← Chapters

ပြီးပြည့်စုံတဲ့ စရိုက် + ဆုံးရှုံးသွားတဲ့ ပရိသတ်တွေ(1)

Vol. 45 Ch. 442

ပြီးပြည့်စုံတဲ့ စရိုက် + ဆုံးရှုံးသွားတဲ့ ပရိသတ်တွေ(1)

Vol. 45 Ch. 442

“အခုလိုမျိုး အိုင်ဒေါတွေ၊ ဒါမှမဟုတ် အင်တာနက်ပေါ်မှာ ပျံ့နေတဲ့ ထူးဆန်းတဲ့ ဂါထာတွေ၊ မန္တာန်တွေကို တွေ့ရင် မျက်စိရှင်ရှင်ထားပြီး စောင့်ကြည့်ကြပါ၊ အလိမ်မခံရပါစေနဲ့ ဒါမှမဟုတ်ရင်လည်း ဒေသခံရဲတပ်ဖွဲ့ကို ချက်ချင်း အကြောင်းကြားပေးပါ”

ယခုကဲ့သို့ ပြောဆိုနေမှုများကြောင့် ထင်ရှားပေါ်လွင်လာသည့် အချက်တစ်ချက်မှာ ကွမ်ချီဟုန်သည်က မကောင်းဆိုးရွားအဖွဲ့အစည်းမှ အဖွဲ့ဝင်တစ်ဦးပင် ဖြစ်သည်။

ထို့နောက် ရဲအရာရှိက ကွမ်ချီဟုန်၏ အိုင်ဒီကတ်မိတ္ထူတစ်ခုကို ထုတ်ယူလိုက်ပြီး ကင်မရာရှေ့တွင် မြင်သာအောင် ပြလိုက်သည်။

“ကွမ်ချီဟုန်၊ အသက် (၂၆)နှစ်၊ ပြည်သူတစ်ဦးရဲ့ နေအိမ်ကို ဖောက်ထွင်းမှုနဲ့ ဖမ်းဆီးခံရပြီး ထောင်ဒဏ်နှစ်နှစ် ကျခံရဖူးပါတယ်..

ထောင်ကနေ လွတ်လာပြီးတဲ့နောက် သူက သူ့ရဲ့ ရုပ်ရည်ကို မကောင်းတဲ့နည်းလမ်းတွေ သုံးပြီး ပြောင်းလဲခဲ့တယ်၊ သူကိုယ်တိုင်ရဲ့ အချက်အလက်အစစ်အမှန်ကို ဖုံးကွယ်ခဲ့ပြီး အင်တာနက် ဆယ်လီတစ်ဦးဖြစ်လာခဲ့တယ်

ပြီးတော့ Debut လုပ်နိုင်ဖို့အတွက် ပြိုင်ပွဲတစ်ခုမှာ ဝင်ပြိုင်ခဲ့တယ်”

“ဒီအမျိုးသားက မကောင်းတဲ့နည်းလမ်းတွေကို အသုံးပြုပြီး ငွေကြေးလိမ်လည်မှု၊ အခြားလူတွေရဲ့ အသက်အိုးအိမ်၊ ကျန်းမာရေးကို ထိခိုက်စေမှု၊ လူထုလုံခြုံရေးကို အနှောင့်အယှက်ဖြစ်စေမှုနဲ့ ဥပဒေစည်းမျဉ်းတွေကို ချိုးဖောက်ကျူးလွန်ထားတယ်လို့ သံသယရှိသူဖြစ်ပါတယ်

ဒါကြောင့် ကျွန်တော်တို့ ရဲဌာနကနေ သူ့ကို ဖမ်းဆီးထိန်းသိမ်းပြီး စစ်ဆေးမေးမြန်းသွားမှာဖြစ်ပါတယ်”

“တစ်ချိန်တည်းမှာပဲ အခု ကြည့်ရှုသူတွေအားလုံးကို သေချာစဉ်းစားဆင်ခြင်ပြီးမှ ငွေကြေးသုံးစွဲဖို့၊ တပါးသူတွေကို မျက်စိမှိတ်၊အယုံမလွယ်ဖို့ မှာကြားချင်ပါတယ်”

ကြည်လင်ပြတ်သားသည့် ကင်မရာမှတဆင့် ရဲအရာရှိ၏ လက်ထဲ၌ ကိုင်ဆောင်ထားသော အိုင်ဒီကတ်မိတ္ထူအား ကြည့်ရှုသူများ ကောင်းစွာ မြင်တွေ့နိုင်သည်။

