← Chapters

ကံကြမ္မာပြောင်းလဲစေသော အစီအစဥ် (2)

Vol. 44 Ch. 435

ကံကြမ္မာပြောင်းလဲစေသော အစီအစဥ် (2)

Vol. 44 Ch. 435

ကွမ်ချီဟုန်၊ ယခုနှစ်တွင် အသက် (၂၄)နှစ်၊ နိုင်ငံခြားတွင် ကြီးပြင်းခဲ့သော တရုတ်လူမျိုး။

သူသည်က လွန်ခဲ့သော တစ်နှစ်ခန့်က တရုတ်ပြည်သို့ ပြန်လာခဲ့ပြီးနောက် ဗီဒီယိုအတိုလေးများ ရိုက်ကူးသည့် ကုမ္ပဏီတစ်ခုတွင် ဘလော့ကာအဖြစ် လုပ်ကိုင်ခဲ့သည်။

သူ၏ ချောမောလှပသည့် ရုပ်ရည်ကြောင့် အချိန်ခဏလေးအတွင်းမှာပင် ပရိတ်သတ်အများအပြား ရရှိခဲ့သည်။

နာမည်ကြီးလာပြီးနောက် ထိုကောင်လေးက အမျိုးသားအဆိုတော်အဖွဲ့ရွေးချယ်သည့် talent show တစ်ခုတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့လေသည်။

အစပိုင်းတွင် သူ့အား အကောင်းမြင်သူ နည်းပါးခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကွမ်ချီဟုန်၏ ကနဦးဗီဒီယိုများတွင် beauty filter များကို အသုံးပြုထားတတ်သောကြောင့် လူအများက ထိုသူမှာ အမှန်တကယ် စတိတ်အလင်းရောင်အောက်တွင် ရှင်သန်နိုင်လိမ့်မည်မဟုတ်ဟု ထင်ထားခဲ့ကြသောကြောင့်ပင်။

မည်သူထင်ထားခဲ့မည်နည်း?

ထိုပြိုင်ပွဲ၌ ပါဝင်လာချိန်တွင် သူ၏ ရုပ်ရည်သည်က ကင်မရာအောက်တွင်လည်း ပြောင်းလဲခြင်းမရှိခဲပေ။

ပထမအစပိုင်းများတွင် သူက ထင်ထင်ရှားရှားမရှိခဲ့သော်ငြား ပြိုင်ပွဲကို တိုက်ရိုက်ထုတ်လွှင့်ခဲ့ချိန်တွင်တော့ ပြောင်းလဲလာခဲ့သည်။

ထိုသူက ကင်မရာအောက်၌ ပို၍ပင် ကြည့်ကောင်းလာသည်ဟု ကြည့်ရှုသူများ သတိပြုမိလာခဲ့သည်။

အချိန်ကခဏလေးသာရှိသေးပြီး လေ့ကျင့်သူများသည်လည်း ကင်မရာအောက်တွင် တစ်ချိန်လုံးနေထိုင်ရသောကြောင့် ကွမ်ချီဟုန်က ပလတ်စတစ်ဆာဂျရီလုပ်ဆောင်ထားခြင်းလည်း မဖြစ်နိုင်ပေ။

သေသေချာချာ ရှာဖွေခဲ့ကြပြီးနောက် ပရိတ်သတ်များက ဆုံးဖြတ်ချက်ချလိုက်ကြလေ၏။ ပြိုင်ပွဲအစပိုင်းတွင် သူ၏ မိတ်ကပ်က ဆိုးဝါးပြီး အဝတ်အစားဝတ်ဆင်ပုံမှာလည်း ပုံမကျသောကြောင့် သူ၏ တောက်ပရမည့်အချက်များ မြှုပ်နေခဲ့ခြင်းသာ ဖြစ်လိမ့်မည်။

