အခန်း (၃၈၇)
Vol. 39 Ch. 387
အခန်း။ ၃၈၇
အစည်းအဝေးအချိန်သည် တစ်စက္ကန့်ချင်း ကုန်လွန်သွားခဲ့သည်။ ဇွန်ဘီဘုရင်နှင့် မိုးကြိုးဟိန်းသံတို့ကို ပစ်မှတ်ထားသည့် အစီအစဉ် အတည်ပြုပြီးနောက်တွင် အခြေစိုက်စခန်း အကြီးအကဲ၏ ဦးဆောင်မှုဖြင့် အဖွဲ့ဝင်များသည် ထိုမိုးကြိုးဟိန်းသံကို ဘယ်လို ဆွဲဆောင်ရမလဲဟူသော အချက်ကို ဆွေးနွေးကြသည်။
တစ်လျှောက်လုံးတွင် ကျောက်လင်းသည် တိတ်ဆိတ်စွာပင် နေခဲ့သည်။ သူမ၏ အမူအရာမှာ လူသစ်တစ်ယောက်၏ ထုံးစံအတိုင်း သတိကြီးစွာ ထားနေသည့်ပုံစံမျိုး ဖြစ်သဖြင့် မည်သူမျှ သံသယမဝင်နိုင်ပါချေ။ သို့သော် သူမ၏ အတွင်းစိတ်ထဲ၌မူ ပူလောင်စိုးရိမ်မှုများဖြင့် ပြည့်နှက်နေသည်။
နောက်ဆုံးတွင် အစည်းအဝေး ပြီးဆုံးသွားခဲ့သည်။
"ကဲ... ဒီနေ့အတွက် အစည်းအဝေးကို ဒီမှာပဲ ရပ်နားမယ်။ တခြား လူသားအခြေစိုက်စခန်းတွေနဲ့ မဟာမိတ်ဖွဲ့မယ့် ကိစ္စကိုတော့ ကျွန်တော်ကိုယ်တိုင် ဆက်သွယ်ညှိနှိုင်းသွားမယ်။ သတင်းထူးတာနဲ့ ခင်ဗျားတို့အားလုံးကို ပြန်ခေါ်လိုက်ပါ့မယ်"
အခြေစိုက်စခန်း အကြီးအကဲက လက်ယမ်းပြလျက် အေးဆေးစွာ ပြောလိုက်သည်။
မကြာမီမှာပင် အားလုံးသည် နေရာမှထကာ အစည်းအဝေးခန်းမအတွင်းမှ ဖြည်းဖြည်းချင်း ထွက်ခွာသွားကြသည်။
သူမ၏ နေအိမ်သို့ ပြန်ရောက်သည်နှင့် ကျောက်လင်းသည် သူမကိုယ်သူမ ထိန်းချုပ်ထားနိုင်ခြင်း မရှိတော့ပေ။ သူမ၏ မျက်နှာထက်တွင် စိုးရိမ်သောကများ အထင်အရှား ပေါ်လွင်နေပြီး ဧည့်ခန်းအတွင်း၌ ဟိုဒီ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမိသည်။
သိထားရမည်မှာ ယခုတစ်ကြိမ် လူသားအခြေစိုက်စခန်းများက ရေးဆွဲထားသော အစီအစဉ်
သည် အလွန်ပင် ရက်စက်ယုတ်မာလှပြီး လုချွမ်းနှင့် မိုးကြိုးဟိန်းသံတို့ကို အချင်းချင်း တိုက်ခိုက်စေကာ နှစ်ဦးစလုံး ပျက်စီးသွားစေရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
သို့သော်လည်း ကျောက်လင်း ဝန်ခံရမည်မှာ ဤနည်းလမ်း၏ ဖြစ်နိုင်ခြေမှာ အလွန်မြင့်မားနေပြီး တကယ်ပင် အောင်မြင်သွားနိုင်ချေ ရှိနေခြင်းပင်။
ဘာပဲဖြစ်ဖြစ် သူမသည် အရာရှိပိုင်း သတင်းအချက်အလက်အချို့တွင် ရှမ်းချွမ်း အခြေစိုက်
စခန်းကို ဖျက်ဆီးပစ်ခဲ့သည့် တရားခံဖြစ်သော မိုးကြိုးဟိန်းသံ၏ အစွမ်းသတ္တိကို မြင်တွေ့ခဲ့ဖူးသည်။
