← Chapters

ကံကောင်းစေတဲ့ ဆွဲဆောင်မှုတစ်ခု : ငွေကြေးဆုံးရှုံးမှု လမ်းကြောင်းတစ်ခု  (3)

Vol. 44 Ch. 433

ကံကောင်းစေတဲ့ ဆွဲဆောင်မှုတစ်ခု : ငွေကြေးဆုံးရှုံးမှု လမ်းကြောင်းတစ်ခု  (3)

Vol. 44 Ch. 433

ရုပ်လက္ခဏာဗေဒ၏ နန်းတော် (၁၂)ခုတွင် ‘ကြွယ်ဝခြင်းနန်းတော်’အပြင် ကြည့်လိုက်ရုံနှင့် လူတစ်ယောက်၏ စည်းစိမ်အား သိနိုင်သည့်နေရာမှာ ‘အိမ်ခြံမြေနန်းတော်’ပင်ဖြစ်သည်။

ထိုနန်းတော်သည်က မျက်ခုံးအောက်မှ အထက်မျက်ခွံနှင့် မျက်ဆံများကြားတွင် တည်ရှိနေခြင်းဖြစ်ပေသည်။

ထိုနေရာမှာ မျက်နှာပိုင်ရှင်၏ အိမ်ခြံမြေပိုင်ဆိုင်မှု၊ စုဆောင်းခြင်းတို့အား ပြနိုင်သည့် နေရာဖြစ်သည်။

မျက်လုံးများ ရုတ်တရက် အရွယ်အစားပြောင်းလဲသွားခြင်းသည်က ‘အိမ်ခြံမြေနန်းတော်’ ထိခိုက်ခြင်းဖြစ်ပြီး ထိုနန်းတော်နေရာတွင် ရေလွှမ်းသွားသကဲ့သို့ပင်ဖြစ်လာလိမ့်မည်။

ထိုအချက်များမှာ မစ်စ်စွန်း၏ ငွေကြေးဆုံးရှုံးမှု၊ ကံဆိုးခြင်းတို့၏ ရှေ့ပြေးနိမိတ်များပင်ဖြစ်သည်။

ကုကျစ်စုန့်၏ ရှင်းပြချက်အား နားထောင်ပြီးနောက် ငိုကြွေးထားသဖြင့် နီရဲနေသည့် မစ်စ်စွန်း၏ မျက်ဝန်းများတွင် မျက်ရည်စို့လာခဲ့ပြန်သည်။

ထို့နောက် ကုကျစ်စုန့် အကြည့်က ခင်ပွန်းဖြစ်သူ မစ်စတာဝမ်၏ မျက်နှာပေါ်သို့ ရောက်ရှိသွားခဲ့သည်။

“မစ်စတာဝမ်ရဲ့ မျက်နှာကတော့ ပိုပြီး ရိုးရှင်းပြီး၊ ပိုပြီး ကြည်လင်နေသေးတယ်၊ ရှင်က လွန်ခဲ့တဲ့ တစ်လကျော်လောက်တုန်းက ကားမောင်းနေရင်းနဲ့ လမ်းလျှောက်နေတဲ့သူတစ်ယောက်ကို တိုက်မိပြီး မြေပေါ်ကို လဲကျသွားခဲ့တယ်၊

ရှင့်မျက်နှာကို မြေကြီးနဲ့ ပွတ်ဆွဲသွားပြီး ထိခိုက်ထားခဲ့တာပဲ”

“နှာခေါင်းနဲ့ မေးရိုးကျိုးသွားခဲ့တယ်၊ အမာရွတ်တွေတောင် ကျန်နေသေးတယ်၊ သွားတစ်ချောင်းနဲ့ တစ်ဝက်လည်း ကျွတ်ထွက်သွားခဲ့တယ်”

“တောက်ကျန့်က အရမ်းကို တော်လွန်းတာပဲ၊ ကျွန်တော် သွားဘယ်နှစ်ချောင်းကျိုးသွားလဲဆိုတာတောင် တွက်ချက်နိုင်တယ်!”

