ရဲတွေရောက်လာပြီး အသက်ရှင်နေတဲ့သူတစ်ယောက် ရုတ်တရက်ပေါ်လာခြင်း (1)
Vol. 44 Ch. 438
ယခင်က ပိုစတာများ၊ အသုံးအဆောင်ပစ္စည်းများ အမြောက်အမြား ဝယ်ယူခဲ့၍ ‘လွှဲပြောင်းအစီအရင်’၏ သက်ရောက်မှု များစွာ ခံထားရသည့် ကွမ်ချီဟုန်၏ အကြီးစားပရိတ်သတ်များမှာ သူတို့ကိုယ်တိုင် မသိလိုက်ခင်မှာပင် ကွမ်ချီဟုန်အပေါ် ချစ်မြတ်နိုးစိတ်၊ ယုံကြည်လေးစားစိတ်များသည် အဆမတန် တိုးပွားနေခဲ့ပြီဖြစ်သည်။
သူတို့၏ အိုင်ဒေါအား တခြားလူများမှ ‘အနိုင်ကျင့်’ ‘နာမည်ဖျက်’ခံနေရသည်ကို မြင်လိုက်ရချိန်တွင် ဒေါသထွက်လွန်းသောကြောင့် စကားပင် ကောင်းကောင်း မပြောနိုင်ကြတော့ပေ။
အနုပညာအသိုင်းအဝိုင်းတွင် နှိမ့်ချခံနေရမည့် ကွမ်ချီဟုန်အား စိတ်ထဲမှ တွေးမိရင်း ဒေါသတကြီး ပြောဆိုလာခဲ့ကြသည်။
[ပရိတ်သတ် သန်း ၇၀၊ ၈၀လောက်တောင် ရှိတဲ့ နာမည်ကြီးအနုပညာရှင်ဆိုတာ အရမ်းမိုက်ပါတယ်၊ သရဲတွေ၊တစ္ဆေတွေကို မှီခိုပြီးတော့ သဘာဝလွန်ပညာရှင်အယောင်ဆောင်နေတာလည်း ရပါသေးတယ်
ဒါပေမယ့် အခုကျတော့ ကိုယ့်ဂျူနီယာတွေကိုတောင် နာမည်ဖျက်နေတာပဲ! အဲဒီလို အကျင့်စရိုက်မျိုးရှိနေတာဆိုရင်တော့ သာမန်ဘဝမှာလည်း တခြားအနုပညာရှင်တွေကို ဘယ်လောက်တောင် ဖိနှိပ်၊နာမည်ဖျက်နေမလဲ မသိဘူး
ငါတို့ကလေးကို တောင်းပန်စကားတောင် မပြောရဲအောင် လုပ်နေတာ!]
[တော်တော် ရယ်ရတာပဲ။ ကုကျစ်စုန့် အဲဒီမိန်းမ ဘာလို့ သက်သေဆိုတာ မပြသေးတာလဲ.. ကွမ်ကွမ်ရဲ့ ကုမ္ပဏီကရော ဘာလုပ်နေတာလဲ? သူ့ကို အသရေဖျက်မှုနဲ့ တရားမစွဲသေးဘူးလား?]
[ကုကျစ်စုန့်ရဲ့ ပရိတ်သတ်တွေက ငါတို့ကို ကလေးတွေလို ဆက်ဆံနေတာ၊ ဘယ်တုန်းကမှ သူများကို ဒုက္ခမပေးခဲ့တဲ့ ဒီကောင်လေးက နင်အနိုင်ကျင့်ဖို့ မဟုတ်ဘူး၊ ငါ ဒေါသထွက်လိုက်တာ!]
[ငါကတော့ ဒီတိုင်းပွဲကြည့်ဖို့ သက်သက်လာခဲ့ရုံပဲ.. အကြာကြီး ကြည့်နေတာတောင် ကုကျစ်စုန့်က သူ့ကို နာမည်ဖျက်ပြီး အခုထိ သက်သေမပြနိုင်သေးဘူး
ခေါင်းရှုပ်ဖို့ ကောင်းတယ်၊ ဒီကောင်လေးက တော်တော်တော့ ချောရှာပါတယ်၊ ဒါပေမယ့် အနုပညာလောကမှာက နာမည်မကြီးရင်တော့ လူ့အခွင့်အရေးဆိုတာ မရှိဘူးပဲ.. သနားဖို့တောင် ကောင်းတယ်]
[ငါလဲ ပွဲလာကြည့်တာဆိုပေမယ့် ဒီကောင်လေးကို နည်းနည်းတောင် သဘောကျသွားသလိုပဲ၊ သူက ရုပ်တော်တော်ချောတာနော်.. သူ့ကို recommend ပေးမဲ့ ပရိတ်သတ်များ ရှိသလား?]
