ကံကောင်းစေတဲ့ အဆောင်လက်ဖွဲ့တစ်ခု/ လက်ဖက်ရည်နံ့စူးရှလွန်းသော လက်ဖက်ရည်တစ်ခွက်
Vol. 44 Ch. 436
ကုကျစ်စုန့်က မျက်ဝန်းများကို ဘေးသို့ ရွေ့လိုက်ကာ ကွမ်ချီဟုန်၏ပုံနှင့် စားပွဲပေါ်တွင် တင်ထားသော အယ်လ်ဘမ်အား ကြည့်လိုက်မိသည်။
ထိုအယ်လ်ဘမ်ပေါ်တွင် ဝမ်ယွင်ယွင်၏ နံရံပေါ်၌ ရေးဆွဲထားသည့် သင်္ကေတဖြင့် တစ်ပုံစံတည်း တူညီသော သင်္ကေတများကို မြင်တွေ့လိုက်ရသည်။ အယ်လ်ဘမ်ပေါ်မှ သင်္ကေတများမှာ ပို၍ သွယ်လျှပြီး စုတ်ချက်များသည်လည်း ပို၍ အသေးစိတ်မှုရှိသည်။
သူမ မျက်ဝန်းများ တဖြည်းဖြည်း အေးစက်သွားခဲ့ပြီး မစ်စ်စွန်းနှင့် မစ်စတာဝမ်တို့ကို ကြည့်ရင်း ဖြည်းညင်းစွာ ပြောလိုက်သည်။
“ရှင်တို့တွေက ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်ကို လာပြီးတော့ ဆွေးနွေးမှုမှာ ပါဝင်ခဲ့တာက တကယ့်ကို မှန်ကန်တဲ့ ရွေးချယ်မှုပဲ
ရှင်တို့ရဲ့သမီး ဒီလိုမျိုး အိုင်ဒေါတွေကို လိုက်နေတဲ့ အသည်းအသန်အပြုအမူက လုံးဝကို ပုံမှန်မဟုတ်ဘူး”
“သူမက ကျိန်စာတိုက်ခံထားရတာပဲ”
“ဟမ်?!”
ထိုစကားကို ကြားရပြီးနောက် ဝမ်ဇနီးမောင်နှံနှင့် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ ကြည့်ရှုသူများမှာ အကြီးအကျယ် အံ့အားသင့်သွားခဲ့ရသည်။
မစ်စတာဝမ်: “တောက်ကျန့်ပြောချင်တာ ဒီလူ.. ဒီလူက..!”
ကုကျစ်စုန့် ပြတ်သားစွာပြောလိုက်သည်။
“ဒီလူက လူကောင်းမဟုတ်ဘူး၊ သူက ရှင်တို့ရဲ့သမီးလိုမျိုး သူ့ကို သဘောကျပြီး ‘နတ်ဘုရား’လို ကိုးကွယ်နေတဲ့ ပရိတ်သတ်တွေရဲ့ ကံကောင်းခြင်းတွေကို ချေးငှားနေခဲ့တာပဲ”
“ရှင့်သမီးက မိသားစုရဲ့ပိုင်ဆိုင်သမျှတွေကို အကုန်လုံး သုံးဖြုန်းပစ်ပြီး သေကြောင်းကြံစည်ခဲ့တဲ့အထိ ဖြစ်ခဲ့တာက သူ့ရဲ့ စိတ်ကို ‘လွှဲပြောင်းခြင်းအစီအရင်’နဲ့ ထိမ်းချုပ်ခံထားရလို့ပဲ”
ထိုစကားဆုံးသည်နှင့် မှတ်ချက်ဧရိယာတစ်ခုလုံးက အုတ်အော်သောင်းနင်းဖြစ်သွားခဲ့သည်။
မစ်စ်စွန်းနှင့် ခင်ပွန်းဖြစ်သူတို့သည်လည်း မေးခွန်းများ ဆက်တိုက် မေးလာခဲ့ကြသည်။
ကုကျစ်စုန့် ထိုမေးခွန်းများအား တစ်ခုပြီးတစ်ခု အေးဆေးတည်ငြိမ်စွာ ဖြေပေးခဲ့သည်။
“အဲဒီ လွှဲပြောင်းခြင်းအစီအရင်ဆိုတာက ရှင်တို့ရဲ့အရှေ့က နံရံပေါ်မှာ ကပ်ထားတဲ့ အကြီးဆုံးပိုစတာရဲ့ဘေးမှာ မာကာနဲ့ ရေးဆွဲထားတဲ့ ပုံစံကို ပြောတာပဲ
အဲဒါက ရှေးခေတ်တောက်ပညာမှာ တားမြစ်ထားတဲ့ နည်းလမ်းတွေထဲက တစ်ခုပဲ၊
ရေးဆွဲသူနဲ့ သူ့ရဲ့ လက်အောက်ငယ်သားတွေက ဒီအစီအရင်ရဲ့ ပုံစံကနေတဆင့် ဆက်သွယ်ထားလို့ရတယ်
