ကံကောင်းစေတဲ့ ဆွဲဆောင်မှုတစ်ခု : ငွေကြေးဆုံးရှုံးမှု လမ်းကြောင်းတစ်ခု (2)
Vol. 44 Ch. 432
လူတစ်ယောက်၏ ဇာတာအရ ‘ခုနှစ်ထောက်တိုင်’သည်က ဘဝ၏ ပထမပိုင်းတွင် ဘိုးဘေးများ၏ စည်းစိမ်နှင့် ကောင်းချီးတို့အား ကိုယ်စားပြုခြင်းဖြစ်သည်။
မစ်စ်စွန်းနှင့် ခင်ပွန်းသည်တို့ နှစ်ဦးလုံးတွင် မထင်ရှားသော ခုနှစ်ထောက်တိုင်များ ရှိပြီး ‘လုယက်ခံရခြင်း’က နေရာယူထားသည်။
အဓိပ္ပာယ်မှာ သူတို့နှစ်ဦးလုံးသည်က ငယ်ရွယ်စဉ်က ဆင်းဆင်းရဲရဲ ကြီးပြင်းလာရသူများဖြစ်သည်။
ငွေကြေးမရှိ၊ ဆင်းရဲ၍ အလုပ်ကြိုးစားလုပ်ကိုင်ခဲ့ရသူများဖြစ်ပေသည်။
တိုက်ဆိုင်စွာပင် ‘နာရီထောက်တိုင်’သည်က အသက်အရွယ်ကြီးမြင့်ချိန်တွင် ချမ်းသာကြွယ်ဝခြင်းအား ကိုယ်စားပြုပြီး ကောင်းချီးပေးသည့် ဝိဉာဉ်တစ်ပါးဖြစ်သော ‘စားကောင်းသောက်ဖွယ်နတ်ဘုရား’မှ နေရာယူထားသည်။
သူတို့၏ ဘဝက သက်လတ်ပိုင်းနှင့် အသက်ကြီးပိုင်းတွင် ပြောင်းလဲသွားလိမ့်မည်။
ကိုယ်ပိုင်လုပ်ငန်းအား အားကိုး၍ ချမ်းသာလာခြင်းဖြစ်စေ၊ သားသမီး၊မြေးမြစ်များသည် အရည်အချင်းရှိကာ သိတတ်သောကြောင့် ဘဝအား အေးဆေးစွာ ဖြတ်သန်းနိုင်ရခြင်းဖြစ်စေ ဖြစ်လာမည်ဖြစ်သည်။
သူတို့၏ တစ်ဦးတည်းသော သမီး၏ ဇာတာနှင့် အခြေအနေအရ ဖြစ်နိုင်ခြေက ပထမတစ်ချက်သာရှိသည်။
“ကျွန်မတွက်တာ မမှားဘူးဆိုရင် မစ်စတာဝမ်ရဲ့ အလုပ်အကိုင်ကောင်းချီးက လွန်ခဲ့တဲ့ သုံးနှစ်လောက်က စတာပဲ၊ မစ်စ်စွန်းကတော့ နည်းနည်းနောက်ကျတယ်၊ သူ့ရဲ့ အလုပ်အကိုင်စီးပွားရေးနဲ့ ငွေကြေးတို့က အရင်နှစ်တုန်းက တော်တော်လေးကို တိုးတက်လာတာပဲ”
“မစ်စတာဝမ်ရဲ့ နားထင်က ‘ရွေ့ပြောင်းခြင်းနန်းတော်”က နည်းနည်းချိုင့်နေပေမဲ့ အဲဒီနေရာမှာပဲ အနီရောင်မျဉ်းတွေကို မြင်နေရတယ်
ပထမအချက်က ရှင်က ဒီနှစ်ပိုင်းအတွင်းမှာ အိမ်မှာ သိပ်မနေရဘူး ဇနီးနဲ့ သမီးတို့နဲ့ ခွဲနေရတယ်”
“ဒုတိယအချက်က အဲဒါက ဖိအားပေးခံရတာမဟုတ်ဘဲ ရှင့်ရဲ့ အလုပ်အကိုင်နဲ့ ဆက်စပ်နေတယ်
ရှင်က မိသားစုနဲ့ အတူနေရမဲ့ အချိန်ကို ဆုံးရှုံးလိုက်ရပေမယ့် တစ်ချိန်တည်းမှာ ငွေကြေးရရှိခဲ့တယ်”
မစ်စတာဝမ် ခေါင်းကို ဆက်တိုက်ငြိမ့်လိုက်ရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“အချိန်က ကွက်တိပါပဲ အလုပ်အကိုင်ကလည်း အမှန်ပါပဲ”
“ကျွန်တော် ပြီးခဲ့တဲ့ သုံးနှစ်လောက်တုန်းက ထရပ်ကားလိုင်စင်ရခဲ့တာလေ၊ ဒါနဲ့ ပို့ဆောင်ရေးကုမ္ပဏီတစ်ခုမှ ပစ္စည်းသယ်ပို့အနေနဲ့ ဝင်လုပ်ခဲ့တာလေ
