ရဲတွေရောက်လာပြီးနောက် အသက်ရှင်နေတဲ့သူတစ်ယောက် ရုတ်တရက်ပေါ်လာခြင်း (3)
Vol. 44 Ch. 440
ကုကျစ်စုန့်က တိုက်ရိုက်ထုတ်လွှင့်သည့် မျက်နှာပြင်မှ ရုတ်တရက် ပျောက်ကွယ်သွားသောကြောင့် ကြည့်ရှုသူများမှာ အံ့အားသင့်သွားခဲ့ရသည်။
ကွမ်ချီဟုန် တိုက်ရိုက်ထုတ်လွှင့်မှုစတင်ပြီးနောက် သူ့ကိုယ်သူ ဖြူစင်ရိုးသားကြောင်း ထုတ်ပြောလာချိန်တွင် တိုက်ရိုက်ထုတ်လွှင့်ခန်းမှ လူအများစုက သဘာဝလွန်အစီအစဉ်ကို မကြည့်ချင်ကြတော့ချေ။
ကုကျစ်စုန့်အား တစ်ဖက်မှ ပြဿနာကိုသာ အရင်ဖြေရှင်းပေးစေချင်ကြသည်။
ယခု သူမက ရုတ်တရပ် ရပ်တန့်သွားသောကြောင့် တချို့သော antiပရိတ်သတ်များနှင့် ‘ကွမ်တိ’ပရိတ်သတ်တချို့မှာ ပြောစရာ စကားရသွားကြသည်။
[ရယ်ရလို့ သေတော့မယ် အမှန်အတိုင်းမပြောနိုင်လို့ ထွက်ပြေးတာမဟုတ်ဘူးလား၊ အခုထိ ကုကျစ်စုန့်ကို ကာကွယ်ပြီး ပြောပေးနေတဲ့လူတွေအကုန်လုံးက မကောင်းတာကို ထောက်ခံပေးနေတာပဲနော် အဲဒါက ကောင်းတဲ့အကျင့်မဟုတ်ဘူး]
[ကုကျစ်စုန့်.. သက်သေမြန်မြန်ရှာပြီးတော့ ကိုယ့်ထက်ငယ်တဲ့ ဂျူနီယာတွေကို အနိုင်ကျင့်နေတာ ရပ်လိုက်တော့! ငါတို့ကတော့ လူသိရှင်ကြား မတောင်းပန်ရင် မကျေနပ်နိုင်ဘူးနော်!]
ကုကျစ်စုန့်၏ စူပါချက်မှာ ပရိတ်သတ်ကြီးများနှင့် မန်နေဂျာများသာ ရှိသောကြောင့် အေးဆေးတည်ငြိမ်စွာပင် ရှိနေခဲ့သည်။
သို့သော် သူမက နာမည်ကြီးလွန်းသောကြောင့် အယုံလွယ်သည့် ပရိတ်သတ်အသစ်များပါဝင်သည့် ပရိတ်သတ်ဂရုများလည်း များစွာရှိသည်။
ထိုအချိန်တွင် ပုန်းကွယ်နေသော anti များ ထွက်ပေါ်လာကြလေ၏။
ပရိတ်သတ်အသစ်များက စိတ်မသက်မသာ ဖြစ်နေကြသော်လည်း ၊ တစ်ဖက်တွင် ကုကျစ်စုန့်အား တစ်ချိန်လုံး အားပေးလာခဲ့ကြပြီး ပြီးခဲ့သည့် နှစ်အတွင်း သူမဘက်မှ နိုင်ငံနှင့် ပြည်သူများအတွက် မည်မျှကူညီပေးထားကြောင်း သိနေကြသည့် ပရိတ်သတ်များလည်း ရှိနေသည်။
သူတို့က စိတ်ပူ၍ ထိတ်လန့်နေသော်လည်း ကုကျစ်စုန့်ကို အပြည့်အဝ ယုံကြည်ပေးထားကြပြီး ဂရုအတွင်းမှ တခြားပရိတ်သတ်များကိုလည်း နှစ်သိမ့်ပေးနေခဲ့သည်။
[စုန့်စုန့်က ဘယ်တုန်းကမှ ကတိကို မဖျက်ဖူးဘူး သူ့ကို ယုံကြည်ပေးကြပါ]
မကြာမီမှာပင် ကုကျစ်စုန့်၏ အချိန်အကြာဆုံးပရိတ်သတ်က ပို့စ်တစ်ခုကို ရေးသားခဲ့သောကြောင့် ထိုပို့စ်က ပရိတ်သတ်များအတွက် အနည်းငယ်ချွေးသိပ်စေခဲ့သည်။
‘ပိုးစာရွက်’များသည်လည်း သနားစရာကောင်းအောင် လုပ်ပြနေသော ကွမ်ချီဟုန်၏ တိုက်ရိုက်ထုတ်လွှင့်မှုအား စောင့်ကြည့်နေခဲ့ကြသည်။
သို့သော် သူတို့ မည်သည့်အရာကို မြင်လိုက်သည်ကို မသိဘဲ အင်မတန် အံ့ဩသွားခဲ့ရသည်။
ဖြစ်ပျက်နေသည့် ကိစ္စများကို နားလည်လိုက်ပြီးနောက်တွင် သူတို့က ချက်ချင်းပင် စူပါချက်နှင့် တခြားဖန်ဂရုများသို့ အပြေးအလွှားသွားကာ သတင်းပေးခဲ့သည်။
[မိန်မိန်းတို့.. ကွမ်ချီဟုန်ရဲ့ တိုက်ရိုက်လွှင့်နေတာကို သွားကြည့်လိုက်ကြဦး! ကြည့်ရတာ ရဲတွေ တံခါးဝကို ရောက်နေပြီတဲ့!]
