← Chapters

ကွဲနေတဲ့ မှန်ကို ပြန်ပြင်လို့မရဘူး (3)

Vol. 45 Ch. 448

ကွဲနေတဲ့ မှန်ကို ပြန်ပြင်လို့မရဘူး (3)

Vol. 45 Ch. 448

ဟဲမီမူထန်အနေဖြင့် ချန်လုကန်းနှင့် လမ်းခွဲမည့်နေ့အတွက် ကြိုတင်ပြင်ဆင်ထားခဲ့သော်လည်း သူ့ဘက်မှ လမ်းခွဲစကားဆိုလာခဲ့ချိန်တွင်မူ အင်မတန် ဝမ်းနည်းခဲ့ရသည်။

ထို့နောက် ‘မက်မွန်ပန်းပွင့်ကျိန်စာ’အား ရှာတွေ့ခဲ့ပြီးနောက် အလွန် ဒေါသထွက်ခဲ့ရသည်။

ပြန်တွေးကြည့်ချိန်တွင် ထိုအချိန်က သူမ၏နှလုံးသားထဲမှ အမည်မတပ်နိုင်သော ဒေါသက အင်မတန် ပြင်းထန်လွန်းလှသည်။

သူမ၏ စိတ်ထဲတွင်လည်း ထိုကျိန်စာတိုက်သူအား မည်သို့ တုံ့ပြန်ရမည်ကိုသာ အချိန်ပြည့်တွေးနေခဲ့မိပြီး သူမ၏ ခိုင်မြဲသော စည်းကမ်းကိုပင် ချိုးဖောက်လုနီးနီးဖြစ်ခဲ့ရသည်။

ဟဲမီမူထန် မျက်မှောင်ကြုတ်လိုက်မိသည်။

“အဲဒီတုန်းက ငါ့စိတ်ထဲမှာ အဲဒီမိန်းမကို အပြစ်ပေးရမယ်၊ သူ့ကို သတ်ပစ်ရမယ်ဆိုပြီး ပြောနေတဲ့ အသံတစ်ခု ရှိနေသလိုမျိုးပဲ”

ကုကျစ်စုန့် မအံ့ဩတော့ချေ။ သူမ ထင်ထားသည့်အတိုင်းပင်။

“အဲဒီအချိန်တုန်းက မင်းကိုယ်တိုင် မသိလိုက်ခင်မှာပဲ စိတ်ရဲ့ အမှောင်ဖုံးလွှမ်းတာ ခံလိုက်ရတာ၊ မင်းကိုယ်တိုင်ရဲ့ အသိစိတ်ကို ဆုံးရှုံးရပြီး အခြားလူတစ်ယောက်ရဲ့ အစားထိုးဓား ဖြစ်တော့မလို့ပဲ”

ထျန်ယွင်ကျေးရွာ၏ တစ္ဆေထိမ်းမြားခြင်းမှ ပေါ်ထွက်လာပြီး လူအများအပြား သတ်ဖြတ်ခဲ့သော သမီးကြီးတစ္ဆေကဲ့သို့ပင်။

စုန်းမငယ်လေး နားမလည်နိုင်ပေ။

“ဘာကို ပြောချင်တာလဲ? တစ်ယောက်ယောက်က ငါ့ကို အသုံးချချင်တာ၊ ဒါမှမဟုတ် အန္တရာယ်ပေးချင်နေတာလား?”

ထိုအရာသည်က ‘သက်ရှိလူသားတစ်ဦး’မဟုတ်ပေ။

ကုကျစ်စုန့် တွေးလိုက်မိသည်။

ထိုသည်မှာ မမြင်နိုင်သော၊ ဖြေရှင်း၍ မရသော၊ ပုန်းကွယ်နေသော မိစ္ဆာများသာ ဖြစ်သည်။

အဖြေပြန်မရသည့်အတွက် ဟဲမီမူထန် ဆက်မမေးတော့ချေ။

“ထားလိုက်ပါတော့ အဲဒါက ကျိန်စာဖြစ်ဖြစ် တစ်ယောက်ယောက် မကောင်းကြံစည်နေတာဖြစ်ဖြစ် ငါနဲ့ မဆိုင်ဘူး

