← Chapters

အမာရွတ်ရှိတဲ့ မိန်းကလေး (1)

Vol. 45 Ch. 444

အမာရွတ်ရှိတဲ့ မိန်းကလေး (1)

Vol. 45 Ch. 444

လူတစ်ဦးတည်း သီးသန့်ခွဲခြားထားရန် အထူးပြုလုပ်ထားသော အခန်းကျယ်တစ်ခုတွင် သေးသေးသွယ်သွယ် အမျိုးသမီးငယ်တစ်ဦး ထိုင်နေခဲ့သည်။

စားပွဲပေါ်တွင်တော့ လက်တစ်ဖက်တင်ထားခဲ့ပြီး လက်သည်းထိပ်များဖြင့် စားပွဲထောင့်အား ကုတ်ခြစ်နေခဲ့သည်။

ကွာကျလာသည့် သစ်သားစငယ်များသည်က သူမခြေဖဝါးအနီးမှ ကြမ်းပြင်ပေါ်သို့ လွင့်စင်ကျလာခဲ့သော်ငြား သူမ၏ လက်သည်းထိပ်များက ထိခိုက်ပေါက်ပြဲခြင်းအလျဉ်းမရှိပေ။

အမျိုးသမီးငယ်လေးမှာ တစ်ကိုယ်လုံး ဖြူဖွေးနေသည်။ မျက်ခုံးပါးပါးများနှင့် သူမ၏ မျက်လုံးများသည်ပင် အရောင်ဖျော့တော့နေခဲ့ပြီး albinism ရှိသကဲ့သို့ပင် အလားတူနေခဲ့သည်။

မျက်ဝန်းများက ဝိုင်းစက်၍ မျက်နှာသည်လည်း သာမန်သာဖြစ်သောကြောင့် မြင်မြင်ချင်းငေးရလောက်သည့် အလှပိုင်ရှင်မဟုတ်သော်ငြား သူမ၏ အလှမှာ မှိုင်းညှို့နေသကဲ့သို့အလှမျိုးဖြစ်သည်။

ထိုအချိန်တွင် မျက်လုံးကို ပင့်လိုက်ပြီး သူမ၏ ရှေ့မှ နံရံများအား သားကောင်ချောင်းသည့် ငှက်တစ်ကောင်သဖွယ် စူးစိုက်ကြည့်လိုက်သည်။

တစ်စုံတစ်ယောက်က သူမအား စောင့်ကြည့်နေသည်ကို သိသည်။ ဤအခန်းထဲတွင်လည်း စောင့်ကြည့်ကင်မရာများ တပ်ဆင်ထားကြောင်း သူမ သိသည်။

သီးခြားခွဲထားသည့် အခန်း၏ အပြင်တွင် ကုကျစ်စုန့် လက်ကို ပိုက်ထားရင်း မျက်ခုံးပင့်ကာ ကြည့်လိုက်သည်။

ဤနေရာသည်က ပညာရှင်တစ်ဦးအား ထိန်းသိမ်းထားသည့် ဝိဉာဉ်ဆိုင်ရာအထူးဌာန၏ ရုံးခွဲပင်ဖြစ်သည်။

ထူထဲ၍ တစ်ဖက်မြင်ဖြစ်သော မှန်နံရံအခန်းတစ်ခုလုံးအား ကာကွယ်ရေးကျမ်းစာများဖြင့် အထပ်ထပ်ကာရံထားသည်။

ထိုနေရာ အင်မတန် ရက်စက်ကြမ်းကြုတ်သူများ၊ သဘာဝလွန်နည်းလမ်းများ အသုံးပြု၍ ပြစ်မှုကျူးလွန်သူများအား ထိန်းချုပ်ရာနေရာဖြစ်ပေသည်။

“ရှင်တို့တွေ သူနဲ့ တိုက်ခိုက်ခဲ့ကြသေးတာလား?”