သူတို့က သူ၏ မိသားစုနောက်ခံအကြောင်းကိုလည်း မစုံစမ်းနိုင်ခဲ့ကြပေ။ ထိုသူ၏ တိုက်ရိုက်ထုတ်လွှင့်ခန်းတွင် ပြောခဲ့သည့်စကားများအရ နိုင်ငံခြားတွင် မွေးဖွားပြီး နိုင်ငံခြားတွင်သာ ပညာလေ့လာခဲ့ပြီး ကျောင်းပြီးချိန်မှသာ တရုတ်နိုင်ငံသို့ ပြန်လာခဲ့သည် ဟူ၏။

ပရိတ်သတ်များကလည်း သူ၏ မိသားစုနောက်ခံက သာမန်ထက် ကျော်လွန်နိုင်ပြီး ချမ်းသာသော မိသားစုတစ်ခု၏ သားဖြစ်နိုင်ကြောင်း ယူဆခဲ့ကြသည်။

ထိုသူက အနုပညာလောကသို့ ဘဝအတွေ့အကြုံလိုချင်၍သာ ဝင်ရောက်ခဲ့ခြင်း ဖြစ်နိုင်သည်။

ပြိုင်ပွဲ၏ နောက်ပိုင်းတွင် ကွမ်ချီဟုန်၏ ကျော်ကြားမှုက တဟုန်ထိုး တိုးတက်လာခဲ့ပြီး ပရိတ်သတ် အမြောက်အမြား ရရှိခဲ့သည်။

သူ၏ သီချင်းဆိုခြင်းနှင့် အကစွမ်းရည်တို့က အင်မတန် ညံ့ဖျင်းသော်ငြား ရုပ်ရည်နှင့် သူ၏တခြားသော ရယ်စရာ၊ ချစ်စရာကောင်းသည့် အချက်များကြောင့် debut လုပ်နိုင်မည့်လူစာရင်းတွင် တိုက်ရိုက်ရွေးချယ်ခံခဲ့ရသည်။

သူင မည်မျှပင် စားပါစေ ဝလာခြင်းမရှိ၊ အိပ်ရာဝင်နောက်ကျသော်လည်း ဝက်ခြံပေါက်ခြင်း၊ မျက်ကွင်းညိုခြင်းအလျဉ်းမရှိပေ။

ထို့အပြင် အင်မတန် မှတ်ဉာဏ်ကောင်းသည်။

နောက်ဆုံးတွင်တော့ သူက ဒုတိယနေရာမှ debut လုပ်နိုင်ခဲ့သည်။

Debut ပြီးချိန်တွင်လည်း ထိုအဖွဲ့၏ အောင်မြင်မှုက သာမန်မျှသာ ဖြစ်သော်ငြား ကွမ်ချီဟုန်ကတော့ နာမည်ကြီးရသရှိုးပွဲများသို့ ဖိတ်ကြားခံခဲ့ရပြီး သီးသန့်ထောက်ခံချက်များလည်း ရရှိခဲ့သည်။

နောက်ပိုင်းတွင် သူ၏ အေးဂျင့်က သူ့အား အသံပိုင်းနှင့် ရုပ်ရည်ပိုင်းဆိုင်ရာ အခွင့်အလမ်းများကို ရှာဖွေပေးနေခဲ့သည်ဟု သတင်းထွက်လာခဲ့ပြီး သူ၏ အနုပညာခရီးလမ်းက ချောမွေ့နေခဲ့သည်။

နာမည်ကြီးအစီအစဉ်များမှ ရုပ်ရည်ချောမောပြီး မင်းမျိုးမင်းနွယ်ဆန်သော အမျိုးသားအဖွဲ့ဝင်များကို ရွေးချယ်တိုင်း ‘ကွမ်တိ’ဟု ခေါ်သည့် သူ၏ ပရိတ်သတ်အဖွဲ့များက ရှေ့တန်းဝင်စစ်သည်များအလား မှတ်ချက်များ၊ မဲများကို ထိန်းချုပ်နေခဲ့ကြသည်။

