← Chapters

အခန်း (၃၈၈)

Vol. 39 Ch. 388

အခန်း (၃၈၈)

Vol. 39 Ch. 388

အခန်း။ ၃၈၈

နောက်တစ်နေ့ မနက်ခင်းတွင်...

မြို့ဂိတ်တံခါးရှေ့၌ လူအုပ်ကြီးမှာ ပင်လယ်ပြင်သဖွယ် ပြည့်နှက်နေပြီး တစ်ယောက်နှင့်တစ်ယောက် တိုးဝှေ့နေကြသည်။

အခြေစိုက်စခန်း အကြီးအကဲနှင့် အဆင့်မြင့်အရာရှိတစ်စုသည် ကျောက်လင်းနှင့် အဖွဲ့ကို လာရောက်ပို့ဆောင်ကြသည်။

ဘာပဲဖြစ်ဖြစ် ဤမစ်ရှင်သည် ကျင်းပြည်နယ်ရှိ လူသားအခြေစိုက်စခန်းအားလုံး၏ လုံခြုံရေးနှင့် သက်ဆိုင်နေသည်။ ထို့ကြောင့်လည်း အသက်စွန့်ပြီး တာဝန်ထမ်းဆောင်မည့် ကျောက်လင်း၏အဖွဲ့ကို အကြီးအကဲနှင့် အရာရှိများက အလေးအနက်ထား ဂုဏ်ပြုကြခြင်းဖြစ်သည်။

လူအုပ်ကြီး၏ အရှေ့ဆုံးတွင် ကျောက်လင်းသည် အနက်ရောင် တိုက်ပွဲဝင်ဝတ်စုံကို အပြည့်အစုံ ဝတ်ဆင်ထားသည်။ ဆံပင်ကို မြင့်မြင့်စည်းထားပြီး စစ်သုံးဖိနပ်အမြင့်ဖြင့် သူမ၏ အသွင်အပြင်မှာ ရဲရင့်ပြတ်သားကာ တက်ကြွလှပနေတော့သည်။

ကျောက်လင်း၏ နောက်တွင်တော့ သူမကဲ့သို့ပင် တိုက်ပွဲဝင်ဝတ်စုံ ဝတ်ဆင်ထားသည့် ဆင့်ကဲပြောင်းလဲသူ ၇ ဦး ရှိနေသည်။ သူတို့သည် ဤမစ်ရှင်အတွက် သူမ၏ အဖွဲ့ဝင်များဖြစ်သလို သူမ၏ လက်အောက်ငယ်သားများလည်း ဖြစ်ကြသည်။

မနေ့က အစည်းအဝေးပြီးနောက် အဆင့်မြင့်အရာရှိများက သတင်းအချက်အလက်များကို ဖြန့်ဝေခဲ့သော်လည်း ကံမကောင်းစွာဖြင့် ဤတာဝန်မှာ အသက်အန္တရာယ် အလွန်ကြီးမားလှသဖြင့် ကျောက်လင်း၏ ငယ်သားများထဲတွင်ပင် ပါဝင်လိုသူ အလွန်နည်းပါးခဲ့သည်။

နောက်ဆုံးတွင် ကျောက်လင်းသည် အင်အားနည်းသော အဆင့် ၁ နှင့် အဆင့် ၂ ဆင့်ကဲပြောင်းလဲသူများကို ဖယ်ထုတ်လိုက်ပြီး ကျန်ရှိနေသူများထဲမှ အဆင့် ၃ ဆင့်ကဲပြောင်းလဲသူ ၇ ဦးကို ရွေးချယ်ခဲ့သည်။

သူတို့တစ်ယောက်ချင်းစီမှာ ကျောက်လင်းနှင့် ကိုယ်တိုင်တိုက်ခိုက်ဖူးသူများ ဖြစ်ကြပြီး တိုက်ပွဲအတွေ့အကြုံ ကြွယ်ဝကာ ကျွမ်းကျင်မှု မြင့်မားကြသူများ ဖြစ်သည်။

