ဆင်ဆာဖြတ်တောက်မှုက ထူးဆန်းတယ် (1)
Vol. 45 Ch. 449
ဝိဉာဉ်ဆိုင်ရာအထူးဌာနသည်က ဖြောင့်မတ်သော ထူးခြားဆန်းကြယ်ပညာရှင်များ၊ ပညာသည်များနှင့် ပြည့်နေသည့်နေရာဖြစ်ပေသည်။
သူတို့က ငွေကြေးအတွက်နှင့် ထိုကဲ့သို့သော လုပ်ရပ်များ လုပ်ဆောင်မည်မဟုတ်၊ လူ့အသက်ကို သေစေမည်မဟုတ်ဟု ကျိန်ဆိုထားသူများလည်း ဖြစ်သည်။
ကွမ်ချီဟုန်က တခြားလူများကို ဒုက္ခတောတွင်း ထိုးချခဲ့သူဖြစ်ကြောင်းကို သိထားသောကြောင့် သူ့ကို ကောင်းကောင်းမဆက်ဆံခြင်းက မထူးဆန်းပါချေ။
မျက်နှာဝိုင်းဝိုင်းနှင့် ကောင်မလေးက ကုကျစ်စုန့်အား ပညာရှင်များအား စစ်ဆေးသည့်အခန်းသို့ ခေါ်ဆောင်လာခဲ့သည်။ ထိုနေရာတွင် ချုပ်ထိန်းသည့် ကျမ်းစာများ၊ အစီအရင်များက ပို၍ များပြားပြီး အခန်းနံရံတစ်ခုလုံး ဖုံးလွှမ်းနေခဲ့သည်။
ထိုနံရံ၏ ဘေးတွင်လည်း စောင့်ကြည့်ကင်မရာတစ်ခု ရှိပေသည်။ အခန်းထဲ၌ ဝိဉာဉ်ဆိုင်ရာအထူးဌာနဝင်များ၊ ဒေသခံ ရဲအရာရှိများ ရှိနေခဲ့သည်။
ကုကျစ်စုန့်တို့ ရောက်လာသည်ကို မြင်ရပြီးနောက် အခန်းထဲမှ လူများ ထွက်လာကြပြီး သူမအား လေးစားစွာ နှုတ်ဆက်ကြသည်။
“နည်းပြကု၊ ရောက်လာပြီလား”
စစ်ဆေးမှုပြုလုပ်နေသည့် အခန်းထဲသို့ ရောက်သွားသော သူမ၏အကြည့်ကို သတိပြုမိလိုက်ပြီးနောက် သက်လတ်ပိုင်းအရွယ်ပညာရှင်တစ်ဦးမှ ရှင်းပြလိုက်သည်။
“ကွမ်ချီဟုန်က အထဲမှာရှိပါတယ်၊ ဒါနဲ့ဆိုရင် သူ့ကို စစ်ဆေးတာ သုံးကြိမ်မြောက်ပဲ.. အရာရှိတုန်က ပထမနှစ်ကြိမ် ကူပေးခဲ့ပေမဲ့ ဒီကောင်က တော်တော်လေးကို ခေါင်းမာတယ်”
သူ့ဘေးမှ အရာရှိတုန်မှာ ယခုအမှု၏ စုံစမ်းစစ်ဆေးရေးတွင် ပါဝင်သော သာမန်အရာရှိတစ်ဦးဖြစ်ပြီး ရာထူးကြီးထဲမှ ဖြစ်ပေသည်။
နေ့လည်ပိုင်းအချိန်က ထိုသူမှာ ကွမ်ချီဟုန်၏ ပြောင်းလဲမှုကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရလေ၏။
အင်တာနက်ပေါ်တွင်လည်း ‘ထူးဆန်းလွန်းသော ရုပ်ရည်ပြောင်းလဲမှု’သည်က ထိပ်တန်းရှာဖွေမှုဖြစ်နေဆဲပင်။
ယခင်က သရဲ၊တစ္ဆေ၊ နတ်ဘုရားများကို မယုံကြည်တတ်သော သူ၏ အမြင်က တဖြည်းဖြည်း ပြောင်းလဲလာခဲ့ရသည်။ ကံကောင်းစွာဖြင့် သူသည်က အပြောင်းအလဲများကို ကောင်းစွာ လက်ခံနိုင်သူတစ်ဦးဖြစ်နေခဲ့သည်။
