်ပျံနေပြီး စိတ်စွမ်းအင်ဖြင့် ပွတ်သပ်လိုက်ရာ မျက်နှာပြင်ပေါ်ရှိ သွေးစများမှာ ရေစက်များအဖြစ် မြေပြင်ပေါ်သို့ တစ်စက်ချင်း ကျဆင်းသွားသည်။
နောက်တစ်စက္ကန့်တွင် ကျိရုရွှယ်သည် ထိုအဆင့် ၄ အမြုတေကို သူမ၏လက်ဖြင့် ဖမ်းယူကာ သိမ်းဆည်းလိုက်သည်။
"လာ... လိပ်ကလေး... ဒီကောင်ကြီးကို စားလိုက်တော့ ဒါမှ နင့်ဒဏ်ရာတွေ ပိုမြန်မြန် သက်သာမှာ"
ထို့နောက် ကျိရုရွှယ်သည် သူမ၏နောက်တွင် ရပ်နေသော လိပ်ကြီးအား လက်ယပ်ခေါ်လိုက်သည်။
ဤအနက်ရောင် ငါးခူကြီး၏ ကျင့်ကြံမှုအဆင့်မှာ အဆင့် ၄ နှောင်းပိုင်းသို့ ရောက်ရှိနေပြီဖြစ်ရာ လိပ်ကြီးထက် များစွာ ပိုမြင့်မားသည်။ ထို့ကြောင့် သူ၏ အသားထဲတွင် ပါဝင်သော စွမ်းအင်များမှာလည်း အလွန်ပင် ကျယ်ပြောလှသည်။
လိပ်ကြီးအနေဖြင့် ဤအနက်ရောင် ငါးခူကြီးကိုသာ ဝါးမြိုနိုင်မည်ဆိုပါက သူ၏ အသားထဲမှ ရရှိသော စွမ်းအင်များကြောင့် ဒဏ်ရာများမှာ မကြာမီ ပျောက်ကင်းသွားပေလိမ့်မည်။
"ဝေါ့... ဝေါ့..."
မျိုးရိုးဗီဇပြောင်း လိပ်ကြီးသည် အမှန်စင်စစ်အားဖြင့် အနက်ရောင် ငါးခူကြီး၏ အလောင်းကို စိုက်ကြည့်နေခဲ့သည်မှာ အတော်ပင် ကြာမြင့်လှပြီဖြစ်သည်။ သို့သော်လည်း သခင်မ ရှိနေသောကြောင့် အတင်းအောင့်အည်းကာ သည်းခံနေခဲ့ခြင်းပင်။
ယခုမူ သခင်မထံမှ ခွင့်ပြုချက် ရရှိလိုက်ပြီဆိုသည်နှင့် မအောင့်နိုင်တော့ဘဲ ဟိန်းသံတိုးတိုးတစ်ချက်နှင့်အတူ ငါးခူကြီးဆီသို့ အပြေးအလွှား သွားရောက်တော့သည်။ ထို့နောက် ထက်မြက်လှသော သွားများပါရှိသည့် ပါးစပ်ကြီးကို ဟလျက် အားရပါးရ စတင်စားသောက်ပါတော့သည်။ ကျိရုရွှယ်မှာမူ ဘေးနားမှ ရပ်ကြည့်ရင်း လိပ်ကြီး၏ ဒဏ်ရာများ ဘယ်လို ပြောင်းလဲသွားမလဲဆိုသည်ကို အကဲခတ်လျက် ရှိသည်။
တစ်ချိန်တည်းမှာပင် ယွီဟွာ မြို့ပြခရိုင်အတွင်း၌မူ...
ဝုန်း...
တိုက်ခိုက်ရေးကွင်းပြင်ထက်တွင် ကျောက်လင်းသည် ပျံလွှားငှက်တစ်ကောင်အလား လျင်မြန်ဖြတ်လတ်စွာ လှုပ်ရှားနေသည်။ သူမ၏ လှုပ်ရှားမှုများသည် တစ္ဆေတစ်ကောင်ကဲ့သို့ ဖမ်းဆီးရန် ခက်ခဲလှသလို နဂါးတစ်ကောင်ကဲ့သို့လည်း အင်အားပါသည်။ လျင်မြန်လွန်းသော တိုက်စစ်များနှင့်အတူ... ဘုန်း... ဘုန်း... ဘုန်း...