လက်အောက်ငယ်သားတွေ ပိုပြီး သစ္စာသိ၊ နာခံလေလေ အစီအရင်ရေးဆွဲသူက သူတို့ဆီကနေ စိတ်စွမ်းအင်နဲ့ ကံကောင်းခြင်းတွေကို ရလေလေပဲ”
“ဒါပေမဲ့ အဲဒီကံဆိုတာကလည်း လေထဲကနေ ပေါ်လာနိုင်တာမဟုတ်ဘူးလေ၊ ဒီတော့ အစီအရင်ရေးဆွဲသူက လက်အောက်ငယ်သားတွေဆီကနေ အဲဒီကံကောင်းမှုတွေကို လုယူပြီး စုပ်ယူသွားတာပဲ
အဲဒါကို မကောင်းဆုးရွားအဖွဲ့အစည်းတွေက လူတွေရဲ့ စိတ်ကို ထိန်းချုပ်ဖို့အတွက် သုံးလေ့ရှိကြတယ်
တားမြစ်ထားတဲ့ နည်းလမ်းတစ်ခုဖြစ်ပြီး အစောပိုင်းနှစ်တွေမှာဆိုရင် တင်းတင်းကြပ်ကြပ် အရေးယူခံရတဲ့ ပြစ်မှုတစ်ခုပဲ”
ကုကျစ်စုန့်၏ ယခင်ဘဝတွင်လည်း သူတို့ကိုယ်သူတို့ ‘ဘုရင်၊ အင်ပါယာ’များအဖြစ် နေရာယူချင်ကြသော မကောင်းဆိုးရွားအဖွဲ့အစည်းများ ရှိခဲ့သည်။
သူမနှင့် ဆရာဖြစ်သူတို့ ထိုအဖွဲ့အစည်းများကို မြေလှန်ရှာဖွေခဲ့ပြီးနောက် တားမြစ်နည်းလမ်းအား မှတ်တမ်းယူထားသည့် စာအုပ်များကို မီးရှို့ဖျက်ဆီးပစ်ခဲ့ကြသည်။
နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက် ယခု ခေတ်သစ်တွင် ထိုနည်းပညာက ဤရုတ်တရက်ပေါ်ထွက်လာသည့် ဆယ်လီတစ်ယောက်ထံတွင် မြင်တွေ့လိုက်ရမည်ဟု မည်သူကမျှ ထင်မထားခဲ့ပေ။
အင်တာနက်ဖွံ့ဖြိုးမှုကြောင့် ကွမ်ချီဟုန်က တခြားလူများ၏ အသက်စွမ်းအင်နှင့် ကံကောင်းမှုများကို လုယူရန်အတွက် ထိုတံဆိပ်များကို အသုံးဆောင်ပစ္စည်းများတွင် တံဆိပ်ရိုက်ကာ ‘လွှဲပြောင်းအစီအရင်’မှတဆင့် သူ့အား အမှန်တကယ် သဘောကျသော၊ သူ့အတွက် ငွေကုန်ကြေးကျခံထားသော ပရိတ်သတ်များထံသို့ ပို့ခဲ့သည်။
ထိုနည်းအားဖြင့် သူက ကံကောင်းခြင်းများကို ဆက်တိုက် ရရှိနေမည်ဖြစ်ပေသည်။
ဇနီးမောင်နှံနှစ်ယောက်က တစ်ဦး၏မျက်နှာကို တစ်ဦး ကြည့်လိုက်ကြကာ အင်မတန် ဒေါသထွက်နေသော်လည်း စိတ်ထဲတွင် သံသယရှိနေဆဲပင် ဖြစ်သည်။
“ကုတောက်ကျန့်၊ ဒါက ..သေချာရဲ့လား”
တိုက်ရိုက်ထုတ်လွှင့်ခန်းတစ်ခုလုံးမှ သူမ၏ အဖြေကို စောင့်ဆိုင်းနေကြကြောင်း သိသော်လည်း ကုကျစ်စုန့်က သေချာတိကျစွာပင် ပြန်ဖြေလိုက်သည်။
“ဒီလူက တားမြစ်ခံထားရတဲ့ နည်းလမ်းတွေကို အသုံးပြုနေတယ်၊ သူက လူကောင်းမဟုတ်ဘူးဆိုတာ သေချာတယ်”
[ဘုရားရေ! ကုကျစ်စုန့်က သတ္တိကောင်းချက်ပဲ၊ ကင်မရာအရှေ့မှာ ဘာသက်သေမှကို မရှိဘဲ ပြောချပစ်တာ သူက အမှားလုပ်မိတာဆိုရင် ဘယ်လိုလုပ်ကြမလဲ…]
[စုန့်စုန့်ရဲ့ တွက်ချက်မှုစွမ်းရည်ကိုတော့ ယုံကြည်တယ်ဆိုပေမဲ့ ငါနည်းနည်းတော့ လန့်မိတယ်! ဘာပဲဖြစ်ဖြစ်ပါ စုန့်စုန့်ကိုပဲ ယုံကြည်မယ်!]
