← Chapters

ဆင်ဆာဖြတ်တောက်မှုက ထူးဆန်းတယ် (2)

Vol. 45 Ch. 450

ဆင်ဆာဖြတ်တောက်မှုက ထူးဆန်းတယ် (2)

Vol. 45 Ch. 450

စစ်ဆေးမေးမြန်းသည့် စားပွဲ၏ တစ်ဖက်တွင် ထိုင်နေသော ကုကျစ်စု့န်၏ မျက်နှာက ပုံမှန်အတိုင်းရှိနေဆဲပင်။

သူမ၏ရှေ့မှ ကြောက်လန့်ရွံရှာဖွယ်ကောင်းသော မြင်ကွင်းကို မှုပင် မမှုသည့်ပုံရပေ၏။

သူမက လက်တစ်ဖက်ကို မြှောက်ထားပြီးနောက် ဖြူဖွေးသော လက်ဖဝါးအား ဒေါင်လိုက်‌ ဖြန့်ထားခဲ့သည်။ သူမလက်ဖဝါးပေါ်တွင်လည်း အစီအရင်တစ်ခုကို ရေးဆွဲထားလေသည်။

မမြင်နိုင်သော အကာအရံက သူမခန္ဓာကိုယ်အား ဖုံးလွှမ်းထားခဲ့သောကြောင့် သွေးစသွေးနများပင် စွန်းထင်းမှုမရှိပေ။

ခန္ဓာကိုယ်ကို ပုံဖမ်း၍ မရတော့သည့် ကွမ်ချီဟုန်၏ ကိုယ်တစ်ပိုင်းပြတ်မှာ နားမလည်နိုင်ဖြစ်နေဆဲပင်။ သူ့ကိုယ်သူ မည်သည့်အရာများဖြစ်သွားသည်ကိုပင် သူမသိတော့ချေ။

သို့သော် သူ၏ ဝိဉာဉ်သည်လည်း တဖြည်းဖြည်း လှုပ်ရှားလာခဲ့သည်။

ဝိဉာဉ်၏ ဖောက်ထွင်းမြင်နေရသော မျက်နှာက နာကျင်မှုကြောင့် ရှုံ့မဲ့လာခဲ့ပြီး တစစီဖြစ်တော့မည့်အလားပင်။

ကုကျစ်စုန့် နှာခေါင်းရှုံ့လိုက်ပြီးနောက် မြှောက်ထားသည့်လက်ဖဝါးကို ပြန်လည်ရုတ်သိမ်းလိုက်သည်။

ချက်ချင်းပင် ပြိုကွဲပျက်စီးလုနီးနီးဖြစ်နေသော ဝိဉာဉ်က နောက်တဖန် ပြန်လည်လှုပ်ရှားလာပြန်သည်။

ကွမ်ချီဟုန်၏ ဝိဉာဉ်မှာ စွမ်းအားနှစ်ခု တိုက်ခိုက်နေသည်ကိုသာ ခံစားနိုင်သည်။ တစ်ခုက သူ၏ စိတ်ဝိဉာဉ်အတွင်းမှ ဖြစ်ကာ သူ့အား တစစီဖျက်ဆီးပစ်ရန် ကြိုးစားနေခဲ့သည်။

နောက်ထပ်စွမ်းအင်တစ်ခုသည်က ပထမစွမ်းအင်အား လှုပ်ရှား၍ မရအောင် ချုပ်ထိန်းထားခဲ့သည်။

ကုကျစ်စုန့်၏ လက်အမူအယာ ပြောင်းလဲသွားပြီးနောက် သူမနှုတ်မှ စကားတစ်ခွန်း ရေရွတ်လိုက်သည်။

“ဖြိုခွဲစမ်း!”