[တကယ်ကြီးလား တကယ်ဖြစ် တာလား?]
ကုကျစ်စုန့်၏ ပရိတ်သတ်အများအပြားက ကွမ်ချီဟုန်၏ တိုက်ရိုက်ထုတ်လွှင့်ခန်းအတွင်းသို့ ရောက်ရှိလာကြသည်။
ထိုအချိန်တွင် ကွမ်ချီဟုန်ပ ဆိုဖာရှေ့၌ မတ်တပ်ရပ်နေခဲ့ပြီး မျက်နှာသည်လည်း အင်မတန် ပျက်ယွင်းနေခဲ့သည်။
သူ အတင်းလုပ်ယူ၍ ပြုံးလိုက်ပြီးနောက် စကားစသည်။
“ကြည့်ရတာ လာနောက်နေတာ ထင်ပါတယ်”
လွန်ခဲ့သည့် မိနစ်ပိုင်းမှာပင် သူ၏ တိုက်ခန်းတံခါးအား အပြင်မှ ခေါက်သံ ကြားခဲ့ရသည်။
သူနေထိုင်ရာ လိပ်စာာ လျှို့ဝှက်ချက်ဖြစ်သည်။ သူ၏ လက်ထောက်နှင့် အေးဂျင့်မှလွဲ၍ တခြားသိထားသူ မရှိပါချေ။ ထိုနှစ်ဦးသည်လည်း ကိုယ်ပိုင်သော့ရှိထားပြီးဖြစ်သည်။
သူတို့က အကြောင်းအရင်းမရှိ အခန်းတံခါးခေါက်လိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် သူက အခန်းရှေ့မှလူကို မည်သူနည်းဟု မေးခဲ့မိသည်။
ရလဒ်မှာတော့ သူ့အား တုန်လှုပ်သွားစေသည့် စကားတစ်ခွန်းကို ကြားခဲ့ရသည်ပင်။
“မစ်စတာကွမ်ချီဟုန်၊ ကျွန်တော်တို့က X မြို့တော်ရဲ့ ရဲဌာနက ရဲအရာရှိတွေပါ”
“မကောင်းဆိုးရွားအစည်းအရုံးကနေ မိစ္ဆာတံဆိပ်တွေကို ဖုံးကွယ်ပြီး ဖြန့်ချီနေတယ်လို့ သံသယရှိထားပါတယ်၊ ဒီတော့ တံခါးကို ဖွင့်ပြီး ကျွန်တော်တို့ရဲ့ စစ်ဆေးမှုမှာ ပူးပေါင်းပေးဖို့ မျှော်လင့်ပါတယ်”
ရဲအရာရှိများ၏ အသံကို ကြားရပြီးနောက် ဟန်ဆောင်နေသည့် ကွမ်ချီဟုန်၏ မျက်နှာဖုံးက ကွာကျသွားခဲ့ပြီး ထိတ်လန့်တုန်လှုပ်စိတ်တို့က အတိုင်းသား ပေါ်လာခဲ့သည်။
အပြင်ဘက်မှ အရာရှိများ၏ အသံင ကျယ်လောင်သောကြောင့် တိုက်ရိုက်ထုတ်လွှင့်ခန်းအတွင်းမှ လူသန်းပေါင်းများစွာသည်လည်း ‘ရဲဌာန’နှင့် ‘မကောင်းတိုးရွား အဖွဲ့အစည်း’ဆိုသည့် စကားများအား နားစွန်နားဖျား ကြားလိုက်ရသည်။
ထိုအချိန်ခဏလေးမှာပင် ပရိတ်သတ်များ ပို၍ အံ့အားသင့်သွားခဲ့ကြသည်။
ကွမ်ချီဟုန်၏ တိုက်ရိုက်ထုတ်လွှင့်ခန်းတစ်ခုလုံးသည်လည်း ပွက်လောရိုက်သွားခဲ့သည်။
[ငါနားကြားမမှားဘူးဆိုရင် အပြင်မှာ.. ရဲတွေ ရောက်နေတာလား? ငါ ကြားတာသာ အမှန်ဆိုရင်တော့ ဒီကောင်လေးက ဥပဒေ ချိုးဖောက်ထားလို့ပေါ့?!]