[စကားမစပ် စိတ်ဝင်စားစရာကောင်းတာတစ်ခု ပြောပြမယ်၊ ကွမ်ချီဟုန်ရဲ့ ပရိတ်သတ်တွေက သူတို့လူကို ကုကျစ်စုန့်နဲ့လည်း နှိုင်းကြသေးတယ်

ဘာလဲ.. ‘ကုကျစ်စုန့်က အမျိုးသမီးကြယ်ပွင့်တွေထဲမှာ အဲဒီလိုအခြေအနေရှိရင် ကွမ်ချီဟုန်က အမျိုးသားကြယ်ပွင့်တွေထဲက အဲဒီအဆင့်မှာရှိတဲ့သူပဲ’တဲ့

သူတို့နှစ်ယောက်လုံးက အနုပညာနယ်ပယ်မှာဆိုရင် အချောဆုံးတွေပဲ၊ အရမ်းချော၊ အရမ်းလှတယ်၊ ကြင်နာတတ်ကြတယ် ဒါပေမယ့် အစပိုင်းမှာ လူအများရဲ့ အပြစ်တင်ရှုံ့ချတာကို ခံခဲ့ရတယ်တဲ့]

[ပြောချင်တဲ့အဓိပ္ပာယ်က သူကလည်း နောင်အနာဂတ်မှာ ကုကျစ်စုန့်လိုပဲ ဒီနယ်ပယ်ထဲမှာ ထိပ်တန်းဖြစ်လာမယ်ပေါ့]

ကုကျစ်စုန့်က မျက်စိလျင်စွာဖြင့် ထိုမှတ်ချက်အား ချက်ချင်းမြင်လိုက်သည်။

သူမ မျက်နှာအမူအယာတွင် အနည်းငယ် နားမလည်နိုင်ဖြစ်သွားခဲ့ရသည်။

ယခုကိစ္စက သူမနှင့် မည်သို့ ဆက်စပ်နေပါသနည်း?

တိုက်ရိုက်ထုတ်လွှင့်ခန်းအတွင်းရှိ ယန်ကမ္ဘာသာမက ယင်ကမ္ဘာမှ ကုကျစ်စုန့်၏ ပရိတ်သတ်များကလည်း ထိုစကားအား သဘောမကျကြပါချေ။

သူတို့က ချက်ချင်းပင် သဘောမကျသည့်အကြောင်း ထုတ်ပြောလာခဲ့ကြသည်။

[ရယ်ရလွန်းလို့ အူပြတ်သေမှာပဲ၊ အခု အစီအစဉ်ကိုသာ ဖွင့်မထားဘူးဆိုရင် ငါ အဲဒီတစ်ယောက်ကို ကြားတောင် ကြားဖူးမှာမဟုတ်ဘူး၊ သူများနဲ့ လိုက်ပြီး ပုခုံးချင်း ယှဉ်မနေကြနဲ့]

[စုန့်စုန့်နဲ့ ယှဉ်ကြတာ? အဲဒှကြယ်ပွင့်လေးရဲ့ အဆို၊အကဗီဒီယိုတွေကို ကြည့်ပြီးတော့ ငါပြောနိုင်တာ တစ်ခုပဲ ရှိတယ်

သူ့ကို debut ပေးလိုက်တာကလေ အခြား ငါးနှစ်၊ ရှစ်နှစ်လောက် လေ့ကျင့်ထားတဲ့သူတွေကို စော်ကားလိုက်သလိုပဲ

သူကိုယ်တိုင် သူ့စွမ်းရည်အစစ်နဲ့ နာမည်ကို ပြန်အဖတ်ဆယ်နိုင်ပြီး နှစ်တစ်ဝက်လောက်မှာ ပရိတ်သတ် သိန်း(၇၀)လောက် ရအောင် လုပ်နိုင်မှ စကားပြောကြတာပေါ့]

[စုန့်စုန့်ရဲ့ ယောင်္ကျားလေးဗားရှင်း? အရာရှိကုက တောင်တွေကို ရွေ့စေပြီး မြစ်တွေကိုပါ နေရာပြောင်းနိုင်တယ်၊ သရဲတွေ ရာချီကို ကယ်ဆယ်နိုင်တယ်ကွ၊ ဒီကောင်လေးက လုပ်နိုင်လို့လား?

