အခန်း (၃၉၀)
Vol. 39 Ch. 390
အခန်း။ ၃၉၀
ဂျုန်း... ဂျုန်း...
လမ်းပေါ်တွင် အရှိန်ပြင်းစွာ မောင်းနှင်လာသော ကားသံများမှာ အဝေးမှ တဖြည်းဖြည်း နီးကပ်လာသည်။ မကြာမီမှာပင် စစ်သုံး ဂျစ်ကားနှစ်စီးသည် လီမြစ်တံတားအနီးသို့ ဆိုက်ရောက်လာကြသည်။ ရှေ့ကား၏ ဘေးထိုင်ခုံတွင် ထိုင်နေသော ကျောက်လင်းသည် လီမြစ်တံတားကို မြင်လိုက်ရသောအခါ သူမ၏ စိတ်ထဲတွင် ကြိုတင်ပြင်ဆင်ထားသည့် အစီအစဉ်အတိုင်း အေးဆေးစွာ ပြောလိုက်သည်။
မိုးကြိုးဟိန်းသံက ရှမ်းချွမ်းမြို့မှာ ရှိတာ။ ဒီလီမြစ်မြို့ကို ဖြတ်ကျော်ပြီးရင် ရောက်ခါနီးပြီ။ ခဏလောက် ဒီမှာ ရပ်လိုက်ပါဦး ငါ လုပ်စရာ ကိစ္စလေးတစ်ခု ရှိလို့”
၎င်းကို ကြားလိုက်ရသောအခါ ကားမောင်းသူမှာ နားမလည်သလို ဖြစ်သွားသော်လည်း ဘရိတ်ကို အသာအယာနင်း၍ ကားကို ရပ်တန့်လိုက်သည်။ အနောက်မှ ကားသည်လည်း ရှေ့ကားရပ်သွားသည်ကို မြင်သည်နှင့် အရှိန်လျှော့ကာ ဘေးချင်းယှဉ် ရပ်လိုက်ကြသည်။
“တပ်မှူးကျောက်... ကျွန်တော်တို့ ဘာလို့ လီမြစ်မြို့မှာ ရပ်တာလဲ။ အခုအချိန်မှာ အရေးကြီးဆုံးက ရှမ်းချွမ်းမြို့ကို အမြန်သွားပြီး တခြား အခြေစိုက်စခန်းကလူတွေနဲ့ ပူးပေါင်းဖို့ မဟုတ်ဘူးလား”
အနောက်ခန်းတွင် ထိုင်နေသည့် အဆင့် ၃ ဆင့်ကဲပြောင်းလဲသူတစ်ဦးက ဝေခွဲမရစွာ မေးမြန်းလိုက်သည်။
ကားမောင်းသူနှင့် တခြားအဖွဲ့ဝင်များသည်လည်း နားမလည်နိုင်သော အကြည့်များဖြင့် ကျောက်လင်းကို ကြည့်နေကြသည်။ မည်သို့ပင်ဆိုစေကာမူ မိုးကြိုးဟိန်းသံမှာ ရှမ်းချွမ်းမြို့တွင် ရှိနေခြင်းဖြစ်ပြီး လီမြစ်မြို့တွင် ရှိနေခြင်း မဟုတ်ပေ။ သူတို့သည် လီမြစ်မြို့သို့ ရောက်ရှိရုံသာ ရှိသေးသဖြင့် ရှမ်းချွမ်းမြို့သို့ ရောက်ရန်မှာ အတော်လေး လိုသေးသည်။ တပ်မှူးကျောက်သည် အန္တရာယ်ကြီးလွန်းသည်ဟု ယူဆကာ အစီအစဉ် ပြောင်းလဲလိုက်တာလားဟု တွေးတောမိကြသဖြင့် သူတို့၏ မျက်နှာထားများမှာ အမျိုးမျိုး ခန့်မှန်းချက်များဖြင့် ပြောင်းလဲသွားကြသည်။