ထို့နောက်တွင်တော့ ကွမ်ချီဟုန်၏ ဝိဉာဉ်အတွင်းမှ စွမ်းအားက ထျန်လွန်သွေးကြောအမှတ်နေရာမှ အတင်းထွက်လာခဲ့ရသည်။

အနက်ရောင်မြူခိုးလုံးတစ်လုံး ပြေးထွက်လာခဲ့ခြင်းပင်။

“ပြေးချင်တာလား”

ကုကျစ်စုန့် မျက်နှာကို မဲ့လိုက်ပြီးနောက် သူမကို အလည်ဗဟိုထား,ထားသည့် ချုပ်နှောင်ခြင်းဖွဲ့စည်းပုံ အသက်ဝင်လာခဲ့သည်။

ထို့နောက် အနက်ရောင်မြူခိုးအား ချုပ်နှောင်ထားလိုက်လေသည်။

ထိုအရာသည်လည်း တုံ့ပြန်မှု မြန်ဆန်လွန်းလှသည်။ ကုကျစ်စုန့် သူ့အား ချုပ်နှောင်ထားကြောင်း သတိပြုမိသည်နှင့် ချက်ချင်းပင် ကုကျစ်စုန့်၏ နဖူးတွင်းသို့ တိုးဝင်ကာ သူမ၏ ဝိဉာဉ်ကိုယ်ထည်အား တိုက်ခိုက်ရန် ကြိုးစားတော့သည်။

သူမ၏ မျက်ဝန်းများအား အနက်ရောင်မြူခိုး၏ ဖုံးလွှမ်းခြင်းကို စက္ကန့်ပိုင်းမျှ ခံလိုက်ရသော်လည်း ချက်ချင်းပင် အားကောင်းလွန်းသော ဝိဉာဉ်စွမ်းအင်၏ ဖိနှိပ်ခြင်းခံလိုက်ရသည်။

‘အနက်ရောင်မြူခိုး’၏ မူလစွမ်းအင်နှင့် မျက်နှာချင်းဆိုင် ကြုံတွေ့ရချိန်တွင် ကုကျစ်စုန့်၏ အသိစိတ်က ခန္ဓာကိုယ်တွင်းမှ အားပြင်းစွာ ငြင်းပယ်ခံလိုက်ရသည်။

သူမ မျက်လုံးများ ဖွင့်လိုက်ချိန်တွင် ပတ်ဝန်းကျင်က မှောင်မည်း၍ စိုစွတ်ထိုင်းမှိုင်းနေကြောင်းတွေ့ခဲ့သည်။

သူမ ဘေးပတ်လည်ကို ကြည့်လိုက်ပြီးနောက် ထိုနေရာက မြေအောက်နေရာတစ်ခုဖြစ်ပြီး ရိုးရှင်းသော်ငြား အင်မတန်ကြီးမားသည့် ကိုးကွယ်ရာနေရာတစ်ခုဖြစ်ကြောင်း သိလိုက်ရသည်။

မရေတွက်နိုင်သော ကြေးဖြင့် ပြုလုပ်ထားသည့် ‘နတ်ဘုရားရုပ်ထုများ’၊ ရွံ့စေးရုပ်ထုများ အကြီးအသေး အရွယ်စုံတို့က ပူဇော်သည့် နေရာတွင် ရှိနေခဲ့ပြီး ရုပ်ထုတိုင်းသည်လည်း အသက်ဝင်လှသော မျက်နှာပေါင်းများစွာဖြင့် ဖြစ်သည်။

မည်သို့သော ရှုထောင့်မှ ကြည့်သည်ဖြစ်စေ သူမအနေဖြင့် မရေမတွက်နိုင်သော ‘မျက်နှာများ’ကို မြင်တွေ့နိုင်သည်။

သူမ၏ထင်မြင်ချက်သာ မှန်ကန်ပါက တစ်ချို့သော ထောင့်များပျက်စီးနေပြီး အတွင်းပိုင်းကို မြင်တွေ့နေရသော ‘နတ်ဘုရားရုပ်ထု’များ၏ အတွင်း၌ တစ်စုံတစ်ရာကိုထည့်သွင်းထားကြသည်။

တစ်ချို့သော အရာများမှာ မလှုပ်ရှားတော့သော လူ့ခန္ဓာကိုယ်များသာ ဖြစ်သည်။

တချို့က အရိုးဖြူဆွတ်ဆွတ်များသာလျှင် ဖြစ်ပေ၏။

ဤ’နတ်ဘုရားရုပ်ထု’ဥယျာဉ်တစ်ခုလုံးတွင် လူ့အလောင်းများအပြည့် မြှုပ်နှံထားမည်ကိုပင် သူမ စိုးရိမ်မိသည်။