ချန်လုကန်းနဲ့ ငါနဲ့လည်း လမ်းခွဲလိုက်ပြီး နောက်လည်း အဆက်အသွယ်ရှိမှာ မဟုတ်တော့ဘူး၊ သူ့ဘာသာသူ ဘယ်သူနဲ့ပဲ တွဲပါစေပေါ့”

ကုကျစ်စုန့် အနည်းငယ် အံ့အားသင့်ပြီး မျက်ခုံးလေးပင့်ကာ ကြည့်လိုက်မိသည်။

“မင်း သေသေချာချာရော စဉ်းစားကြည့်ပြီးပြီလား”

သာမန်လူများက ယခုကဲ့သို့ အဖြစ်မျိုးနှင့် ကြုံတွေ့ရပါက အမှန်တရားကို မြင်ရပြီးချိန်တွင် ချစ်သူအား ခွင့်လွှတ်ပေးလိုက်မည်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူတို့၏ ချစ်သူသည်လည်း နစ်နာရသူမဟုတ်ပါလော?

ဟဲမီမူထန်ကတော့ ထိုသို့မဟုတ်ချေ။

ကုကျစ်စုန့်သည် သူမ၏ ကြင်ရာနန်းတော်များကို တဖန် ပြန်လည်စစ်ဆေးလိုက်ပြီးနောက် သူမ၏ ဖူးစာဖက်နှင့် အိမ်ထောင်ရေးအား တွက်ချက်ကြည့်လိုက်မိသည်။

ချန်လုကန်းက ပရိုဂရမ်အစီအစဉ်အား မြင်တွေ့ပြီးဖြစ်သောကြောင့် အမှန်တရားကို သိထားပြီးဖြစ်သည်။

သူ့ကိုယ်ပေါ်မှ ‘ပီယကျိန်စာ’သည်လည်း ကုကျစ်စုန့် ဖယ်ရှားပြီးဖြစ်သောကြောင့် သူသည် နောင်တများဖြင့် နိုးထလာခဲ့ရသည်။

သူ၏ ရင်ထဲတွင် ဟဲမီမူထန် ရှိနေဆဲဖြစ်ပြီး ထိုအချစ်သည်က ယခုအချိန်တွင် ပို၍ပင် အားကောင်းနေခဲ့သည်။

ထိုကောင်လေးသည်က သေချာပေါက် သူမထံမှ ခွင့်လွှတ်မှုရစေရန် နည်းမျိုးစုံသုံး၍ ကြိုးစားမည်ဖြစ်သည်။

သို့သော် ဟဲမီမူထန်ဘက်တွင်တော့ ချန်လုကန်းပေါ်ထားသည့် သူမအချစ်များက လျော့နည်းသွားခဲ့ပြီး သူမသည် အချစ်စစ်လမ်းကြောင်းထံမှ တဖြည်းဖြည်း ဝေးကွာသွားတော့မည့်အသွင် ဖြစ်နေခဲ့သည်။

သူတို့နှစ်ဦး၏ အိမ်ထောင်ရေးက လမ်းဆုံးသွားနိုင်သည်။

ဆိုရလျှင် ဟဲမီမူထန်သည်က အင်မတန်ခေါင်းမာလွန်းကာ စိတ်သဘောထားနူးညံ့သူတစ်ဦးမဟုတ်ခဲ့ပါချေ။

သူမအနေဖြင့် ပျက်စီးသွားသော ဆက်ဆံရေးတစ်ခုအား ပြန်လည်ပေါင်းစည်းရသည်ကို သဘောမတူပေ။

ထိုအချစ်ရေးတွင် အက်ကွဲကြောင်းတစ်ခါရှိခဲ့ဖူးပါက ထိုအက်ကွဲကြောင်းက အမြဲတမ်းရှိနေလိမ့်မည်ဟု ယုံကြည်သူဖြစ်သည်။