“နှာခေါင်းရဲ့ ထိပ်ဖျားဆိုတာ ‘ချမ်းသာခြင်းနန်းတော်’ပဲ၊ ရှင့်နှာခေါင်းပေါ်က ဒဏ်ရာက အခုထိ ရောင်နေတုန်း၊ သေသေချာချာမပျောက်သေးဘူး အဲဒါကလည်း မသန့်စင်တဲ့ လေရဲ့ သက်ရောက်ခြင်းခံရတာပဲ၊

မေးစေ့အတွက်ကတော့ ကျယ်ပြန့်တဲ့ နေရာပဲ၊ အဲလိုနေရာမှာ အဖုအထစ်တွေ ဖြစ်နေတာက ကံဆိုးခြင်းနဲ့ အိုးအိမ်နေရာမတည်မြဲခြင်းဆိုတဲ့ အဓိပ္ပာယ်ပဲ”

“အိုးအိမ်နေရာမတည်မြဲခြင်း… အိုးအိမ်နေရာ.. မတည်မြဲခြင်း…”

မစ်စတာဝမ် အားလျော့နေသော အပြုံးဖြင့် တီးတိုး ရေရွတ်နေခဲ့မိသည်။

“တောက်ကျန့်လိုမျိုး နတ်ဘုရားနဲ့ အစကတည်းက တွေ့ခဲ့ရရင် သိပ်ကောင်းမှာပဲ!”

“ကျွန်တော်တို့ ဇနီးမောင်နှံနှစ်ယောက်လုံး အလုပ်ကို ကြိုးစားခဲ့တယ်၊ မနက်မိုးလင်းကတည်းက ညမိုးချုပ်တဲ့ထိ ပင်ပင်ပန်းပန်း လုပ်ကိုင်ပြီး စုဆောင်းထားတဲ့ငွေ တစ်သိန်းခြောက်သောင်း၊ သူ့သူငယ်ချင်းက ဆိုင်ဖွင့်ဖို့အတွက်ဆိုပြီး ပြင်ဆင်ထည့်ထားပေးတဲ့ နှစ်သောင်းရော အကုန်လုံးကို ဘဏ်ကဒ်ထဲမှာ စုထားခဲ့တာလေ

အဲ့တာတွေ အကုန်လုံးကို ကျွန်တော့်ရဲ့ သမီးအလိမ္မာ ဝမ်ယွင်ယွင်က သူများအတွက် အကုန်ပေးပစ်တယ်တဲ့!”

အသက် (၄၀)အရွယ် အမျိုးသားကြီး ကင်မရာရှေ့တွင် ဝမ်းနည်းစွာ ငိုကြွေးနေခဲ့မိသည်။

“ကျွန်တော့်လို အသက်ကြီးကြီး လူတစ်ယောက်၊ အိမ်ပိုင်၊ကားပိုင်တောင် မရှိဘူး၊ တစ်သက်လုံး ခြစ်ကုတ်စုဆောင်းတာတောင် သိန်းဂဏန်းလောက်ပဲ စုနိုင်တဲ့သူက အသုံးမကျဘူးဆိုတာ သိပါတယ်

ဒါပေမယ့်လေ ကျွန်တော်တို့တွေ ဘယ်လောက်ကြီး ဆင်းရဲပါစေ ဒီသမီးကို မျက်နှာမငယ်စေခဲ့ရဘူး! ကျွန်တော်တို့ နောက်ထပ် သုံးနှစ်ကနေ ငါးနှစ်လောက်ထိ ထပ်စုပြီးတော့ နယ်ဘက်မှာ အိမ်သေးသေးလေး တစ်လုံးဝယ်ဖို့ စိတ်ကူးထားခဲ့တာ

အသက်ကြီးရင် နေစရာလေး ရဖို့နဲ့ သမီးက ကျွန်တော်တို့ကို ထောက်ပံ့ပေးဖို့ မလိုအောင်ဆိုတဲ့ အတွေးနဲ့လေ… ဘယ်သူက ...ဘယ်သူက ထင်ထားခဲ့မှာလဲ?!!”

“ကျွန်တော်တို့ စုထားသမျှ ငွေတွေ အကုန်လုံးပဲ! အဲဒါတွေအကုန်လုံးကို သူယူသုံးပစ်လိုက်တာ.. အကုန်လုံးကို မရှိတော့ပါဘူး!”