အိုင်ဒီကတ်ပေါ်မှ အမည်သည် ‘ကွမ်ချီဟုန်’ဖြစ်သော်ငြား ဓာတ်ပုံတွင် မြင်နေရသူမှာ မျက်နှာဝိုင်းဝိုင်း၊ လက်ပြင်ကိုင်းကိုင်းနှင့် ကြွက်စုတ်တစ်ကောင်ကဲ့သို့ ပုံစံဖြင့် လူငယ်တစ်ဦးသာဖြစ်သည်။

စတိတ်စင်ပေါ်တွင် ဖျော်ဖြေနေသည့် အိုင်ဒေါနှင့် လားလားမျှပင် တူညီခြင်းမရှိသော်လည်း မကြာသေးမီက ဆိုဖာပေါ်တွင် ဖိ၍ ဖမ်းဆီးခံထားရသော လူဖြင့် တစ်ပုံစံတည်းသာဖြစ်ပေသည်။

အဖမ်းခံလိုက်ရသည့်လူသည်က ဓာတ်ပုံရိုက်ကူးစဉ်ကထက် အပြင်တွင် ပို၍ ခန္ဓာကိုယ် ဝ,နေခဲ့သည်။

ရဲအရာရှိများ၏ အတည်ပြုချက်အရ ကြည့်ရှုသူအများစုက အမှန်တရားအား လက်ခံလာကြသည်။

သို့သော် မိုးပြိုသည့်အလား ခံစားလိုက်ရသည့် ပရိတ်သတ်တချို့မှာမူ လက်မခံနိုင်ကြ။ တချို့သည်က အင်တာနက်ပေါ်၌ ရိုင်းစိုင်းစွာ ဆဲရေးတိုင်းထွာနေခဲ့ကြသည်။

ကုကျစ်စုန့်က သူတပါးအား နာမည်ဖျက်ကြောင်း၊ ကွမ်ချီဟုန်အား ဖမ်းဆီးသွားသည့် ရဲအရာရှိများသည်က အဖြစ်မှန်ကို ဖုန်းကွယ်ထားခြင်းဖြစ်ကြောင်း ရေးသားခဲ့ကြသည်။

ထိုရေးသားချက်များကြောင့်ပင် လူထု၏ အမြင်သည်လည်း ‘ကွမ်ချီဟုန်သည်က ဝဖီးနေသည့် လူတစ်ဦးသာ ဖြစ်သည်’ ဆိုသော အမြင်မှ ‘မည်သို့သော ရုပ်ပြောင်း၊ရုပ်လွှဲအတတ်သည် ဤမျှပြောင်မြောက်ပါသနည်း?’ဟု မေးခွန်းထုတ်လာခဲ့ကြသည်။

ထိုသို့သော ‘ကွမ်တိ’များသည် ဆေးမမှီတော့အောင် ရူးသွပ်နေပြီး အိုင်ဒေါတစ်ယောက်အတွက်နှင့် နိုင်ငံအား အပုတ်ချနေသည်ဟုသာ လူအများ သက်ပြင်းချခဲ့ကြသည်။

ကြည့်ရှုသူအများစုသည်ကား အံ့အားသင့်ရုံသာမကဘဲ ကွမ်ချီဟုန် ယခုကိစ္စရပ်အား မည်သို့လုပ်ဆောင်ခဲ့သည်ကို သိချင်နေခဲ့ကြသည်။

ယခင်က ရုပ်ရည်နှင့် ယခုရုပ်ရည်သည် မိုးနှင့်မြေကဲ့သို့ ကွာခြားလွန်းနေခဲ့သည်မဟုတ်ပါလော?

ထိုအရာသည်က အောက်လမ်းပညာဖြစ်သည်ဟု ပြောဆိုချိန်တွင် ယုံကြည်ခဲ့ကြသည်။

သူတို့မသိသည့်အချက်မှာ ကွမ်ချီဟုန်အား ဖမ်းဆီးရန် လာရောက်ခဲ့သည့် ရဲအရာရှိများသည်လည်း စိတ်ထဲမှ တုန်လှုပ်မှုအား အင်မတန်ကြိုးစား၍ ဖုံးကွယ်ထားရခြင်းသာ ဖြစ်သည်။

အထက်အရာရှိများထံမှ အမိန့်အား လက်ခံရရှိပြီး ကွမ်ချီဟုန်၏ မူလအိုင်ဒီဓာတ်ပုံအား မြင်တွေ့ရချိန်တွင် သူတို့အားလုံးသည်လည်း ယုံတစ်ဝက်၊ မယုံတစ်ဝက် ဖြစ်နေခဲ့သည်။