အစကတော့ လုပ်ငန်းက သိပ်ပြီး အဆင်မပြေသေးတော့ တစ်လကို ငါးထောင်၊ ခြောက်ထောင်လောက်ပဲ ရခဲ့တာ”
“ကုမ္ပဏီလုပ်ငန်းလည်း အဆင်ပြေရော ကျွန်တော် တစ်လကို ရက်(၂၀)လောက် ခရီးရှည်တွေ မောင်းရတယ် အဲဒီတုန်းကဆို နှစ်သောင်းနီးပါးထိရတာ! ဒါက အရင်တုန်းက လုံခြုံရေးလုပ်တုန်းကထက်ဆို အများကြီးပိုရတာပေါ့”
“ မကောင်းတာတစ်ခုကတော့ အရမ်းပင်ပန်းတယ်၊ အိမ်မှာ မဟုတ်ဘဲ ဟိုင်းဝေးလမ်းပေါ်မှာ နာရီတွေ အကြာကြီး ကားမောင်းနေတာလေ၊ ညဘက်တွေမှာ မောင်းရတာက အန္တရာယ်ရှိနိုင်တယ်”
နှစ်နှစ်၊ သုံးနှစ်အတွင်းမှာပင် အိမ်၏ အခြေအနေက ပို၍ တိုးတက်ကောင်းမွန်လာခဲ့သော်ငြား သူ့တွင်လည်း အသေးစား ကျန်းမာရေးပြဿနာများ ပေါ်လာခဲ့သည်။
နောက်ကျောနာခြင်း၊ ခါးနာခြင်းတို့သာမက ဆံပင်များပါ ဖြူလာခဲ့သည်။
မစ်စ်စွန်းလည်း ပြောလိုက်သည်။
“ကျွန်မကို ဟောပြောတာလည်း မှန်ပါတယ်”
“အရင်တုန်းက ကျွန်မ ဟိုတယ်မှာ သန့်ရှင်းရေးဝန်ထမ်းလုပ်တာလေ တစ်လကိုမှ နှစ်ရက်ပဲ ပိတ်ရက်ရတယ်၊ အာမခံကြေးဆောင်လိုက်မယ်ဆိုရင် တစ်လကို သုံးထောင်လောက်ရတယ်
မနှစ်တုန်းကတော့ ကျွန်မ ညဈေးမှာ အစ်မတစ်ယောက်နဲ့အတူ အင်္ကျီတွေရောင်းခဲ့တယ်၊ ကုန်ကြမ်းတွေ ဝယ်ပြီး ကျွန်မဘာသာ ချုပ်ခဲ့တာ၊ အဲဒီတုန်းကဆိုရင် တစ်လကို သုံးထောင်ကနေ ငါးထောင်အထိရတယ်၊ လူစည်တဲ့အချိန်ဆို ပိုပြီးတောင် ရောင်းရသေးတယ်!”
သူမ တစ်ချက် ရှိုက်လိုက်ရင်း မျက်ရည်များကို သုတ်လိုက်သည်။
“ကျွန်မတို့ရဲ့ဘဝတွေက ပိုပြီးကောင်းလာပြီလို့ ထင်ပြီး အိမ်ဟောင်းလေးတစ်လုံးလောက် ဝယ်နိုင်ဖို့အတွက် ငွေစုခဲ့ကြတယ်၊ သူနဲ့ ကျွန်မ အလုပ်,လုပ်နေတာ နှစ် (၂၀)လောက်တောင် ရှိနေပြီဆိုပေမဲ့ ကိုယ်ပိုင်အိမ်လေး မဝယ်နိုင်သေးဘူး၊ အဲဒါက ကျွန်မတို့ဘဝရဲ့ အိပ်မက်လေ”
ပြောနေရင်းပင် မစ်စ်စွန်းက ခံစားချက်အား ထိန်းမထားနိုင်တော့ဘဲ ကင်မရာရှေ့တွင် ချုံးပွဲချငိုကြွေးလိုက်မိသည်။
ဘေးတွင် ထိုင်နေသည့် ခင်ပွန်းဖြစ်သူသည်လည်း စကားတစ်ခွန်းမှမဆိုနိုင်ဘဲ မျက်ရည်ကိုသာ တိတ်တဆိတ် သုတ်နေခဲ့သည်။
ထိုမြင်ကွင်းကို မြင်ရပြီးနောက်
ကုကျစ်စုန့် မျက်လွှာအသာချလိုက်ရင်း သက်ပြင်းဖွဖွ ချမိသည်။
“ရှင်တို့ ငွေတွေစုဆောင်းခဲ့ပြီး အိမ်ဝယ်ချင်ခဲ့ပေမဲ့ သမီးဖြစ်သူက ငွေတွေကို အကုန်သုံးပစ်လိုက်တယ်မလား?”
