← Chapters

ရွေးချယ်မှု ၁: အဆောက်အအုံပေါ်မှ ပြုတ်ကျခြင်းကြောင့် ရုတ်တရက်သေဆုံးခြင်းနှင့် စွဲလမ်းမှု(2)

Vol. 46 Ch. 454

ရွေးချယ်မှု ၁: အဆောက်အအုံပေါ်မှ ပြုတ်ကျခြင်းကြောင့် ရုတ်တရက်သေဆုံးခြင်းနှင့် စွဲလမ်းမှု(2)

Vol. 46 Ch. 454

(Warning again: Sui*ide)

ကုကျစ်စုန့် မျက်ခုံးတစ်ချက်ပင့်ကာ မေးမိပြန်သည်။

“အဲဒီ ကောင်လေးက သူ့ဘာသာသူ သတ်သေတာလား”

“ဟုတ်ပါတယ်”

‘ကြက်ဥလိပ်’ ခေါင်းငြိမ့်သည်။

“အဲဒီတုန်းက ကျွန်မတို့ လေးယောက်လုံးက အလုပ်သွားတဲ့သူနဲ့၊ ကျောင်းသွားတဲ့သူတွေပဲဖြစ်နေတိလေ.. သူတစ်ယောက်တည်းပဲ အိမ်မှာ ကျန်ခဲ့တတ်တာ ပြောရရင် သူက အိမ်မှာ လွတ်လပ်မှုအရှိဆုံးလို့ ပြောရမလား

ကျွန်မတို့ သွားတဲ့အချိန်ဆိုရင် သူက အိပ်နေတုန်းပဲ၊ နောက်ပြီး ကျွန်မတို့ ပြန်လာတဲ့အချိန်ဆိုရင် သူက အပြင်ထွက်ဖို့ ပြင်နေပြီ”

“ကျွန်မတို့က တစ်အိမ်တည်းမှာ အတူနေကြတာဆိုတော့ အခန်းတွေမှာတော့ privacy ရှိတယ်.. ဧည့်ခန်းမှာပဲ စောင့်ကြည့်ကင်မရာတစ်ခု တပ်ထားတာ၊ ပြီးတော့ အပြင်ဘက်မှ ကော်ရစ်ဒါမှာလည်း တစ်ခုရှိတယ်

အဲဒီနေ့က ရဲတွေ စစ်ဆေးဖို့ ရောက်လာတော့ သူက ကျွန်မတို့ကိုလည်း မေးစရာရှိတာ မေးပြီး မှတ်တမ်းယူထားတယ်လေ”

“ကော်ရစ်ဒါမှာ တပ်ထားတဲ့ ကင်မရာအရ ကျွန်မတို့အကုန်လုံးက အဲ့နေ့က အပြင်ထွက်သွားကြတယ် ၊ အဲဒီကောင်လေးကတော့ နေ့လည်တုန်းက အပြင်ကနေ မုန့်မှာစားပြီး မုန့်ထွက်ယူတာပဲ ရှိတာ၊ အခြား ဘယ်သူမှ ဝင်တာလည်း မရှိသလို ထွက်လာတာလဲ မရှိဘူး”

“ဧည့်ခန်းထဲက ကင်မရာမှာကျတော့ သူက ကင်မရာမှာ မမြင်ရတဲ့နေရာကနေမှ ကင်မရာမြင်ကွင်းထဲကို ရုတ်တရက် လျှောက်လာတယ်၊

နောက်ကျတော့ ပြတင်းပေါက်အကျယ်ကြီးရှိတဲ့နေရာကို လျှောက်သွားပြီးနောက် အဲဒီအပေါက်ကနေ ခုန်ချသွားတာပါပဲ…”

အိမ်ရှင်က အလှအပအမြင်ရှိသောကြောင့် ထိုဧည့်ခန်းနံရံတစ်ခုလုံးအား ပြတင်းပေါက်အပြည့်ပုံစံ‌ ပြောင်းထားခဲ့သည်။

ပြတင်းမှန်များသည်လည်း အထူးပြုလုပ်ထားသည့် မှန်များဖြစ်ပြီး ခိုင်ခံ့မှုရှိသည်။

လေဝင်လေထွက်ရစေရန် လေးထောင့်အပေါက်ငယ်လေးတစ်ပေါက်လည်း အပေါ်တွင် ပါဝင်သည်။ ထိုပြတင်းပေါက်အား ပိတ်နိုင်၊ ဖွင့်နိုင်သော်လည်း ပြူတင်းပေါက်မှတဆင့် ခုန်ထွက်ရန်မှာ လွယ်ကူသည့်အရာမဟုတ်ပါချေ။