[ဘေးကနေ လာကြည့်ရင်း ကွမ်ကွမ်အတွက် ကူပြောပေးတဲ့ သူတွေကိုလည်း ကျေးဇူးတင်ပါတယ်
ကျွန်မတို့ ပရိတ်သတ်တွေကတော့ သူက နူးညံ့ပြီး ကြင်နာတတ်တဲ့သူဆိုတာ ယုံကြည်တယ် ၊ တခြားလူတွေလည်း သေချာပေါက် အမှားအမှန်ခွဲနိုင်လိမ့်မယ်လို့ ယုံတယ်]
[ဘယ်လောက်ပဲ နာမည်ကြီးတဲ့ ကြယ်ပွင့်ဖြစ်ပါစေ ငါတို့ကလေးကိုတော့ အနိုင်ကျင့်လို့ မရဘူး!]
[‘ကွမ်တိ’ကို joinချင်တဲ့ မိန်းမိန်းတို့ ငါ့ရဲ့ level ကို တစ်ချက်ကြည့်လိုက်ကြနော်၊ ကွမ်ကွမ်က ချောလည်းချောတယ်၊ ကြင်နာတတ်တဲ့ လူငယ်လေးပါ၊ မိသားစုနောက်ခံဖြစ်ဖြစ်၊ အကျင့်စရိုက်၊ ရုပ်ရည် ဘာဖြစ်ဖြစ် သူက ထိပ်တန်းပဲ…]
[……]
ကွမ်ချီဟုန်၏ တိုက်ရိုက်ထုတ်လွှင့်မှု ကြည့်ရှုသူ များပြားလာသည်နှင့်အမျှ သူ၏ ပရိတ်သတ်များသည်လည်း နှစ်ပိုင်းကွဲလာခဲ့သည်။
တစ်ဖွဲ့မှာ ကွမ်ချီဟုန်က ‘မတရားစွပ်စွဲ’ခံရသော်လည်း ယခုအချိန်သည်က သူ့အား ပို၍ အောင်မြင်စေမည့်အချိန်ဖြစ်ပြီး သူ့အကြောင်း ကြေညာပေးနေသော အဖွဲ့ဖြစ်သည်။
သူတို့က ကုကျစ်စုန့်အား မုန်းတီးသော်လည်း ကုကျစ်စုန့်၏ ‘တိုက်ခိုက်မှု’ကြောင့် သူတို့ထံသို့ ပရိတ်သတ် အများအပြားရောက်လာကြောင်းကို သဘောပေါက်လိုက်ကြသည်။
ထို့ကြောင့် ထိပ်တန်းရှာဖွေသည့်နေရာများ၊ မားကတ်တင်းအကောင့်များတွင် ကွမ်ချီဟုန်၏ ချောမောလှပသော ဓာတ်ပုံများနှင့် ပရိတ်သတ်အသစ်များကို ရှာဖွေနေခဲ့ကြလေသည်။
[ကျဲကျဲတို့ ကျွန်မကိုပဲ ယုံလိုက်ကြပါ.. ကွမ်ကွမ်က တကယ့်ကို ထူးခြားတဲ့ ခန္ဓာကိုယ်နဲ့ နတ်သားလေးလိုပဲ ချောတာ~]
[ကွမ်ကွမ်လို အလှမျိုး မမြင်ဖူးဘူး. သူ့အလှအပနဲ့ ခန္ဓာကိုယ်က တကယ့်ကို ဘုရားသခင်က ပေးထားတဲ့ ကောင်းချီးလိုပဲ!]
