← Chapters

  ညဘက် အစီအစဉ်များ

Vol. 46 Ch. 452

  ညဘက် အစီအစဉ်များ

Vol. 46 Ch. 452

ကုကျစ်စုန့်က မိန်းကလေး၏ ဖြူဖျော့နေသော မျက်နှာအား တည်ငြိမ်စွာ ကြည့်လိုက်သည်။

“ရှင် ဘာမှ မဖြစ်စေရပါဘူး.. ကျွန်မရော၊ ကြည့်ရှုသူတွေရော ရှင်နဲ့အတူ ရှိနေတာပဲ”

သူမက ထိတ်လန့်တုန်လှုပ်နေပြီး မျက်ဝန်းများတွင်လည်း အကြောက်တရားသာ ကြီးစိုးနေကြောင်း သတိပြုလိုက်မိပြီးနောက် ကုကျစ်စုန့် ဆက်ပြောလိုက်သည်။

“ရှင် အရမ်းကြောက်နေတယ်ဆိုရင် ကျွန်မနောက်ကနေ လိုက်ဆိုပေးပါ”

ကုကျစ်စုန့် အနည်းငယ်ခက်ခဲသည့် ဂါထာတစ်ခုအား ဖြည်းညင်းပြတ်သားစွာ ရွတ်ပြလိုက်သည်။

‘ကြက်ဥလိပ်’သည်ကား ထိုဂါထာများ၏ အဓိပ္ပာယ်ကိုလည်း နားမလည်၊ မည်သည့်သက်ရောက်မှုရှိသည်ကိုလည်း မသိခဲ့ပါချေ။

သို့သော် သူမက တုန်ယင်စွာဖြင့် ကုကျစ်စုန့်၏နောက်မှ တထပ်တည်း လိုက်ပါ ရွတ်ဖတ်ခဲ့ပြီး ကုကျစ်စုန့်၏ အသံသည်က သူမစိတ်ထဲတွင် တံဆိပ်နှက်ထားသည့်အလား လေယူလေသိမ်းကိုပါ တူညီအောင် ရွတ်ဖတ်နိုင်ခဲ့သည်။

သူမအား ပို၍ မှော်ဆန်ဆန် ခံစားစေသည့်အချက်မှာ ကုကျစ်စုန့်၏နောက်မှ လိုက်၍ နှစ်ကြိမ်တိုင်တိုင် ရွတ်ဖတ်ပြီးချိန်တွင် အရိုးထဲထိ စိမ့်ဝင်နေသည့်အလား ခံစားနေရသည့် အေးစက်မှု၊ ရှင်းမပြနိုင်သော တစ်စုံတစ်ရာအား ထိတ်လန့်နေမှုတို့သည်က တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့လေသည်။

သူမ၏ တောင့်တင်းနေသော ပုခုံးများလည်း ပြေလျော့သွားခဲ့ပြီး မီးများလင်းထိန်နေသော အခန်းက လူသူကင်းမဲ့၍ အနည်းငယ် စိတ်ချောက်ခြားဖွယ်ကောင်းသည်ဟုသာ ခံစားလိုက်ရသည်။

ကုကျစ်စုန့်၏ ဂါထာက သက်ရောက်မှုရှိသည်မှာ ငြင်း၍ မရပေ။

ကုကျစ်စုန့်၏ ချောမောလှပသော မျက်နှာအား လှမ်း၍ ကြည့်လိုက်မိရင်း ‘ကြက်ဥလိပ်’၏ မျက်ဝန်းများတွင် အားကျလေးစားစိတ်များဖြင့် တောက်ပနေခဲ့သည်။

အင်တာနက်ပေါ်မှ ကြည့်ရှုသူများသည်လည်း သူမနှင့်အတူ ထိုဂါထာကို လိုက်၍ ရွတ်ဖတ်ခဲ့ကြလေသည်။

သူတို့ကိုယ်တိုင်၏ အသံကို အလွန်ဖြောင့်မတ်တည်ကြည်သော လေသံဖြင့် ပြန်လည်ကြားလိုက်ရချိန်တွင် သူတို့အားလုံး အံ့အားသင့်သွားခဲ့မိသည်။ ကိုယ်တိုင်ပင် ထိုမျှ လေးနက်သောအသံကိုထုတ်လွှတ်နိုင်လိမ့်မည်ဟု ထင်မထားခဲ့မိကြပေ။