ဧည့်ခန်းတွင်းကင်မရာမှတ်တမ်းအရ ကောင်လေးက ခုံတစ်ခုံကို ယူ၍ သူကိုယ်တိုင် ခုံပေါ်သို့ တက်ခဲ့သည်။

ပြတင်းပေါက်ကို ဖွင့်ပြီးနောက်တွင် ပိန်ပါးပါးမဟုတ်သော သူ၏ ခန္ဓာကိုယ်အား ထိုပြတင်းပေါက်ငယ်အတွင်းသို့ အတင်း ကြပ်ညှပ်စွာ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

ပြတင်းပေါက်ဘောင်ာ သတ္ထုဖြင့် ပြုလုပ်ထားသောကြောင့် သူ၏ လက်မောင်းနှင့် ခါးတို့တွင် ခြစ်မိသော အရာများ၊ ဒဏ်ရာများ ရှိနေခဲ့ပြီး တချို့နေရာများတွင် ဆိုးဆိုးဝါးဝါး သွေးထွက်နေခဲ့သည်။

အမြင့်မှ ပြုတ်ကျ၍ သေဆုံးချိန်တွင်လည်း ထိုဒဏ်ရာများက သူ့ကိုယ်ပေါ်တွင် ရှိနေခဲ့သည်။

အရာအားလုံးသည်က ရှင်းလင်းနေခဲ့သည်။ မည်သူကမှ သူ့အား အဆိပ်ခတ်ခြင်းမဟုတ်။ အသတ်ခံရသည်လည်း မဟုတ်။

သို့သော် ထိုအဖြစ်က ထူးလည်း ထူးဆန်းလွန်းသည်။

နောက်ဆက်တွဲစစ်ဆေးမှုများတွင် ရဲအရာရှိများင ထိုကောင်လေး၏ ဖုန်းအတွင်းမှ chat record များ ရှာတွေ့ခဲ့ရသည်။

သူသည်က အင်တာနက်ပေါ်တွင် ဗီဒီယိုအတိုလေးများ တင်တတ်သော မိတ်ကပ်ဘလော့ဂါတစ်ဦးဖြစ်ပြီး သူ့အား ဆဲဆိုသူများ၊ အနိုင်ကျင့်သူများလည်း ရှိနေခဲ့သည်။

ထိုကဲ့သို့သော ဆဲဆိုခြင်းများကို အချိန်ကြာမြင့်စွာ ခံစားရပြီးနောက်တွင် ကောင်လေး၏ စိတ်ပိုင်းဆိုင်ရာအခြေအနေသည်လည်း ထိခိုက်လာခဲ့ရပြီး သူငယ်ချင်းတချို့နှင့် စကားပြောရာတွင်လည်း ‘သေချင်သည်’ဆိုသည့် စကားက မကြာခဏ ပါလာတတ်သည်။

အဆောက်အအုံပေါ်မှ ပြုတ်မကျမီ မိနစ်(၂၀)ခန့်က သူက သူငယ်ချင်းများနှင့် စကားပြောနေဆဲ၊ သူ့အား အပြစ်တင်ပြောဆိုနေသူများအကြောင်း complain တက်နေဆဲပင်ဖြစ်သည်။

ထိုအချက်များမှလွဲ၍ သူ့ထံတွင် ‘သတ်သေရန်’ သို့မဟုတ် ‘အသတ်ခံရရန်’ အကြောင်းရင်းမရှိပေ။

ကောင်လေးက ကိုယ့်ကိုကိုယ် သတ်သေသည်ဆိုသော အချက်ကြောင့် ထိုအိမ်က သရဲခြောက်သည့် အိမ်မဖြစ်နိုင်တော့ပေ။ ထို့ကြောင့်ပင် သူတို့၏ အိမ်တွင် နောက်ထပ် အိမ်ငှားတစ်ယောက် မြန်မြန် ရှာဖွေနိုင်ခဲ့ခြင်းသာဖြစ်သည်။

ထိုအကြောင်းကိုပြောပြပြီးနောက် ‘ကြက်ဥလိပ်’က အနည်းငယ် နားမလည်နိုင် ဖြစ်နေခဲ့ရသည်။

“စုန့်စုန့် .. သူကလေ ဘာလို့ ကျွန်မနဲ့ မမယဲ့တို့ကို နှောင့်ယှက်နေရတာလဲဟင် .. ကျွန်မတို့တွေ သူ့ကို မသိလိုက်ဘဲ စိတ်ဆိုးစေခဲ့တာလား”