"တပ်မှူးကျောက်နဲ့ သူရဲကောင်းတို့... ခင်ဗျားတို့က တကယ့်သူရဲကောင်းတွေပဲ။ ယွီဟွာ အခြေစိုက်စခန်းက ပြည်သူတွေက ခင်ဗျားတို့ကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ သတိထားသွားကြပါ။ အောင်ပွဲနဲ့အတူ ပြန်လာခဲ့ကြ။ အဲဒီကျရင် တစ်မြို့လုံးက ခင်ဗျားတို့ရဲ့ စွမ်းဆောင်ချက်ကို အောင်ပွဲခံကြလိမ့်မယ်"

အခြေစိုက်စခန်း အကြီးအကဲက ကျောက်လင်းကို ကြည့်ကာ စိတ်ရင်းမှန်ဖြင့် ပြောလိုက်သည်။

၎င်းကို ကြားလိုက်ရသောအခါ ကျောက်လင်းနှင့် အဖွဲ့ဝင်အားလုံးမှာ မျက်နှာထားကို လေးနက်စွာ တင်းလိုက်ပြီး အလေးပြုလိုက်ကြသည်။ ထို့နောက် ကျောက်လင်းက ပြန်ဖြေလိုက်သည်။

"စိတ်ချပါ အကြီးအကဲ။ ကျင်းပြည်နယ်ကို ဒီဒုက္ခဆိုးကြီးကနေ ကယ်တင်နိုင်ဖို့ ကျွန်မတို့ အစွမ်းကုန် ကြိုးစားသွားပါ့မယ်"

"ကောင်းပြီ... ကောင်းပြီ... ကောင်းပြီ..."

အခြေစိုက်စခန်း အကြီးအကဲက ခေါင်းတငြိမ့်ငြိမ့်ဖြင့် နူးညံ့စွာ ပြုံးပြလိုက်သည်။

"အကြီးအကဲ... ကျွန်မတို့ ထွက်ခွာခွင့်ပြုပါဦး အားလုံး ကားပေါ်တက်... သွားကြမယ်"

ကျောက်လင်းသည် အကြီးအကဲကို ခေါင်းညိတ်နှုတ်ဆက်ပြီးနောက် မတ်တပ်ရပ်လျက် အနောက်သို့လှည့်ကာ အဖွဲ့ဝင်ခုနစ်ဦးကို အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့ပါ"

ထို့နောက် လူရှစ်ဦးစလုံးသည် စစ်သုံး ကွင်းပြင်မောင်းကားနှစ်စီးပေါ်သို့ တစ်ပြိုင်နက်တည်း တက်လိုက်ကြသည်။

ဝူး... ဝူး... ဝူး...

ကားနှစ်စီးစလုံး၏ အင်ဂျင်များမှာ သားရဲတစ်ကောင် ဟိန်းဟောက်လိုက်သကဲ့သို့ ချက်ချင်းပင်

အသံမြည်ဟည်းသွားပြီးနောက် ရှေ့သို့ ဦးတည်ကာ မောင်းနှင်၍ ထွက်ခွါသွားတော့သည်။

"ခေါင်းဆောင်... အသက်ရှင်လျက် ပြန်လာခဲ့ပါနော်"

ထိုအချိန်တွင် ယွီဟွာဂိုဏ်းမှ ဆင့်ကဲပြောင်းလဲသူများက ထွက်ခွာသွားသော စစ်ကားနှစ်စီးနောက်သို့ လှမ်း၍ အော်ဟစ်နှုတ်ဆက်လိုက်ကြသည်။

ရှေ့ကား၏ ဘေးထိုင်ခုံတွင် ထိုင်နေသော ကျောက်လင်းသည် ၎င်းကို ကြားလိုက်ရသောအခါ ပြုံးလိုက်မိပြီး သူမ၏ ညာဘက်လက်ကို အပြင်သို့ထုတ်ကာ အနောက်ဘက်သို့ "OK" ပုံစံဖြင့် လက်ဟန်ခြေဟန် ပြလိုက်ပါတော့သည်။

......