ဂါထာအား အမှန်တကယ်မယုံကြည်၊ ဟာသတစ်ခုအဖြစ်သာ ရယ်မောခဲ့ကြသော ကြည့်ရှုသူများ မသိလိုက်သည်မှာ သူတို့၏အနီးအနားတွင် အချိန်နှင့်အမျှ သူတို့အား ချုပ်နှောင်နေသော ယင်စွမ်းအင်များကဘ ဂါထာ၏ သက်ရောက်မှုအောက်တွင် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့ကြောင်းကိုပင်။

‘ကြက်ဥလိပ်’က အသံ ချိတ်ဆက်လိုက်ပြီးနောက် သူမ၏ ဓာတ်ပုံ၊ ဇာတာတို့အား ကုကျစ်စုန့်ထံ ချက်ချင်း ပေးပို့ခဲ့သည်။

ကုကျစ်စုန့် ထိုအချက်အလက်များကို တိတ်တဆိတ် ဖတ်နေခဲ့ပြီးနောက် ခေတ္တအကြာတွင် သူမ၏ တွက်ချက်မှုအား ပြောပြလာခဲ့သည်။

“ရှင်က ကောလိပ်မှာ စီးပွားရေးကို အဓိကလေ့လာခဲ့ပြီး နောက်ပိုင်းမှာ အဲဒါနဲ့ နီးစပ်တဲ့ မေဂျာရဲ့ ဘွဲ့ကြိုစာမေးပွဲကို အောင်မြင်ခဲ့တယ်”

“ရှင့်ရဲ့ ဇာတာခွင်မှာ ကြွယ်ဝခြင်းကြယ်စင်နဲ့ အားကောင်းတဲ့ ချီရှာကြယ်စင်တို့ ရှိနေတယ်.. အဓိပ္ပာယ်က ရှင်က ရည်မှန်းချက်ကြီးမားပြီးတော့ အခက်အခဲကိုလည်း ရင်ဆိုင်နိုင်တယ် ငွေရှာရတာကိုလည်း သဘောကျတယ် အာ.. ဒါက အပြစ်တင်ပြောဆိုတာ မဟုတ်ဘူးနော်၊ ချီးကျူးတဲ့ စကားပါ”

“ပြီးတော့ ရှင့်ရဲ့ ဇာတာခွင် ခွဲဝေပုံက ညီမျှနေတယ်.. ထျန်ရှန်း၊ လုကွန်နဲ့ ကွာရှု့တို့ရဲ့ သက်ဆိုင်ရာ ကြယ်စင်တွေအကုန်လုံးက ဆယ်ခုမြောက်အိမ်မှာ ရှိနေတာကြောင့် ‘ကျားယီဘင်း’ရဲ့ အဆင့်သုံးကြယ်စင်နဲ့ သက်ဆိုင်နေတယ်”

“ပြောချင်တာက ရှင်က ငွေကြေးကိုင်တွယ်ရတာကို သဘောကျတယ် စီးပွားရေးနယ်ပယ်နဲ့ သင့်တော်တဲ့ သူတစ်ဦးပဲ”

“ဇာတိချက်အရ ဒုတိယမြောက်အိမ်က ‘ကြွယ်ဝမှုအိမ်’ဖြစ်တယ်၊ ဆယ်ခုမြောက်အိမ်က အလုပ်အကိုင် အခွင့်အလမ်းအိမ်ဖြစ်ပြီး ဆယ့်တစ်ခုမြောက်အိမ်ကတော့ လူတစ်ယောက်ရဲ့ လူမှုဆက်ဆံရေးကို မြင်နိုင်တဲ့နေရာပဲ.. အဲဒီအိမ်သုံးခုမှာ ကြယ်စင်တွေ ပိုပြီး မြင်ရတယ်ဆိုတာက အဲဒီလူက စီးပွားရေးသမားတစ်ဦးဖြစ်လာဖို့ မွေးဖွားလာတယ်ဆိုတဲ့ သဘောပဲ”