ထိုစုံတွဲ၏ ကံကြမ္မာကို သူမတွက်ချက်ပြီး ဖြစ်သော်လည်း ခပ်တိုးတိုး အော်ဟစ်လိုက်သည့် ငိုကြွေးသံအား ကြားလိုက်ရချိန်တွင် သူမ နှုတ်ဆိတ်နေခဲ့မိသည်။

တိုက်ရိုက်ထုတ်လွှင့်ခန်းသည်လည်း ဆူညံနေခဲ့လေသည်။

[ချီးပဲ၊ ဒီ.. ဒီဦးလေးနဲ့ အန်တီတို့က သနားဖို့ ကောင်းလွန်းပါတယ်.. သူတို့တွေ အိမ်ဝယ်ဖို့ဆိုပြီး စုဆောင်းထားတဲ့ငွေတွေအကုန်လုံး သမီးက သုံးဖြုန်းပစ်လိုက်တယ်

အဲယါက စုန့်စုန့်ပြောသလို ‘ငွေကြေးဆုံးရှုံးပြီး အိုးအိမ်နေရမတည်မြဲတာ’ပဲ၊ သူတို့တွေက သမီးမွေးထားပေမဲ့ ရန်သူမွေးထားလိုက်သလိုဖြစ်သွားတာပဲ!]

[ဝမ်ယွင်ယွင်က သူ့မိဘတွေ စုဆောင်းထားသမျှ အကုန်လုံးကို အဲဒီဆယ်လီကို ပေးလိုက်တာ မဟုတ်ဖူးမလား?!]

[ငါတော့ နားထောင်နေရင်းကို ဒေါသထွက်နေပြီ၊ အဲဒီကောင်မလေး ခေါင်းများ ထိထားသလားမသိဘူး!]

ဇနီးမောင်နှံနှစ်ယောက်သား အနည်းငယ် တည်ငြိမ်သွားပြီးနောက် သူတို့၏ ဒေါသ၊ ဝမ်းနည်းခြင်းတို့ကို ထိန်းထားလိုက်ရင်း ထိုကိစ္စအား ဆက်ပြောသည်။

မစ်စတာဝမ်၏ စကားအရ သမီးဖြစ်သူသည်က ထိုဆယ်လီအား လွန်ခဲ့သည့်နှစ်ကတည်းက စတင်ကြိုက်နှစ်သက်ခြင်း ဖြစ်လေသည်။

သူမက ညလယ်ခေါင်တွင် တိုက်ရိုက်ထုတ်လွှင့်ခြင်းများ ကြည့်တတ်ပြီး လစဉ်လတိုင်းလည်း ယွမ်ထောင်ပေါင်းများစွာ လက်ဆောင်များ ပေးတတ်သည်။

မိသားစု၏ စုဆောင်းထားသော ငွေကြေးများကိုလည်း ထိုဆယ်လီအတွက် အသုံးပြုခဲ့ခြင်းသာဖြစ်သည်။

“အဲ့ကောင်လေးက အသက် (၂၀)ကျော်လောက် လူငယ်လေးပဲ၊ ရုပ်ကလည်း တော်တော်ချောချောလေး၊ ပြီးတော့ ပရိတ်သတ်တွေလည်း အများကြီးရှိတာ

သူက အရင်တုန်းက အက်ပလီကေးရှင်းတစ်ခုမှာ တော်တော်‌လေး နာမည်ကြီးတယ်၊ ဗီဒိယိုတွေ ရိုက်ပြီး like တွေလည်း အများကြီးရခဲ့တာလေ၊

ကျွန်တော်တို့နှစ်ယောက်လုံး အဲဒီကောင်လေးကို အွန်လိုင်းပေါ်မှာ မြင်ဖူးကြတယ်”

“ယွင်ယွင်က သူ့ကို ကျောင်းမှာလည်းကြည့်တယ်၊ ပိတ်ရက်တွေဆိုရင်လည်း ကြည့်တယ် အစကတော့ အရမ်း မရူးသွပ်သေးဘူး”

“နောက်ပိုင်းကတော့ သူက အိမ်မှာတောင် အင်တာနက်က သူငယ်ချင်းတွေနဲ့ အမြဲ chat နေခဲ့တာ၊ သူပြောသံကို ကြားတာတော့ အဲဒီဆယ်လီက အခု ကြယ်ပွင့်ဖြစ်နေပြီတဲ့