[ဘုရားရေ ငါတော့ ဒီကောင်လေးကို ယုံပြီး ကုကျစ်စုန့်က သူ့ကို နာမည်ဖျက်နေတယ်လို့ ထင်ခဲ့တာ၊ ငါတော့ ယုံမိတာ မှားပြီလို့ ခံစားနေရပြီ]
ကွမ်တိ ပရိတ်သတ်များသည် ကြည့်ရှုသူများအား သူတို့ နားကြားမှားခြင်းဖြစ်ကြောင်း၊ တခြားသူတစ်ယောက် စနောက်နေခြင်းသာဖြစ်ကြောင်း၊ သူတို့အိုင်ဒေါက တရားမဝင်၊ ဥပဒေ ချိုးဖောက်သည့်အရာများ ကျူးလွန်မည်မဟုတ်ကြောင်း ရှင်းပြနေခဲ့ကြသည်။
သို့သော် ကြည့်ရှုသူများက အယုံအကြည်မရှိတော့ဘဲ ကွမ်ချီဟုန်အား တံခါးဖွင့်ပေးရန်သာ ပြောဆိုနေခဲ့ကြသည်။
ကွမ်ချီဟုန် ချွေးစေးများ ပြန်လာခဲ့ပြီးနောက် ဟန်ဆောင်ထားသည့် အပြုံးသည်လည်း တောင့်တင်းလာခဲ့သည်။
သူ့အနေဖြင့် မိုးကြိုးအပစ်ခံလိုက်ရသကဲ့သို့ပင်။ ရဲအရာရှိများက အဘယ်ကြောင့် သူ့တံခါးကို လာခေါက်နေကြောင်းကိုလည်း နားမလည်နိုင်ခဲ့ပေ။
သူ တံခါးဖွင့်သင့်၊ မဖွင့်သင့်နှင့် မည်သို့ ပြန်လည်ချေပရမည်နည်းဟု တွေးတောနေစဉ်မှာပင် တံခါးအပြင်မှ အသံက နောက်တစ်ကြိမ်ထွက်ပေါ်လာပြန်သည်။
ယခုတစ်ကြိမ်တွင် ပထမတစ်ကြိမ်ထက် အသံမှာ အနည်းငယ်ပို၍ ပြင်းထန်နေခဲ့သည်။
“ကျွန်တော် နောက်တစ်ကြိမ်ထပ်ပြောပါမယ်၊ ကျွန်တော်တို့က X မြို့တော်ရဲဌာနက အရာရှိတွေပါ မစ်စတာကွမ် နေအိမ်မှာ ရှိနေတာကိုလည်း သိထားပြီးသားပါ၊ အခု အရေးကြီးတဲ့ ကိစ္စတွေနဲ့ ပတ်သတ်ပြီး စစ်ဆေးဖို့လိုအပ်နေပါတယ်
တံခါးကို ဖွင့်ပေးပါ”
“စုံစမ်းစစ်ဆေးမှုကို ငြင်းဆိုမယ်ဆိုရင် ဝတ္တရားနှောင့်ယှက်မှုသက်ရောက်ပါတယ် အဲဒီအချိန်ကျရင်တော့ ကျွန်တော်တို့မှာ ဒီတံခါးကို ဖျက်ပြီး မစ်စတာကွမ်ကို စစ်ဆေးခွင့်ရှိပါတယ်”
အပြင်မှ အသံနှင့် တိုက်ရိုက်ထုတ်လွှင့်ခန်းအတွင်းမှ ကြည့်ရှုသူများ၏ မျက်လုံးအောက်တွင် ဖိအားနှစ်ဆင့်ဖြစ်နေရပြီး ကွမ်ချီဟုန်တစ်ယောက် အကြပ်ရိုက်နေခဲ့သည်။
သူက အချိန်ဆွဲနေခဲ့ပြီးနောက် တဖြည်းဖြည်းနှင့် တံခါးနားသို့ လျှောက်သွားလိုက်သည်။
သူ့၏ စိတ်ထဲတွင် မည်သည့်အရာမှမဖြစ်နိုင်ဟု တစ်ချိန်လုံး ဖြေသိမ့်နေခဲ့မိသည်။
ဘုရားသခင်၏ အစီအစဉ်သည်က ပျက်စီး၍ မရနိုင်ချေ။ သူသည်လည်း ကိုယ့်ကိုကိုယ် ကာကွယ်နိုင်လိမ့်မည်။