‘ကြက်ဥလိပ်’၏ ဇာတာသည်က ထိုကဲ့သို့ ဇာတာမျိုးဖြစ်သည်။

သူမ ရွေးချယ်ထားသည့် မေဂျာကို ချီးကျူးခံလိုက်ရသောကြောင့် ‘ကြက်ဥလိပ်’၏ မျက်နှာတွင် အပြုံးခပ်ရေးရေး ပေါ်လာခဲ့သည်။

“ရှင်က ဘွဲ့သင်တန်း ဒုတိယနှစ်ကို ရောက်နေပြီ.. ပြီးတော့ အလုပ်သင်အတွေ့အကြုံတွေလည်း ကောင်းကောင်းရှိတယ် လုပ်ငန်းတွေမှာ ဖြစ်တတ်တဲ့ အဖြစ်အပျက်တွေကိုလည်း ကြုံခဲ့ဖူးပြီးပြီ”

“ရှင်က ဘာလို့ ကျောင်းအပြင်မှာ အိမ်ငှားနေရတာလဲဆိုတော့ ရှင့်ရဲ့ အလုပ်ကြောင့်ပဲဟုတ်တယ်မလား?”

“ဟုတ်ပါတယ်”

မိန်းမပျိုလေးက ခေါင်းညိမ့်လိုက်သည်။

“ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ကျွန်မက ငွေရှာရတာကို သဘောကျတယ်.. အလုပ်မှာ ရာထူးတိုး၊ လစာတိုးအောင် ကြိုးစားရတာကိုလည်း ကြိုက်တယ်

စီးပွားရေးနယ်ပယ်က လွန်ခဲ့တဲ့ နှစ်နည်းနည်းက စပြီးတော့ ပေါ်ပြူလာဖြစ်လာပြီး အခုအချိန်မှာဆိုရင် အလုပ်အကိုင်အခွင့်အလမ်းတွေမှာလည်း အပြိုင်အဆိုင်အရမ်းများလာတယ်လေ

အိမ်မှာသာ နောက်ခံကောင်းကောင်းမရှိဘူးဆိုရင်တော့ ကိုယ့်ရဲ့ အလုပ်လျှောက်လွှာက မိုးပေါ်ကိုပျံနေလောက်အောင် မြင့်နေမှပဲ ကုမ္ပဏီကြီးတွေကို ဝင်နိုင်လိမ့်မယ်”

‘ကြက်ဥလိပ်’မှာ ဒုတိယအမျိုးအစားထဲမှ ဖြစ်သည်။

သူမသည်က ကျောင်းတွင် အဆင့်ကောင်းကောင်းရပြီး နာမည်ကြီးတက္ကသိုလ်တစ်ခုတွင် မာစတာတန်း တက်ရောက်နေသူတစ်ဦးဖြစ်သည်။

သို့သော် ပြိုင်ဆိုင်မှုများပြားလွန်းလွန်းသည့် နယ်မြေတွင် သူမ ထင်ပေါ်နေနိုင်သည့်အထိ မလုံလောက်ခဲ့ချေ။

ထို့ကြောင့် ဂျူနီယာနှစ်မှစ၍ အလုပ်သင်များ ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး အလုပ်သင်အတွေ့အကြုံ လေးခု ရှိထားပြီးဖြစ်သည်။

ယခုအချိန်တွင်လည်း အလုပ်သင်ကာလသာ ဖြစ်သော်လည်း သူမတက်ရောက်နေသည့် ကျောင်းနှင့် ကုမ္ပဏီကြီးများက မကြာခဏ ပူးပေါင်း၍ ပရောဂျက်ကြီးများ လုပ်ဆောင်တတ်သည်။

ယခုအချိန်တွင် သူမ၏ လုပ်ဆောင်ရည်အား ကောင်းကောင်းပြနိုင်ပါက ကုမ္ပဏီတွင် တိုက်ရိုက် စာချုပ်,ချုပ်၍ အလုပ်ဝင်နိုင်မည့် အခွင့်အရေးလည်း ရှိသည်။

သူမ ကုမ္ပဏီတွင် အလုပ်မရလျှင်တောင်မှ ကောင်းမွန်စွာ အောင်မြင်ခဲ့သော အလုပ်သင်ကာလတစ်ခုက သူမ၏ အလုပ်လျှောက်လွှာအား တိုးတက်သွားစေမည်ဖြစ်သည်။