ထိုထူးဆန်း၍ ပုံမကျ၊ပန်းမကျ ‘နတ်ဘုရားရုပ်ထု’များထဲမှ တစ်ရုပ်အား သူမ အာရုံစိုက်မိသွားခဲ့သည်။

ထိုရုပ်ထုက အင်မတန်ကြီးမားသည်။

ရုပ်ထုများ အလွန်များပြားသည့် နေရာတစ်ခုတွင် ထိုရုပ်ထုကတစ်ဝက်လဲလျောင်းနေခဲ့ပြီး ထင်ရှားလွန်းလှသည်မဟုတ်ပါချေ။

ထိုရုပ်ထုက သနားကြင်နာသော မျက်နှာဖြင့် ကုကျစ်စုန့်ဘက် လှည့်နေခဲ့သော်ငြား မျက်လုံးများကို မှိတ်ထားသည်။

ရုပ်ထု၏ မျက်နှာအသွင်အပြင်၊ မျက်နှာဖွဲ့စည်းပုံ၊ အနည်းငယ်တွန့်ချိုးထားသော မျက်ခုံး၊ အနည်းငယ် အောက်သို့ကျနေသော နှုတ်ခမ်းထောင့်များသည် ထိုအရုပ်၏ ဝမ်းနည်းနေဟန်ကို ဖော်ပြနေခဲ့သည်။

အထူးဆန်းဆုံးအချက်မှာ ရုပ်ထု၏ အသွင်အပြင်သည်က အင်မတန် လက်ရာမြောက်လွန်းလှသည်။

ပတ်လည်ဝိုင်းနေသော ရွှေရောင်၊ ကြေးရောင်ရုပ်ထုများကြားတွင် ထိုရုပ်ထု၏ ရွှေရောင်က အနည်းငယ် မှိုင်းညို့နေခဲ့သော်ငြား ရှင်းပြ၍ မရနိုင်အောင် ပြောင်လက်တောက်ပနေခဲ့သည်။ တောက်ပနေသည့် အလင်းတန်းသည်လည်း မှော်ဆန်လွန်းပေသည်။

သို့သော် ထိုရုပ်ထုမျက်နှာ၏ ဘယ်ဘက်အခြမ်း၊ လည်ပင်းမှ အောက်ပိုင်းထိ နေရာများသည် အခြားအစိတ်အပိုင်းများနှင့် ကွဲပြားနေခဲ့သည်။

နူးညံ့သည်၊ တောက်ပသည်၊ သိမ်မွေ့သည်….

ရုပ်ထု၏ ဘယ်ဘက်အခြမ်းက လူ့အရေပြားပင်။

ထိုအရာက ရွှေ၊ ကြေးတို့ဖြင့် ပေါင်းစပ်နေသောကြောင့် ရုပ်ထု၏ ဘယ်ဘက်အခြမ်းနှင့် ညာဘက်အခြမ်းသည်က တစ်ဆက်တည်းဖြစ်နေခဲ့သည်။

ထိုရုပ်ထုမှတဆင့် ကုကျစ်စုန့်အနေဖြင့် အင်မတန် အားပြင်း၍ ရက်စက်ကြမ်းကြုတ်သော၊ ညစ်ညမ်းသော အငွေ့အသက်ကို ခံစားလိုက်ရသည်။

သူမ တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ ရုပ်ထုထံမှ အားကောင်းသော ဆိုးဝါးသည့် ခံစားချက်များက သူမ၏စိတ်ထဲသို့ ဒီရေအလား တိုးဝင်လာခဲ့သည်။

ထိုအရာမှာ ‘အနက်ရောင်မြူခိုး’၏ အစပြုရာ၊ မူလအစအငွေ့အသက်ပင်။

ရုတ်တရက် ဝမ်းနည်းနေသော မျက်နှာရှိသည့် ‘နတ်ဘုရားရုပ်ထု’ လှုပ်ရှားလာခဲ့ပြီးနောက် နှုတ်ခမ်းများ တွန့်ကွေးလိုက်ကာ အပြုံးတစ်ခုက ရုပ်ထု၏မျက်နှာတွင် ပေါ်လာခဲ့သည်။