ဒီပိုစတာတွေကို ကြည့်ရတာလည်း မကောင်းတဲ စွမ်းအင်တွေ များလွန်းလို့ ဘယ်လိုကြည့်ကြည့် လူကောင်းမဖြစ်နိုင်ဘူး!]

[တမန်တော်ကုရဲ့ မြေအောက်ကမ္ဘာအကောင့်မှာဆိုရင် follower ၅ဘီလီယံတောင် ရှိတာနော်၊ သူနဲ့ ယှဉ်ချင်လို့ကတော့ နောက်ထပ် နှစ် (၁၈၀၀)လောက် ကြိုးစားလိုက်ဦး]

ကုကျစ်စုန့် ထိုနှိုင်းယှဉ်မှုများကို စိတ်မဝင်စားပါချေ။ သူမ စိတ်ဝင်စားသည်မှာ ယခုအဖြစ်အပျက်၏ အတွင်းရေးအမှန်တရားကိုပင်။

တိုက်ရိုက်ထုတ်လွှင့်ခန်းအတွင်းမှ တစ်ဦး ပြောသကဲ့သို့ပင် ဝမ်ယွင်ယွင်၏ အခန်းထဲကို ဝင်ကာ နေရာအနှံ့တွင် ကပ်ထားသော ကွမ်ချီဟုန်၏ ပိုစတာများအား မြင်လိုက်ရချိန်တွင် စိတ်မသက်မသာဖြစ်သကဲ့သို့ ဤအခန်းကြီးသည် အင်မတန် စိတ်ကျဖွယ်ကောင်းသည်ဟု ခံစားမိလိုက်သည်။

ကုကျစ်စုန့်၏ မျက်ဝန်းများတွင် ဖုန်းမျက်နှာပြင်မှတဆင့် သာမန်မျက်လုံးဖြင့် မမြင်နိုင်ည့် ယုတ်ညံ့သည့် စွမ်းအင်များက အခန်းတစ်ခုလုံးအား လွှမ်းခြုံထားခဲ့ပြီး ထိုစွမ်းအင်များမှာလည်း ထိုဓာတ်ပုံကြီးငယ်များမှတဆင့် ယိုစိမ့်ထွက်နေသည်ကို မြင်တွေ့နေရသည်။

ရုတ်တရက်ကြည့်လိုက်ပါက ဓာတ်ပုံထဲမှ လူများက အသက်ဝင်နေသကဲ့သို့ပင်။ အခန်းထဲတွင်ရှိနေသော လူကို အေးစက်သည့် မျက်ဝန်းများဖြင့် စိုက်ကြည့်နေသည်ဟု ထင်ရစေသည်။

ယုတ်ညံ့သည့် စွမ်းအင် အများဆုံးနေရာမှာ သုံးပေကျော်ရှည်လျားသည် အကြီးဆုံးပိုစတာကြီးပင် ဖြစ်သည်။

ကွမ်ချီဟုန်၏ ပိုစတာများ၊ ဓာတ်ပုံများအပြင် ထိုအခန်းထဲတွင် မိန်းကလေးငယ်တစ်ဦး၏ ဓာတ်ပုံလည်း ရှိနေသည်။ ထိုပုံသည်က ဝမ်ယွင်ယွင် ငယ်စဉ်က ဓာတ်ပုံပင်ဖြစ်သည်။

ကုကျစ်စုန့်လည်း မစ်စ်စွန်းအား ထိုဓာတ်ပုံ၏အနီးသို့ သွားစေပြီး ဓာတ်ပုံကို ကောက်ယူကာ ကင်မရာဘက်သို့ လှည့်ပြစေခဲ့သည်။