ကြည့်ရတာ သူက ရွေးချယ်တဲ့ ပြိုင်ပွဲမျိုးမှာ ဝင်ပါခဲ့တဲ့ပုံစံမျိုးပဲ၊ အဲဒီဆယ်လီကို ကြိုက်တဲ့သူတွေက သူ့ကို ထောက်ပံ့ပေးရမယ်ပေါ့၊ ပြိုင်ပွဲရဲ့ ထိပ်တန်းအနိုင်ရသူတွေကပဲ ကြယ်ပွင့်ဖြစ်နိုင်တာတဲ့”

“သူ့အမေနဲ့ ကျွန်တော်နဲ့က အဲဒါတွေကို နားမလည်ဘူးလေ၊ ဒီကလေးက အခုနှစ်တွေမှာ ကျွန်တော်တို့နဲ့လည်း ရောရောနှောနှော မနေဘူး၊ အဲလို အိုင်ဒေါတွေနောက်ကို လိုက်ရတာကိုပဲ စိတ်ဝင်စားတာ

ဒါကြောင့် ကျွန်တော်တို့လည်း ဝင်မစွက်ဖက်ခဲ့ပါဘူး၊ အဲဒီအချိန်တုန်းကဆိုရင် သူက အဲ့ဆယ်လီကို အိမ်မှာ နေ့တိုင်း support ပေးခဲ့တာ၊

ညလယ်ခေါင်ဆိုရင်လည်း သူက အွန်လိုင်းဖန်တွေကို လူစုပြီးတော့…”

ထိုအကြောင်းပြောနေရင်းပင် မစ်စတာဝမ် ခေတ္တရပ်လိုက်ပြီး သူကြားခဲ့ရသည့် စကားကို ပြန်စဉ်းစားနေမိသည်။

သူ့ဘေးမှ မစ်စ်စွန်း တစ်ချက်ရှိုက်လိုက်ရင်း အသံခပ်အုပ်အုပ်ဖြင့် ဝင်ထောက်ပေးသည်။

“ငါတို့တွေ ဒေတာစုဆောင်းရမယ်၊ ပြီးရင် black fan တွေကို ပြန်တိုက်ရမယ်”

“ဟုတ်တယ် ဟုတ်တယ် အဲဒါ..”

သမီးဖြစ်သူသည်က ထိုစကားကို နေ့စဉ်နေ့တိုင်း ပြောဆိုတတ်သောကြောင့် သူတို့နှစ်ဦးလုံးက ထိုစကားဖြင့် ရင်းနှီးနေပြီဖြစ်သည်။

“ သူက နေ့တိုင်းဖုန်းနဲ့ tablet ကိုပဲ ကိုင်နေတတ်တယ်၊ အိမ်မှာဆိုရင် ကွန်ပြူတာကိုပါ ဖွင့်ထားပြီးတော့ အဲဒီကောင်လေး သီချင်းဆိုတာ၊ ကနေတာကို ဖွင့်ထားတယ်

ညစာစားဖို့ ခေါ်လိုက်ရင်လည်း အမြဲတမ်း အလုပ်ရှုပ်နေတယ်ဆိုပြီး ကျွန်တော်တို့ကို ဂရုမစိုက်ဘူး”

[အဲဒါက talent show များလား? အခုပြီးခဲ့တဲ့ ခြောက်လအတွင်းမှာတော့ အဲဒီလိုမျိုး အမျိုးသားပြိုင်ပွဲက တစ်ခုပဲ ရှိတယ်၊

ပြီးတော့ အက်ပလီကေးရှင်းတစ်ခုမှာ နာမည်ကြီး၊ ပရိတ်သတ်တွေ အများကြီးနဲ့ ပြိုင်ပွဲဝင်တစ်ယောက်လည်း ပါတယ်လေ၊

အဲဒီတစ်ယောက် ဟုတ်တယ်မဟုတ်လား? သိသာလွန်းလို့ နာမည်တောင် ထုတ်ပြောမိတော့မလို့]

[ငါထင်သလိုဆိုရင်တော့ သူ့ပရိတ်သတ်တွေက မလွယ်ဘူးနော်၊ အခု ဒီတိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှာတောင် ရုတ်ရုတ်သဲသဲ ဖြစ်သွားနိုင်တယ်]