မစ်စ်စွန်း၏ ဖုန်းမှတဆင့် ကွမ်ချီဟုန်၏ ပိုစတာအား ရိုက်ပြလိုက်သည့်အချိန်မှစ၍ သက်ဆိုင်သည့် ပို့စ်များသည်က ထိပ်တန်းရှာဖွေမှု ဖြစ်လာခဲ့သည်။
ကုကျစ်စုန့်အမည်နှင့် ထိုလူ၏ အမည်တို့က ထိပ်တန်းရှာဖွေမှုများတွင် တွဲယှက်၍ ပါဝင်နေခဲ့သည်။ ပွဲကြိုက်သည့် ပရိတ်သတ်များမှာ တစ်ဖက်မှ အိုင်ဒေါကို မသိသော်လည်း ကုကျစ်စုန့်နှင့်တော့ ရင်းနှီးနေခဲ့ကြသည်။
ထို့ကြောင့် ပြဿနာတစ်ခုခု ကြီးကြီးမားမား ဖြစ်နေသည်ဟု တွေးလိုက်ရင်း ထိုပို့စ်များအား ဝင်ရောက်ဖတ်ရှုခဲ့ကြသည်။
ပြဿနာက ကြီးကြီးမားမား မဟုတ်သော်လည်း သဘာဝလွန်ဖြစ်ရပ်များအကြောင်းကို တိုက်ရိုက်ထုတ်လွှင့်မှုမှတဆင့် အနုပညာအသိုင်းအဝိုင်းအတွင်းမှ အမျိုးသားအိုင်ဒေါတစ်ဦးအား ဆက်နွယ်လာခြင်းဖြစ်ပေသည်။
ထို့ကြောင့်ပင် ပွဲကြည့်ပရိတ်သတ်များက ယခုကိစ္စအား ပြဇာတ်ရုံတွင် ပြနေသည့် ဇာတ်ပွဲအလား စောင့်ကြည့်နေခဲ့ကြလေသည်။
ကွမ်ချီဟုန်၏ ပရိတ်သတ်များလည်း ထိုအကြောင်းကို သိသွားခဲ့ကြပြီးနောက် ချက်ဂရုများ၊ လူများသည့် ပို့စ်များအောက်တွင် ပြောဆိုနေခဲ့ကြသည်။
ထို့နောက် ကုကျစ်စုန့်၏ တိုက်ရိုက်ထုတ်လွှင့်ခန်းတွင်းသို့လည်း အလုံးလိုက်၊ အရင်းလိုက် ဝင်ရောက်လာခဲ့ကြသည်။
ကုကျစ်စုန့်မှ ကွမ်ချီဟုန်အနေဖြင့် တားမြစ်ထားသည့် နည်းလမ်းများကို အသုံးပြု၍ ပရိတ်သတ်များ၏ ကံကြမ္မာအား ခိုးယူနေသည်ဟု ပြတ်ပြတ်သားသား ပြောလိုက်ပြီးနောက် တိုက်ရိုက်ထုတ်လွှင့်ခန်းအတွင်းမှ လူဦးရေသည် (၄၀)မီလီယံပင် ကျော်လာခဲ့သည်။
ကွမ်ချီဟုန်၏ ပရိတ်သတ်များသည်လည်း သူတို့၏ အိုင်ဒေါ ‘နာမည်ဖျက်’ခံနေရသည်ကို ထိုင်မကြည့်နေနိုင်ကြတော့။
[ငါတော့ အမြင်တွေကို ကျယ်သွားတာပဲ၊ ဒီတစ်ယောက်က ကွမ်ကွမ် အခြားလူတွေကို ဒုက္ခပေးနေပါတယ်ဆိုပြီး သက်သေတောင် မရှိပဲ ပြောနေတာနော်! အဲဒါက ရှင့်ရဲ့ အဓိပ္ပာယ်မရှိတဲ့ သဘာဝလွန်ပညာရှင်ဆိုတဲ့ ဇာတ်ရုပ်နဲ့ အခြေခံပြီး ပြောနေတာလား၊ တရားစွဲခံရဖို့သာ စောင့်နေလိုက်တော့!]