ချန်လုကန်းက သူမနှင့် လမ်းခွဲပြီး တခြားလူတစ်ဦး၏လက်ကို ဆွဲခဲ့ဖူးသည်။ တခြားလူတစ်ဦးကို နမ်းခဲ့ဖူးသည်ကို သူမ အမြဲတစေအမှတ်ရနေလိမ့်မည်ဖြစ်သည်။

ထိုအကြောင်းကို စဉ်းစားမိတိုင်းလည်း သူမစိတ်တွင် မသိုးမသန့်ဖြစ်နေရစမြဲပင်။

ချန်လုကန်းဘက်မှ သူမအား တောင်းပန်ရန် စာများစွာ ပို့နေခဲ့သော်လည်း သူမကတော့ သူ့အား ဘလော့ထားခဲ့သည်။

“ငါတို့တွေက မလိုက်ဖက်ပါဘူး.. ငါက စုန်းမ၊ ကြောက်ဖို့ကောင်းတဲ့ မှော်ပညာကို လေ့ကျင့်နေတဲ့သူပဲ

သူကိုယ်တိုင်လည်း မကြာခင်မှာ ငါတို့က မလိုက်ဖက်ဘူးဆိုတာ သိလာလိမ့်မယ်၊ နောက်ကျမှ ရန်ဖြစ်စကားများရတာတွေ၊ ကလေးမရနိုင်တဲ့အကြောင်းရင်းတွေကြောင့် ပြဿနာဖြစ်ရမယ့်အစား အခုကတည်းက လမ်းခွဲလိုက်တာ အကောင်းဆုံးနည်းလမ်းပဲ”

ဟဲမီမူထန်၏ အသံက အလွန် အေးစက်လွန်းသည်။

“နင်တို့အဖွဲ့ကို ဝင်ဖို့အတွက်တော့ ငါက အရမ်းဖြောင့်မတ်ပြီး စည်းကမ်းကြီးတဲ့ အဖွဲ့တွေကို သဘောမကျဘူး

ငါ တစ်သက်လုံး စုန့်ရှန်တောင်ကနေလည်း ဘယ်မှမသွားဘူး၊ သာမန်ပြည်သူတွေကိုလည်း လုံးဝအန္တရာယ်မပေးဖူးလို့ ကတိပေးတယ်”

ပထမအချက်- ဟဲမီမူထန်သည်က အင်မတန်စည်းကမ်းကြီးသော တောက်ဓမ္မဂိုဏ်းများဖွဲ့စည်းခြင်းကို လုံးလုံးလျားလျား ငြင်းဆန်သူဖြစ်သည်။

ဒုတိယအချက်- သူမက စုန်းမတစ်ယောက်ဖြစ်သည်။ သူမ၏ ဦးခေါင်းနှင့် ကိုယ်တွင်းအင်္ဂါများအား တရွတ်ဆွဲ၍ အစိုးရရဲအရာရှိအဖွဲ့များဖြင့် နေ့စဉ် သွားလာနေရန်က ထူးဆန်းလွန်းလှသည်။

“မင်းမှာ ငါတို့နဲ့ ဆွေးနွေးပိုင်ခွင့်မရှိဘူး”

ကုကျစ်စုန့် မျက်လုံးများ အသက်မပါဘဲ ခပ်ရဲ့ရဲ့ ပြုံးလိုက်သည်။

သူမ တွေးကြည့်ရန်ပင်မလိုဘဲ သိနိုင်သည်။ ထိုငြင်းဆိုချက်အား နိုင်ငံအစိုးရနှင့် ဝိဉာဉ်ဆိုင်အရာအထူးဌာနတို့သည် လက်ခံလိမ့်မည်မဟုတ်ချေ။ သူမက အန္တရာယ်များလွန်းသည်။

သူမအား ဤနိုင်ငံတွင်း နေထိုင်ခွင့်ပြုနိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ သူမကို စောင့်ကြည့်နေခြင်းသာဖြစ်သည်။

ထိုမိန်းကလေး မကျေမချမ်းဖြစ်နေမှုကို လျစ်လျှူရှုလိုက်ပြီးနောက် ကုကျစ်စုန့် ဆက်ပြောသည်။

“နောက်တစ်ချက်က မင်း ဒီဝိဉာဉ်ဆိုင်ရာအထူးဌာနမှာ နေမယ်ဆိုရင် မင်းအစ်ကိုနဲ့ ပြန်ဆုံနိုင်မယ်”

ဟဲမီမူထန်: “?!!”