ကုကျစ်စုန့်၏ မျက်လုံးများက ပြန်ပွင့်လာခဲ့ပြီး သူမ၏ အသိစိတ်သည်လည်း ခန္ဓာကိုယ်ထဲသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ထို့နောက် သောင်းကျန်းနေသည့် အနက်ရောင်မြူခိုးအပိုင်းအစကိုလည်း ချေမှုန်းလိုက်လေ၏။

သူမ စိတ်မကြည်လင်စွာဖြင့် အလောင်း၏အနီးတွင် အင်မတန်သွေးပျက်နေခဲ့သော ကွမ်ချီဟုန်၏ဝိဥာဥ်အား စိုက်ကြည့်လိုက်သည်။

“ကြည့်ရတာ မင်းရဲ့နောက်မှာရှိနေတဲ့ မင်းရဲ့သခင်က ဘယ်တုန်းကမှ မင်းကို မယုံခဲ့ဘူးပဲ.. မင်းကို အချိန်မရွေးလွှင့်ပစ်လိုက်လို့ရတဲ့ အပိုင်းအစလို သဘောထားတယ်၊ ဒါတောင် မင်းက နှုတ်ပိတ်ထားချင်သေးတာလား?”

ကွမ်ချီဟုန်၏ ကိုယ်ပေါ်မှ ‘လွှဲပြောင်းအစီအရင်’သည်က သာမန်ထက် ပို၍ ရှုပ်ထွေးပြီး သူ့အား ထိန်းချုပ်နိုင်သည့် မျိုးစေ့များကိုလည်း သူ့၏ကိုယ်ထဲ၌ ချထားခဲ့သည်။

သူကသာ အရေးပါသည့် အချက်အလက်တစ်ခုခုအား ပြောဆိုလိုက်သည်နှင့် ခန္ဓာကိုယ်ကပေါက်ကွဲကာ သေဆုံးရမည်ဖြစ်ပြီး သူ၏ ဝိဉာဉ်သည်လည်း ချက်ချင်းဖျက်ဆီးခံရလိမ့်မည်။

ကံကောင်းစွာဖြင့် ကုကျစ်စုန့်က ထိုအရာအား သတိပြုမိလိုက်ပြီး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် လူသားဗုံးကဲ့သို့ ပေါက်ကွဲသွားရလိမ့်မည်ဟု တွေးပင် တွေးမထားခဲ့ဖူးသည့် ကွမ်ချီဟုန်လည်း ကိုယ့်အခြေအနေကို သဘောပေါက်နားလည်သွားခဲ့သည်။

ဘုရားသခင်က သူ့အား သတ်ဖြတ်၍

နှုတ်ပိတ်ရန် ကြိုးစားခဲ့ခြင်းပင်!

သူ့အနေဖြင့် မာနလည်း မထားနိုင်တော့သကဲ့သို့ သိက္ခာလည်း မရှိနိုင်တော့။ တုန်ရီစွာဖြင့် သူသိထားသမျှ အရာအားလုံးကို ပြောပြလာခဲ့သည်။

သူ၏ ဝန်ခံချက်ကို ရရှိပြီးနောက် ကုကျစ်စုန့် ဖတ်ကြည့်လိုက်မိချိန်တွင် ရယ်ရလွန်း၍ မျက်ရည်ပင် ဝဲတက်လာမိသည်။

ဤကွမ်ချီဟုန်၏ စကားအရ သူသည်က ကောင်းကင်ဘုံ၏ အရွေးချယ်ခံသားတော်ဖြစ်ပြီး ဤကမ္ဘာ၏ ‘ဇာတ်လိုက်’ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူ့တွင် ကံကောင်းခြင်းစနစ်တစ်ခု ရှိနေခဲ့သည်။

ယခုအကြောင်းအရာများအားလုံးသည်လည်း သူ့အား စနစ်မှ အသိပေးထားခြင်းသာဖြစ်သည်။ ဤကမ္ဘာမှ လူများ၏ အချစ်ကို ရယူနိုင်ပြီး သူ့အား ယုံကြည်ကိုးကွယ်လာအောင် လုပ်ဆောင်နိုင်ပါက သူလိုချင်သမျှ အရာအားလုံး ပိုင်ဆိုင်နိုင်မည်။