ကုကျစ်စုန့်ကို နောက်တစ်ကြိမ်ပြန်တွေ့လိုက်ရချိန်တွင် သူ၏ အထက်လူကြီးများက အဘယ်ကြောင့် သူမကို အင်မတန် ချီးမွမ်းခန်းဖွင့်နေခဲ့ကြောင်း နားလည်သွားခဲ့သည်။
သူမက အမှန်တကယ်အရည်အချင်းရှိသော ပညာရှင်တစ်ဦးဖြစ်သည်။
“အမှန်အတိုင်းပြောရရင် ဝိဉာဉ်ဆိုင်အရာအဖွဲ့က ကျွန်တော့်ကို ဘာလို့ခေါ်လာတာလဲဆိုတော့ ကျွန်တော် အရင်တုန်းက စိတ်ပညာကို လေ့လာဖူးတယ်လေ
ဒီတော့ စစ်ဆေးမေးမြန်းတဲ့နေရာမှာ နည်းနည်းတော့ အတွေ့အကြုံရှိပါတယ်၊ ဒါပေမဲ့ ဒီတစ်ခုကတော့ ကျွန်တော်လည်း အရမ်းအကူအညီမဖြစ်ခဲ့ဘူး”
ဝိဉာဉ်ဆိုင်ရာအဖွဲ့မှ လူများလည်း ချက်ချင်း ပြန်တုံ့ပြန်ကြသည်။
“အရာရှိတုန် အဲဒီလို မပြောပါနဲ့.. ဒီကောင်ကိုက အတော်လေး ခေါင်းမာတာပါ”
အရာရှိတုန် သက်ပြင်းသာ ချမိသည်။
“အမှန်အတိုင်းပြောရရင်တော့ ကွမ်ချီဟုန်က အဖမ်းခံရပြီး စစ်ဆေးမေးမြန်းခံနေရတာတောင် တည်ငြိမ်လွန်းနေတာ ထူးဆန်းတယ်၊
ကျွန်တော်တို့တွေ အလှည့်ကျ စစ်ဆေးနေတာတောင် သူက အကြောက်အလန့်မရှိဘူး.. သူ့ကိုယ်သူ လုံခြုံမှုရှိတယ်ဆိုတာ အပြည့်အဝ ယုံကြည်ထားပုံပဲ”
သူ့စကားလေသံများမှ မောက်မာမှု၊ မခံ့လေးစားပြုခြင်းတို့အပြင် သူသည်က ရဲအရာရှိများအား အန္တရာယ်မရှိသည့် ပုရွက်ဆိတ်များကဲ့သို့ အထင်သေးနေပုံပေါ်သည်။
လေးဖက်လေးတန်မှ ချုပ်နှောင်ခံထားရသော်လည်း ထိုယုံကြည်ချက်အား ဘယ်နေရာမှ ရနေသည်ကို မသိနိုင်ပါချေ။
ကုကျစ်စုန့် အသာခေါင်းညိတ်လိုက်ပြီးနောက် တံခါးကို အသာတွန်းဖွင့်လိုက်သည်။
သူမ အခန်းထဲသို့ ဝင်သွားချိန်တွင် တတိယအကြိမ် စစ်ဆေးမေးမြန်းနေသော လူများ ပြီးဆုံးလုနီးပါးရှိနေပေပြီ။
ကွမ်ချီဟုန်မှာ ပွက်ပွက်ဆူနေသည့် ရေနွေးကို မကြောက်ရွံ့သော ဝက်သေတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး ရှင်းပြ၍ မရနိုင်သော မောက်မာမှုများ ရှိနေသောကြောင့် စစ်ဆေးနေသူ သုံးဦး ဒေါသထွက်လာရသည်။
တစ်ဦးက ဒေါသတကြီး အော်ဟစ်ရယ်မောလိုက်မိသည်။
“ကွမ်ချီဟုန်၊ မင်း အခုထိ အခြေအနေကို သဘောမပေါက်သေးဘူးထင်တယ်.. ငါတို့က မင်းနဲ့ ဒါကို ဆွေးနွေးနေတာ မဟုတ်ဘူးကွ! မင်း ဝန်ခံသည်ဖြစ်စေ၊ မဖြစ်စေ ဒီအမှုကနေ ပြေးမလွတ်နိုင်ဘူး”
“အခုအချိန်မှာ ပွင့်ပွင့်လင်းလင်း ပြောလိုက်ရင် မင်း နောက်ပိုင်းမှာ ဒုက္ခရောက်မှာမဟုတ်ဘူး!”