သူမသည်က ဓာတ်ပုံထဲမှ မိန်းကလေး၏ မျက်ခုံး၊ မျက်လုံးများကို သေသေချာချာကြည့်လိုက်သည်။

အနည်းငယ်မျှ တွက်ချက်ပြီးချိန်တွင် ထိုမိန်းကလေး၏ ကံကောင်းခြင်း၊ ကံကြမ္မာတို့အား သူမ၏ စိတ်ထဲတွင် သိထားပြီးဖြစ်သည်။

ဝမ်ယွင်ယွင်၏ ကလေးဘဝဓာတ်ပုံကို ကြည့်လိုက်ပြီးနောက် သူမ ကင်မရာကို ကြည့်ကာ ပြောလိုက်သည်။

“ခဏလေး.. ရှင်ခုနလေးက ကျွန်မဆီကို ပို့လိုက်တဲ့ ဓာတ်ပုံကို ပြန်ကြည့်ပါရစေ၊ ဒီထဲမှာ ရှင့်သမီးရဲ့ လတ်တလော ရိုက်ထားတဲ့ ပုံ ပါတယ်မလား”

“ပါ,ပါတယ်”

ဇနီးမောင်နှံနှစ်ယောက်လုံး ခေါင်းကို ညိတ်ပြလိုက်ပြီးနောက် သမီးဖြစ်သူ လတ်တလော ရိုက်ကူးထားသည့် ဓာတ်ပုံကို ရှာ၍ ပို့လိုက်သည်။

“ဒီပုံက အခုနောက်ဆုံးရိုက်ထားတဲ့ပုံပါပဲ၊ ဒါက ယွင်ယွင် နောက်ဆုံးရွေးချယ်ပွဲဆီကို သွားပြီး အဲဒီကောင်လေးနဲ့ တွေ့ခဲ့တုန်းကဆိုတော့ လွန်ခဲ့တဲ့ နှစ်လလောက်က ရိုက်ထားတာပါ”

မစ်စ်စွန်း၏ စကားအရ သမီးဖြစ်သူမီာ သူမ မသွားခင် တစ်လခန့်အလိုတည်းက အိမ်တွင် အမြဲလိုလို ပြဿနာရှာတတ်သည်။

နောက်ဆုံးရွေးချယ်ပွဲသို့ သွား၍ သူမ သဘောအကျဆုံး အိုင်ဒေါ debut သည်ကို သူမ၏မျက်လုံးဖြင့် ကိုယ်တိုင် မြင်တွေ့ချင်သည်ဟု ပြောဆိုခဲ့သည်။

သို့သော် ဈေးအပေါဆုံးလက်မှတ်သည်ပင် နှစ်ထောင်၊ သုံးထောင်ခန့် ကျသင့်နေလေသည်။ ထို့အပြင် သမီးဖြစ်သူက ရှေ့ဆုံးတန်းတွင် လိုချင်ခဲ့ပြီး အိုင်ဒေါဖြင့် စကားပြောခွင့်ရချင်ခဲ့သည်။

ထိုလက်မှတ်၏ တန်ဖိုးသည်ပင် ယွမ်သောင်းဂဏန်းရှိသည်။

သူတို့ မိသားစု မည်သို့ တတ်နိုင်ပါမည်နည်း?

သမီးဖြစ်သူက ရက်အတော်ကြာ စိတ်ဆိုး၊ စိတ်ကောက်နေခဲ့ပြီး နေ့စဉ်နေ့တိုင်း မျက်နှာသည်လည်း သုန်မှုန်နေခဲ့သည်။ နောက်တွင်တော့ ထိုကိစ္စနှင့် ပတ်သတ်၍ စကားမဟတော့ပေ။