“တကယ်တော့ ငါက ကျန်းဟိုင်မြို့က လာတာ။ လမ်းခရီးတစ်လျှောက် အခက်အခဲတွေ အများကြီးကို ဖြတ်ကျော်ပြီးမှ ငါတို့ ယွီဟွာမြို့ကို ရောက်ခဲ့တာပါ။ အဲဒီတုန်းက ဒီလီမြစ်မြို့မှာ သူငယ်ချင်းတစ်ယောက်နဲ့ ဆုံခဲ့ဖူးတယ်... ငါ သူဘယ်လိုနေလဲဆိုတာ သွားကြည့်ချင်လို့ အချိန်တစ်ရက်လောက်တော့ လိုလိမ့်မယ်။ တစ်ရက်တည်းပါပဲ... ဟားဟား မင်းတို့ စိတ်မရှိကြဘူးမလား”
ကျောက်လင်းက အားလုံးကို ဝေ့ကြည့်၍ ပြုံးရွှင်စွာ ပြောလိုက်သည်။ ဤသည်မှာ သူမ၏ အကြောင်းပြချက် သက်သက်သာ ဖြစ်ပြီး ဤအခွင့်အရေးကို အသုံးချကာ လုချွမ်းနှင့် ချီချီလေးထံသို့ သတင်းပေးပို့ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ ဇွန်ဘီဘုရင်သည် လီမြစ် အခြေစိုက်စခန်း အနီးတစ်ဝိုက်တွင် ရှိနေသည်ဟူသော သတင်းမှာ လူတိုင်းသိရှိအောင် ပျံ့နှံ့နေပြီးသား ဖြစ်ရာ ယွီဟွာမြို့၏ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သည့် ကျောက်လင်းအတွက် ဤသတင်းကို သိရှိနေခြင်းမှာ သဘာဝကျလှသည်။ ထို့ကြောင့် နောက်တစ်ဆင့်အနေဖြင့် ဤလူများကို ခဏတာ ခွဲခွာခဲ့ပြီး သူမသည် လီမြစ်မြို့ဟောင်းအတွင်းသို့ တန်းတန်းမတ်မတ် သွားရောက်တော့မည်ဖြစ်သည်။
၎င်းကို ကြားလိုက်ရသောအခါ နားမလည်နိုင်ဖြစ်နေသည့် အဖွဲ့သားများသည် မျက်မှောင်ကြုတ်လိုက်ကြသည်။ ဤမျှ အရေးကြီးသော မစ်ရှင်တစ်ခုကို လုပ်ဆောင်နေစဉ်အတွင်း အခုကဲ့သို့ ပြုမူခြင်းမှာ အဓိပ္ပာယ်မရှိသော လုပ်ရပ်ဟု သူတို့ ထင်မြင်နေကြသည်။ ကျောက်လင်း၏ လုပ်ရပ်အပေါ် စိတ်မကျေနပ်ကြသော်လည်း ကျောက်လင်း၏ အကြည့်နှင့် ဆုံမိသည့်အခါတွင်မူ မည်သူမျှ ကန့်ကွက်စကား မဆိုရဲကြပေ။ ကျောက်လင်း၏ အစွမ်းအစနှင့် ရာထူးအာဏာမှာ ထင်ရှားသည်။ အဆင့် ၃ အဖွဲ့ဝင်များဖြစ်သည့် သူတို့နှင့် အဆင့်အတန်းချင်း များစွာ ကွာခြားလှသလို ဤမစ်ရှင်ကို ဦးဆောင်နေသူမှာလည်း ကျောက်လင်း ဖြစ်နေသောကြောင့် ဝင်ရောက်စွက်ဖက်ခွင့် မရှိကြပေ။
“တပ်မှူးကျောက်... သွားချင်ရင် စိတ်ကြိုက်သွားပါ။ ကျွန်တော်တို့ ဒီမှာပဲ စောင့်နေပါ့မယ်”