သူ့အနေဖြင့် ပြောရပါက ယခုအမှုအား ခွေးများ၊ ဝက်များကို ဆက်ဆံသည်ထက်ပင် ပို၍ ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်သင့်သည်။ ဤကွမ်ချီဟုန်အား အဆိပ်အနည်းငယ်ကျွေး၍ နာကျင်မှု၊ မချိမဆန့်ခံစားရမှုကို ခံစားစေသင့်သည်။ ထိုအချိန်တွင် သူလည်း နှုတ်ပိတ်ထားနိုင်မည်မဟုတ်တော့ချေ။
တံခါးမှ လှုပ်ရှားသံကို ကြားရပြီးနောက် သုံးဦးလုံး ခေါင်းလှည့်ကြည့်လိုက်မိသည်။
“ရှင်တို့အားလုံး သွားလို့ရပါပြီ.. သူ့ကို ကျွန်မတစ်ယောက်တည်း စကားပြောချင်တယ်”
သူမ အခန်းတွင်းသို့ ခြေချလိုက်သည်နှင့် ခုံနှင့်တွဲ၍ လက်ထိပ်ခတ်ခံထားရကာ ပျင်းရိပျင်းတွဲထိုင်နေသော ကွမ်ချီဟုန်က ရုတ်တရက် မျက်နှာပြောင်းသွားသည်။
သူက ခန္ဓာကိုယ်ကို အနည်းငယ်မတ်လိုက်ပြီးနောက် ရန်လိုသည့် မျက်နှာဖြစ်လာခဲ့သည်။
ဤမျက်နှာကို ပြာကျသွားလျှင်တောင် သူမှတ်မိသည်။
ကုကျစ်စုန့်က သူနှင့် မျက်နှာချင်းဆိုင်မှ ခုံတွင် ထိုင်လိုက်ပြီးနောက် သူ့မျက်နှာကို ကြည့်လိုက်ရင်း နှုတ်ခမ်းထောင့်လေးများက အနည်းငယ်မဲ့သွားခဲ့သည်။
“မင်း ငါ့ကို သိမှာပါ”
ကွမ်ချီဟုန် အံကို တင်းတင်းကြိတ်ထားမိသည်။
“… ကုကျစ်စုန့် ခွေးမ!”
“မင်း ငါ့ကို ထိခိုက်အောင် လုပ်ရဲတယ်.. ငါ့ကို ထိခိုက်အောင် လုပ်ရဲတယ်ပေါ့.. မင်း အဆုံးသတ်ကောင်းမယ်လို့ မထင်နဲ့!”
သူက ရုတ်တရက် စိတ်လွတ်သွားသကဲ့သို့ သူမအား အင်မတန် မုန်းတီးစိတ်ဖြင့် ကြောက်ရွံ့မှု အနည်းငယ်ရောယှက်စွာ ပြောလာပြန်သည်။
“မင်း… မင်းကိုယ်မင်း နိုင်သွားပြီလို့ ထင်နေတာလား.. ဒါကြီးက စောက်အဓိပ္ပာယ်မရှိဘူး ဒီစောက်ရူးတွေအကုန်လုံးက မင်းလိမ်တာ ခံနေရတာပဲ!”