သူမ စားပွဲခုံ၏ ထောင့်ကို တင်းတင်းဆုတ်ကိုင်လိုက်ပြီးနောက် မတ်တပ်ထရပ်လိုက်သည်။ ထို့နောက် ကုကျစ်စုန့်အား စိုက်ကြည့်နေခဲ့သည်။

“နင် ငါ့အစ်ကိုကို သိတာလား? သူအခု ဘယ်မှာလဲ?!”

“မဟုတ်သေးဘူး.. နင် ငါ့မှာ အစ်ကိုရှိတာကို ဘယ်လိုလုပ်သိတာလဲ?!”

ကုကျစ်စုန့် စိတ်ထဲတွင် ကြိတ်၍ သက်ပြင်းချလိုက်သည်။

‘အ,လိုက်တဲ့ကလေးမလေး.. မင်းသာ အင်တာနက်သုံးပြီး ‘ဝိဉာဉ်ရေးရာ’ဖြစ်ဖြစ်၊ တခြားဗီဒီယိုအတိုလေးတွေဖြစ်ဖြစ် ကြည့်ခဲ့ရင် မင်းအစ်ကိုနဲ့ တွေ့ရတာ ကြာပြီ’

သူမ ဤကလေးမလေးကို ဆက်၍ အရူးမလုပ်ချင်တော့သောကြောင့် စကားတစ်ခွန်းသာ ဆိုလိုက်သည်။

“အရာရှိကျန်းက မင်းကို ပြောပြပါလိမ့်မယ်”

ထို့နောက် အခန်းထဲမှ ထွက်ခွာလာခဲ့သည်။

အပြင်ဘက်မှ ကျန်းရူယွီ: “???”

ကျန်းရူယူ ထိုစကားကို ခပ်မြန်မြန်တုံ့ပြန်လိုက်ပြီးနောက် အခန်းတွင်းသို့ ဝင်သွားခဲ့သည်။

“မင်္ဂလာပါ၊ ငါက ကျန်းရူယွီပဲ.. မင်းမှာ အစ်ကိုတစ်ယောက်ရှိတယ်ဆိုတာ ငါတို့ သိထားတယ်.. မင်း သူ့ကို ရှာနေတာဆိုရင်တော့ ဝိဉာဉ်ဆိုင်ရာအဖွဲ့ကနေ မင်းတို့နှစ်ယောက် ဆုံနိုင်အောင် ကူညီပေးလို့ရတယ်

သူ့နာမည်က ဟဲမီတူတဲ့၊ သူက မကြာသေးခင်ကမှ ထိုင်းနိုင်ငံကနေ လာခဲ့တဲ့ ပညာရှင်တစ်ဦးပဲ.. ပြီးတော့ မင်းနဲ့ ခုနက စကားပြောနေတဲ့ ကုတောက်ကျန့်နဲ့ လုပ်ဖော်ကိုင်ဖက်ပဲ”

“ဟဲမီ..တူ? “

ဟဲမီမူထန်၏ နှုတ်ခမ်းလေးများက တုန်ရီနေခဲ့သည်။

“ဟုတ်တယ်.. ကုတောက်ကျန့်က ခွဲခြမ်းစိတ်ဖြာတာ၊ အနာဂတ်ဟောတာနဲ့ ရုပ်လက္ခဏာပညာမှာ တစ်ဖက်ကမ်းကျွမ်းကျင်တယ်.. မင်းရဲ့ တည်နေရာရော၊ အချက်အလက်တွေကိုပါ သူတွက်ချက်ပေးတာပဲ