ထို့ကြောင့် ‘ကြက်ဥလိပ်’က ယခုအလုပ်သင်ကာလအား အင်မတန် အလေးထားခဲ့သည်။

သို့သော် ကုကျစ်စုန့်၏ ဆက်ပြောလိုက်သော စကားကြောင့် သူမမျက်နှာ ချက်ချင်း ပြောင်းလဲသွားခဲ့ရသည်။

“ကျွန်မရဲ့တွက်ချက်မှု မလွဲဘူးဆိုရင်တော့ ရှင်အခုကြုံနေရတဲ့ ထူးဆန်းမှုတွေ၊ ကိုယ့်ကိုကိုယ် မကောင်းတဲ့အရာတွေက တိုက်ခိုက်နေတယ်လို့ ခံစားနေရတာတွေက အခုအလုပ်သင်ကာလကနေ စတာပဲ”

ထို့နောက် ဆက်၍ ပြောလိုက်သည့် စကားမှာ ပို၍ပင် ပြင်းထန်လှသည်။

“ရှင့်မှာ သေခြင်းတရားတွေနဲ့ ပြည့်နေတယ်”

“သေဆုံးပြီးအလောင်းကောင်အနံ့ကလည်း အရမ်းကို ပြင်းထန်နေတယ်”

ဖြူဖျော့သော မျက်နှာဖြင့် နှုတ်ခမ်းများကို တင်းတင်းစေ့ထားသော ‘ကြက်ဥလိပ်’အား လှမ်းကြည့်လိုက်ရင်း ကုကျစ်စုန့် မေးလိုက်သည်။

“ပြီးခဲ့တဲ့ လဝက်အတွင်း၊ ဒါမှမဟုတ် အခုတလောမှာ ရှင့် အနီးအနားက လူတစ်ယောက် ရုတ်တရက် သေဆုံးသွားခဲ့တယ်”

“ပြီးတော့ ရှင်က အဲဒီလူရဲ့ သေဆုံးမှုကို မြင်ခဲ့ရတယ် ဟုတ်ပါသလား?”

သူမ၏ အသံသည် တည်ငြိမ်ပြတ်သားလွန်းလှပြီး ကိုယ်တိုင်၏ တွက်ချက်မှုအား အပြည့်အဝ ယုံကြည်ထားသည်။

ကုကျစ်စုန့်၏ စကားများသည်က သူမ မမှတ်မိလိုသော အရာတစ်ခုကို အစဖော်ပေးလိုက်သည့်အလား ‘ကြက်ဥလိပ်’၏ ပုခုံးများ တုန်ရီလာခဲ့သည်။

သူမ ကြောက်လန့်စွာ ခေါင်းငြိမ့်လိုက်သည်။

“ဟုတ်ပါတယ် လွန်ခဲ့တဲ့ ဆယ်ရက်လောက်တုန်းက ကျွန်မတို့နဲ့ အတူတူအဆောင်ငှားနေတဲ့ ကောင်လေးတစ်ယောက် ငှားထားတဲ့နေရာက အဆောက်အဦတစ်ခုပေါ်ကနေ ပြုတ်ကျခဲ့တာ… အဲဒီတုန်းက ကျွန်မ အလုပ်ကနေ ပြန်လာတဲ့အချိန်လေ

အလုပ်သင်ဝင်နေတဲ့ ကုမ္ပဏီကနေပ ပြန်လာခဲ့တာ၊ အဲဒီအချိန်တုန်းက အသံခပ်တိုးတိုးကြားလိုက်ရတော့ ကျွန်မ အရမ်းလန့်သွားခဲ့ရတာ…”

‘ကြက်ဥလိပ်’၏ ရှင်းပြချက်က ပြတ်တောင်း၊ပြတ်တောင်း ဖြစ်နေခဲ့သော်လည်း အဖြစ်အပျက်အား အပြည့်အစုံ ရှင်းပြနိုင်ခဲ့သည်။