“အစကနေ အဆုံးထိ မင်း.. မင်းဆိုတဲ့ ကုကျစ်စုန့်က အဖမ်းခံရပြီး သေဒဏ်ပေးခံရသင့်တာ!”
“မင်းနဲ့ငါက တကယ်တော့ အတူတူပဲ!”
သူ အော်ဟစ်လိုက်ချိန်တွင် ပါးစပ်တွင်းမှ တံထွေးများ လွင့်စင်လာခဲ့ပြီး စားပွဲပေါ်ကိုပါ ကျဆင်းကုန်သည်။ အနံ့သည်လည်း ချဉ်စုတ်စုတ်အနံ့ထွက်လာသောကြောင့် ကုကျစ်စုန့် ရွံရှာစက်ဆုတ်စွာ နှာခေါင်းရှုံ့လိုက်မိသည်။
အင်တာနက်ပေါ်မှ တောက်ပ၊ချောမော၊လှပသော အိုင်ဒေါသည်က ‘လွှဲပြောင်းအစီအရင်’၏ စွမ်းအားကို ဆုံးရှုံးလိုက်ရသည်။ ဖုံးကွယ်ထားသည့် အပြင်ပန်းအသွင်အပြင်သည်လည်း နေ့တစ်ဝက်အတွင်းမှာပင် ပြိုယွင်းပျက်စီးသွားခဲ့ပြီး အတွင်းပိုင်းမှ ပုတ်သိုး၍ ဆိုးတေသော ရုပ်ရည်အစစ်အမှန်ပေါ်လာခဲ့သည်။
အင်တာနက်ပေါ်တွင် ပြန့်နေသော ‘အံ့ဩဖွယ် ရုပ်ရည်ပြောင်းလဲခြင်း’ပုံနှင့် ယှဉ်ပါက ယခု ခုံပေါ်တွင် လက်ထိပ်ခတ်ခံထားရပြီး စိတ်လွတ်နေသော ကွမ်ချီဟုန်က ကိုယ်အလေးချိန် ပို၍ တိုးလာခဲ့ပြီး မျက်နှာတွင်လည်း ဝက်ခြံအမာရွတ်များ ပြည့်နေခဲ့သည်။
သူက အဆမတန်စားတတ်သည်၊ ဉာဉ့်နက်သည်ထိ မအိပ်ဘဲ နေတတ်သည်။ အလွန်အကျွံ စိတ်အလိုလိုက်တတ်သူတစ်ဦးလည်း ဖြစ်သည်။
ယခင်က သူ၏ ဆိုးကျိုးများကို ခံယူပေးမည့် ပရိတ်သတ်များ ရှိနေခဲ့သော်လည်း ယခုအချိန်တွင် ထိုအရာများက သူ့ထံသို့ ပြန်ရောက်လာခဲ့သည်။
လမ်းလျှောက်နေလျှင်ပင် ကိုယ်အနံ့အသက်ကြောင့် လူတကာ ရှောင်ကျဉ်ကြမည့် လူတစ်ယောက် ဖြစ်လာခဲ့သည်။
ကုကျစ်စုန့်၏ မျက်လုံးများက တည်ငြိမ်လွန်းပေသည်။ သူမက ရူးသွပ်စွာအော်ဟစ်နေသော အသုံးမကျသည့် လူပြက်တစ်ယောက်ကို ကြည့်နေရသည့်အလားပင်။
ထို့နောက် ရုတ်တရက် ပြုံးလိုက်ပြန်သည်။
“မင်းရဲ့နောက်က ဆရာကြီးက မင်းကို ဘာပြောထားလို့လဲ.. မင်းကို ချမ်းသာပြီး နာမည်ကြီးအောင် လုပ်ပေးနိုင်တယ်လို့လား ဒါမှမဟုတ် မင်းကို ဒီကမ္ဘာကြီးရဲ့ သခင်ဖြစ်လာအောင် လုပ်ပေးမယ်လို့လား?”