ဘုရားသခင်မှ သူသည်က ဤကမ္ဘာ၏ ဇာတ်လိုက်ဖြစ်ကြောင်း၊ ရွေးချယ်ခံထားရသူအား မည်သူကမျှ ထိခိုက်ဒဏ်ရာရအောင် မလုပ်နိုင်ကြောင်းပြောခဲ့သည်။
ထို့ကြောင့် ယခုရောက်ရှိလာသည့် ရဲအရာရှိများက ကုကျစ်စုန့်၏ စကားကို ယုံကြည်၍ ရောက်လာသူများသာ ဖြစ်ရမည်။
သက်သေမရှိပါက သူ့အား ဒုက္ခမပေးနိုင်။
ထိုအကြောင်းတွေးလိုက်ပြီးနောက် ကွမ်ချီဟုန် စိတ်သက်သာရာရပြီး တံခါးဖွင့်ပေးလိုက်သည်။
သူ မသိထားသည့်အရာမှာ သူ ဧည့်ခန်းအား ကျောပေးလိုက်သည်နှင့် ကြမ်းပြင်မှ မြင့်မားကျယ်ဝန်းသော တစ္ဆေဂိတ်တံခါးဝ ထွက်ပေါ်လာခဲ့ခြင်းကိုပင်။
ကြည်လင်ရှင်းလင်း၍ ရွှေရောင်တောက်နေသည့် ဝိဉာဉ်တစ်ခုက သုန်မှုန်ထိုင်းမှိုင်းနေသည့် ဂိတ်တံခါးဝအတွင်းမှ ထွက်လာခဲ့သည်။
သူမက တိုက်ရိုက်ထုတ်လွှင့်နေသည့် ကင်မရာရှေ့တွင် ရပ်လိုက်သော်လည်း ကြည့်ရှုသူတစ်ဦးတစ်ယောက်ကမျှ သူမကို မြင်တွေ့နိုင်စွမ်းမရှိပေ။
ထိုအရာသည်က ကုကျစ်စုန့်၏ ဝိဉာဉ်ပင်။
ကွမ်ချီဟုန်၏ နေအိမ်သို့ ရောက်ချိန်တွင် တစ်အိမ်လုံးကို ဖုံးလွှမ်းနေသော စေးကပ်၍ အောက်သိုးသိုးအနံ့က ပို၍ပင် ပြင်းထန်လာခဲ့သည်။
တိုက်ခန်းတွင်းမှ သူ၏ ပိုစတာများ၊ ဓာတ်ပုံများကို ကြည့်ခြင်းအားဖြင့် ထိုသူက ကိုယ့်ကိုကိုယ် အင်မတန် ချစ်မြတ်နိုးသူဖြစ်ကြောင်း သိသာပေသည်။ ထိုဓာတ်ပုံတိုင်းတွင်လည်း ‘လွှဲပြောင်းအစီအရင်’သင်္ကေတများဖြင့် ဖုံးလွှမ်းထားခဲ့သည်။
ထိုနေရာသည်က ပုတ်သိုး၊ နံစော်နေသည့် နွံတစ်ခုအလား ဖြစ်နေခဲ့ပြီး ကွမ်ချီဟုန်သည်က ထိုနွံဝဲဂယက်အတွင်းမှ ကပ်ပါးကောင်သာ ဖြစ်ပေသည်။
ဤအရာမှာ ကုကျစ်စုန့် အကြိမ်ပေါင်းများစွာ မြင်တွေ့ပြီးဖြစ်သော ‘အနက်ရောင်မြူခိုး’နှင့် တစ်ပုံစံတည်းဖြစ်ပြီး အသက်ရှူပင် ကြပ်စေသည်။
ကုကျစ်စုန့် နှာခေါင်းရှုံ့လိုက်ပြီးနောက် သူမ၏ တွက်ချက်မှုမှန်ကန်ကြောင်း တွေးတောလိုက်သည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက ပျောက်ကွယ်သွားခဲ့ပြီး တားမြစ်ခံထားရသည့် နည်းလမ်းဖြစ်သည့် အစီအရင်တစ်ခု တဖန်ပြန်လည်ပေါ်ပေါက်လာသည်ကို မြင်လိုက်ရသည်နှင့် ယခုအဖြစ်အပျက်၏ နောက်ကွယ်မှ တရားခံအစစ်မှာ အမြီးနှင့် ဦးခေါင်းကို ပုန်းဝှက်ထားပြီး အလင်းရောင်အောက် လူလုံးထွက်မပြရဲသော လူတစ်စုသာ ဖြစ်ရမည်ဟု သေချာပေါက် သိလိုက်ပြီးဖြစ်ပေသည်။