"အား... "
ရှေ့သို့ တိုးဝင်လာသော ဆင့်ကဲပြောင်းလဲသူ သုံးဦးမှာ စူးစူးဝါးဝါး အော်ဟစ်လျက် လွင့်
ထွက်သွားကြသည်။ သူတို့သည် တိုက်ခိုက်ရေးစင်မြင့်ပေါ်မှ အရှိန်ဖြင့် ပြုတ်ကျသွားပြီး မြေပြင်ပေါ်တွင် အကြိမ်ကြိမ် လိမ့်သွားကြတော့သည်။
စင်အောက်ရှိ ဂိုဏ်းသားများမှာမူ သူတို့ခေါင်းဆောင်၏ စွမ်းဆောင်ရည်ကို ကြည့်ရှုကာ အားပေးကြွေးကြော်နေကြသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး အလွန်ပင် စည်ကားနေတော့သည်။ ယခုအခါ ကျောက်လင်းသည် သူမ၏ လက်အောက်ငယ်သားများနှင့်အတူ စင်ပေါ်၌ တိုက်ခိုက်နေခြင်းပင်။ ဤသည်မှာ သူတို့၏ တိုက်ခိုက်ရေးစွမ်းရည် တိုးတက်လာစေရန်အတွက် အထူးလေ့ကျင့်ခန်း ပြုလုပ်ပေးနေခြင်းပင်။
မည်သို့ပင်ဆိုစေကာမူ ဤလူများသည် သူမနှင့်အတူ ယွီဟွာ အခြေစိုက်စခန်းဆီသို့ လိုက်ပါရန် ဆန္ဒရှိကြသူများဖြစ်သည်။ ထိုနေရာသို့ မသွားမီ ကျောက်လင်းအနေဖြင့် သူတို့၏ စွမ်းရည်များကို မြှင့်တင်ပေးရန် လိုအပ်သည်။ ထိုမှသာ သူမသည် ဂိုဏ်းခေါင်းဆောင်တစ်ဦးအနေဖြင့် မျက်နှာမငယ်ရမည်ပင်။
ကျိရုရွှယ်သည် အဆင့် ၄ အမြုတေ သုံးခုကို ရရှိပြီးနောက်တွင်မူ သူတို့ကို လမ်းခင်းပေးမည့် လက်ဆောင်အဖြစ် ယွီဟွာအခြေစိုက်စခန်းဆီသို့ ပေးပို့ခဲ့သည်။ ထို့ပြင် သူမသည် ယွီဟွာဂိုဏ်းအကြောင်း သတင်းအချက်အလက်များနှင့် အခြေစိုက်စခန်းအတွင်း ဝင်ရောက်ပူးပေါင်းလိုသည့် ဆန္ဒရှိကြောင်းကိုလည်း ထည့်သွင်းအကြောင်းကြားခဲ့သည်။
"နောက်ထပ် သုံးယောက် တက်ခဲ့"
လက်ဗလာဖြင့် တိုက်ခိုက်ရေးစင်ပေါ်တွင် ရပ်နေသော ကျောက်လင်းသည် ရဲရင့်ပြတ်သားသော အသွင်အပြင်၊ တည်ငြိမ်သော မျက်နှာထားတို့ဖြင့် စင်အောက်ရှိ ဂိုဏ်းသားများကို အသံကျယ်ကျယ်ဖြင့် အမိန့်ပေးလိုက်တော့သည်။
ချက်ချင်းဆိုသလိုပင် အစောပိုင်းက ဆူညံနေသည့် ဂိုဏ်းသားအားလုံးမှာ ပါးစပ်ပိတ်သွားကြပြီး မျက်နှာများမှာလည်း ငြင်းဆန်လိုသည့် အရိပ်အယောင်များ ပေါ်လွင်နေသည်။
သူတို့ခေါင်းဆောင်နှင့် တိုက်ခိုက်လေ့ကျင့်ခြင်းမှာ လေ့ကျင့်ခန်းလုပ်သည်နှင့် မတူဘဲ ကိုယ့်
ကိုယ်ကိုယ် နှိပ်စက်နေသလိုသာ ဖြစ်နေသည်။
သူတို့ကလည်း ငတုံးတွေမှ မဟုတ်တာ။ ဘယ်သူကများ အမိုက်ခံပြီး 'ငါ့ကို အရင်ရိုက်ပါ' ဆိုပြီး ကိုယ့်ဖာသာ ထွက်လာပါ့မလဲ။
"ဘယ်သူမှ ရှေ့မထွက်ချင်ဘူးဆိုရင်တော့ ငါပဲ နာမည်စာရင်းအတိုင်း ခေါ်ရတော့မှာပေါ့..."