ဤသို့ ဝဖိုင့်ဖိုင့်၊ နားရွက်ကြီးကြီးဖြင့် ပြစ်မှုမှတ်တမ်းရှိသော ဓာတ်ပုံထဲမှလူသည်က အင်တာနက်ပေါ်တွင် နာမည်ကြီးနေသော အမျိုးသား အိုင်ဒေါဖြင့် တစ်ဦးတည်းဆိုသည်မှာ ဖြစ်နိုင်ပါ၏လော?

အထက်လူကြီး၏ ပြတ်သားသော လေသံ၊ ခိုင်လုံသည့် ဒေတာအချက်အလက်များကြောင့်သာ မဟုတ်ပါက သူတို့ ယုံကြည်နိုင်မည်မဟုတ်ပေ။

ကွမ်ချီဟုန်၏ တိုက်ခန်းသို့ ရောက်ရှိချိန်တွင် ရဲအရာရှိများက အခန်းတံခါးလာဖွင့်ပေးသည့် ချောမောလှပသော လူငယ်လေး၏ မျက်နှာ၊ ပါးပြင်နှင့် ခန္ဓာကိုယ်တို့က အရည်ပျော်နေသည့်အလား‌ ပြောင်းလဲနေသည်ကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသည်။

ကင်မရာမှတဆင့် မြင်တွေ့ရခြင်းထက် ထိုသို့ ကြောက်မက်ဖွယ်ကောင်းသည့် အဖြစ်အပျက်အား မျက်နှာချင်းဆိုင် မြင်တွေ့လိုက်ရသောကြောင့် ရဲအရာရှိများက ပို၍ သွေးပျက်တုန်လှုပ်ခဲ့ရသည်။

သူတို့၏ ကြိုးစားလေ့ကျင့်ထားသော အရည်အချင်းများကြောင့်သာလျှင် ကင်မရာရှေ့၌ ပုံပျက်ပန်းပျက်ဖြစ်သည်ထိ ကြောက်လန့်စိတ်အား ထုတ်မပြခဲ့ခြင်းပင်။

ယခုအချိန်တွင် မှတ်ချက်ဧရိယာ၌ အကြောင်းအရင်းများ၊ ဖြစ်ပျက်သွားသည့် ကိစ္စရပ်များကို တရစပ်မေးခွန်းထုတ်လာကြချိန်တွင် ကင်မရာအား ကိုင်ဆောင်ထားသည့် ရဲအရာရှိများက အနည်းငယ် ရှက်သွားခဲ့သည်။

သူသည်က သဘာဝလွန်ကိစ္စများ၊ မြင်ကွင်းများအား မည်သို့ ရှင်းပြရမည်ကို မသိပါချေ။

ကံကောင်းစွာပင် အထက်လူကြီး၏ မက်ဆေ့ချ်က အချိန်ကိုက် ရောက်ရှိလာခဲ့သည်။

သူ ဖုန်းကို ဖွင့်ကြည့်လိုက်ပြီးနောက် သက်ပြင်းချလိုက်သည်။ ထို့နောက် ကင်မရာကို ကြည့်ကာ ပြောလိုက်သည်။

“ကျွန်တော်တို့တွေက သူ့ကို ထိန်းသိမ်းဖို့ ခေါ်သွားတော့မှာပါ၊ သိချင်တာ၊ မေးချင်တာတွေရှိရင် မစ်စ်ကုကျစ်စုန့်ကို မေးမြန်းလို့ ရပါတယ်”

ကြည့်ရှုသူများက အံ့ဩသွားရပြန်သည်။ ကွမ်ချီဟုန်သည်က မကောင်းမှုကျူးလွန်နေသူဖြစ်ကြောင်း ပထမဆုံးပြောဆိုခဲ့သူမှာ ကုကျစ်စုန့်ပင် မဟုတ်ပါလော?