“ဟုတ်ပါတယ် တပ်မှူးကျောက်က သူ့သူငယ်ချင်းကို ဂရုစိုက်တာပဲ။ ကျွန်တော်တို့ ဘာမှ မကန့်ကွက်ပါဘူး။ တစ်ရက်မကလို့ နှစ်ရက် သုံးရက်ဖြစ်နေရင်တောင် ကျွန်တော်တို့ စောင့်နိုင်ပါတယ်”
သူတို့အားလုံးမှာ ဘာမှမဖြစ်သကဲ့သို့ ဟန်ဆောင်ပြုံးကာ အပြိုင်အဆိုင် ထောက်ခံလိုက်ကြသည်။
“မင်းတို့ ဘာမှကန့်ကွက်စရာ မရှိဘူးဆိုရင်တော့ ဒီမှာပဲ အရင် စခန်းချထားကြ။ ငါ ပြန်လာမှ ခရီးဆက်ကြတာပေါ့”
ကျောက်လင်းသည် လူတိုင်း၏ တုံ့ပြန်မှုကို များစွာ ကျေနပ်မိသွားသည်။ အမြဲလိုလို အေးစက်နေတတ်သော သူမ၏ မျက်နှာထက်တွင် အပြုံးသဲ့သဲ့ ပေါ်လာပြီး ခေါင်းညိတ်ပြလိုက်
သည်။ ဤသည်မှာ အစွမ်းအစ၏ အကျိုးကျေးဇူးပင်။ အကယ်၍ သူမ၏ ကျင့်စဉ်မှာ အဆင့် ၃ ၌သာ ရှိနေသေးလျှင် ခေါင်းဆောင်ဟူသော ဘွဲ့ထူးရှိနေပါစေဦးတော့ ဤလူများက သူမ၏ လုပ်ရပ်အပေါ် ညည်းညူကြမည်မှာ အသေအချာပင်။
ထို့နောက် အားလုံးသည် ကားပေါ်မှ ဆင်းလိုက်ကြသည်။ အဖွဲ့သားများက စခန်းချရန် ပြင်ဆင်နေကြစဉ် ကျောက်လင်းသည် လီမြစ်မြို့အတွင်းသို့ တစ်ဦးတည်း ဝင်ရောက်သွားပြီး လူတိုင်း၏ အမြင်အာရုံမှ ပျောက်ကွယ်သွားခဲ့သည်။ မြို့ထဲသို့ ရောက်သည်နှင့် ကျောက်လင်းသည် လီမြစ် အခြေစိုက်စခန်းဆီသို့ ချက်ချင်း ဦးမတည်သေးပေ။ ထိုအစား မြို့အစွန်တွင် ပုန်းအောင်းနေပြီး သူမနောက်သို့ တစ်စုံတစ်ဦး လိုက်လာခြင်း ရှိမရှိ စခန်းချနေသူများကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။ ဆယ်မိနစ်ခန့် ကြာပြီးနောက် မည်သူမျှ လိုက်မလာကြောင်း သေချာသွားသောအခါမှ ကျောက်လင်းသည် လျင်မြန်စွာ လှည့်ထွက်ခဲ့ပြီး လီမြစ် အခြေစိုက်စခန်းဆီသို့ အစွမ်းကုန် ပြေးထွက်သွားတော့သည်။
လီမြစ် အခြေစိုက်စခန်းအတွင်း
ဝေါ... ဝေါ...
ဗီဇပြောင်း သားရဲငါးများ အပြည့်တင်ဆောင်ထားသော စစ်သုံးကုန်တင်ကားကြီးများသည် မြို့ဂိတ်တံခါးကို ဖြည်းညှင်းစွာ ဖြတ်ကျော်ဝင်ရောက်လာပြီး ဇွန်ဘီမွေးမြူရေးစခန်းဆီသို့ ဦးတည်နေသည်။
ကျွီ...