သူတို့အားလုံး စိတ်ဓာတ်ကျနေစဉ်နှင့် ကျောက်လင်းစကားမဆုံးသေးမီမှာပင် ကောင်းကင်ယံမှ ကျယ်လောင်သော အသံများ ထွက်ပေါ်လာသည်။
ဝုန်း... ဝုန်း...
အဝေးမှ ဟယ်လီကော်ပတာ ငါးစီးပါဝင်သည့် လေယာဉ်အုပ်စုတစ်စု ချဉ်းကပ်လာနေခြင်းပင်။
ရုတ်တရက် ရောက်ရှိနေသူအားလုံးသည် ဟယ်လီကော်ပတာများရှိရာဘက်သို့ လှည့်ကြည့်လိုက်ကြပြီး မျက်နှာအမူအရာများလည်း အနည်းငယ် ပြောင်းလဲသွားကြသည်။
"မကောင်းတော့ဘူး ဒါ အစိုးရတပ်ဖွဲ့တွေပဲ။ အခြေအနေကို သေချာမသိရသေးဘူး... အားလုံး မြန်မြန် ပုန်းခိုစရာနေရာရှာပြီး ပုန်းကြတော့"
တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။
ချက်ချင်းပင် ပရမ်းပတာ ဖြစ်သွားပြီး လူတိုင်းမှာ ဟိုဟိုဒီဒီ လူစုကွဲကာ ပုန်းအောင်းရန် ကြိုးစားကြတော့သည်။
သို့သော် တိုက်ခိုက်ရေးစင်မြင့်ပေါ်တွင် ရပ်နေသော ကျောက်လင်းကမူ ပြုံးရွှင်နေသော မျက်နှာထားရှိနေသည်။
၎င်းမှာ ယွီဟွာ အခြေစိုက်စခန်းမှ လူလွှတ်လိုက်ခြင်းပင်။
မိနစ်အတန်ကြာပြီးနောက် အခန်းတစ်ခုအတွင်း၌ ကျောက်လင်းသည် ယွီဟွာ အခြေစိုက်စခန်းမှ ကိုယ်စားလှယ်များနှင့် မျက်နှာချင်းဆိုင် ထိုင်နေသည်။
စကားစမြည် အတန်ငယ် ပြောဆိုပြီးနောက်တွင် ကျောက်လင်း၏ မျက်နှာထက်၌ ဝင်းပသော အပြုံးတစ်ခု ပေါ်လာတော့သည်။
ယွီဟွာ အခြေစိုက်စခန်းသည် ယွီဟွာဂိုဏ်းကို သူတို့၏ တပ်ဖွဲ့များအတွင်းသို့ ထည့်သွင်းရန် သူမ၏ တောင်းဆိုချက်ကို သဘောတူလိုက်ပြီ ဖြစ်သည်။
သူတို့သည် ကျောက်လင်းကို တပ်မှူးအဖြစ် ခန့်အပ်ခဲ့ပြီး သူမအား ဆင့်ကဲပြောင်းလဲသူများအဖွဲ့တစ်ခု ဖွဲ့စည်းခွင့်ပြုခဲ့သည်။ ယွီဟွာဂိုဏ်း၏ မူလအဖွဲ့ဝင်များသည်လည်း သူမ၏ ကွပ်ကဲမှုအောက်တွင်ပင် ဆက်ရှိနေမည်ဖြစ်သည်။