နောက်ဆုံးတွင် တစ်နိုင်ငံလုံး၌ အကျော်ကြားဆုံး ဖြစ်လာလိမ့်မည်။

ကံကောင်းခြင်းခိုးယူခံလိုက်ရသူများမှာတော့ ‘ဇာတ်လိုက်’အောင်မြင်နိုင်ရန်အတွက် ချနင်းရမည့် ခြေခုတုံးများသာ ဖြစ်သောကြောင့် သူ့အနေဖြင့် ဂရုစိုက်ရန် မလိုပေ။

‘ဇာတ်လိုက်’ကို ကူညီပေးရသည့်အတွက် သူတို့ ဂုဏ်ယူသင့်သည်။

စနစ်၏ စကားအရ ကုကျစ်စုန့်သည်လည်း သူကဲ့သို့ဖြစ်သည်။ သူသာ နောက်ဆုံးတွင် ကုကျစ်စုန့်အား မချေမှုန်းနိုင်ပါက ကုကျစ်စုန့်မှ ‘ကောင်းကင်ဘုံ၏ ရွေးချယ်ခံသားတော်’နေရာကို သူ့ထံမှ လုယူသွားလိမ့်မည်။

တကယ်တမ်းတွင် ကုကျစ်စုန့်က ဝိဉာဉ်ကူးပြောင်းသူဖြစ်သောကြောင့် သူမ၏ စွမ်းအင်များက ရုတ်တရက် ပေါ်ပေါက်လာခြင်းဖြစ်ပေသည်။

ထို့ကြောင့် ကွမ်ချီဟုန်သည် စနစ်၏ စကား အဓိပ္ပာယ်ရှိသည်ဟု ယူဆခဲ့ခြင်းပင်။

ကွမ်ချီဟုန်အနေဖြင့် ယခင်ကတည်းက ကုကျစ်စုန့်အား စောင့်ကြည့်နေခဲ့ပြီး သူမကို ရန်သူတစ်ဦး၊ ပြိုင်ဖက်တစ်ဦးကဲ့သို့ သဘောထားခဲ့သည်။

သူ၏ စနစ်က ရံဖန်ရံခါ သူ့ကိုယ်သူ ‘နတ်ဘုရား’ဟု ခေါ်ဝေါ်လေ့ရှိပြီး သူသည်က ဤကမ္ဘာထက် မြင့်မားသည့် တည်ရှိမှုတစ်ခုဖြစ်ကာ ကံကောင်းခြင်းသားတော် ကွမ်ချီဟုန်အား ကူညီ၍ ပြိုယွင်းနေသော ကမ္ဘာမြေအား ကူညီနေခြင်းဖြစ်ကြောင်း ပြောလေ့ရှိသည်။

ထိုအရာကို မြင်ရပြီးနောက် ကုကျစ်စုန့် ခပ်ဖွဖွရယ်လိုက်ရင်း တီးတိုးလေး ပြောလိုက်သည်။

“စနစ်၊ မင်းရော ဘယ်လိုထင်လဲ”

တစ်ချိန်လုံး တိတ်ဆိတ်နေသော အမှိုက်စနစ်လေးမှာ သူ့အား ခေါ်ခံလိုက်ရသောကြောင့် လေသံပျော့ပျော့ဖြင့် ပြန်လည်တုံ့ပြန်လာခဲ့သည်။

“အဓိပ္ပာယ်မရှိတာတွေ၊ ဒါက အတုကြီးပဲ! ဒီနောက်ကွယ်မှာ ပူးပေါင်းကြံစည်မှုတစ်ခုခု ရှိကိုရှိရမယ်!”

“ငါ‌ပြောချင်တာ အဲဒါမဟုတ်ဘူး”

ကုကျစ်စုန့်၏ အသံက တည်ငြိမ်အေးဆေးနေသည်။

“ဒီဝန်ခံစာကို ဖတ်ရတာ တစ်ခုခု ရင်းနှီးနေတယ်လို့ မထင်မိဘူးလား”

“ဟင်? အဲလိုမျိုး ရှိသေးလို့လား?”