သူတို့က သမီးဖြစ်သူ လက်လျှော့လိုက်ပြီဟု ထင်ခဲ့မိသည်။

တစ်ပတ်၊နှစ်ပတ်ခန့်အကြာတွင် သမီးဖြစ်သူက အတန်းဖော်သူငယ်ချင်းတစ်ယောက်၏ အိမ်တွင် နှစ်ညခန့် အိပ်လိုကြောင်း ပြောလာခဲ့ပြီး ဝမ်ဇနီးမောင်နှံလည်း သေသေချာချာမစဉ်းစားပဲ သဘောတူခဲ့မိသည်။

ယခုပြန်တွေးကြည့်ပါက ဝမ်ယွင်ယွင်က ထိုရွေးချယ်ပွဲသို့ သွားရောက်ခဲ့ခြင်းသာ ဖြစ်ပေမည်။

သူမက မိသားစုမှ စုဆောင်းထားသည့်ငွေများကို ခိုးယူသွားခဲ့ပြီး ထိုငွေအများစုကိုလည်း ကွမ်ချီဟုန်အား ကူညီပေးရန် အသုံးပြုခဲ့သည်။

ကျန်ရှိသည့်ငွေများကို အလွန်းမြင့်မားနေသည့် လက်မှတ်များ၊ အသွားအပြန်လမ်းစရိတ်များ၊ အစားအသောက်နှင့် နေထိုင်စရိတ်များအတွက် အသုံးပြုခဲ့ခြင်းသာ ဖြစ်ပေသည်။

သူမက တစ်ချိန်လုံး သူမ၏အတွေးထဲတွင် နေရာယူထားသော ကွမ်ချီဟုန်နှင့် တွေ့ဆုံခဲ့ပြီး သူနှင့်အတူ ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။

အိမ်သို့ပြန်ရောက်လာချိန်တွင်လည်း ဝမ်ယွင်ယွင်က ထိုပုံများကို ဓာတ်ပုံထုတ်ခဲ့ပြီး ကော်ပီများလည်း အများအပြား ထုတ်ယူထားခဲ့သည်။

ထိုပုံများမှ တစ်ပုံကို အိပ်ခန်းထဲမှ အံဆွဲထဲတွင် ထည့်ထားခဲ့လေ၏။

သမီးဖြစ်သူ သေကြောင်းကြံစည်ပြီးနောက် နယ်ဘက်သို့ ပြန်ပို့ရန် အထုတ်များ ထုတ်သိမ်းနေချိန်တွင် မစ်စ်စွန်း ထိုပုံအား ရှာတွေ့ခဲ့ခြင်းဖြစ်သည်။

ယခင်ဓာတ်ပုံမှ အပြုံးမဲ့သည့် ဝမ်ယွင်ယွင်၏ မျက်နှာနှင့် နှိုင်းယှဉ်ပါက ယခုဓာတ်ပုံမှ ဝမ်ယွင်ယွင်သည်က ပန်းလေးတစ်ပွင့်အလား အတောက်ပဆုံး ပြုံးနေခဲ့သည်။

သူမ မျက်ဝန်းများအတွင်းမှ ပျော်ရွှင်မှုကိုလည်း အတိုင်းသား မြင်တွေ့နေရသည်။

ထိုအပြုံးက အင်မတန်‌ပျော်ရွှင်နေသည့် အပြုံးဖြစ်သော်လည်း ကုကျစ်စုန့်၏ မျက်ဝန်းထဲတွင်မူ ဝမ်ယွင်ယွင်၏ မျက်နှာတစ်ခုလုံးတွင် နက်ပြာရောင်မြူခိုးများ ဖုံးလွှမ်းနေခဲ့လေသည်။

ဤသည်မှာ အင်မတန် ကံနိမ့်နေပြီး ကံကောင်းခြင်းများ ကုန်ဆုံးလုနီးပါးဖြစ်နေသော မျက်နှာပင်ဖြစ်သည်။

တစ်ဖက်တွင်တော့ ဓာတ်ပုံထဲတွင် သူမနှင့်အတူ စားပွဲနောက်တွင် ထိုင်နေသော ကွမ်ချီဟုန်၏ အပြုံးက နေမင်းအလား တောက်ပနေခဲ့သည်။

*

All Chapters