ကျန်းရူယွီ ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

“ကျွန်မ သူတို့ကို အဲဒီကောင်မလေးကို ရှာတွေရင် အရင်ဆုံး စကားပြော၊ဆွေးနွေးပါလို့ မှာလိုက်ပါတယ်၊ ဒါပေမဲ့ သူ့ကို ရှာတွေ့တော့ သူက ခိုတွေကို ဖမ်းထားပြီး အနီးအနားက တောင်ကြားမှာ သွေးစုတ်နေခဲ့တာလေ

သူ့ရဲ့မျက်နှာနဲ့ လည်ပင်းကော်လံတစ်ခုလုံးကလည်း သွေးတွေ ရဲရဲနီနေတော့ ကျွန်မတို့ အဖွဲ့သားတွေလည်း လန့်သွားကြတာ”

ကြောက်လန့်သွားသော အဖွဲ့သည်လည်း စိတ်ထဲမှ မသိလိုက်ခင်မှာပင် ‘မကောင်းဆိုးရွားကျင့်ကြံသူအဖြစ် အပြစ်တင် ပြောဆိုလိုက်သောကြောင့် စုန်းမလေးက သူ့အား ဖမ်းဆီးရန် လာခဲ့သည်ဟု အထင်မှား၍ နှစ်ဦးနှစ်ဖက် တိုက်ခိုက်ခဲ့ကြခြင်းပင်။

“ ကျွန်မ မစ်စ်ကုရဲ့ စကားကို သေချာနားထောင်ခဲ့လို့ တော်သေးတယ်၊ အထက်လူကြီးတွေက သူတို့အတွက် အဆင့်မြင့်တဲ့ ဖွဲ့စည်းပုံတွေ ပြင်ဆင်ပေးထားလိုက်တာ၊ ကောင်မလေးက ခေါင်းပြတ်စွမ်းအားကို မသုံးခင်မှာပဲ သူ့ကို ဖွဲ့စည်းပုံထဲမှာ ချုပ်ထားပြီး ဒီကို ပြန်ခေါ်လာနိုင်ခဲ့တယ်”

“ဒီရုံးခွဲက အဖွဲ့ဝင်တွေက သူ့ကို ဒီတိုင်းလည်း လွှတ်မထားရဲတော့ အခုဒီအခန်းထဲကို ထည့်ထားလိုက်တာ၊

သူက ကျွန်မတို့ကို ခါးခါးသီးသီး ငြင်းဆိုပြီး စကားပြောဖို့လည်း လုံးဝလက်မခံဘူး”

ကုကျစ်စုန့် အသာခေါင်းငြိမ့်သည်။

“ကျွန်မ အခန်းထဲကို ဝင်ကြည့်လိုက်မယ်”

“ကောင်းပါပြီ”

ကျန်းရူယွီ အနည်းငယ်စိတ်ပူမိသောကြောင့် သတိပေးလိုက်သည်။

“ဒါပေမဲ့ ဒီကောင်မလေးက နည်းနည်းလေး စွမ်းအားကြီးလို့ သေချာတော့ ဂရုစိုက်ပါဦး”

“ဟင်?”

“အဖွဲ့ဝင်တွေက အဲဒီနယ်မြေကို သွားပြီး ဒီကောင်မလေးရဲ့ အချက်အလက်တွေကို စုံစမ်းခဲ့တော့ သူနဲ့ ပတ်သတ်တဲ့ တော်တော်လေး ကြာနေပြီဖြစ်တဲ့ အချက်အလက်တွေကို ကွန်ယက်ထဲမှာ ရှာတွေ့ခဲ့တယ်လေ

ဒီမိန်းကလေးကို ဒေတာထဲမှာ မှတ်တမ်းယူထားတဲ့ နာမည်ကတော့ လီမူထန်၊ နောက်ကျတော့ ဟဲမီမူထန်ဆိုပြီး ပြောင်းသွားတယ် ၊

အခုနှစ်ပိုင်းတွေမှာတော့ သူက စုန့်ရှန်းတောင်ခြေမှာ နာမည်ကြီး စုန်းမလေးဖြစ်လာခဲ့တာပဲ ၊သူက တော်တော်လေးလည်း ထူးဆန်းတယ်”

“သူ့အမေက မြောင်မျိုးနွယ်စုက၊ အဖေကတော့ မျိုးရိုးက ထိုင်းလူမျိုးပဲ၊ သူတို့တွေက သူတို့အဘိုးခေတ်တုန်းက ဒီနယ်မြေကို ရွှေ့လာခဲ့တာပဲ”

ဒေသခံများအား စုံစမ်းစစ်ဆေးချက်အရ ထိုနေရာသည်က အနောက်တောင်နယ်စပ်တွင် တည်ရှိပြီး ဖွံ့ဖြိုးမှုမတိုးတက်သေးသည့် နေရာတစ်ခုဖြစ်သည်။