နဖူးက စိတ်ကျခြင်းဖြင့် ပြည့်နေခဲ့ပြီး နှာခေါင်းရိုးထိပ်သည်လည်း ကျိုးနေခဲ့သည်။
မျက်ဝန်းများသည် ကြည်လင်ခြင်းမရှိ၊ မေးတွင်လည်း အဖုများ ပေါက်နေခဲ့သည်။
နှစ်ဝက်အတွင်းမှာပင် ဤစုံတွဲ၌ မကောင်းသည့်အရာများ ဖြစ်ပွားခဲ့လိမ့်မည်။ သူတို့သည်က ထိုအရာများကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရသော်လည်း ဘဝတွင် ကြီးမားသည့် ထိခိုက်မှုမရှိခဲ့သောကြောင့် လျစ်လျှူရှုခဲ့ကြခြင်းပင်။
သူတို့ သိမထားခဲ့သည်မှာ ထိုအချက်လေးများသည်က ငွေကြေးကြွယ်ဝမှုတွင် သိသိသာသာ လျော့ပါးသွားတော့မည်ဖြစ်ကြောင်း၊ ငွေကြေးဆုံးရှုံးမှုများ ဖြစ်ပေါ်လာတော့မည်ဖြစ်ကြောင်း ပြောပြနေသည့် ရှေ့ပြေးနိမိတ်များပင် ဖြစ်ပေသည်။
ထိုသို့မကောင်းသည့် အရာလေးများက တိုက်ဆိုင်ခြင်းသာ ဖြစ်သည်။ သို့သော် တိုက်ဆိုင်ခြင်းများ သုံးလေးခု ဖြစ်လာပါက ထိုအရာသည်က ကံကြမ္မာပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်လာသည့် မသန့်စင်သော လေထု၏ သက်ရောက်ခြင်းကြောင့်သာ ဖြစ်ပေသည်။
ကုကျစ်စုန့်၏ အသံက လေးနက်တည်ငြိမ်နေခဲ့သည်။
“မစ်စ်စွန်းက အထည်လုပ်ငန်းကို ဒီနှစ် ဇန်နဝါရီလမှာ စတင်ခဲ့ပြီးတော့ မေလလောက်မှာ အကျိုးအမြတ် ကောင်းကောင်းရခဲ့တယ်၊ လွန်ခဲ့တဲ့ သုံးလလောက်တုန်းက ရှင်နဲ့အတူ ဆိုင်ဖွင့်ခဲ့တဲ့ သူငယ်ချင်းက အင်္ကျီရောင်းဖို့အတွက် စတိုးဆိုင်လေး ဖွင့်ဖို့ အကြံပေးလာခဲ့တယ်
အဲဒီအကြံကြောင့်ပဲ ရှင် ဆက်တိုက် စဉ်းစားနေခဲ့တယ်၊ ညဆိုလည်း လူးလိမ့်ပြီး အတွေးလွန်နေတတ်တယ် အိပ်မပျော်ခဲ့ဘူး အဲဒီဖိအားတွေက များလွန်းလို့ ရှင့်ရဲ့ ရောဂါဟောင်းတစ်ခု ပြန်ထလာတဲ့အတွက် ဆေးရုံကိုတောင် သွားပြခဲ့ရတယ်”
“အဲဒီအချိန်တုန်းက ရှင့်ရဲ့နဖူးပေါ်မှာ ဝက်ခြံရှိနေခဲ့လိမ့်မယ်၊ အဲဒါက အခုထိလည်း မပျောက်သေးဘူး နီညိုရောင် အမာရွတ်တွေ ကျန်ခဲ့တုန်းပဲ”
မစ်စ်စွန်းမှာ မျက်ဝန်းများ နီရဲနေခဲ့ပြီး ထိုစကားကို ကြားရပြီးနောက် မသိလိုက်ခင်မှာပင် လက်ဖြင့် နဖူးအား စမ်းကြည့်လိုက်မိသည်။
“ဟုတ်သားပဲ…”