ပရိတ်သတ်အများစု၏ ကြော်ငြာချက်များမှာ ကွမ်ချီဟုန်၏ မျက်နှာ၊ သူ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံတို့အကြောင်း ဖြစ်သည်။
ကွမ်ချီဟုန်၏ ခန္ဓာကိုယ်မှာလည်း အမှန်တကယ်ပင် ထူးဆန်းလွန်းသည်။
ပရိတ်သတ်များကို မနာလိုဖြစ်ကြသည့်အချက်မှာ သူသည်က မည်မျှစားသည်ဖြစ်စေ ဝိတ်တက်လာခြင်းမရှိသကဲ့သို့ အသားအရည်မှာလည်း ကြည်လင်သန့်ရှင်းနေခဲ့သည်။
အင်တာနက်ဆယ်လီဖြစ်ချိန်မှစ၍ ကင်မရာရှေ့တွင် တစ်နေ့တာ ထမင်းသုံးနပ်စားချိန်တိုင်း ရှိနေတတ်သည်။
သူက အစားအသောက်ကို နှစ်သက်၍ ပမာဏများပြားစွာ စားသုံးတတ်သည်။ Edit လုပ်ထားခြင်းလည်း မရှိသောကြောင့် သူ့အနေဖြင့် ဟန်ဆောင်စားပြခြင်းလည်း မဖြစ်နိုင်ပေ။
စားသောက်ပြီးချိန်တွင်လည်း သူသည်က သရေစာများကို အပုံလိုက် စားပြပြန်သည်။ ညဉ့်နက်သည်ထိ ပရိတ်သတ်များနှင့် စကားပြောနေတတ်ပြီး စားနေ ၊ သောက်နေဆဲပင်ဖြစ်သည်။
အရည်အချင်းရွေးချယ်ပွဲတွင်လည်း နေ့စဉ် အစားအသောက်မပျက်ဘဲ အလွန်အမင်းစားနေဆဲပင်။
ပရိတ်သတ်များ၏ ဓာတ်ပုံတွင် milk tea သောက်နေပုံ၊ bbq မှာစားနေပုံ၊ အပြင်စာများ ဝယ်ယူစားသောက်နေပုံများ အများအပြားရှိပြီး ညဉ့်နက်သည်ထိလည်း နေထိုင်တတ်သည်။
သို့သော် သူ၏ ခန္ဓာကိုယ်သည်က ပြိုင်ပွဲဝင်များထဲတွင် သွယ်လျပိန်ပါးသည့်စာရင်းတွင် ပါဝင်နေပြီး နှုတ်ခမ်းနီမဆိုးပါပဲနှင့် နှုတ်ခမ်းလေးများသည် နီမြန်းနေသည်။
သွားများသည်လည်း ဖြူဖွေးနေခဲ့သည်။
ပြိုင်ဖက်များနှင့် မနှစ်မြို့သည့် ပရိတ်သတ်များမှ သူပ ဟန်ဆောင်စားသောက်နေခြင်းဖြစ်ကြောင်း သက်သေပြရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
ပြိုင်ပွဲဝင်များပင် ကွမ်ချီဟုန်အကြောင်း မနာလိုစွာ ပြောဆိုတတ်ကြပြီး သူ၏ ခန္ဓာကိုယ်က အိုင်ဒေါတစ်ဦး၏ ခန္ဓာကိုယ်ဖြစ်ကြောင်း၊ comic စာအုပ်ထဲမှ ထွက်လာသည့် ဇာတ်ကောင်တစ်ဦးအလား မည်သည့်အချိန်တွင်မှ ဝလာခြင်းမရှိ၊ ဝက်ခြံပေါက်ခြင်းမရှိကြောင်း ပြောဆိုခဲ့ကြသည်။
ထိုအချက်သည်က အနုပညာအသိုင်းအဝိုင်းအတွင်းမှ အဆီ၊အဆိမ့်၊ သကြား၊ ဆားရှောင်၍ စားသောက်မည့် ပန်းကန်ကိုပင် ကတ္တားပေါ်တင်၍ ချိန်ချင်ကြသော ခန္ဓာကိုယ်အလေးချိန် ထိန်းလိုသည့် အမျိုးသား၊အမျိုးသမီး အနုပညာရှင်များနှင့် နှိုင်းယှဉ်ပါက ထူးခြားလွန်းသည်။