ကုကျစ်စုန့် ထိုစကားကို ကြားရပြီးနောက် မေးခွန်းထုတ်မိသည်။

“ဒီတော့ ရှင်တို့ရဲ့ စုငွေတွေက ဘယ်လိုလုပ် ပျောက်သွားရတာလဲ”

မစ်စ်စွန်း ပင်ပန်းစွာ ပြုံးလိုက်သည်။

“အဲဒီကောင်လေးက ဘာလို့ ပြိုင်ပွဲဝင်ပြိုင်တာလဲဆိုတော့ သူ့ပရိတ်သတ်တွေက သူ့ကို ပိုက်ဆံပေးလို့တဲ့၊ ကျွန်မလည်း အသေးစိတ်တော့ မသိပါဘူး

ဒါပေမယ့် သူတို့တွေက အဲဒီကောင်လေး ပြိုင်ပွဲမှာ ကြော်ငြာတဲ့ပစ္စည်းတွေကို ငွေသုံးပြီး ဝယ်ပေးရတယ်”

“အဲဒီတုန်းက ယွင်ယွင်က ကျွန်မဆီကနေ နေ့တိုင်း ပိုက်ဆံတောင်းပြီး ဘီစကစ်ဘူးတွေ အထပ်လိုက်ကို ဝယ်ထားတာ၊ အိမ်မှာကို ပုံနေခဲ့တာပဲ

အဲဒါတွေက အဲဒီကောင်လေး ကြော်ငြာထားတဲ့ ပစ္စည်းတွေလေ”

ဇနီးမောင်နှံနှစ်ယောက်လုံး ထိုကိစ္စကြောင့် စိတ်ဆိုးဒေါသထွက်ခဲ့ရပြီး သမီးဖြစ်သူမီာ ပြဿနာရှာကြောင်း၊ မသိတတ်ကြောင်း ပြောဆိုခဲ့ကြသည်။

မစ်စ်စွန်းာ ဆိုင်စောင့်နေရပြီး မစ်စတာဝမ်သည် ကုန်ပို့ဆောင်သည့် အလုပ်ဖြင့် အလုပ်များနေခဲ့သောကြောင့် အိမ်သို့ မပြန်လာသည့်ရက်မှာ ပို၍များသည်။ သမီးဖြစ်သူအား သေချာ ဂရုမထားမိခဲ့ပေ။

ဝမ်ယွင်ယွင်သည်က အင်မတန် အတင့်ရဲကာ မစ်စ်စွန်း၏ ပိုက်ဆံအိတ်တွင်းမှ မီးခံသေတ္တာသော့ကို ခိုးယူထားခဲ့သည်။ ထို့နောက် ထိုအထဲတွင် သိမ်းဆည်းထားသည့် ဘဏ်ကဒ်ကို ထုတ်ကာ ထိုကဒ်တွင်းမှ ငွေများကို ထုတ်ယူသုံးစွဲခဲ့သည်။

ထိုသို့ ခိုးယူခြင်းများက ညဘက်တွင်သာ လုပ်ဆောင်ခြင်းဖြစ်လေသည်။

မစ်စ်စွန်းမှာ တစ်နေကုန် အလုပ်များနေခဲ့သောကြောင့် ညအိပ်ရာဝင်ချိန်၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေချိန်တွင် ဝမ်ယွင်ယွင်မှ မိခင်ဖြစ်သူ၏ ဖုန်းကို ယူကာ ငွေအသွင်းအထုတ် ပြုလုပ်ထားသည့် မက်ဆေ့ချ်များကို ဖျက်ထားခဲ့သည်။

ထို့ကြောင့် သူမ၏ လုပ်ရပ်များအား သတိမထားမိခဲ့ခြင်းဖြစ်လေသည်။

သူမ၏ ခိုးယူမှုများအား တစ်လကျော်ကြာအထိ ဖုံးကွယ်ထားနိုင်ခဲ့သည်။ မစ်စ်စွန်း ဆိုင်အတွက် စာချုပ်,ချုပ်ဆိုရန် ဆုံးဖြတ်လိုက်ပြီးနောက် ကုန်ကြမ်းများ ဝယ်ယူရန်အတွက်‌ ငွေလွှဲရန် ပြင်ဆင်လိုက်ချိန်မှသာလျှင် ကတ်ထဲမှ ငွေများ ပျောက်ဆုံးနေကြောင်း သိခဲ့ရသည်။

*

All Chapters