တစ်ဖက်တွင်မူ... ကျင်းပြည်နယ်၏ မှောင်မိုက်တိတ်ဆိတ်လှသော ချိုင့်ဝှမ်းကြီးတစ်ခုအတွင်း၌ ရှေးဟောင်းထင်းရှူးပင်ကြီးများမှာ သိပ်သည်းလှသော အရွက်ဝေဝေဆာဆာတို့ဖြင့် မြင့်မားစွာ ပေါက်ရောက်နေကြသည်။ သစ်ပင်တစ်ပင်ချင်းစီမှာ လူသုံးယောက် ဖက်ရလောက်အောင်ပင် ထွားကျိုင်းလှပြီး သစ်ခေါက်များမှာလည်း အက်ကွဲလိပ်တက်နေကာ ပင်စည်များမှာ ကောက်ကွေးယှက်နွယ်နေကြသည်။ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားသော စိမ်းနက်ရောင် သစ်ရွက်များက ဤထင်းရှူးတောအုပ်ကြီးကို ခေတ်အဆက်ဆက် ဖြတ်သန်းလာခဲ့သည့် ရှေးဟောင်းအငွေ့အသက်များကို ပေးစွမ်းနေသည်။

ထိုမှောင်မိုက်နက်ရှိုင်းလှသော တောအုပ်ကြီး၏ အတွင်းပိုင်းဆီမှ နာကျင်မှုများ ရောယှက်နေသော သားရဲဟိန်းသံသဲ့သဲ့မှာ ပဲ့တင်ထပ်လျက် ထွက်ပေါ်နေသည်။

ကင်မရာသည် ချိုင့်ဝှမ်း၏ အနက်ရှိုင်းဆုံးနေရာဆီသို့ ရွေ့လျားသွားသည်။

ဘုန်း... ဘုန်း... ဘုန်း...

တောင်ငယ်တစ်လုံးအလား ထွားကျိုင်းလှသော ခရမ်းရောင် ဧရာမဝက်ဝံကြီး တစ်ကောင်သည် ကျောက်တုံးပုံကြီးတစ်ခု၏ ရှေ့တွင် ရပ်နေသည်။ ကြိတ်ဆုံကျောက်တုံးကြီးများသဖွယ် ကြီးမားလှသော ၎င်း၏ လက်ဝါးကြီးများဖြင့် မြေပြင်ပေါ်ရှိ ကျောက်တုံးများကို အဆက်မပြတ် ထုရိုက်နေပြီး ပါးစပ်မှလည်း တိုးညင်းသော ဟိန်းသံများ ထွက်ပေါ်နေသည်။

ချက်ချင်းဆိုသလိုပင် နားကွဲလုမတတ် ကျယ်လောင်သော ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာပြီး ဖုန်မှုန့်များ ဝေဟင်သို့ လွင့်ပျံတက်သွားကာ ကျောက်စိုင်ကျောက်ခဲများမှာလည်း အရပ်ရပ်သို့ လွင့်စင်သွားကြသည်။ သူ၏ ခြေဖျားအောက်ရှိ မြေပြင်ကြီးမှာလည်း တုန်ခါလျက်ရှိနေသည်။

ပတ်ဝန်းကျင်ရှိ သစ်ပင်ပင်စည်များထဲတွင် အရွယ်အစားမျိုးစုံသော ကျောက်စိုင်စအစအနများ စိုက်ဝင်နေသည်ကို ကြည့်ခြင်းအားဖြင့် ဤမိုးကြိုးဟိန်းသံသတ္တဝါကြီးသည် ဤနေရာတွင် ကျောက်တုံးများကို ထုခွဲဖျက်ဆီးနေခဲ့သည်မှာ အတော်ပင် ကြာမြင့်နေပြီဖြစ်ကြောင်း သိသာလှသည်။