လူနည်းစုတိုင်းရင်းသားအချို့လည်း နေထိုင်ကြပေသည်။

စုန့်ရှန်းတောင်ခြေသို့ သွားရောက်စစ်ဆေးရာတွင် သက်ကြီးရွယ်အိုတချို့က ထိုမိန်းကလေးနှင့် ပတ်သတ်သည့် အချက်များအား ပြန်ပြောပြနိုင်ကြသည်။

မြို့တွင်းမှ အသက် ၈၀ကျော် အဘွားအိုတစ်ဦး၏ စကားအရ သူမတို့၏ ဇာတိမိသားစုများသည် ဗေဒင်ဟောသည့် ပညာသည်များ ဖြစ်သည်။

မိန်းမငယ်လေး၏ အဘွားနှင့် မိခင်တို့သည်က အတိတ်တွင် ဗေဒင်ဟော၍ အသက်မွေးခဲ့ကြပြီး မိသားစုသည်လည်း အင်မတန်ဆင်းရဲကြသည်။

လွန်ခဲ့သော နှစ် ၂၀ခန့်က ဟဲမီမူထန်၏ ဖခင်ဖြစ်သူမှ စုန့်ရှန်းတောင်သို့ နိုင်ငံခြားသား စီးပွားရေးသမားတစ်ဦးအနေဖြင့် ရောက်ရှိလာခဲ့သည်။

သူသည်က မြေတိုင်းစစ်ဆေးရေးအဖွဲ့ကိုပါ ခေါ်လာခဲ့သော်ငြား ထိုတောင်တန်းများတွင် မည်သည့်အရာကို ရှာဖွေနေခဲ့ကြောင်း မသိရပေ။

စုန့်ရှန်းတောင်ခြေသို့ ရောက်ရှိခဲ့ပြီး နှစ်နှစ်အကြာတွင် ဟဲမီမူထန်၏ မိခင်အား ချစ်ရေးဆို၍ ဤနေရာတွင်သာ အခြေချနေထိုင်ခဲ့ကြသည်။

အနီးအနားမှ အိမ်နီးနားချင်းများက သူဌေးဖြင့် လက်ထပ်လိုက်သောကြောင့် ထိုအမျိုးသမီး၏ ဘဝ ကောင်းစားပြီဟု ပြောဆိုခဲ့ကြသည်။

နှစ်ဦးသား လက်ထပ်ပြီးချိန်တွင် ထိုင်းသူဌေးက စုန့်ရှန်းတောင်အလယ်ခန့်တွင် ဗီလာငယ်တစ်ခု တည်ဆောက်၍ နေထိုင်ခဲ့ကြသည်။

သူတို့ ဇနီးမောင်နှံနှစ်ယောက် အပြင်ထွက် သွားလာသည်ကိုလည်း မြင်တွေ့ခဲ့ရသည်။

တစ်နေ့တွင် ရွာသားတစ်ဦးမှာ ထူးဆန်းသည့် ဝေဒနာ၊ ခေါင်းကိုက်ခြင်းအား ခံစားနေရပြီး စုန်းမထံသို့ အကူအညီတောင်းချင်ခဲ့သောကြောင့် တောင်ပေါ်သို့ တက်ကာ စုန်းမအား ရှာဖွေခဲ့သည်။

ထိုအချိန်တွင် အဘွားအိုက အသက် ၆၀ ဝန်းကျင်ခန့်ဖြစ်ပြီး မြေးဖြစ်သူမှာလည်း မကောင်းသည့်အရာများ၏ ပြုစားခံထားရသောကြောင့် အဖျားကြီးနေခဲ့သည်။

သူမ ညဘက်တွင် တောင်ပေါ်သို့ တက်သွားခဲ့ပြီး ဗီလာငယ်လေး၏ တံခါးကို ခေါက်လိုက်သည်။ အခန်းတစ်ခုလုံးပ မှောင်မည်းနေခဲ့ပြီး အနံ့ပြင်းသော တရုတ်တိုင်းရင်းဆေးနှင့် သံချေးနံ့တို့ ရောစပ်နေခဲ့သည်။

ခုတင်ပေါ်မှ အမျိုးသမီးသည်ကား ပိန်ချုံးနေခဲ့ပြီး ဖြူဖျော့သော မျက်နှာဖြင့် မျက်တွင်းများ ချိုင့်နေခဲ့သည်။