ကိုယ်ပိုင်လုပ်ငန်းတစ်ခု တည်ထောင်ရန်ဆိုသည်မှာ လွယ်ကူသည့် အရာတစ်ခုမဟုတ်ပါချေ။ ဆိုင်နေရာငှားရမ်းခြင်းနှင့် ကုန်ကြမ်းများ ဝယ်ယူခြင်းတို့သည်ပင် အနည်းဆုံး သောင်းဂဏန်း ကျသင့်မည်ဖြစ်သည်။ ထိုစီးပွားရေးသည်က အောင်မြင်မည်ဟုလည်း အာမ မခံနိုင်ပေ။
သို့သော် သူမက ဤကဲ့သို့သော အခွင့်အရေးမျိုးကို လက်လွှတ်ကာ တစ်သက်လုံး သန့်ရှင်းရေး ဝန်ထမ်းဘဝအဖြစ်နှင့်လည်း အရိုးမထုတ်ချင်ခဲ့ပ။
သူမ ထိုကိစ္စနှင့် ပတ်သတ်၍ အတွေးလွန်ကာ စိတ်ပူပန်ခဲ့ရသည်။ ဆေးရုံသို့ သွားရောက်ခဲ့စဉ်က သူမအတွကာ ဆေးညွှန်းရေးပေးသည့် ဆရာဝန်ကပင် သူမ စိတ်ဖိစီးမှုအရမ်းများနေကြောင်း ပြောဆိုခဲ့သည်။ သူမ၏အရွယ်တွင် မျက်နှာတစ်ခုလုံး ဝက်ခြံဖြင့် ပြည့်နေခြင်းမျိုးမှာ ရှားပါးလွန်းပေသည်။
နောက်ပိုင်းတွင် ဝက်ခြံအများစု ပျောက်ကင်းသွားခဲ့သော်လည်း အမာရွတ်များက ကျန်ရစ်နေခဲ့သည်။
သူမအနေဖြင့် အသားအရေထိန်းသိမ်းသည့် skincare နှစ်မျိုးကို ဝယ်သုံးခဲ့သော်လည်း ပျောက်ကင်းခြင်းမရှိသောကြောင့် လျစ်လျှူရှု့ထားခဲ့ရသည်။
သူမ တွေးနေသည့်အတွေးကို သိနေသည့်အလား ကုကျစ်စုန့်က ဆက်ပြောလိုက်သည်။
“အဲဒါတွေက သာမန်ဝက်ခြံအမာရွတ်မဟုတ်ဘူး၊ မသန့်စင်တဲ့ လေကြောင့် ဖြစ်လာရတာပဲ”
“လူတွေရဲ့နဖူးပေါ်က ‘ထျန်ကျုံး’နေရာကနေ ‘ယင်ထန်’နေရာထိက အရာရှိနန်းတော်နဲ့ အသက်နန်းတော်နေရာပဲ၊ ပထမတစ်ခုက ‘စီခုန်’နေရာမှာ ရှိနေပြီး အလုပ်အကိုင်၊ အသက်မွေးဝမ်းကြောင်းနဲ့ ချမ်းသာခြင်းတို့ကို ကိုယ်စားပြုတယ်
အဲဒီနေရာကို မသန့်စင်တဲ့လေရဲ့ သက်ရောက်ခြင်းခံရတယ်ဆိုရင် အဲဒီလူက ငွေကြေးဆုံးရှုံးမယ်၊
အလုပ်အကိုင်အခွင့်အလမ်းတွေ ပိတ်ဆို့နေပြီး မအောင်မမြင်ဖြစ်တတ်တယ်ဆိုတဲ့ သဘောပဲ”
သူမက လက်ကို မြှောက်လိုက်လေသည်။
ထိုကျောက်စိမ်းကဲ့သို့ ဖြူဖွေးသွယ်လျသည့် လက်ချောင်းထိပ်လေးများက နဖူးပေါ်မှ နေရာတစ်ခုကို ထောက်ပြလိုက်လေ၏။ ထိုနေရာမှာ ‘အရာရှိနန်းတော်’၏ တည်နေရာပင် ဖြစ်သည်။
နဖူးကို ကိုင်ကြည့်နေမိသော မစ်စ်စွန်းလည်း ကုကျစ်စုန့်ထောက်ပြထားသည့် နေရာက သူမ၏ နဖူးတွင် မညီမညာဖြစ်နေသော နေရာပင် ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