[ကွမ်ချီဟုန်က နာမည်မကြီးဘူးဆိုပေမဲ့ သူ့ပရိတ်သတ်တွေက မသေ,သေးဘူးနော်၊
သူက သူ့ပရိတ်သတ်တွေကို ဘယ်လိုဆက်ဆံလဲဆိုတာ ငါတို့အသိဆုံးပဲ၊ ဒီ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက ဝင်ယောင်နေကြတဲ့သူတွေက ပါးရိုက်ခံဖို့ စောင့်နေကြတာလား ဟားဟား]
[နင့်မှာ သက်သေရှိလို့လား၊ ဒါက လူများကို သိက္ခာချနေတာပဲ!]
တိုက်ရိုက်ထုတ်လွှင့်ခန်း၏ ကျော်ကြားမှုနှင့် လူထုအမြင်များ ပို၍ များပြားလာခဲ့ပြီးနောက် တိုက်ရိုက်ထုတ်လွှင့်ခန်းတွင်းမှ မှတ်ချက်များသည်လည်း တဖြည်းဖြည်း ပို,ပို၍ ဆိုးလာခဲ့သည်။
ကုကျစ်စုန့်ာ လျစ်လျှူရှုထားနိုင်သော်လည်း သူမ ပရိတ်သတ်များကတော့ ငြိမ်ခံမနေနိုင်ပါချေ။
ဤမျှ အဖြစ်အပျက်ပေါင်းများစွာ ဖြတ်သန်းလာပြီးချိန်၌ ကုကျစ်စုန့်သည် သေချာခိုင်မာခြင်းမရှိပဲ ထိုသို့ စကားလုံးများကို ပြောလိမ့်မည်မဟုတ်ကြောင်း သူတို့ ယုံကြည်ကြသည်။
အချိန်တစ်ခုကြာသည်ထိ သူတို့က ကုကျစ်စုန့်အား ကာကွယ်ပြောဆိုပေးခဲ့ပြီးနောက် ရိုင်းစိုင်းသည့် ဆဲဆိုမှုများကို လျစ်လျှူရှုထားခဲ့ကြသည်။
ဒေါသထွက်နေသည့် ‘ကွမ်တိ’များမှာတော့ သူတို့နှစ်သက်သည့် အိုင်ဒေါက ကုကျစ်စုန့်၏နှုတ်မှပြောသကဲ့သို့ ယုတ်မာရက်စက်သည့် ဗီလိန်ဖြစ်ကြောင်း လက်မခံချင်ကြပေ။
သဘာဝလွန်ပညာရှင်များ၊ သဘာဝလွန်ဖြစ်ရပ်များ ရိုက်ကူးသည့် ဘလော့ကာများနှင့် အဆက်အသွယ်ရှိသူများက ထိုလူများထံသို့ ဆက်သွယ်မေးမြန်းခဲ့ကြသည်။
အဖြေမှာ ထိုလူများသည် ဤသင်္ကေတကို မြင်ဖူး၊ ကြုံဖူးခြင်းမရှိသကဲ့သို့ ‘လွှဲပြောင်းအစီအရင်’ကိုလည်း ကြားပင် မကြားဖူးကြပေ။
မကြာခင်မှာပင် ကွမ်ချီဟုန်၏ စတူဒီယိုမှလည်း ပို့စ်တစ်ခု တင်လာခဲ့သည်။
[အခုနာမည်ကြီးနေတဲ့ ထိပ်တန်းရှာဖွေမှုကို မြင်လိုက်ရတော့ ကွမ်ကွမ်အပါအဝင် ကျွန်တော်တို့ စတူဒီယိုသားတွေအကုန်လုံး ခေါင်းရှုပ်ပြီး ဘာတွေဖြစ်ပျက်သွားလဲဆိုတာတောင် နားမလည်နိုင်ဖြစ်ခဲ့ရပါတယ်၊