မကြာမီမှာပင် အစာကျွေးမည့် ယာဉ်တန်းသည် ဇွန်ဘီမွေးမြူရေးစခန်း အပြင်ဘက်တွင် ရပ်တန့်သွားသည်။
လုချွမ်း၏ ထိန်းချုပ်မှုအောက်တွင် ဇွန်ဘီများသည် ကားနောက်ခန်းများမှ ဗီဇပြောင်းငါးများကို စတင်ချပေးနေကြပြီး တံတိုင်းပေါ်သို့ သယ်ဆောင်ကာ အောက်ဘက်သို့ အမြန်ဆုံး ပစ်ချပေးနေကြသည်။
ဂါးးဂီး…
သွေးညှီနံ့ နံစော်နေသော ဗီဇပြောင်းငါးများ ပြုတ်ကျလာသည်နှင့် ထိုအနံ့ကို ရလိုက်သည့် ဇွန်ဘီများသည် ချက်ချင်းပင် ရုန်းရင်းဆန်ခတ် ဖြစ်သွားကြသည်။ ဇွန်ဘီများသည် ငတ်မွတ်နေသော တစ္ဆေသရဲများအလား တစ်ကောင်ပြီးတစ်ကောင် ငါးပုံကြီးများဆီသို့ ပြေးဝင်သွားကြပြီး သူတို့၏ ပါးစပ်ကြီးများကို ဖွင့်ကာ လတ်ဆတ်သော ငါးသားများကို အဆက်မပြတ် ကိုက်ခဲဝါးမျိုနေကြသည်။
အဆင့် ၁ ဆင့်ကဲပြောင်းလဲထားသော ဇွန်ဘီအတော်များများမှာ အဆင့် ၂ သို့ တက်လှမ်းတော့မည့် အရိပ်အယောင်များ ပြသနေသည်ကို သတိထားမိလိုက်သောအခါ လုချွမ်း၏ နှုတ်ခမ်းအစုံမှာ အသာအယာ ကွေးညွှတ်သွားပြီး အလွန်ပင် ကျေနပ်သွားမိသည်။ သူ၏ စိတ်ကူးထဲတွင် အမြုတေများကို ရိတ်သိမ်းပြီး ဆဌမမြောက် အဆင့် ၅ ဇွန်ဘီရုပ်သေးကို မွေးမြူမည့် ပုံရိပ်များပင် ပေါ်လာတော့သည်။
နောက်ဆုံးတစ်ကြိမ် ရိတ်သိမ်းပြီးနောက် မွေးမြူရေးစခန်းအတွင်းရှိ အဆင့် ၂ နှင့် အဆင့် ၃ ဆင့်ကဲဇွန်ဘီများမှာ လုံးဝကုန်ခမ်းသွားခဲ့ပြီး မူလက သိပ်သည်းလှသော ဇွန်ဘီအုပ်ကြီးမှာ ဆယ်ပုံတစ်ပုံခန့် လျော့နည်းသွားခဲ့သည်။
လုချွမ်းသည် ဇွန်ဘီအရေအတွက် လျော့နည်းသွားသည်ကို ဘာမှမလုပ်ဘဲ ဒီတိုင်းကြည့်မနေခဲ့ပေ။ မီးလျှံ ၂ ကို အဆင့်မြှင့်တင်ပြီးနောက် သူသည် သာမန်ဇွန်ဘီအမြောက်အမြားကို စခန်းထဲသို့ အထူးဖြည့်တင်းပေးခဲ့သည်။
ဤသာမန်ဇွန်ဘီများမှာ အဆင့် ၂ နှင့် ၃ သို့ ရောက်ရှိရန် အချိန်ယူရမည်ဖြစ်ပြီး အချိန်တိုအတွင်း မပြီးမြောက်နိုင်ပေ။ ထို့ကြောင့် နောက်ထပ် အဆင့် ၅ ဇွန်ဘီရုပ်သေးတစ်ကောင် ထပ်မံဖန်တီးရန်အတွက် လုချွမ်းသည် ဤအဆင့် ၁ ဆင့်ကဲဇွန်ဘီများကိုသာ အဓိကအရင်းအမြစ်အဖြစ် အသုံးပြုရဖွယ် ရှိနေသည်။
အခြားတစ်ဖက်တွင်မူ ဖခင်ဖြစ်သူအား ဗီဇပြောင်းငါးများ ဖမ်းဆီးရာတွင် ကူညီပေးပြီးနောက် ကျိရုရွှယ်သည် ဗီလာအိမ်၏ အိပ်ခန်းထဲသို့ တစ်ဦးတည်း ပြန်လာခဲ့သည်။