တိုက်ရိုက်ထုတ်လွှင့်ခန်းတွင်းမှ လူများသည်လည်း ကိုယ့်နဖူးကိုယ် စမ်းကြည့်နေမိကြသည်။
နဖူးတွင် ဝက်ခြံရှိနေသူများမှာ သူတို့သည်လည်း မကြာခင် ငွေကြေးဆုံးရှုံးရတော့မည်လားဟု စနောက်၍လည်းကောင်း၊ စိတ်ပူ၍ လည်းကောင်း ပြောဆိုလာကြသည်။
ကုကျစ်စုန့်: “……”
“လူအများစုက အိပ်ချိန်နောက်ကျတာ၊ အစားအသောက်ပုံမှန်မဟုတ်တာတွေကြောင့်ဖြစ်ကြတာပါ၊ စိတ်ပူဖို့ မလိုပါဘူး”
မစ်စ်စွန်း၏ မျက်ခုံးနှစ်ခုကြားမှ ဝက်ခြံမီာ စိတ်ဖိစီးမှုနှင့် ဒေါသတို့ကြောင့် သွေးလည်ပတ်မှု ပြဿနာရှိ၍ ပေါ်လာသည့် ဝက်ခြံမျိုးဖြစ်ပေသည်။
သူမက စိတ်ပူပန်နေပုံရသည့် မစ်စ်စွန်းကို သေသေချာချာကြည့်လိုက်ကာ ဆက်ပြောလာသည်။
“ရှင် ကျွန်မကို ပို့ထားတဲ့ ဓာတ်ပုံတွေအရ ငယ်ငယ်တုန်းက ရှင်က မျက်ရစ်နှစ်ထပ်ရှိပြီး မျက်လုံးပုံစံက ဗာဒံစေ့ပုံရှိတယ်နော်၊ ဒါပေမယ့် အခု ကိုယ့်ကိုကိုယ် သေချာပြန်ကြည့်ပါဦး၊ မျက်လုံးတစ်ဖက်ကတော့ မျက်ရစ်ရှိနေသေးပေမဲ့ တစ်ဖက်မျက်ခွံက အောက်ကို ကျလာပြီး မျက်ရစ်တစ်ဖက်က မပေါ်တော့ဘူးလေ”
“ရှင့်ရဲ့ ညာဖက်မျက်လုံးက သေးလာတယ်လို့ မထင်ဖူးလား?”
မစ်စ်စွန်း: “အဲဒါက အသက်အရွယ်ကြောင့် မဟုတ်ဘူးလားဟင်”
“သေချာပေါက် မဟုတ်ဘူးပေါ့”
“အချိန်က လူတွေရဲ့ မျက်နှာပေါ်မှာ ထင်ဟပ်စေတယ်ဆိုတာတော့ အမှန်ပေမဲ့ ရှင့်မျက်လုံးတွေက အဲဒီလောက် မြန်မြန်သေးသွားမှာမဟုတ်ဘူးလေ၊ ပြီးတော့ ရှင်က ဒီနှစ်မှ (၃၇)နှစ်ပြည့်မှာ အသက်ကြီးနေပြီလို့ ပြောလို့ မရသေးဘူး”
“ရုပ်လက္ခဏာဗေဒအရ လူတစ်ယောက်ရဲ့ မျက်နှာမှာ (၇၀%)လောက်က မျက်လုံးပဲ၊ လူတစ်ယောက်ရဲ့ မျက်လုံးတွေက ‘စိတ်ဝိဉာဉ်’ကို ထိန်းသိမ်းထားနိုင်ပြီး အဲ့လူရဲ့ ကံကောင်းခြင်းနဲ့ ဉာဏ်ရည်ကို ကိုယ်စားပြုတယ်”
“ပြောဖို့တောင် မလိုဘူး၊ ရှင့်မျက်လုံးတွေက အခု တိမ်ဖုံးနေသလိုမျိုး အရောင်ဖျော့နေတယ်၊ ရှင့်ရဲ့ ညာဖက်မျက်လုံး ရုတ်တရက်သေးသွားတာကလည်း ငွေကြေးဆုံးရှုံးတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ”
*