ယနေ့အထိ ကျင်းပြည်နယ်တွင် အခြေစိုက်စခန်း နှစ်ခုသာ ပျက်စီးခဲ့ဖူးရာ ၎င်းတို့မှာ ရှမ်းချွမ်း အခြေစိုက်စခန်းနှင့် လီမြစ်အခြေစိုက်စခန်းတို့ ဖြစ်ကြသည်။ တရားခံများမှာလည်း ဇွန်ဘီဘုရင်နှင့် မိုးကြိုးဟိန်းသံတို့ပင်။
တကယ်လို့ လူသားတွေရဲ့ ရန်သူဖြစ်တဲ့ ဒီနှစ်ယောက်ကသာ အချင်းချင်း ပြန်တိုက်နေကြမယ်ဆိုရင်... လူသားတွေအတွက်တော့ ဝမ်းသာစရာကြီး မဟုတ်ဘူးလား။
"မဖြစ်ဘူး... ငါ လုချွမ်းဆီကို သတင်းရောက်အောင် ပို့မယ့်နည်းလမ်း ရှာရမယ်။ ဒါမှ သူနဲ့ ချီချီလေးတို့ ကြိုတင်ပြင်ဆင်ထားလို့ ရမှာ"
ကျောက်လင်းသည် လမ်းလျှောက်နေသည်ကို ရပ်တန့်လိုက်ပြီး ပြတ်သားသော မျက်နှာထားဖြင့် ခေါင်းကို မော့လိုက်သည်။
သို့သော်လည်း တစ်ညလုံး အိပ်ရေးပျက်ခံကာ စဉ်းစားခဲ့သော်လည်း ကျောက်လင်းသည် မျက်ကွင်းညိုညိုလေးများဖြင့်ပင် ကောင်းမွန်သော အစီအစဉ်တစ်ခုကို မထုတ်ဖော်နိုင်သေးပေ။
မည်သို့ပင်ဆိုစေကာမူ ဤကိစ္စသည် အလွန်အရေးကြီးသောကြောင့် အောက်ခြေလူတန်းစားများနှင့် ဆွေးနွေး၍ မရသကဲ့သို့ သတင်းစကားပါးရန်အတွက် သူတို့ကို စေခိုင်းရန်လည်း မဖြစ်နိုင်ပေ။ လုချွမ်းနှင့် ချီချီလေးအား ဤသတင်းကို သိစေလိုလျှင် သူမကိုယ်တိုင် သွားရောက်မှသာ ရပေလိမ့်မည်။ သို့သော် ကျောက်လင်းသည် အခြေစိုက်စခန်း၌ လူသစ်တစ်ဦး ဖြစ်နေသဖြင့် အကြောင်းပြချက်မရှိဘဲ ခွင့်ယူရန်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။ ဤသည်မှာ မလွဲမသွေ သံသယဖြစ်ဖွယ် ကိစ္စရပ်တစ်ခု ဖြစ်လာပေလိမ့်မည်။
“တော်ပြီ... အရင်ဆုံး ထွက်သွားဖို့ အကြောင်းပြချက်တစ်ခုခုပဲ ရှာတော့မယ်။ သံသယဖြစ်ခံရတာဖြစ်ဖြစ် မခံရတာဖြစ်ဖြစ် လုချွမ်းနဲ့ ချီချီလေးအတွက်ဆိုရင် ဒီမှာရှိသမျှ အရာအားလုံးကို စွန့်လွှတ်ရမယ်ဆိုရင်တောင် နောက်မှ မည်သူမည်ဝါဖြစ်ကြောင်း အသစ်တစ်ခုနဲ့ ပြန်စတာပေါ့”
အချိန်အတော်ကြာ တွန့်ဆုတ်နေပြီးနောက် ကျောက်လင်းသည် နောက်ဆုံးတွင် ဆုံးဖြတ်ချက် ချလိုက်သည်။ ထို့နောက် သူမသည် အရေးကြီးသော ပစ္စည်းအချို့ကို ထုပ်ပိုးကာ ဘေးအိမ်တွင် မွေးမြူထားသည့် အဆင့် ၃ ဗီဇပြောင်း နွားနက်ကြီးဆီသို့ သွားရောက်၍ ကြိုးကို ဖြည်ကာ ထိုနွားကြီးနှင့်အတူ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