ထိုအချိန်ကတော့ သူမစကားကို ယုံကြည်သူ နည်းပါးခဲ့သည်။

မကြာမီမှာပင် ကွမ်ချီဟုန်၏ တိုက်ရိုက်ထုတ်လွှင့်ခန်းအတွင်းမှ ထောင်သောင်းချီသော ကြည့်ရှုသူများက ချက်ချင်းပင် ကုကျစ်စုန့်၏ ဝိဉာဉ်ရေးရာအစီအစဉ်မှ တိုက်ရိုက်ထုတ်လွှင့်ခန်းအတွင်းသို့ အပြေးအလွှားရောက်ရှိလာကြသည်။

ထို့အပြင် ထိပ်တန်းရှာဖွေခံရသည့် စာသားများသည်လည်း လူအများ၏ အာရုံစိုက်ခြင်း ခံခဲ့ရသည်။

#X မြို့တော်ရဲဌာနမှ ကွမ်ချီဟုန်ကို ဖမ်းဆီး#

#ကွမ်ချီဟုန်၏ အင်မတန်ပြောင်မြောက်သော ရုပ်ပြောင်းရုပ်လွှဲ#

# ၃မိနစ်အတွင်းမှာ နတ်ဘုရားမျက်နှာက

ပလ္လင်ပေါ်မှ ပြုတ်ကျသွားပြီ#

ကုကျစ်စုန့်၏ တိုက်ရိုက်ထုတ်လွှင့်မှု ပြန်လည်စတင်ချိန်တွင် ကြည့်ရှုသူ များပြားလွန်းသောကြောင့် ခေတ္တ အလုပ်မလုပ်နိုင်ဖြစ်သွားခဲ့သည်။

နောက်ကွယ်မှ ဒါရိုက်တာအဖွဲ့ဝင်များသည်လည်း သူတို့ ငွေကြေးများစွာ ကုန်ကျခံ၍ ငှားရမ်းထားသော ဆာဗာက နောက်တစ်ကြိမ် ထပ်မံပြုတ်ကျတော့မည်ဟု ထင်၍ ထိတ်လန့်နေခဲ့ကြရပြန်သည်။

သို့သော် စက္ကန့်အနည်းငယ်ခန့်သာ မရွေ့မလျားနိုင်ဖြစ်ခဲ့ပြီး လူပြည့်နှက်နေသော ဆာဗာသည်က ပြန်လည်ကောင်းမွန်ကာ ပုံမှန်ပြန်ဖြစ်လာသောကြောင့် ဒါရိုက်တာအဖွဲ့ သက်ပြင်းချနိုင်ခဲ့သည်။

“ကုကျစ်စုန့်ရဲ့ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက လူတွေက ၅၀မီလီယံတောင် ကျော်သွားပြီဟ! ဒါတောင် တဖြည်းဖြည်း ထပ်တိုးလာနေတုန်းပဲ၊ ဒါကြီးကတော့ မိုက်လွန်းပါတယ်ကွာ!”

လက်ထောက်ဒါရိုက်တာ၏ လက်ဖဝါးများပင် ချွေးပြန်နေခဲ့လေသည်။

“ငါ ဘာပြောရမှန်းတောင် မသိတော့ဘူးဆိုပေမဲ့ သေချာတာတစ်ခုကတော့ ဘိုးတော်လီ၊ ခင်များ စတုတ္ထရာသီ ရိုက်ဖို့ ပြင်ထားသေးလား?

ဒါဆိုရင်တော့ ကုကျစ်စုန့် ငွေဘယ်လောက်ပဲတောင်းတောင်း၊ သူ့ကို ရအောင် ခေါ်ကို ခေါ်ရမယ်!”

ကုကျစ်စုန့်ဆိုသည်နှင့် လူစိတ်ဝင်စားမှုထိပ်တန်းဖြစ်ကြောင်း သူမြင်နိုင်သည်။

ရံဖန်ရံခါတွင် လူအများ၏ ခံစားချက်သည် အနိမ့်အမြင့်၊အတက်အကျ ဖြစ်နေတတ်သော်လည်း အဆုံးသတ်တွင်တော့ အရာအားလုံး အဆင်ပြေချောမွေ့သွားစမြဲပင်။

တိုက်ရိုက်ထုတ်လွှင့်ခန်းအတွင်း။

[ငါ မျက်နှာတွေတောင် နာသွားတယ်၊ အစကတော့ သူပဲ ဟုတ်သလိုလိုနဲ့ ဟန်ကြီးပန်ကြီးနဲ့.. တကယ်တမ်းကျ ဖုန်တလုံးလုံး အသိပ်ခံထားရသလိုဖြစ်နေတော့ ရှက်ဖို့တောင် ကောင်းသေး

အချက်အလက်တွေက သက်သေပြနေတာကတော့ ကုကျစ်စုန့်က အမြဲတမ်း မှန်တဲ့ဘက်ကပဲ၊ နောက်ဆို သူ့ဆုံးဖြတ်ချက်ကို ဘယ်တော့မှ မေးခွန်းမထုတ်တော့ဘူး]

[ဆိုတော့ကာ ကွမ်ချီဟုန်က ဘယ်လိုမျိုး လုပ်ထားတာလဲ? သဘာဝလွန်ပညာရပ်တွေက ပုကွကွ၊ ခပ်ဝဝလူကို ပိန်ပိန်သွယ်သွယ်လေး ဖြစ်အောင် လုပ်နိုင်တာလား? ဒါကြီးကတော့ ထူးဆန်းလွန်းပါတယ်!]