ကွမ်ချီဟုန်၏ မျက်ဆံများ ကျဉ်းမြောင်းသွားခဲ့သည်။
သူ၏ အကြီးဆုံးလျှို့ဝှက်ချက်က စကားတစ်ခွန်းထဲဖြင့် ဖော်ထုတ်ခံလိုက်ရသောကြောင့် ယုံကြည်ချက်များလည်း လျော့သွားခဲ့သည်။
သို့သော် တည်ငြိမ်ဟန်ဆောင်လိုက်ရင်း မုန်းတီးရွံ့ရှာစွာ ပြောလိုက်သည်။
“မင်းက အကုန်သိနေတာပဲ.. တကယ်ကို ဒီကမ္ဘာရဲ့ bug ပဲ!”
(TN: Bug- ဂိမ်းတွေမှာဆိုရင် မဖြစ်သင့်တဲ့ error မျိုးဖြစ်တာကို ပြောတာပါ)
ဒီကမ္ဘာရဲ့ bug?
ထိုစကားက မည်သည့်အဓိပ္ပာယ်နည်း?
ကုကျစ်စုန့် မျက်မှောင်ကြုတ်လိုက်မိသည်။ သူမ၏ မေးခွန်းက ‘အနက်ရောင်မြူခိုး’၏ ဖွဲ့စည်းပုံစံကို ထိလိုက်မိပြီဖြစ်ကြောင်း သဘောပေါက်သွားသော်လည်း ဆက်၍ မမေးခဲ့ပေ။
“အဲဒူက မင်းကို အရေပြားအတုပေးပြီးတော့ မင်းကို သူ့ခွေးလို လုပ်ထားတာပဲ.. မင်း ကိုယ့်ကိုကိုယ်ရော ဘယ်လောက်ထိ အောက်တန်းကျတဲ့ အရာတွေ လုပ်နေခဲ့မိတာလဲဆိုတာ သိရဲ့လား မင်းပရိတ်သတ်တွေက အပြစ်မရှိတဲ့သူတွေ..”
“စောက်ပေါက်ကို ပိတ်ထားလိုက်စမ်းပါ! မင်းကိုယ်မင်း အရမ်းကြီး မြင့်မြတ်ချင်ယောင်ဆောင်မနေနဲ့!”
“မင်း.. မင်းက ရုတ်တရက်ကြီး အနာဂတ်ဟောတဲ့ ပညာတွေ တတ်လာတယ် မိုးထိအောင် ထိမတတ်ကို မြင့်နေတဲ့ ပညာတွေလေ.. အရင်တုန်းက မင်းက ဘယ်မှာလဲ?
မင်းရဲ့ အဲဒီစွမ်းအင်တွေက ဘယ်ကလာတာလဲ .. ဟမ်? ရှင်းပြပေးစမ်းပါဦး ငါတို့ နားလည်အောင်”
သူ၏စကားများက ဗလုံးဗထွေးဖြစ်နေပြီး ကုကျစ်စုန့်၏ ခနဲ့သော စကားများကြောင့် စိတ်အခြေအနေ ပို၍ပင် ဆိုးလာခဲ့သည်။ ထို့နောက် ရုတ်တရက် နှုတ်မှ စကားတစ်ခွန်းထွက်လာသည်။
“ငါ့အထင်တော့ မင်းလည်း ရိုးသားတဲ့သူ မဟုတ်ဘူး.. မင်းမှာ စနစ်မရှိပါဘူးလို့ မင်းပြောနိုင်လား? ပြောရဲလား!?”
စနစ်?
ရင်းနှီးနေသည့် စကားလုံးကို ကြားလိုက်ရသောကြောင့် ကုကျစ်စုန့် ၏မျက်ဝန်းများ ကျဉ်းမြောင်းသွားခဲ့သည်။
ကွမ်ချီဟုန် ဆိုလိုချင်သည်မှာ သူ့တွင်လည်း ‘စနစ်’တစ်ခု ရှိနေသည်ဟူ၍ပင် မဟုတ်ပါလား?