မမျှော်လင့်ဘဲ ခြေလှမ်းအနည်းငယ်မျှ လှမ်းရုံရှိသေးသော်လည်း ဆက်သွယ်ရေးဌာနမှ စစ်သားတစ်ဦးသည် အပြေးအလွှား ရောက်ရှိလာသည်။ ၎င်းကို မြင်လိုက်ရသည်နှင့် ကျောက်လင်းသည် သူမ၏ အမြန်ထွက်ခွာမည့် အစီအစဉ် ပျက်စီးတော့မည်ကို သိရှိလိုက်သည်။
“တပ်မှူးကျောက်... တော်သေးတာပေါ့ တွေ့လို့။ မြန်မြန်သွားရအောင် အကြီးအကဲက အရေးပေါ် အစည်းအဝေး ခေါ်ထားပါတယ်။ အဆင့်မြင့် အရာရှိအားလုံး တက်ရောက်ဖို့ လိုအပ်ပါတယ်”
စစ်သားက အရေးတကြီး ပြောကြားလိုက်သည်။
“ကောင်းပြီ... သိပြီ”
၎င်းကို ကြားလိုက်ရသောအခါ ကျောက်လင်း၏ အတွေးထဲတွင် ခဏတာ ဝေခွဲမရ ဖြစ်သွားသော်လည်း နောက်ဆုံး၌ အခြေအနေကို သွားရောက်ကြည့်ရှုပြီး သတင်းအချက်အလက်များ သာ၍ ရရှိအောင် ယူရန် ဆုံးဖြတ်လိုက်သည်။ မကြာမီတွင် ကျောက်လင်းသည် ဗီဇပြောင်း နွားနက်ကြီးကို ပြန်လည်ချည်နှောင်ထားခဲ့ကာ အစည်းအဝေးခန်းမဆီသို့ အမြန်ဆုံး သွားရောက်ခဲ့သည်။
ဤအချိန်တွင် အစည်းအဝေးခန်းမအတွင်း၌ လူစုံနေပြီ ဖြစ်သဖြင့် ကျောက်လင်းသည် မည်သည့်စကားမျှ မဆိုဘဲ သူမ၏ ထိုင်ခုံ၌ ဝင်ထိုင်လိုက်သည်။ ဆယ်မိနစ်ခန့် ကြာမြင့်ပြီးနောက်တွင် အဓိကထိုင်ခုံ၌ ထိုင်နေသည့် အခြေစိုက်စခန်း အကြီးအကဲက လူစုံပြီဖြစ်သဖြင့် အဖွဲ့ဝင်များကို လေးနက်သော မျက်နှာထားဖြင့် ကြည့်ရှုကာ
“ကျွန်တော်တို့ အခြေစိုက်စခန်းက တခြား လူသားအခြေစိုက်စခန်းတွေနဲ့ ဆွေးနွေးပြီးပါပြီ။ လူတိုင်းက ကျင်းပြည်နယ်ရဲ့ ဇွန်ဘီဘုရင်နဲ့ မိုးကြိုးဟိန်းသံတို့ရဲ့ အခြေအနေကို အရမ်းစိုးရိမ်နေကြတာကြောင့် ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒ အရမ်းပြင်းပြနေကြပါတယ်” ဟု လေးနက်စွာ ပြောကြားလိုက်ပါတော့သည်။
"ဒါဆိုရင် တခြား အခြေစိုက်စခန်းတွေကလည်း ကျွန်တော်တို့နဲ့ ပူးပေါင်းဖို့ သဘောတူလိုက်ကြပြီပေါ့ ဟုတ်လား"
အဆင့်မြင့် အရာရှိတစ်ဦးက ပြုံးရွှင်စွာဖြင့် မေးမြန်းလိုက်သည်။
ကျန်ရှိနေသော အရာရှိများမှာလည်း ယခုအချိန်တွင် အလွန်ပင် ပျော်ရွှင်နေကြပြီး သူတို့၏ မျက်နှာထက်၌ ဝမ်းသာအားရ ဖြစ်နေသည့် အရိပ်အယောင်များ ပြည့်နှက်နေသည်။
"ဟုတ်ပါတယ်။ ဆွေးနွေးမှုတွေ လုပ်ပြီးတဲ့နောက်မှာတော့ အဓိက အခြေစိုက်စခန်းကြီးတွေက ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်ကြပြီ။ သန်မာတဲ့ ဆင့်ကဲပြောင်းလဲသူတွေနဲ့ အသေခံတပ်ဖွဲ့တစ်ခု ဖွဲ့စည်းပြီး၊ မိုးကြိုးဟိန်းသံကို ဇွန်ဘီဘုရင်နဲ့ တိုက်ခိုက်ခိုင်းမယ့် အစီအစဉ် အောင်မြင်ဖို့အတွက် အကောင်းဆုံး ပံ့ပိုးကူညီမှုတွေ ပေးသွားမှာပါ"