မကြာမီမှာပင် ငါးဖမ်းစဉ်က ကုန်ခမ်းသွားသော စွမ်းအင်များ ပြန်လည်ပြည့်ဝလာပြီးနောက် ကျိရုရွှယ်သည် ကုတင်ပေါ်သို့ တက်ကာ တင်ပျဉ်ခွေထိုင်လျက် အလေးအနက် ကျင့်ကြံနေတော့သည်။
ကျိရုရွှယ်က ကျင့်စဉ်ကို လှည့်ပတ်လိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ စွမ်းအင်ဓာတ်များမှာ သူမထံသို့ လျင်မြန်စွာ စုစည်းလာကြသည်။ ချက်ချင်းဆိုသလိုပင် ကျိရုရွှယ်၏ ခန္ဓာကိုယ်ပတ်လည်တွင် မှန်သားကဲ့သို့ ကြည်လင်သော ဝိညာဉ်အလင်းတန်းတစ်ခု ပေါ်ထွက်လာပြီး ကြောက်မက်ဖွယ်ကောင်းကာ ခန့်ညားထည်ဝါသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။
ထိုအချိန်တွင် လီမြစ် အခြေစိုက်စခန်းနှင့် နှစ်ကီလိုမီတာအကွာရှိ ကုန်းမြင့်လေးတစ်ခုပေါ်တွင် ရဲရင့်ပြတ်သားသော ပုံရိပ်တစ်ခု မတ်တပ်ရပ်နေသည်။
"ချီချီလေးရေ... အန်တီ လာတွေ့ပြီနော်"
"ဒီကလေးမလေး ငါ့ကို လွမ်းနေမလားမသိဘူး။ လွမ်းနေမှာပါလေ... ဟို လုချွမ်းဆိုတဲ့ လူကမှ စကားသိပ်ပြောတာမဟုတ်တာ။ ချီချီလေးခမျာ တစ်ယောက်တည်း ပျင်းနေရှာမှာပဲ"
ဝေးလံသော လီမြစ် အခြေစိုက်စခန်းကို ကြည့်ရင်း ကျောက်လင်းသည် ပြုံးပျော်စွာ တွေးနေမိပြီး ရင်ခုန်စိတ်လှုပ်ရှားနေမိသည်။ ချီချီလေးကို မတွေ့ရသည်မှာလည်း ရက်အတော်ကြာနေခဲ့ပြီ ဖြစ်သည်။
သူမ၏ ရှေ့မှောက်တွင်မူ အမြင့် ၆ ကျန်း ပေ ၆၀ ကျော်ခန့် ရှိသော တံတိုင်းကြီးမှာ သံမဏိတောင်တန်းကြီးတစ်ခုအလား မြို့ကို ဝန်းရံထားပြီး အက်ကွဲကြောင်း တစ်စုံတစ်ရာပင် မရှိချေ။ တံတိုင်းထိပ်တွင် ရိုင်ဖယ်သေနတ်များ ကိုင်ဆောင်ထားသော ဇွန်ဘီတန်းကြီးမှာ ရှေ့နောက် ခေါက်တုံ့ခေါက်ပြန် ကင်းလှည့်နေကြသည်။
မြို့အပြင်ဘက်တွင်လည်း ဇွန်ဘီအုပ်ကြီးများ စုဝေးနေကြသည်။ ဤသာမန်ဇွန်ဘီများမှာ သေနတ်များ မကိုင်ထားသော်လည်း သူတို့၏ တိုက်ခိုက်ရေးစွမ်းအားမှာ သာမန်ဇွန်ဘီများနှင့် မခြားနားပေ။ သို့သော် ဤဇွန်ဘီများက တံတိုင်းကို အထပ်ထပ်အခါခါ ဝန်းရံထားကြသည်။ သာမန်ဆင့်ကဲပြောင်းလဲသူအချို့အတွက်မူ ဤဇွန်ဘီအုပ်ကြီးကို ဖြတ်ကျော်ပြီး မြို့ဂိတ်တံခါးဆီသို့ ရောက်ရန်မှာ အမှန်တကယ် စိန်ခေါ်မှုတစ်ခုပင်။
သို့သော် ကျောက်လင်းကတော့ ထိုအရာကို လုံးဝဂရုမစိုက်ပေ။
ဘာပဲဖြစ်ဖြစ် ဒီဇွန်ဘီတွေအားလုံးက လုချွမ်းရဲ့ အမိန့်အောက်မှာ ရှိနေတာပဲ။ အားလုံးက မိသားစုဝင်တွေဆိုတော့ ငါ့ကို တိုက်ခိုက်ကြမှာ မဟုတ်ပါဘူး။