ရုတ်တရက် မိုးကြိုးဟိန်းသံထံမှ ကြောက်မက်ဖွယ် အရှိန်အဝါများ ထွက်ပေါ်လာပြီး ကောင်းကင်ယံသို့ မော့၍ ပြင်းထန်စွာ ဟိန်းဟောက်လိုက်တော့သည်။ ခရမ်းရောင်အလင်းတန်းများ ဖုံးလွှမ်းသွားပြီး လျှပ်စီးတံများ ဝန်းရံလာသည်။ သူသည် တစ်စုံတစ်ရာသော နာကျင်မှုကို အောင့်အည်းသည်းခံနေရပုံပေါ်ကာ ထိန်းချုပ်၍မရသော လျှပ်စီးလှိုင်းများကို အရပ်မျက်နှာအနှံ့သို့ ထုတ်လွှတ်လိုက်သည်။

ဂျုန်း... ဂျုန်း... ဂျုန်း...

ခဏချင်းမှာပင် စူးရှတောက်ပသော ခရမ်းရောင်အလင်းများက မျက်စိကျိန်းမတတ် ဖြစ်သွားစေကာ အသံကြီးမှာလည်း သားရဲပေါင်း ထောင်သောင်းချီ၍ ဟိန်းဟောက်လိုက်သကဲ့သို့ပင်။ မြေပြင်ပေါ်ရှိ ကျောက်တုံးများစွာမှာ လျှပ်စီးများ၏ ပစ်ခတ်မှုအောက်တွင် ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားပြီး လေထဲသို့ လွင့်ပါသွားကြသည်။

တစ်ချိန်တည်းမှာပင် အနီးနားရှိ မြင့်မားလှသော ထင်းရှူးပင်ကြီးအချို့၏ ပင်စည်များသည်လည်း လျှပ်စီးဒဏ်ကြောင့် ပေါက်ကွဲထွက်သွားပြီး သစ်စအစအနများ ဘေးဘယ်ညာသို့ လွင့်ထွက်သွားသည်။ သစ်ပင်ကြီးများမှာ ယိမ်းထိုးလျက် အက်ကွဲသံများ မြည်ဟည်းနေပြီး ကျိုးကျပျက်စီးတော့မည့် လက္ခဏာများ ပြသနေသည်။

ထူးဆန်းသည်မှာ တစ်စက္ကန့်မျှအကြာတွင် မိုးကြိုးဟိန်းသံသည် လျှပ်စီးများကို ပြန်လည်

ရုပ်သိမ်းလိုက်ပြီး ခရမ်းရောင်အလင်းတန်းများမှာလည်း ပျောက်ကွယ်သွားကာ မိုးခြိမ်းသံကြီးမှာလည်း တိတ်ဆိတ်သွားခဲ့သည်။

နောက်တစ်ခဏတွင် မိုးကြိုးဟိန်းသံသည် အောက်ဘက်ရှိ ကျောက်တုံးများကို အစောပိုင်းကကဲ့သို့ပင် အဆက်မပြတ် ထပ်မံထုရိုက်နေပြန်သည်။

၎င်း၏ အလုပ်များနေသော လှုပ်ရှားမှုများကြားတွင် မိုးကြိုးဟိန်းသံသည် သူ၏ လုပ်ဆောင်ချက်တိုင်းကို တစ်စုံတစ်ဦးက တိတ်တဆိတ် စောင့်ကြည့်နေသည်ကို လုံးဝသတိမထားမိခဲ့ပေ။

မိုးကြိုးဟိန်းသံနှင့် မီတာ ၆၀၀ မှ ၇၀၀ ခန့်အကွာရှိ မြေကျင်းတစ်ခုအတွင်း၌ မမြင်ရသော ပုံရိပ်တစ်ခုသည် ကွေးကွေးလေး ပုန်းအောင်းနေသည်။ ၎င်း၏ အကြည့်မှာ မြေကျင်းအဝရှိ ခြောက်သွေ့သော မြက်ပင်များနှင့် သစ်ကိုင်းခြောက်များကြားမှ ထိုးဖောက်လျက် အောက်