ဤနေရာတွင် အခြေစိုက်စခန်း အကြီးအကဲ၏ မျက်နှာထားမှာ ရုတ်တရက် ပြောင်းလဲသွားပြီး အေးစက်လေးနက်စွာဖြင့် ဆက်ပြောလိုက်သည်။
"ဒီအစီအစဉ်က အန္တရာယ် အရမ်းကြီးတယ်။ တကယ်တော့ ကိုးပုံသေ တစ်ပုံရှင် အခြေအနေပဲ။ အာဏာပိုင်တွေအနေနဲ့ အတင်းအကျပ် ပါဝင်ခိုင်းမှာ မဟုတ်ဘဲ သူသဘောဆန္ဒအလျောက်ပဲ ပါဝင်ခွင့်ပြုမယ်။
ဒါပေမဲ့ တကယ်လို့ ဒီလူတွေသာ အသက်ရှင်လျက် ပြန်လာနိုင်ခဲ့မယ်ဆိုရင်တော့ ဒါဟာ တကယ့်ကို ကြီးမားတဲ့ ဂုဏ်ထူးဆောင်မှု ဖြစ်လာမှာပါ"
ထိုအရာကို ကြားလိုက်ရသည့်အခါ တက်ရောက်နေကြသော အရာရှိအားလုံး၏ စိတ်များက လေးလံသွားကြပြီး အခြေအနေ၏ အန္တရာယ်ကြီးပုံကို ရိပ်မိသွားကြသည်။
"သန်မာတဲ့ ဆင့်ကဲပြောင်းလဲသူတွေဆိုတာ အခြေစိုက်စခန်းရဲ့ ကျောရိုးတွေပဲ။ တကယ်လို့ သူတို့တွေ သွားပြီး ပြန်မလာနိုင်ခဲ့ရင်..."
အဆင့်မြင့်အရာရှိတစ်ဦးက ဝေခွဲမရစွာဖြင့် ပြောလိုက်သည်။
သူ စကားမဆုံးသော်လည်း ရောက်ရှိနေသူတိုင်း ထိုအဓိပ္ပာယ်ကို နားလည်ကြသည်။
သန်မာသော ဆင့်ကဲပြောင်းလဲသူများဆိုသည်မှာ လမ်းဘေးက ဂေါ်ဖီထုပ်တွေလို အလွယ်တကူ ရနိုင်သည်မျိုး မဟုတ်ပေ။
သိထားရမည်မှာ မိုးကြိုးဟိန်းသံနှင့် ဇွန်ဘီဘုရင်နှစ်ဦးစလုံးမှာ ရင်ဆိုင်ရလွယ်ကူသော သတ္တဝါများ မဟုတ်ကြချေ။ အကယ်၍ မမျှော်လင့်ထားသည်များ ဖြစ်လာခဲ့ပါက ဤ အသေခံတပ်ဖွဲ့မှာ နာမည်အတိုင်းပင် အားလုံး အသက်ပျောက်သွားနိုင်သည်။
"အကြီးအကဲ... ကျွန်တော် ထင်တာတော့ သွားဖို့ ဆန္ဒရှိတဲ့လူ သိပ်များမှာ မဟုတ်ဘူး..."
နောက်ထပ် အရာရှိတစ်ဦးကလည်း သဘောတူသည့်အလား အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
မမျှော်လင့်ဘဲ ထိုစကားအဆုံးမှာပင် စိတ်စောနေပြီး ထပ်မစောင့်နိုင်တော့သော ကျောက်လင်း
သည် နေရာမှ ထရပ်လိုက်ပြီး ရဲရင့်ပြတ်သားစွာဖြင့် ကြေညာလိုက်ပါတော့သည်။
"အကြီးအကဲ... ကျွန်မ ဒီစစ်ဆင်ရေးမှာ ပါဝင်ဖို့ ဆန္ဒရှိပါတယ်။ ကျွန်မကို ပါဝင်ခွင့်ပြုပါ"
တကယ့်ကို အိပ်ချင်နေတုန်း ခေါင်းအုံးပေးလိုက်သလိုပင်။
ကျောက်လင်းသည် သတင်းပေးပို့ရန် အကြောင်းပြချက် ရှာဖွေနေစဉ်မှာပင် အသေခံတပ်ဖွဲ့ဖွဲ့စည်းမည့် သတင်းမှာ ရောက်ရှိလာခဲ့ခြင်းပင်။
၎င်းကို ကြားလိုက်ရသောအခါ အဆင့်မြင့်အရာရှိအားလုံး ဆွံ့အသွားကြပြီး ကျောက်လင်းကို အံ့ဩတကြီး ကြည့်နေကြတော့သည်။