ကုကျစ်စုန့်၏ ခေါင်းထဲတွင် ပေါ်လာသော သံသယကို အာရုံခံမိသည့်အလား အိပ်စက်နေရာမှ နိုးထလာခဲ့သည့် စနစ်က ချက်ချင်းပင် သူ၏ သစ္စာရှိမှု၊ ရိုးသားမှုအား ကာကွယ်ပေးရန် ပေါ်လာခဲ့သည်။
“မဖြစ်နိုင်တာ! ဒီလူလိမ်ကောင် ဘယ်က ရောက်လာတာလဲ၊ ငါ ဒီလိုအောက်တန်းစားမျိုးနဲ့ ဘယ်တုန်းကမှ မဆက်ဆံခဲ့ဖူးဘူးနော်! ပုံစံတူတာမျိုး ရှိနေရင်တောင် ငါဘက်က သူလိမ်နေတာကို သတိထားမိရမှာပဲ!”
“စုန့်စုန့် ဒီကောင့်ရဲ့ အလိမ်စကားတွေကို မယုံနဲ့နော်”
ကုကျစ်စုန့် ပြန်လည်ဖြေကြားခြင်းမရှိဘဲ အံ့အားသင့်သွားသည့်အမူအရာမျိုးကိုသာ ဟန်ဆောင်လိုက်သည်။
ထိုအမူအရာကို မြင်ရပြီးနောက် ကွမ်ချီဟုန်လည်း ကုကျစ်စုန့်ထံ၌ စနစ်တစ်ခုရှိနေကြောင်း အပြည့်အဝ သေချာသွားခဲ့သည်။
“ငါမသိဘူးများ ထင်နေတာလား၊ မင်းရဲ့ စွမ်းအင်တွေ အကုန်လုံးကလည်း ဒီသာမန်လူတွေဆီကနေပဲ ခိုးယူထားတဲ့ ကံကောင်းခြင်းတွေ မဟုတ်ဘူးလား၊ မင်းက ငါ့ဆီကနေ ဒီကမ္ဘာကို လုချင်နေတာ..”
ဘန်း..!
အသံတစ်ခုက ရုတ်တရက် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
ကွမ်ချီဟုန်၏ ဝတုတ်နေသော ခန္ဓာကိုယ်က ရုတ်တရက် အဝတ်ရေညှစ်ခံလိုက်ရသည့်အလား လည်သွားခဲ့ပြီးနောက် သူ့ကိုယ်တွင်းမှ တစ်စုံတစ်ရာက ထွက်ပြေးရန် ကြိုးစားနေသည့်အလား တွန့်လိမ်လာခဲ့သည်။
သူ့ထံတွင် တုံ့ပြန်ချိန်၊ အော်ဟစ်ချိန်ပင် မရလိုက်ဘဲ ခန္ဓာကိုယ်ကြီးတစ်ခုလုံး ပေါက်ကွဲထွက်သွားခဲ့သည်။
သွေးပျစ်သွေးခဲများသည်လည်း စစ်ဆေးမေးမြန်းခန်းတစ်ခုလုံး၏ နံရံများ၊ ကြမ်းခင်းများ၊ စားပွဲကုလားထိုင်များကိုပါ ဖုံးလွှမ်းသွားခဲ့လေသည်။
ရုတ်တရက် ဖြစ်ပျက်သွားခဲ့သော ပြောင်းလဲမှုကြောင့် စောင့်ကြည့်ကင်မရာမှ တဆင့် ကြည့်နေသော လူများပင် ထိတ်လန့်သွားရသည်။
ထိုကဲ့သို့သော မြင်ကွင်းမျိုး မကြုံမတွေ့ဖူးသည့် လူငယ်လေးများမှာ ပျို့တက်လာကြသည်။
“ဒါ.. ဒါကြီးက ဘယ်လိုလုပ်ပြီးဖြစ်သွားတာလဲ!? “
*