ဘက်ရှိ မိုးကြိုးဟိန်းသံသတ္တဝါကြီးထံသို့ စူးစိုက်ကြည့်နေပြီး ၎င်း၏ လှုပ်ရှားမှုတိုင်းကို အသေအချာ စောင့်ကြည့်ကာ အကဲခတ်နေသည်။

တောင်စောင်း၏ တစ်ဖက်ခြမ်း မိုးကြိုးဟိန်းသံနှင့် မီတာတစ်ထောင်ခန့်အကွာရှိ ကျောက်ဆောင်ကြီးတစ်ခု၏ နောက်ကွယ်တွင်မူ နောက်ထပ် ကိုယ်ပျောက်ဆင့်ကဲပြောင်းလဲသူတစ်ဦး ပုန်းကွယ်နေသည်။

သူသည် ကိုယ်ပျောက်အတတ်ကို အသုံးပြုထားရင်း ကျောက်ဆောင်နောက်မှ ခေါင်းကို ဖြည်းညှင်းစွာ ပြူထွက်၍ ကြည့်ရှုနေသည်။ ထူးထူးခြားခြား စိတ်လှုပ်ရှား တုန်လှုပ်နေပုံရသည့် မိုးကြိုးဟိန်းသံသတ္တဝါကြီးကို သူက အကဲခတ်နေခြင်း ဖြစ်သည်။ ထိုအချိန်၌ပင် နားကြပ်ထဲမှ တိုးညင်းသော ခေါ်ဆိုသံတစ်ခု ထွက်ပေါ်လာသည်။

“နံပါတ် ၂၊ နံပါတ် ၃... ကြားရင် ပြန်ထူးပါ။ မိုးကြိုးဟိန်းသံရဲ့ အခြေအနေကို အနီးကပ်သွားကြည့်ကြစမ်း။ ဘာတွေဖြစ်နေတာလဲ။ တစ်ခုခုက သူ့ကို သွားပြီး သက်ရောက်မှုရှိနေတာလားဆိုတာ အတည်ပြုပေးပါဦး”

သူတို့သည် ကျန်းဟိုင် အခြေစိုက်စခန်းမှ ဆင့်ကဲပြောင်းလဲသူများ ဖြစ်ကြပြီး မိုးကြိုးဟိန်းသံ၏ ခြေရာကို ပထမဆုံး ရှာဖွေတွေ့ရှိခဲ့သူများလည်း ဖြစ်သည်။ သို့သော် စောင့်ကြည့်လေ့လာပြီးနောက်တွင်မူ သူတို့သည် မိုးကြိုးဟိန်းသံ၏ အပြုအမူများမှာ အလွန်ပင် ထူးဆန်းနေသည်ကို တွေ့ရှိခဲ့ရသည်။ ထိုသတ္တဝါကြီးသည် ရူးသွပ်သွားသကဲ့သို့ဖြစ်သွားပြီး ပတ်ဝန်းကျင်ရှိ အရာရာတိုင်းကို ဦးတည်ချက်မဲ့စွာ တိုက်ခိုက်နေခြင်းပင်။

ဤညွှန်ကြားချက်ကို ကြားလိုက်ရသောအခါ မိုးကြိုးဟိန်းသံကို အသေအချာ စောင့်ကြည့်နေသည့် နံပါတ် ၂ ကိုယ်ပျောက်ဆင့်ကဲပြောင်းလဲသူက “နံပါတ် ၂ လက်ခံရရှိပါတယ်” ဟု တိုးတိုးလေး ပြန်လည်ဖြေကြားလိုက်သည်။ ကျောက်ဆောင်နောက်မှ နံပါတ် ၃ ကိုယ်ပျောက်ဆင့်ကဲပြောင်းလဲသူကလည်း “နံပါတ် ၃ လက်ခံရရှိပါတယ်” ဟု တိုးညင်းစွာ ပြန်လည်ဖြေဆိုခဲ့သည်။