ဒါက ဘယ်လိုအခြေအနေကြီးလဲ။ ဒီမိန်းမက ဘာဖြစ်နေတာလဲ။ အားလုံးက အသက်ရှင်ဖို့ ပုန်းနေရမယ့်အချိန်မှာ သူက ဘာလို့ ရှေ့ကို ထွက်လာရတာလဲ။
အရှေ့ဆုံး၌ ထိုင်နေသည့် အခြေစိုက်စခန်း အကြီးအကဲသည်လည်း ကျောက်လင်းကို အံ့အားသင့်စွာ ကြည့်ရှုနေမိသည်။ လူသစ်ဖြစ်သော ကျောက်လင်းက ယခုကဲ့သို့ သဘောတူလိမ့်မည်ဟု သူလည်း မမျှော်လင့်ထားခဲ့ပေ။
“ကျောက်လင်း... နင် တကယ်ပဲ သေချာရဲ့လား။ တစ်ခါ ဆုံးဖြတ်ပြီးရင် နောက်ပြန်လှည့်လို့ မရဘူးဆိုတာ နင် သိထားရမယ်နော်”
အခြေစိုက်စခန်း အကြီးအကဲက ကျောက်လင်းကို စိုက်ကြည့်ရင်း လေးနက်စွာ မေးမြန်းလိုက်သည်။
“အကြီးအကဲ... ကျွန်မ သေချာပါတယ်။ အသေခံတပ်ဖွဲ့မှာ ပါဝင်ချင်ပါတယ်။ ကျွန်မ ဘယ်တော့မှ နောင်တရမှာ မဟုတ်ပါဘူး”
ကျောက်လင်းက ခေါင်းညိတ်၍ ပြတ်သားစွာ ပြန်လည်ဖြေကြားလိုက်သည်။
“ဟားဟား... ကောင်းတယ် ကျောက်လင်း။ ငါ တကယ်ပဲ လူမမှားခဲ့ဘူး နင်က တကယ့်ကို ချီးကျူးထိုက်သူပဲ။ နင် အောင်မြင်စွာ ပြန်လာမယ့်အချိန်ကို ငါ စောင့်နေမယ်။ အဲဒီကျမှ အောင်ပွဲခံကြတာပေါ့”
၎င်းကို မြင်တွေ့လိုက်ရသော အကြီးအကဲသည် စိတ်လှုပ်ရှားစွာ ရယ်မောရင်း သူမကို ချီးကျူးလိုက်သည်။
“အကြီးအကဲ... တာဝန်ကို အောင်မြင်အောင် ထမ်းဆောင်ခဲ့ပါ့မယ်”
ကျောက်လင်းသည် မတ်တပ်ရပ်၍ သူမ၏ အထက်လူကြီးကို အလေးပြုကာ တာဝန်ယူကြောင်း ပြန်ဖြေလိုက်သည်။
“ကောင်းပြီ... နောက်ထပ် ဒီသတင်းကို အောက်ခြေအထိ ဖြန့်လိုက်ပါ။ ပါဝင်လိုတဲ့ ဆင့်ကဲပြောင်းလဲသူ သူရဲကောင်းတွေ အားလုံးက ကျောက်လင်းရဲ့ ကွပ်ကဲမှုအောက်မှာ ရှိရမယ်။ သူမကပဲ ဒီအဖွဲ့ကို ဦးဆောင်သွားလိမ့်မယ်”
အကြီးအကဲက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီးနောက် အားလုံးကို အကဲခတ်ရင်း ညွှန်ကြားချက် ပေးလိုက်သည်။
“ဟုတ်ကဲ့ပါ”
“အင်း... ကျောက်လင်း ငါ့နောက်ကို လိုက်ခဲ့။ မိုးကြိုးဟိန်းသံရှိတဲ့ နေရာကို ငါ ပြောပြမယ်။ အစည်းအဝေး ပြီးပြီ”
အကြီးအကဲသည် နေရာမှ ထရပ်ကာ အစည်းအဝေးခန်းမအတွင်းမှ ထွက်ခွာသွားသည်။ ကျောက်လင်းသည်လည်း အရာရှိများ၏ နားမလည်နိုင်သော အကြည့်များအောက်တွင် အကြီးအကဲ၏ နောက်သို့ လိုက်သွားသည်။
ကောင်းမွန်သော ရာထူးအာဏာကို စွန့်လွှတ်၍ အသက်အန္တရာယ်ရှိသည့် နေရာသို့ သွားရောက်ခြင်းမှာ တကယ့်ကို ထူးဆန်းသည့် ကိစ္စပင်။