စနစ်၏ လေသံသည် တဖြည်းဖြည်း ပို၍ ပျော့လာခဲ့သည်။

သူ ဝန်မခံသည့်အတွက် ကုကျစ်စုန့်သည်လည်း သူ့ကို ဖိအားမပေးတော့ချေ။ ကွမ်ချီဟုန်၏ ဝန်ခံချက်ကိုသာ ဆက်၍ ဖတ်ရှုနေခဲ့သည်။

အတန်ကြာမှ စနစ်ကလည်း သက်ပြင်းချလိုက်ပြီး ပြန်လည်တိတ်ဆိတ်သွားခဲ့သည်။

ကွမ်ချီဟုန်၏ ဝန်ခံချက်အရ ထို’နတ်ဘုရား’၏ လက်ပါးစေများထဲတွင် စွမ်းအားကြီးလက်ပါးစေများစွာ ရှိနေသည်။

ဥပမာဆိုရပါက အင်တာနက်ကျွမ်းကျင်သော လက်ပါးစေတစ်ဦးက ထူးဆန်းစွာ ပေါ်လာတတ်ပြီး ထူးဆန်းစွာပင် ပျောက်ကွယ်သွားတတ်သည်။

ကွမ်ချီဟုန် အင်တာနက်ဆယ်လီတစ်ဦးအနေဖြင့် စတင် တိုက်ရိုက်လွှင့်ချိန်မှစ၍ သူသည်က အင်တာနက်အချက်အလက်များကို ပြောင်းလဲကာ ကွမ်ချီဟုန်အား လူကြည့်များစေရန် ကူညီပေးခဲ့သည်။

နောက်ပိုင်းတွင်လည်း ပရိတ်သတ်များ၏ ကံကြမ္မာကို ခိုးယူနိုင်ရန် သူတို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များစွာကို ရှာဖွေပေးခဲ့သည်။

ကုကျစ်စုန့်အား စိန်ခေါ်မည့် တိုက်ရိုက်ထုတ်လွှင့်မှု မစတင်မီအချိန်ကလည်း ထိုလူက သူ့အား နှစ်ကြိမ်တိုင်တိုင် သတိပေးပြောဆိုခဲ့သည်။

ကွမ်ချီဟုန် ထိုအချိန်က သူ့စကားနားမထောင်ခဲ့မိသည်ကို နောင်တရ၍ မဆုံးနိုင်ပေ။

ဝိဉာဉ်ဆိုင်ရာအထူးအဖွဲ့၏ စစ်ဆေးချက်များအရ ကွမ်ချီဟုန်၏ နေအိမ်မှ ကွန်ပြူတာတွင် ယင်စွမ်းအင် အမြောက်အမြား စုဝေးနေခဲ့သည်။

သူတို့ စစ်ဆေးပြီးနောက် ထိုစွမ်းအင်သည် အင်တာနက်တွင် ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သော ဉာဏ်ကြီးရှင် ပန်းချီဆရာ ဟဲကျောင်ရှန်း၏ စွမ်းအင်ဖြင့် တူညီနေသည်။

ကွမ်ချီဟုန်အား ကူညီပေးခဲ့ပြီး သတိပေးစကားဆိုခဲ့သော သူမှ ထိုတစ္ဆေသာဖြစ်ပေသည်။

စိတ်ပျက်လက်ပျက်ဖြစ်နေသော ကွမ်ချီဟုန်တစ်ယောက် ဝိဉာဉ်ဆိုင်ရာအဖွဲ့ထံမှ ကာကွယ်မှုရယူနိုင်ရန်နှင့် အသတ်မခံရစေရန်အတွက် အင်တာနက်ပေါ်မှ မှောင်မိုက်လွန်းလှသော ကွန်ယက်များအကြောင်းကိုပါ ဝန်ခံပြောဆိုလာခဲ့သည်။

အရာရှိများသည်လည်း သူတို့ ယခင်က ရှာဖွေဖမ်းဆီးနိုင်ခဲ့သော ကွန်ယက်များသည် အပေါ်ယံသာ ဖြစ်ကြောင်း သိရှိခဲ့ရပြီး ဒေါသပေါက်ကွဲခဲ့ကြရသည်။

*

All Chapters