သူ၏ တိုက်ရိုက်ထုတ်လွှင့်မှုများတွင်လည်း သူသည်က တခြားလူများထက် ပို၍ ကံကောင်းကြောင်း၊ အမြဲလိုလို ကံကောင်းစွာပင် လူကောင်းများနှင့် ဆုံတွေ့ရတတ်ကြောင်း မကြာခဏ ပြောဆိုတတ်သည်။
သူ့အား ပထမဆုံးမြင်တွေ့သည့် လူအများစုက သူ့ကို သဘောကျကြသည်။
ထိုနာမည်ကြီးခန္ဓာကိုယ်ကြောင့်ပင် သူ့အား အခွင့်အရေးများ ရယူပေးခဲ့ပြီး သူ၏ ကြယ်ပွင့်ခရီးစဉ်အား ချောမွေ့စေခဲ့ခြင်းပင်ဖြစ်သည်။
အဖွဲ့ဝင်များက စတူဒီယိုထဲတွင် နေ့နေ့ညည ကြိုးစား၍ အခွင့်အရေးတစ်ခုရနိုင်ရန်ပင် လေ့ကျင့်နေခဲ့ကြသော်လည်း သူသည်က နေရာတကာမှ ကော်ဇောနီပွဲများသို့ တက်ရောက်ရန်အတွက်သာ လေယာဉ်စီးနေခဲ့ရသည်။
သူ၏ ပရိတ်သတ်များက သူတို့၏ အိုင်ဒေါသည်က လူအများအား ဆွဲဆောင်နိုင်သည့် နတ်သားလေးဖြစ်သည်ဟု တွေးကာ အင်မတန် ပျော်ရွှင်ကျေနပ်နေခဲ့ကြသည်။
တခြားအဖွဲ့ဝင်များ၏ ပရိတ်သတ်များသည်လည်း သူ့ကို ပရော်ဖက်ရှင်နယ်မဆန်မှုကြောင့် ဆူပူခဲ့ကြသည်။
တခြားသော အဖွဲ့ဝင်များမှာ ကြိုးစား၍ လေ့ကျင့်နေကြကြောင်း၊ သူသည်က အဖွဲ့ထဲတွင် အက အညံ့ဆုံး၊ အပျင်းကြီးဆုံးဖြစ်သည်ဟု ပြောဆိုခဲ့ကြချိန်တွင် ‘ကွမ်တိ’များက ကျေကျေနပ်နပ်ပင် ပြန်လည်ချေပခဲ့ကြသည်။
‘သူက အညံ့ဆုံးဆိုတော့ရော ဘာဖြစ်လဲ? သူ့မှာ အခွင့်အလမ်းအများဆုံး ရထားတာပဲ မဟုတ်ဘူးလား? စပွန်ဆာကြီးတွေက ငါတို့ရဲ့ ကွမ်ကွမ်လေးကိုပဲ သဘောကျကြတာလေ’
‘ကွမ်ချီဟုန်က လူတိုင်း ချစ်တာကို ခံရတဲ့ နတ်သားလေးဆိုတော့ အခွင့်အရေးဆိုတာတွေက သူ့အတွက် အလွယ်လေးပဲ’
ထို့အပြင် ‘တခြားသော အနုပညာရှင်များက ရသပြိုင်ပွဲများတွင် ဆုရရန် အစွမ်းကုန် ကြိုးစားခဲ့ကြသော်လည်း တစ်ချိန်လုံး အေးအေးဆေးဆေး ရေသာခိုနေခဲ့သည့် ကွမ်ချီဟုန်ကသာ နောက်ဆုံးတွင် အလွယ်တကူ ဆုရတတ်သည်’ ဆိုသော ထူးဆန်းသည့် ကံကောင်းခြင်းလည်း ရှိနေခဲ့သည်။
ကွမ်ချီဟုန်၏ ပရိတ်သတ်များသည်က ထိုအချက်များကို အဓိကထား၍ သူ့အား ကြော်ငြာနေကြခြင်းသာဖြစ်သည်။
ကြည့်ရှုသူအများစုသည်က ထိုကဲ့သို့ အရှက်မရှိသည့် ‘ဘာမှမလုပ်ပဲ အလုပ်အကိုင်ရခြင်း’ နှင့် ‘ငွေရှာနိုင်ခြင်း’တို့အား ညွှန်းပေးနေသည်ကို မြင်ရပြီးနောက် စိတ်ထဲတွင် ရွံရှာမိကာ ကွမ်ချီဟုန်သည် အမှန်တကယ်ပင် ညံ့ဖျင်းသူဖြစ်ကြောင်း တွေးမိကြသည်။