သူမ ကျောင်းတက်နေသော ကျောင်းကပထမအဆင့်မြို့တော်တစ်ခုတွင် ဖြစ်ပြီး အလုပ်သင်အဖြစ် ဝင်ရောက်လုပ်ကိုင်နေသည့် နေရာသည်လည်း ဈေးနှုန်းမြင့်မား၍ လူစည်သော အောင်မြင်သည့် စီးပွားရေးနယ်မြေတစ်ခုတွင် တည်ရှိသည်။

သူမသာ ကျောင်းမှ အလုပ်သို့ နေ့စဉ်နေ့တိုင်း အသွားအပြန်ပြုလုပ်မည်ဆိုပါက ခရီးစဉ်သည်လည်း အင်မတန် ကြာမြင့်မည်ဖြစ်ပြီး နေ့စဉ်လက်မှတ်ဖိုးလည်း များစွာ ကုန်ကျမည်ဖြစ်သည်။

ထိုအကြောင်းရင်းကြောင့်ပင် သူမက အလုပ်နှင့် နီးစပ်သည့်နေရာတွင် အိပ်ခန်းလေးခန်း၊ ဧည့်ခန်း နှစ်ခန်း၊ နေထွက်ရာဘက်ကို မျက်နှာမူထားပြီး အသွင်အပြင်လှပသော၊ အသံလုံသော အဆောင်တစ်ခုအား ရှာဖွေနိုင်ခဲ့သည်။

ပိုင်ရှင်က ငွေကြေးချမ်းသာသည့် မိသားစုမှ ငယ်ရွယ်၍ ချောမောသော သမီးတစ်ဦးဖြစ်သည်။ ငယ်ရွယ်ကတည်းက သူမ၏ မိသားစုမှ လူစည်ကားသည့် နေရာတစ်ခုတွင် အဆောက်အအုံကို ဝယ်ယူပေးထားခဲ့ပြီး ထိုနေရာသည်က ‘ကြက်ဥလိပ်’ ငှားရမ်းခဲ့သည့် နေရာပင် ဖြစ်ပေသည်။

အဆောက်အအုံအား ပိုင်ရှင်မှ ပြန်လည်ပြင်ဆင်ထားခြင်းဖြစ်သည်။

နေထွက်ရာအရပ်ကို မျက်နှာမူထားသည့် ဧည့်ခန်းဘက်ခြမ်းအား ကြမ်းခင်းမှ အမိုးထိ ပြတင်းပေါက်ကျယ်တစ်ခုအဖြစ် ဈေးကြီးပေး၍ ပြောင်းလဲထားသည်။

ထို့နောက် အိမ်ထဲတွင် အိပ်ခန်းလေးခန်းရှိပြီး အကျယ်ဆုံးအိပ်ခန်းတွင် ခုတင်နှစ်လုံး ပါဝင်သည်။

တစ်ယောက်နှင့်တစ်ယောက် ယခင်ကတည်းက သိကြပြီး အနီးအနားမှ တက္ကသိုလ်တစ်ခုတွင် အတူတက်နေကြသော ကျောင်းသူလေးနှစ်ဦးက အကျယ်ဆုံးအခန်းအား ငှားရမ်းထားသည်။ ထိုအခန်းမှလွဲ၍ ကျန်သည့် သုံးခန်းအား တခြားလူများကို ငှားရမ်းထားပြီး ‘ကြက်ဥလိပ်’သည်လည်း အခန်းတစ်ခန်း ငှားရမ်းထားသူဖြစ်သည်။

‘ကြက်ဥလိပ်’၏ စကားအရ တခြားအိမ်ငှားများမှ တစ်ဦးမှာ ဘွဲ့ရပြီး တစ်နှစ်ကျော်ခန့်သာ ရှိသေးသော မိန်းကလေးတစ်ဦးဖြစ်ပြီး အနီးမှ စီးပွားရေးနယ်မြေတစ်ခုတွင် အလုပ်လုပ်ကိုင်နေသော ရုံးဝန်ထမ်းတစ်ဦးဖြစ်သည်။

သူမသည် ‘ကြက်ဥလိပ်’ထက် နှစ်နှစ်ကြီး၍ အိမ်ငှားများထဲတွင် သူမနှင့် အရင်းနှီးဆုံးလည်းဖြစ်သည်။