ဤဦးနှောက်မရှိသည့် ကွမ်ချီဟုန်သည်က အပြစ်မဲ့လူသားများ၏ ကံကြမ္မာနှင့် အသက်စွမ်းအင်တို့အား အညှာအတာမရှိ စုပ်ယူရန် အသုံးချခံထားရသည့် ကိရိယာတစ်ခုသာ ဖြစ်သောကြောင့် ထိုနောက်ကွယ်မှ လက်မည်းကြီးက သူ့အား ဖုံးကွယ်ကာကွယ်ထားပေးရန် စိတ်ကူးပင်မရှိပေ။
ကွမ်ချီဟုန်သည်က အသုံးမဝင်သည့် ပြရုပ်တစ်ခုသာ ဖြစ်ကြောင်းကို ကုကျစ်စုန့် သိထားပြီးဖြစ်သည်။
သူမ ခြေကို ခပ်ဖွဖွ ဆောင့်လိုက်ပြီးနောက် ခန္ဓာကိုယ်မှ ဝိဉာဉ်စွမ်းအင်များက အခန်းတစ်ခုလုံးအား လွှမ်းခြုံသွားခဲ့သည်။
ထို့နောက် လက်ချောင်းများကို ယှက်၍ ရှေးခေတ်က ပျောက်ဆုံးသွားပြီဖြစ်သော တောက်ဓမ္မဂါထာတစ်ခုကို ရွတ်ဆိုကာ အခန်းထဲတွင် ဖွဲ့စည်းပုံတစ်ခု ချမှတ်လိုက်သည်။
ဂါထာ၏ စွမ်းအင်က အလင်းလုံးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး ကွမ်ချီဟုန်၏ ကျောပြင်အတွင်းသို့ ဝင်ရောက်သွားခဲ့ကာ သူ၏ ကိုယ်ပေါ်မှ ‘လွှဲပြောင်းအစီအရင်’အား အသံတိတ်ဖျက်ဆီးလိုက်သည်။
တံခါးဖွင့်လိုက်သည့် ကွမ်ချီဟုန်မှာ ဝတ်စုံပြည့်ဝတ်ဆင်ထားသော ရဲအရာရှိများကို မြင်တွေ့လိုက်ရချိန်တွင် တုန်လှုပ်သွားရပြန်သည်။
သို့သော်လည်း သူ စကားမပြောနိုင်ခင်မှာပင် အသည်းနှလုံးအား အပ်ဖျားနှင့် စူးထောက်လိုက်သကဲ့သို့ ခံစားလိုက်ရပြီး နာကျင်မှုသည်က အသက်ရှူကြပ်စေခဲ့သည်။
သို့သော်ငြား တခဏတွင်းမှာပင် ပျောက်ကွယ်သွားခဲ့ပြန်သည်။
ထို့နောက် ပေါ့ပါးနေခဲ့သည့် သူ၏ ခန္ဓာကိုယ်က ရုတ်တရက် လေးလံလာခဲ့သည်။
သို့သော် ထိတ်လန့်တုန်လှုပ်နေသော ကွမ်ချီဟုန်က ရဲအရာရှိများနှင့် မည်သို့ ဆွေးနွေးသင့်ကြောင်း အတွေးလွန်နေခဲ့သောကြောင့် ရင်ဘတ်ထဲမှ ထူးဆန်းမှုကို သတိမထားမိခဲ့ပေ။
ထိုနည်းတူစွာပင် သူ့အား ကြည့်နေသော ရဲအရာရှိများ၏ မျက်လုံးများက အင်မတန်ကြောက်မက်ဖွယ်ကောင်းသည့်အရာတစ်ခုအား မြင်တွေ့လိုက်ရသည့်အလား ပြူးကျယ်လာသည်ကိုလည်း သတိမထားမိခဲ့ပါချေ။
*