ကုကျစ်စုန့် အဆောက်အဦးပေါ်မှ ပြုတ်ကျခဲ့သော ကောင်လေး၏ နာမည်ကို တောင်းလိုက်ပြီးနောက် ရှေးအကြွေစေ့များကို ထုတ်၍ တွက်ချက်မှု စတင်လိုက်သည်။

ဒုတိယအကြိမ် တွက်ချက်ပြီးနောက် အရာအားလုံးက ထင်ထားသလောက် ရိုးရှင်းမှုမရှိကြောင်း သတိပြုလိုက်မိလေသည်။

သူမ ကင်မရာကို ကြည့်လိုက်ပြီးနောက် မျက်ဝန်းများသည်လည်း နှင်းပွင့်များအလား ကြည်လင်အေးစက်နေခဲ့သည်။

“ရှင်ထင်တာ မှားနေတယ်.. ရှင့်ရဲ်ညကိုယ်ပေါ်ကနေ အမုန်းတရားကို သိပ်မခံစားရဘူး အဲဒါက ‘အစွဲအလမ်း’နဲ့ ပိုတူတယ်

ဒီလူက ရှင်တို့နှစ်ယောက်ကို မုန်းလို့ နှောင့်ယှက်နေတာမဟုတ်ဘူး.. ဒါပေမဲ့ အကြောင်းအရာတစ်ခုခုကြောင့် သူ့ရဲ့ ‘အစွဲအလမ်း’က ရှင်တို့နှစ်ယောက်ပေါ်ကို ရောက်နေတာပဲ”

‘ကြက်ဥလိပ်’နှင့် ရုံးဝန်ထမ်းအမျိုးသမီးတို့နှစ်ဦးလုံးက ကောင်လေး၏ ရုတ်တရက် သေဆုံးမှုအား မြင်တွေ့ခဲ့ရသည်။

သဘာဝလွန်ပညာရပ်အရ ရုတ်တရက် အစိမ်းသေခြင်းအား သာမန်လူများ မြင်တွေ့၍ မသင့်တော်ပေ။

အစိမ်းသေ,သေဆုံးသည့် အလောင်းကို ကြည့်၍ မရ။

ထိုသို့ အစိမ်းသေ,သေဆုံးရသည့် လူများ၏ ဝိဉာဉ်သည် မျက်စိတစ်မှိတ်အတွင်းမှာပင် ခန္ဓာကိုယ်တွင်းမှ ဆွဲထုတ်ခံလိုက်ရခြင်းဖြစ်သည်။ သူတို့က သေဆုံးချိန်တွင် ဝေဒနာခံစားနေခဲ့ရပြီး အသက်မသေလို၊ သို့မဟုတ် စိတ်ထဲတွင် နောက်ဆုံးဖြစ်ချင်သည့် ဆန္ဒတစ်ခု ရှိနေတတ်သည်။

ထိုကဲ့သို့အချိန်မျိုးတွင် သူတို့အား ကြည့်မိပါက ဇာတာအားနည်းသူများ၊ ခန္ဓာကိုယ်အားနည်းသူများသည် ‘ပူးတွဲအပြစ်ပေးခြင်း’တို့တွင် ရောထွေးပါဝင်သွားတတ်ပြီး ခြောက်လှန့်ခံရတတ်သည်။

ရုတ်တရက် သေဆုံးသွားသူများ၏ အတွေးတွင် သူတို့အား ကြည့်နေသည့်သူများသည် သူတို့၏ နောက်ဆုံးဆန္ဒ၊ သို့မဟုတ် သူတို့၏ အစွဲအလမ်း သို့မဟုတ်ပါက သူတို့အား ကူညီ၍ လက်စားချေပေးလိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။

‘ကြက်ဥလိပ်’သည်လည်း ထိုကဲ့သို့ အဖြစ်မျိုး ကြုံတွေ့ခဲ့ရခြင်းပင်။

ကောင်လေးသည်က ‘ကြက်ဥလိပ်’ ပြောသကဲ့သို့ ကိုယ့်ကိုကိုယ် သတ်သေခဲ့ခြင်းမဟုတ်ခဲ့ပေ။

သူက ရုတ်တရက် သေဆုံးရပြီးနောက် အသက်မသေဆုံးချင်ခဲ့ပေ။

တိုက်ဆိုင်စွာပင် ‘ကြက်ဥလိပ်’ နှင့် ရုံးဝန်ထမ်းကောင်မလေးတို့ နှစ်ဦးက သူ၏ သေဆုံးခြင်းအား မြင်တွေ့ခဲ့ရသည်။