ကျန်တစ်ဦးသည်က အင်တာနက်ဆယ်လီပေါက်စ ကောင်လေးတစ်ဦးဖြစ်ပြီး ဗီဒီယိုများ ရိုက်ကူးခြင်း၊ တိုက်ရိုက်လွှင့်ခြင်းတို့ ပြုလုပ်သူဖြစ်သည်။

မိန်းကလေးအများစုမှ ထိုကောင်လေးနှင့် အိမ်အတူငှားရမ်းရန် သဘောတူခဲ့ရသည့် အကြောင်းရင်းမှာ ကောင်လေးက လိင်တူသဘောကျသူဖြစ်နေ၍ပင်။

သူ၏ မိတ်ကပ်ပညာက သူမတို့ထက်ပင် ပို၍ မြင့်ပြီး ခင်မင်တတ်သူတစ်ဦးဖြစ်သည်။ ရှုပ်ရှုပ်ပွပွ နေထိုင်တတ်သူလည်း မဟုတ်ချေ။

ထို့အပြင် အရေးအကြီးဆုံးအချက်မှာ အိမ်ငှားခ ဈေးချို၍ဖြစ်ပေသည်။

သူမတို့ ငှားရမ်းနေသော အိမ်နှင့် တစ်ပုံစံတည်း၊ အရွယ်အစားအတူတူ၊ အပြင်အဆင်တူညီသေ8 နောက်တစ်နေရာတွင် လူငါးယောက် အတူခွဲ၍ အိမ်ငှားခပေးမည်ဆိုလျှင်ပင် တစ်ဦးလျှင် အနည်းဆုံး ယွမ် (၂၀၀၀)မှ (၃၀၀၀)ကျော်ထိ ကျသင့်မည်ဖြစ်သည်။

သို့သော် ယခုအိမ်ခန်း၏ စုစုပေါင်း ငှားရမ်းစရိတ်မှာ ယွမ် (၅၀၀၀)သာ ရှိပြီး တစ်လလျှင် တစ်ယောက်ကို ယွမ်(၁၀၀၀)ကျော်သာ ကျသင့်သည်။

ထိုမျှ လူစည်ကားသော နေရာမျိုးတွင် အပြင်အဆင်အပြည့်အစုံ၊ ပုံစံလှပပြီး ရေမီးအစုံပါဝင်ပြီး အိမ်တစ်လုံးအား ထိုမျှ နည်းပါးသော ဈေးနှုန်းဖြင့် ငှားရမ်းရန် မဖြစ်နိုင်ပေ။

ထိုနေရာတွင် မဆိုထားနှင့်၊ အနီးအနား ဆယ်ကီလိုမီတာခန့်မှာပင် ထိုတန်ဖိုးနှင့် မရနိုင်ချေ။

ကျောင်းတက်နေဆဲဖြစ်ပြီး ငွေကြေးကျပ်တည်းနေသော ‘ကြက်ဥလိပ်’သည်က ချက်ချင်း စိတ်ဝင်စားသွားခဲ့ပြီးနောက် ခြောက်လငှားရမ်းစာချုပ် ချုပ်ဆိုခဲ့သည်။

ယခုပြဿနာမကြုံရမီ သူမက ထိုအိမ်၌ လေးလ နေထိုင်ပြီးဖြစ်ကာ အိမ်အတူငှားရမ်းနေသူများနှင့်လည်း ရင်းနှီးနေပြီဖြစ်သည်။

သူမက ရုံးဝန်ထမ်းကောင်မလေးနှင့် အရင်းနှီးဆုံးဖြစ်ပြီး ဒုတိယမှာ အင်တာနက်ဆယ်လီကောင်လေးဖြစ်၍ ၊ တတိယမှာ အတူနေထိုင်ကြသည့် ကျောင်းသူကောင်မလေးနှစ်ဦးဖြစ်သည်။

ရံဖန်ရံခါ စကားများတတ်ကြသော်လည်း နေထိုင်ရသည်မှာ သက်တောင့်သက်သာရှိ၍ အဆင်ပြေလှသည်။

ထိုတည်ငြိမ်အေးချမ်းမှုလေးမှာ လွန်ခဲ့သည့် ဆယ်ရက်ခန့်က ရုတ်တရက် ပျက်စီးသွားလိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ကြပါချေ။

*

All Chapters