အမိန့်ရရှိပြီးနောက်တွင်မူ ဤကိုယ်ပျောက်ဆင့်ကဲပြောင်းလဲသူ နှစ်ဦးသည် မိုးကြိုးဟိန်းသံ၏ လျှပ်စီးစွမ်းအားကို ကြောက်ရွံ့နေကြသော်လည်း သူတို့၏ စိုးရိမ်စိတ်ကို အတင်းအကျပ် နှိမ်နင်း၍ စတင်လှုပ်ရှားကြပါတော့သည်။ မြေကျင်းထဲ၌ ပုန်းနေသော နံပါတ် ၂ က အရင်ဆုံး လှုပ်ရှားလိုက်သည်။ သူသည် သူ၏အဖွဲ့ဝင်ထက် မိုးကြိုးဟိန်းသံနှင့် ပိုမိုနီးကပ်နေသဖြင့် စက္ကန့်အနည်းငယ်အတွင်းမှာပင် သတိကြီးစွာထားရှိကာ မိုးကြိုးဟိန်းသံနှင့် မီတာတစ်ရာအကွာအထိ ရောက်ရှိသွားသည်။ ကျောက်ဆောင်နောက်မှ နံပါတ် ၃ သည်လည်း အမြန်ဆုံး ချဉ်းကပ်လာနေသည်။

အနီးကပ်မြင်တွေ့နေရပြီဖြစ်သော မိုးကြိုးဟိန်းသံကို စိုက်ကြည့်ရင်း နံပါတ် ၂ ၏ မျက်ဝန်းအစုံ၌ ဇဝေဇဝါဖြစ်နေသော အရိပ်အယောင်များ ပေါ်လာသည်။ အပြင်ပန်းကြည့်ရုံမျှဖြင့်မူ ဘယ်အရာက ဤသတ္တဝါကြီးကို ဒီလောက်အထိ စိတ်လှုပ်ရှားသွားစေတာလဲဆိုသည်ကို ပြောရခက်သည်။ နံပါတ် ၂ တစ်ယောက် တွေးတောနေစဉ်မှာပင် ဝက်ဝံဟိန်းသံအချို့က သူ၏နားထဲ၌ အုန်းအုန်းကျွက်ကျွက် မြည်ဟည်းသွားသည်။

ဝေါ့... ဝေါ့... ဝေါ့...

“မကောင်းတော့ဘူး”

မိုးကြိုးဟိန်းသံသည် ခေါင်းကိုမော့၍ ဟိန်းဟောက်လိုက်သကဲ့သို့ သူ၏ကိုယ်ပေါ်၌လည်း လျှပ်စီးများ လက်ခနဲဖြစ်သွားသည်ကို မြင်လိုက်ရသောအခါ နံပါတ် ၂ သည် အလွန်အမင်း ထိတ်လန့်သွားရသည်။ အသက်အန္တရာယ်ကြီးက သူ့ထံသို့ တိုးဝင်လာပြီဖြစ်ကြောင်း သိရှိလိုက်သည်နှင့် ချက်ချင်းပင် လှည့်၍ ထွက်ပြေးရန် ကြိုးစားတော့သည်။

ကံဆိုးသည်မှာ အရာအားလုံးက နောက်ကျသွားခဲ့သည်။

ဂျုန်း... ဂျုန်း... ဂျုန်း...

ဧရာမ လျှပ်စီးလှိုင်းကြီးများသည် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီး အနီးဆုံးတွင် ရှိနေသည့် နံပါတ် ၂ ကိုယ်ပျောက်ဆင့်ကဲပြောင်းလဲသူမှာ လျှပ်စီးတို့၏ ဝါးမြိုခြင်းကို ချက်ချင်း ခံလိုက်ရသည်။ သူသည် စူးရှသော အော်ဟစ်သံတစ်ချက်သာ ထွက်ပေါ်နိုင်ခဲ့ပြီး ခဏချင်းအတွင်းမှာပင် ပြာအတိ ဖြစ်သွားတော့သည်။

All Chapters