သေသေချာချာစုံစမ်းပြီးတဲ့အချိန်မှာ ကွမ်ကွမ်လည်း အံ့အားသင့်ပြီး နားမလည်နိုင်ဖြစ်နေပြီး ဝမ်းနည်းမိပါတယ်
သူက ကုတောက်ကျန့်ကို အရမ်းသဘောကျခဲ့တာ၊ သူ့ရဲ့ သဘောအကျဆုံးလူဆီကနေ အခုလို အပြစ်တင်ခံလိုက်ရတဲ့အချိန်မှာ သူ့ကိုယ်သူတောင် ခုခံပြောနိုင်စွမ်းမရှိ ဖြစ်နေခဲ့ရပါတယ်]
[ကျွန်တော်တို့ ပြောချင်တာက ကွမ်ကွမ်က အမြဲလိုလို ဖြောင့်မတ်ပြီးတော့ ‘လွှဲပြောင်းအစီအရင်’ဆိုတာ ဘာမှန်းတောင် မသိထားပါဘူး
သူက သူ့ပရိတ်သတ်တွေကိုလည်း အမြဲတန်ဖိုးထားပါတယ်၊ အခုဒီဇိုင်းဆိုတာကလည်း သူ့ပရိတ်သတ်တွေအတွက် သူကိုယ်တိုင် ရေးဆွဲထားတဲ့ ဒီဇိုင်းပါ၊ ဒီအင်တာနက်တစ်ခုလုံးမှာ အဲဒါနဲ့ ပုံစံတူတာ မရှိပါဘူး
ဒီပြဿနာက ကွမ်ကွမ်ရဲ့ နာမည်ကို ဆိုးဆိုးဝါးဝါး ထိခိုက်စေခဲ့ပါတယ်၊ ကျွန်တော်တို့တွေ သတ္တိရှိရှိနဲ့ပဲ ကိုယ့်အခွင့်အရေးအတွက် ရပ်တည်သွားမှာပါ]
စတူဒီယို၏ မကျေနပ်စွာ ငြင်းဆိုလာသည့် ပို့စ်ကို မြင်ရပြီးနောက် ပရိတ်သတ်များ ပို၍ ယုံကြည်ချက်တိုးလာခဲ့သည်။
တစ်ချိန်တည်းမှာပင် သူတို့သည်က အိုင်ဒေါအတွက် စိတ်မကောင်းဖြစ်ကာ ဒေါသထွက်နေခဲ့သောကြောင့် ကုကျစ်စုန့်အား ဆိုရှယ်မီဒီယာများတွင် ဝိုင်း၍ အပြစ်တင်ဆဲဆိုနေခဲ့ကြသည်။
သူတို့ ပို၍ ဒေါသထွက်ရသည်မှာ ထိုစိတ်ဆိုးနေသည့် ‘ကွမ်တိ’များက စကားလုံးပေါင်းရာချီသည့် ဆဲရေးတိုင်းထွာစာများ၊ စာစီစာကုံးအလား ရှည်လျားသည့် ပို့စ်များ ရေးသားထားခဲ့သော်လည်း ထိုပို့စ်များအား မည်သို့မျှ တင်၍ မရနိုင်ခြင်းပင်။
အင်တာနက်လိုင်း၊ ဝိုင်ဖိုင်လိုင်းကောင်း၍ ဗီဒီယိုသည်လည်း ကြည်လင်ပြတ်သားကာ ထစ်ငေါ့နေခြင်းမရှိသော်လည်း ကုကျစ်စုန့်နှင့် ပတ်သတ်သည့် မကောင်းသော မှတ်ချက်များ ပို့စ်တင်လိုက်သည်နှင့် အင်တာနက်လိုင်းများ ထိုးကျသွားခဲ့ပြီး ဝက်ဆိုက်ပင် ပြုတ်ကျသွားခဲ့သည်။
သရဲ၊ တစ္ဆေခြောက်ခံနေရသည့်အလားပင်။
*