ကုတောက်ကျန့် ပြောတာတော့ ဟဲမီတူက မင်းရဲ့ အစ်ကိုတဲ့”

သူမ လိမ်လည်နေခြင်းမဟုတ်ပါချေ။

ဟဲမီတူနှင့် ကုကျစ်စုန့်တို့က သဘာဝလွန်ပရိုဂရမ်တစ်ခုတည်းတွင် ပါဝင်နေသောကြောင့် ‘လုပ်ဖော်ကိုင်ဖက်’များ ဖြစ်ကြသည်။

ထို့အပြင် သူ့အား ကူညီ၍ ညီမဖြစ်သူကို ရှာဖွေပေးထားသောကြောင့် သူ့ကို ဤအဖွဲ့ထဲသို့ဖိတ်ခေါ်ရန်မှာလည်း ခက်ခဲတော့မည်မဟုတ်ပါချေ။



ထိုအခန်းထဲမှ ထွက်လာပြီးနောက် ကုကျစ်စုန့်နှင့် တခြားသော ဌာနခွဲမှ အဖွဲ့ဝင်များက စတီးတံခါး၏အပြင်တွင် စောင့်ဆိုင်းနေကြောင်းတွေ့လိုက်ရသည်။

လူငယ်လေးများ၊ မိန်းကလေးများသည်က သူမအား စပ်စုစိတ်၊ လေးစားအားကျစိတ်တို့ဖြင့် ချောင်းကြည့်နေကြသည်။

သူမက ထူးခြားပညာရှင်များကြားတွင် အင်မတန်နာမည်ကြီးသူ မဟုတ်ပါလား။ ထို့အပြင် မြေအောက်ကမ္ဘာသို့ တစ်ယောက်တည်း လျှောက်ဝင်သွားခဲ့ပြီး ထိပ်တန်းတောက်ဓမ္မဂိုဏ်းအား တစ်ဦးတည်း စိန်ခေါ်ခဲ့သူဖြစ်သည်။

သူတို့အားလုံး ကုကျစ်စုန့်အား အပြင်တွင် မြင်ဖူးသည်မှာ ယခုအကြိမ်က ပထမဆုံးပင်။

မျက်နှာဝိုင်းဝိုင်းနှင့် မိန်းကလေး ရှက်ရွံ့စွာ နှုတ်ဆက်လိုက်သည်။

“မင်္ဂလာပါ ကုတောက်ကျန့်!”

သူမက မိဘမျိုးရိုးတလျှောက် ဆင်းသက်လာသော တောက်ကျန့်တစ်ဦးဖြစ်သည်။ သူမ၏ မိဘနှစ်ပါးအား ဝိဉာဉ်ဆိုင်ရာအထူးဌာနမှ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ပြီး သူမက ကုကျစ်စုန့်၏ ပရိတ်သတ်အကြီးစားလည်းဖြစ်ပေသည်။

သူမ အင်မတန်သဘောကျသော အိုင်ဒေါနှင့် နီးကပ်နေသောကြောင့် စကားများပင် တုန်နေခဲ့သည်။

သူမ၏ အတွေးထဲတွင် ‘စုန့်စုန့်က ချောလိုက်တာ’ဆိုသော အတွေးများ၊ ‘ဘော့စ်က အရမ်းလန်းတာပဲ’ဆိုသော အတွေးများသာ ပြည့်နှက်နေခဲ့သည်။

အင်မတန်တောက်ပနေသော မျက်ဝန်းများ၏ စိုက်ကြည့်ခံရပြီးနောက် ကုကျစ်စုန့် စိတ်ထဲတွင် တစ်စုံတစ်ရာ ခံစားလိုက်ရပြီးနောက် သူမ၏ အကြည့်သည်လည်း ပျော့ပြောင်းသွားခဲ့သည်။

“ကွမ်ချီဟုန်ကိုလည်း ဒီမှာ ချုပ်ထားတာလား”