သူမ၏ ဘေးတွင် လေးဘက်တွားသွားနေရင်း ချိုလိမ်စို့နေခဲ့သော ကလေးငယ်လေးတစ်ဦး ရှိနေခဲ့ပြီး မြင်တွေ့ရသည့် မြင်ကွင်းကြောင့် အဘွားအို ကြက်သီးများ ထသွားခဲ့ရလေသည်။

အဘွားအိုမှာ တုန်ရင်စွာဖြင့် စုန်းမငယ်အား သူမ၏ မြေးကို ကုသပေးရန် အကူအညီတောင်းလိုက်သော်ငြား သူမ၏ မျက်လုံးများက အမျိုးသမီး၏ ဝမ်းဗိုက်သို့ ကြည့်လိုက်မိပြန်သည်။

“ကောင်မလေးက တော်တော်လေးကို ငယ်သေးတာ၊ ယောကျာ်းလေးတစ်ယောက်‌ကို မွေးထားတာ ဘယ်လောက်မှတောင် မကြာသေးဘူး နောက်တစ်ဗိုက်ရနေပြီ

အဲဒီတုန်းက သူ့ဗိုက်က စူဖောင်းနေတာများ ပေါက်ကွဲထွက်တော့မယ့်အတိုင်းပဲ…”

စုန်းမမှ အဘွားအို၏ မြေးဖြစ်သူအား ကုသပေးခဲ့ပြီးနောက် သုံးလအကြာတွင် သမီးငယ်တစ်ဦးကို ဖွားမြင်ခဲ့သည်။

နောင်နှစ်အနည်းငယ်အကြာတွင် တောင်ခြေမှ လူများပ မိန်းကလေးတစ်ဦး ပြေးလွှားဆော့ကစားနေသည်ကို မြင်တွေ့ရသော်လည်း သူမ၏ အစ်ကိုဖြစ်သူအား အရိပ်အယောင်ပင် မမြင်ခဲ့ရပေ။

“နောက်တော့ရော၊ သူတို့မိသားစုတွေ ဘာဖြစ်သွားလဲ”

အဘွားအိုက သေသေချာချာပြန်စဉ်းစားကြည့်လိုက်ပြီးနောက် ခေါင်းကို ဖြည်းညှင်းစွာ ရမ်းလိုက်သည်။

“ငါ မမှတ်မိတော့ပါဘူးကွယ် ၊ စုန်းမလေး အသက် ၅နှစ်၊ ၆နှစ်လောက်ကျတော့ သူတို့မိသားစုတွေ ပြောင်းရွေ့သွားပြီး အစအန ပျောက်သွားတော့တာပါပဲ”

“မြို့ထဲက ဖျားနာတဲ့လူတွေလည်း တောင်ပေါ်ကို တက်ပြီး သူတို့ကို ရှာခဲ့ပေမယ့် အဲဒီအိမ်ထဲမှာ ဘယ်သူမှ မရှိတော့ဘူးလေ

နောက်တော့ အဲဒီအိမ်ကို အရှက်မရှိတဲ့ ကလေကချေသားအမိနှစ်ယောက် ဝင်နေကြတာပါပဲ

နောက် နှစ်နည်းနည်းကြာတော့ စုန်းမရဲ့ သမီးလေးပြန်လာလိမ့်မယ်လို့ ဘယ်သူမှ ထင်မထားခဲ့ကြဘူးလေ”

ထိုအချိန်တွင် အသက်ငယ်ရွယ်သည့် စုန်းမလေးအား ကလေကချေသားအမိမှ မိခင်ဖြစ်သူသည်က အနိုင်ကျင့်ချင်ခဲ့သည်။

ရလဒ်မှာတော့ သားဖြစ်သူက ရုတ်တရက် ခြေထောက်ကျိုးသွားခဲ့ပြီး မိခင်မှာလည်း လေဖြတ်ကာ ခန္ဓာကိုယ်တစ်ပိုင်းသေသွားခဲ့သောကြောင့် ထိတ်လန့်တကြား ထွက်ပြေးသွားခဲ့ကြသည်။

အဘွားအိုပြောပြနေသည့် စုန်းမလေးဆိုသည်မှာ ဟဲမီမူထန်ပင်။

“ကျွန်မထင်တာကတော့ အဲဒီအိမ်ကို အပိုင်စီးနေတဲ့ သားအမိက သူ့ကျိန်စာမိသွားတဲ့ပုံပါပဲ”