ဆိုလိုသည်မှာ ကျောက်လင်းသည် တစ်ခဏအတွင်းမှာပင် အခြေစိုက်စခန်း၏ အဆင့်မြင့်အရာရှိများထဲမှ တစ်ဦး ဖြစ်လာခဲ့သည်။ သူမ၏ ရာထူးမှာ အနိမ့်ပိုင်းတွင် ရှိနေသေးသော်လည်း အခြေစိုက်စခန်း၏ အရေးကြီးသော အစည်းအဝေးများတွင် သူမ ချန်လှပ်ခံရတော့မည် မဟုတ်ပေ။
"တပ်မှူး ကျောက်လင်း... အခုကစပြီး ကျွန်တော်တို့က မဟာမိတ်တွေ ဖြစ်သွားပါပြီ"
စေလွှတ်လိုက်သော ကိုယ်စားလှယ်က ကျောက်လင်းကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။
ယွီဟွာ အခြေစိုက်စခန်းက ဤမျှ ရက်ရောသော အခြေအနေများကို ကမ်းလှမ်းခဲ့ခြင်းမှာ အကြောင်းမဲ့ မဟုတ်ပေ။ သူတို့သည် ကျန်းဟိုင်မြို့နှင့် ဆက်သွယ်ကာ ကျောက်လင်း၏ ကိုယ်ရေးမှတ်တမ်းများကို အတည်ပြုခဲ့ကြသည်။
ကျောက်လင်း၏ ယခင် ရဲအရာရှိဟောင်း ဘဝသည် စစ်ဘက်ဆိုင်ရာ အဆင့်မြင့်အရာရှိများ၏ အသိအမှတ်ပြုမှုကို ရရှိစေခဲ့သည်။ အထူးသဖြင့် ကျောက်လင်း၏ စရိုက်လက္ခဏာနှင့် ကိုယ်ကျင့်တရားကို ဖော်ပြနေသော အမှုအချို့က အခြေစိုက်စခန်း၏ ယုံကြည်မှုကို အပြည့်အဝ ရရှိစေခဲ့ခြင်းပင်။
"ဟားဟား... ဟုတ်တာပေါ့ ကျွန်မတို့က မဟာမိတ်တွေပါပဲ"
ထိုအကြောင်းကိုပြောသောအခါ ကျောက်လင်းသည် စိတ်လှုပ်ရှားစွာ ပြုံးရယ်လျက် ခေါင်းညိတ်ပြလိုက်သည်။
နာရီဝက်ခန့်အကြာတွင် ကိစ္စအဝဝ ပြီးစီးသွားသဖြင့် ကျောက်လင်းသည် သူမ၏ ပထမဆုံးသော လက်အောက်ငယ်သားတစ်စုကို ဦးဆောင်ကာ အခြေစိုက်စခန်း ကိုယ်စားလှယ်နှင့်အတူ ဟယ်လီကော်ပတာများပေါ်သို့ တက်ရောက်လိုက်ပါတော့သည်။
ဝုန်း... ဝုန်း...