အဖြစ်မှန်မှာ ထိုလူနှစ်ဦးဖြင့် သက်ဆိုင်နေလိမ့်မည်။

ထို့ကြောင့် ထို’အစွဲအလမ်း’သည်က သူတို့နှစ်ဦးအနီးတွင် အမြဲလိုလို ရှိနေခဲ့သောကြောင့် နေ့စဉ်ဘဝအား ပြင်းထန်စွာ ထိခိုက်စေခဲ့သည်။

သို့သော် ‘ကြက်ဥလိပ်’ကိုယ်ပေါ်မှ မကောင်းမှုစွမ်းအင်သည်က သေဆုံးသွားသူ၏ အမုန်းတရားမှ ဖြစ်ပေါ်လာခြင်းမဟုတ်နေခဲ့ပြန်ပေ။

အခြားတစ်နေရာမှ ပေါ်လာခြင်းသာဖြစ်သည်။

“ကြည့်ရတာ ကျွန်မရဲ့ သုံးသပ်ချက်က နည်းနည်းလွဲနေတာပဲ”

ဖုန်းမျက်နှာပြင်တစ်ဖက်မှ ကောင်မလေးကို စိုက်ကြည့်လိုက်ချိန်တွင် မကောင်းဆိုးဝါးဝိဉာဉ်နှင့် အလောင်းဝိဉာဉ်တို့က အားကောင်းလွန်းစွာ သူမကိုယ်ပေါ်တွင် ဖုံးလွှမ်းနေ‌ခဲ့သည်။

ထိုမြင်ကွင်းကြောင့် ကုကျစ်စုန့် မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့ပြီးနောက် ဆက်၍ ပြောလိုက်သည်။

“ရှင့်ကိုယ်ပေါ်က အလောင်းဝိဉာဉ်ကတော့ လွန်ခဲ့တဲ့ ဆယ်ရက်လောက်ကမှ ပေါ်လာတာမဟုတ်ဘူး၊ အဲဒါက ပြီးခဲ့တဲ့ လဝက်လောက်ကတည်းကမဟုတ်ရင် တစ်လကျော်လောက်က ပေါ်လာတာ

အဲဒီအချိန်လောက်တုန်းက ရှင် အခြားအလောင်းကောင်တစ်ခုခုနဲ့ ထိတွေ့မိခဲ့တာပဲ”

‘ကြက်ဥလိပ်’: “?!!”

ကြည့်ရှု့သူများ: “?!!”

“မဖြစ်နိုင်တာ!”

‘ကြက်ဥလိပ်’ ငြင်းဆိုလိုက်သည်။

“ကျွန်မ ငှားထားတဲ့ အိမ်နဲ့ ကုမ္ပဏီနဲ့ကိုပဲ နေ့တိုင်းအသွားအပြန်လုပ်နေခဲ့ရတာ ပြီးခဲ့တဲ့ ခြောက်လလုံးလုံးပါပဲ

အတူတူ အိမ်ငှားနေတဲ့ အဲဒီကောင်လေးကလွဲလို့ တခြားဘယ်သူမှ အက်ဆီးဒင့်မဖြစ်ဖူးပါဘူး၊ ကျွန်မ အိမ်ကိုပြန်ပြီး သင်္ချိုင်းဂူ သန့်ရှင်းရေးတောင် မလုပ်ခဲ့ဖူးဘူး ဘယ်လိုလုပ်ပြီး အခြားအလောင်းနဲ့…”

သူမ အစက သေသေချာချာပြောဆိုနေခဲ့သော်လည်း ကုကျစ်စုန့် ဆက်ပြောလိုက်သည့်စကားကြောင့် ချွေးစေးများပြန်ကာ ကျောချမ်းသွားခဲ့ရသည်။

“ရှင့်ရဲ့ အခန်းဖော်က ဘာအကြောင်းရင်းမှ မရှိပါဘဲနဲ့ အဲဒီအိမ်ပေါ်ကနေ ပြုတ်ကျခဲ့တာ ၊အဲဒီအိမ်မှာ ပြဿနာတစ်ခုခု မရှိပါဘူးလို့ ရှင်ဘယ်လိုလုပ် ပြောနိုင်လဲ”