“ဟုတ်ပါတယ်၊ ကုတောက်ကျန့် မလာခင် နာရီဝက်လောက်တုန်းက တစ်ဖက်မြို့က အဖွဲ့သားတွေ သူ့ကို ဒီလာပို့သွားတာပါ”

“ဒါဆို ငါ့ကို သူနဲ့တွေ့ရအောင် ခေါ်သွားပေးနော်”

မျက်နှာဝိုင်းဝိုင်းနှင့် ကောင်မလေးက အနည်းငယ်စိတ်ငြိမ်သွားပြီးနောက် ခေါင်းငြိမ့်ပြလိုက်သည်။

ကုကျစ်စုန့် သူ့အား စစ်ဆေးရန် ရောက်လာတော့မည်ဖြစ်ကြောင်း ကြိုသိထားသည့်အတွက် ရဲအရာရှိများက ကွမ်ချီဟုန်အား ဝင်ရောက်ဖမ်းဆီးပြီးသည်နှင့် ချက်ချင်းပင် ပြစ်မှုရာဇဝတ်သားများကို ချုပ်နှောင်သည့် ကားဖြင့် သူ့အား ဤမြို့သို့ လာရောက်ပို့ဆောင်ခဲ့ကြခြင်းပင်။

ကံကောင်းထောက်မစွာပင် နေရာသက အရမ်းမဝေးသောကြောင့် ကွမ်ချီဟုန်က ဤစစ်ဆေးခန်းတွင်းသို့ နေ့လည်မတိုင်ခင် ရောက်လာခဲ့သည်။

သူ့အား ဆက်ဆံပုံကတော့ ဟဲမီမူထန်ကဲ့သို့ ကောင်းကောင်းမွန်မွန်မဟုတ်ပါချေ။

ဤနေရာသို့ ရောက်လာပြီး သူ့ကို နေ့လည်စာပင် ကျွေးထားခြင်းမရှိခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ဟဲမီမူထန်သည်က ဒေါသဖုံးလွှမ်း၍ ခေတ္တတာစိတ်လွတ်သွားခြင်းသာဖြစ်သည်။

သူမသည် သမားရိုးကျမဟုတ်သော ပညာရပ်ကို ကျင့်ကြံသူဖြစ်သော်ငြား လူမသတ်ခဲ့ဖူးပေ။

ကွမ်ချီဟုန်သည်ကတော့ ထိုသို့မဟုတ်။

သူသည်က ပရိတ်သတ်များ၏ အကူအညီ၊ အချစ်၊ ငွေကြေးများဖြင့် ကောင်းကောင်းနေ ၊ ကောင်းကောင်းစားရသည်။ နှစ်ဝက်အတွင်းမှာပင် ပြစ်မှုမှတ်တမ်းရှိသော လမ်းဘေးကြွက်စုတ်တစ်ကောင်အဆင့်မှ ပရိတ်သတ်သန်းချီရထားသည့် အိုင်ဒေါတစ်ယောက် ဖြစ်လာခဲ့သည်။

ငွေကြေးသန်းချီတန်သော အိမ်ကောင်းကောင်းတွင် နေထိုင်သည်။

သူ့အနေဖြင့် အိပ်ရာပေါ်လှဲနေပြီး ငွေရှာနိုင်ရုံဖြင့် အားမရ။ သူ့အား အမှန်တကယ် အားပေးသော ပရိတ်သတ်များကိုလည်း လမ်းဆုံးထိရောက်အောင် ထိုးချခဲ့သည်။

ထိုပရိတ်သတ်များ ပိုင်ဆိုင်မှု၊ အသက်စည်းစိမ်၊ အနာဂတ်များ ပျောက်ဆုံးသွားသည်ကို ဇိမ်ခံ၍ ကြည့်နေခဲ့သည်။

ယုတ်မာရက်စက်မှုချင်းယှဉ်ပါက ကွမ်ချီဟုန်က တခြားသော အောက်လမ်းဆရာများထက် အဆမတန်ပိုနေခဲ့သည်။

*

All Chapters