“ပြောရရင်တော့ သူတို့မိသားစုက နှစ်တွေ အကြာကြီး ပျောက်သွားခဲ့တယ် ၊ ဒီ အသက် ဆယ်လေး၊ဆယ့်ငါးလောက်ပဲ ရှိသေးတဲ့ ကောင်မလေးက တစ်ယောက်တည်း ပြန်လာခဲ့တယ်

အဲဒီအချိန်ကစပြီးတော့ သူက စုန့်ရှန်းတောင်ပေါ်က သစ်လုံးအိမ်လေးထဲမှာ နေ,နေတာပါပဲ

ကျောင်းလည်း မတက်ဘူး သူက ရွာထဲက လူတွေကို ဆေးကုပေးပြီး အပနှင်ပေးတယ်၊ တောထဲတောင်ထဲက တိရိစ္ဆာန်တွေကိုပဲ သွေးစုတ်ပြီး ‘ဦးခေါင်းလေပေါ်ပျံနေတဲ့ မှော်’ကို လေ့ကျင့်ခဲ့တာပဲ”

“ပီယကျိန်စာတိုက်ခံရတဲ့ သူ့ကောင်လေးကလည်း စုန့်ရှန်းမြို့မှာ ကြီးပြင်းလာတဲ့သူပါပဲ

သူ့ဘက်က အရင် ဒီကောင်မလေးကို ချစ်မိသွားတာလေ၊ တက္ကသိုလ်တက်တဲ့အချိန်မှာ တခြားလူရဲ့ အသုံးချတာ ခံရပြီးတော့ သူတို့တွေ ကွဲသွားရလိမ့်မယ်လို့ ဘယ်သူထင်ထားမိမှာလဲ”

ဟဲမီမူထန်နှင့် ပတ်သတ်သည့် သံသယများအား ဘေးဖယ်၍ သူတို့နှစ်ဦးကိုသာ ကြည့်ပါက ဤအချစ်ရေးသည် အင်မတန်ဖြူစင်လေးနက်သည့် အချစ်ရေးပင်ဖြစ်သည်။

‘ရှောင်ကျိုးက ချစ်ဖို့အကောင်းဆုံး’ဆိုသော မိန်းကလေးသာလျှင် ကောင်လေးအား ပီယကျိန်စာမတိုက်ခဲ့ပါက သူတို့ချစ်သူနှစ်ဦးမှာ အိမ်ထောင်တစ်ခုအား တည်ဆောက်နိုင်သည့်အဆင့်ထိ ရောက်သွားနိုင်သည်။

“စစ်ဆေးချက်တွေအရ ဟဲမီမူထန်ရဲ့ အမေကလည်း ‘လေပေါ်ပျံနေတဲ့ ခေါင်းပြတ်မှော်’ကို လေ့ကျင့်နေခဲ့တဲ့သူပါပဲ”

“ပြီးတော့ သူက လွန်ခဲ့တဲ့ ၁၅နှစ်လောက်တုန်းက ကွယ်လွန်သွားခဲ့တာ ၊ ဖြစ်ပုံကတော့ သူက တောင်ပေါ်ကို ဆေးမြစ်လာခူးတဲ့ ရွာသားတစ်ယောက်ကို သတ်ဖြတ်ပြီး သွေးစုတ်ခဲ့တာဆိုပဲ

သူ့ကို ဒေသခံတောက်ဓမ္မဂိုဏ်းကနေ ဖမ်းဆီးပြီး မကောင်းဆိုးဝါးမိစ္ဆာတစ်ကောင်အဖြစ် ကွပ်မျက်ခဲ့တာပါ”

“ဒီကောင်မလေးရဲ့ အစ်ကိုနဲ့ အဖေကတော့ နိုင်ငံကနေ ထွက်ခွာသွားတယ်ဆိုတဲ့ မှတ်တမ်းတွေ ရှိတယ်

သူတို့တွေ ထိုင်းကို ပြန်သွားတာပဲ ဖြစ်ပါလိမ့်မယ် ၊ ဘာလို့ ကလေးမလေးကို ထားခဲ့လဲဆိုတာတော့ မသိရပါဘူး”

ကုကျစ်စုန့် တစ်ဖက်မြင်မှန်မှတဆင့် ဟဲမီမူထန်ကို ကြည့်ကာ ပြောလိုက်သည်။

“သူ့အဖေက သေသွားပြီ”

ကျန်းရူယွီ: “ ?”

*

All Chapters