‘ကြက်ဥလိပ်’၏ မျက်နှာ သွေးဆုတ်သွားခဲ့သည်။

“ရှင့်မှာ အဲဒီအိမ်ရဲ့ သော့ရှိသေးလား၊ ရှင် မကြောက်ဘူးဆိုရင် အခုအဲ့အိမ်ကို သွားပြီးတော့ အိမ်ရဲ့ ဖုန်းရွှေကို ကျွန်မကို ပြောပြပေးလို့ရတယ်”

“ရှင် မနက်ဖြန်အထိ စောင့်မယ်ဆိုရင်တော့ ဘာကိုမှ မြင်နိုင်တော့မှာ မဟုတ်တော့ဘူး”

“ဒါပေမဲ့ သွားတာ မသွားတာကတော့ အကူအညီတောင်းသူရဲ့ ရွေးချယ်မှုအပေါ်မှာပဲ မူတည်ပါတယ်”

အပြင်တွင် မှောင်မည်းနေပေပြီ။

အိမ်ထဲတွင် ထိန်ထိန်လင်းအောင် ထွန်းထားသော မီးများ၊ အလုံးစုံ ပိတ်ထားသည့် လိုက်ကာများကြောင့် မည်သူပင် ကြည့်ပါစေ၊ ‘ကြက်ဥလိပ်’သည်က အမှောင်ကို ကြောက်လန့်နေကြောင်း သိနိုင်သည်။

ထို့ကြောင့် ကုကျစ်စုန့် သူမအား အတင်းဖိအားပေး၍ မသွားခိုင်းခဲ့ပေ။

သို့သော် တိုက်ရိုက်ထုတ်လွှင့်မှုက စတင်နေပြီဖြစ်သည်။

ပွင့်ပွင့်လင်းလင်း ပြောရပါက ‘ဝိဉာဉ်ရေးရာ’မှာ အင်မတန် နာမည်ကြီးသည့် အစီအစဉ်တစ်ခုဖြစ်သည်။

ကုကျစ်စုန့်သည်လည်း နာမည်ကြီးပညာရှင်တစ်ဦးဖြစ်သည်။ အိမ်အတွင်း ငှားရမ်းနေထိုင်သူများနှင့် အိမ်ပိုင်ရှင်တို့သည်လည်း သူမ၏ အစီအစဉ်အား စောင့်ကြည့်နေနိုင်သည်။

သူတို့ တိုက်ရိုက်ထုတ်လွှင့်မှုကို မကြည့်လျှင်တောင်မှ ယခုကိစ္စနှင့် ပတ်သတ်သည့် ရှာဖွေမှုများသည်က ထိပ်တန်းရှာဖွေမှုအတွင်းသို့ မကြာမီ ရောက်သွားမည်မှာ အသေအချာပင်။

အင်တာနက်အသုံးပြုနေသည့် လူငယ်တစ်ဦးဖြစ်ပါက ယနေ့ညဖြစ်ပျက်ခဲ့သည်များကို မြင်တွေ့နိုင်သည်။

တစ်ညဆိုသော အချိန်အတွင်း အများအပြား ဖြစ်ပျက်သွားနိုင်သည်မဟုတ်ပါလား။

သို့ဖြစ်၍ တစ်ဖက်လူ မသိသေးခင် ယခုချက်ချင်း သွားရောက်စုံစမ်းခြင်း မပြုလုပ်ပါက အိမ်တွင်းမှ ထူးဆန်းသည့်အရာများနှင့် အိမ်ပိုင်ရှင်တို့က ထိုကိစ္စအား ညတွင်းချင်း ဖြေရှင်းလိုက်နိုင်သည်။

‘ကြက်ဥလိပ်’လည်း ကုကျစ်စုန့် ပြောချင်သည့်အဓိပ္ပာယ်ကို ချက်ချင်း သဘောပေါက်လိုက်သည်။

လိုက်ကာများ စေ့ထားသည့် ပြတင်းပေါက်များကို ကြည့်မိရုံနှင့်ပင် သူမ စိတ်တုန်လှုပ်နေမိသည်။

သို့သော် မိနစ်ပိုင်းမျှ တွေဝေနေခဲ့ပြီးနောက် သူမ အံကို ကြိတ်ကာ မတ်တပ်ရပ်လိုက်သည်။

“စုန့်စုန့်၊ ကျွန်မ အပေါ်ထပ်သွားဝတ်လိုက်ဦးမယ်.. ခဏစောင့်ပေးပါဦး အခုပဲ အဲ့ကို သွားပါ့မယ်!”

“ကျွန်မ ဒီပြဿနာရဲ့ အခြေအမြစ်ကို သေချာသိရမှကို ဖြစ်မယ်!”

*

All Chapters