သို့သော် သူတို့အား ကုကျစ်စုန့်၏ ပရိတ်သတ်များ၊ တခြားသူကို အပြစ်မြင်၍ ကဲ့ရဲ့တတ်သူများဟု နာမည်တပ်ခံခဲ့ရပြီး ‘ကွမ်တိ’များ၏ တိုက်ခိုက်ခြင်း ခံခဲ့ရသည်။
သူ၏ ပရိတ်သတ်အသစ်များသည်လည်း ရုပ်ရည်ကို အဓိက သဘောကျခြင်းဖြစ်ပေသည်။
နာရီဝက်အတွင်းမှာပင် ကွမ်ချီဟုန်၏ ပရိတ်သတ်အရေအတွက်က ငါးသိန်းအထိတိုးလာခဲ့သည်။
သူနှင့် သူ့နောက်မှ ကုမ္ပဏီကလည်း အင်မတန် စိတ်လှုပ်ရှား ပျော်ရွှင်နေခဲ့မိကြသည်။
ယနေ့အဖြစ်အပျက်ပြီးချိန်တွင် အနည်းငယ် ချဲ့ကားပြောဆိုခြင်းများ၊ မားကတ်တင်းအကောင့်များတွင် ကြေငြာခြင်းတို့ကြောင့် ကွမ်ချီဟုန်တွင် ပရိတ်သတ်ဦးရေ သုံးမီလီယံမှ ငါးမီလီယံထိ တိုးလာနိုင်မည်ဟု ယူဆနိုင်သည်။
သူသည်က နာမည်ကြီးမှု တတိယအဆင့်သို့အထိ ခုန်ကျော်သွားနိုင်ပေလိမ့်မည်။
*
ထိုအကြောင်းကြောင့်ပင် သူ၏ စတူဒီယိုမှ ဝန်ထမ်းများနှင့် မားကတ်တင်းအကောင့်များအား ထိပ်တန်းရှာဖွေမှုများ၊ လူမြင်များမည့်ပို့စ်များကို ကြိုးစားပန်းစား အားထုတ်ရေးသားစေခဲ့သည်။
ကျန်သည့် ပရိတ်သတ်တစ်စုမှာလည်း ဒေါသကို ထိပ်ထား၍ ကုကျစ်စုန့်အား နေရာတကာတွင် ဆဲရေးတိုင်းထွာနေကြသူများသာ ဖြစ်သည်။
တိုက်ရိုက်ထုတ်လွှင့်ခန်းတွင် ကွမ်ချီဟုန် ပို၍ အားနည်းပြလေလေ၊ သူတို့၏ အိုင်ဒေါ ပို၍ အနိုင်ကျင့်ခံရသည်ဟု ခံစားရလေလေ ပိုပြီး မကျေမချမ်း၊ဒေါသထွက်လေဖြစ်သည်။
ဝမ်ယွင်ယွင်နှင့် သက်တူရွယ်တူ သို့မဟုတ် သူမထက် ငယ်ရွယ်သော မိန်းမငယ်လေးများမှာ ဆိုရှယ်မီဒီယာများတွင် အင်မတန်သောင်းကျန်းနေခဲ့ကြပြီး သူတို့၏ လေသံသည်လည်း ကုကျစ်စုန့်အား ရိုးတွင်းခြင်ဆီတွင်းမှပင် မုန်းတီးနေသံပေါ်သည်။
တစ်ဖက်တွင်တော့ သူတို့မှာ ‘လွှဲပြောင်းအစီအရင်’၏ ထိန်းချုပ်ခြင်း ခံထားရသည်။ အမှန်တရားကို မြင်နိုင်စွမ်း မရှိကြချေ။
ကွမ်ချီဟုန်မှာ အနိုင်ကျင့်ခံနေရသော သနားစရာကောင်လေးဟု တွေးမိကြပြီး သူတို့သည်သာလျှင် သူ့အား ကာကွယ်ပေးနိုင်သည်ဟု ထင်နေခဲ့ကြသည်။
သူတို့က မကောင်းမှုကို တိုက်ဖျက်နေခြင်းသာဖြစ်သည်!
အွန်လိုင်းပေါ်မှ လူအများ၏ ထင်မြင်ယူဆချက်များက တဖြည်းဖြည်း ကြီးထွားလာခဲ့ပြီး လူသိရှင်ကြား ဖြစ်လာခဲ့လေသည်။
*