[ကုကျစ်စုန့် နင့်မှာ အရှက်တရားဆိုတာ မရှိတော့ဘူးလား? မားကတ်တင်း ဆင်းရဖို့အတွက်နဲ့ကို လူတကာကို နာမည်ဖျက်ယုတ်မာနေတာ! နင်မလုပ်ရဲတဲ့ အရာဆိုတာရော ရှိသေးရဲ့လား?!]

[……]

တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် အဆမတန်များပြားနေသည့် လူပမာဏ၊ သိချင်စိတ်များ၊ ‌ဒေါသစိတ်များနှင့် ပြည့်နှက်နေသော မှတ်ချက်များကို မြင်လိုက်ရသောကြောင့် ကုကျစ်စုန့် မအံ့ဩသော်ငြား မျက်ခုံးတစ်ချက် ပင့်လိုက်မိသည်။

သူမ မျက်လွှာချ၍ မှတ်ချက်များကို ဖတ်ရှုလိုက်ပြီး စိတ်ပူပန်စွာ မေးခွန်းထုတ်နေသည့် မှတ်ချက်များအား တည်ငြိမ်စွာ ပြန်လည်ဖြေကြားပေးခဲ့သည်။

“ဒီ တားမြစ်ထားတဲ့ နည်းလမ်းက ဘာလို့ တားမြစ်ခံထားရတာလဲဆိုတော့ သူ့ရဲ့ လုပ်ဆောင်ပုံကိုက တစ်ပါးလူကို ဒုက္ခပေးပြီး ကိုယ့်အကျိုးကိုယ်ရှာတာ ဖြစ်နေလို့ပဲ”

သူမ ‘လွှဲပြောင်းအစီအရင်’အား သတိပြုမိလိုက်သည်နှင့် ကွမ်ချီဟုန်၏ မျက်နှာသည် သူ၏ မူလပုံပန်းသဏ္ဍာန်မဟုတ်ကြောင်း၊ ထိုဟန်ဆောင်မျက်နှာဖုံးအောက်တွင် ပုန်းလျှိုးနေသည့် အရာတစ်ခုရှိကြောင်း သိလိုက်ပြီးဖြစ်သည်။

ထို့ကြောင့် ချက်ချင်းပင် ကျန်းရူယယွီထံသို့ စာပို့၍ အဖြစ်အပျက်အား အကြမ်းဖျင်း ရှင်းပြထားခဲ့သည်။

ဝိဉာဉ်ဆိုင်ရာအထူးဌာနသည်ကသူမကို အပြည့်အဝယုံကြည်ထားသောကြောင့် ချက်ချင်းပင် ကွမ်ချီဟုန်အား ဖမ်းဆီးနိုင်ရန် ပြင်ဆင်ခဲ့ကြလေသည်။

ကွမ်ချီဟုန် အကြောက်အလန့်မဲ့နေရသည့် အကြောင်းရင်းမှာလည်း ယခုအစီအရင်အား သိရှိသူ၊ သတိပြုမိမည့်သူ မရှိနိုင်ဟု ယုံကြည်ထားသောကြောင့် သူ့အား ဖမ်းဆီးနိုင်သည့် သက်သေမရှိနိုင်ဟု ထင်နေသောကြောင့်သာ ဖြစ်ပေသည်။

ထိုသို့ဖြစ်ပါက သူမအနေဖြင့် ထိုလူလိမ်၏ မျက်နှာအစစ်အမှန်အား လူအများ မြင်သာအောင် ချပြပေးလိုက်ခြင်းသည်က အကောင်းဆုံးသက်သေပင် မဟုတ်ပါလော?

ကွမ်ချီဟုန်က ရိုးသားဖြောင့်မတ်သူမဟုတ်ကြောင်း သက်သေပြရန်မှာ ထိုနည်းလမ်းမှလွဲ၍ အခြားနည်းမရှိပေ။

*

All Chapters