ဟယ်လီကော်ပတာအုပ်စုသည် ဟိန်းဟောက်သံနှင့်အတူ ပျံတက်သွားပြီး အဝေးတစ်နေရာသို့ ဦးတည်ပျံသန်းသွားကြသည်။ လီမြစ်စခန်းမြို့တော်နှင့် နှိုင်းယှဉ်လျှင် ယွီဟွာ အခြေစိုက်စခန်းမှာ သေးငယ်သော်လည်း မြင့်မားလှသော တံတိုင်းကြီးများဖြင့် ခိုင်ခံ့စွာ ဝန်းရံထားသည်။
ဟယ်လီကော်ပတာများ ဆင်းသက်ပြီးသည့်နောက် ကျောက်လင်းသည် ကိုယ်စားလှယ်၏ နောက်မှ လိုက်ပါရင်း သူမ၏ လက်အောက်ငယ်သားများကို ဦးဆောင်ကာ ပတ်ဝန်းကျင် အခြေအနေကို စူးစမ်းအကဲခတ်နေမိသည်။ စုတ်ပြတ်နွမ်းနယ်နေသော အိမ်ငယ်လေးများ၏ ရှေ့တွင်မူ အဝတ်အစားများ ဖာထေးဝတ်ဆင်ထားသည့် ကလေးငယ်အချို့မှာ ကျောက်လင်းတို့ကဲ့သို့ မဖိတ်ခေါ်ဘဲ ရောက်ရှိလာသော ဧည့်သည်များကို ကြောက်ရွံ့တုန်လှုပ်သော မျက်ဝန်းများဖြင့် ငေးကြည့်နေကြသည်။
လမ်းမများပေါ်၌လည်း အရိုးပေါ် အရေတင်နေသည့် အသက်ရှင်ကျန်ရစ်သူတို့မှာ လေတိုးရုံမျှဖြင့် လဲကျသွားတော့မည့်အလား ထုံထိုင်းစွာ လမ်းလျှောက်နေကြသည်။ ပြတင်းပေါက်များမှတစ်ဆင့် ကျောက်လင်း မြင်တွေ့နေရသည်မှာ မိသားစုအချို့သည် ဖွဲပြာများ၊ ကန်စွန်းဥမှုန့် အနည်းငယ်နှင့် ကြမ်းတမ်းလှသော ပေါင်မုန့်လုံးများကို ရေများလှသည့် ဆန်ပြုတ်ဖြင့် ရောနှောကာ ခဲယဉ်းစွာ စားသောက်နေကြရခြင်းပင်။
ဤမြင်ကွင်းတို့ကို မြင်တွေ့လိုက်ရသောအခါ ကျောက်လင်းသည် လုချွမ်း နှင့် ကုန်ဆုံးခဲ့သည့် သူမ၏ အတိတ်ဘဝကို မတွေးတောဘဲ မနေနိုင်တော့ချေ။ သူမ၏ စိတ်နှလုံးမှာ တုန်လှုပ်
ခြောက်ခြားသွားရသလို ဤကမ္ဘာပျက်ကပ်ကြီးကို အမြန်ဆုံး အဆုံးသတ်ကာ လူသားတို့အား ငြိမ်းချမ်းမှု ပေးနိုင်ရန်အတွက်လည်း စိတ်ထဲမှ တိတ်တဆိတ် သစ္စာဆိုလိုက်သည်။
သူတို့အတွက် အခြေစိုက်စခန်းမှ ပြင်ဆင်ပေးထားသော ယာယီခိုလှုံရာသို့ ရောက်ရှိသောအခါ အခန်းအတွင်း၌ ကျောက်လင်းသည် လူတိုင်းကို လေးနက်သော အကြည့်ဖြင့် ကြည့်ရှုကာ သတိပေးလိုက်သည်။
“ညီအစ်ကိုတို့... အခုကစပြီး ငါတို့က အစိုးရဝန်ထမ်းတွေ ဖြစ်သွားပြီ။ အရင်လို ကိုယ့်
စိတ်တိုင်းကျ ရမ်းကားလို့ မရတော့ဘူး နားလည်လား”
ယခင်က ယွီဟွာမြို့ပြခရိုင်၌ ရှိစဉ်ကမူ သူတို့သည် အင်အားအကြီးဆုံး ဖြစ်သောကြောင့် စိတ်ကြိုက် ပြုမူနိုင်ခဲ့ကြသော်လည်း ယခုအခါ ယွီဟွာ အခြေစိုက်စခန်းအတွင်းသို့ ရောက်ရှိနေပြီဖြစ်ရာ အချို့သော အပြုအမူနှင့် လုပ်ပုံကိုင်ပုံများကို အလုံးစုံ ပြောင်းလဲပစ်ရမည် ဖြစ်သည်။
“ဟုတ်ကဲ့ပါခင်ဗျာ”