အလောင်းရှာဖွေခွေးနှင့် ထူးဆန်းသော စောင့်ကြည့်နေသူ (1)
Vol. 46 Ch. 455
‘ကြက်ဥလိပ်’ ယခု ငှားရမ်းနေသည့် နေရာမှာ အိပ်ခန်းတစ်ခန်းသာ ပါဝင်သော အခန်းကျဉ်းလေးဖြစ်သည်။
ထိုနေရာက သူမအလုပ်,လုပ်သည့် ကုမ္ပဏီနှင့်လည်း နီးစပ်သည့် နေရာမဟုတ်ချေ။ လမ်းရှုပ်သည့်အချိန်မဟုတ်လျှင်တောင်မှ နေရာမှ ကုမ္ပဏီသို့ သွားရန် နာရီဝက်ခန့် ကြာမြင့်သည်။
ထို့အပြင် အိမ်တွင် အသုံးပြုသည့် ရေ၊မီး၊အခြားအသုံးအဆောင်ပစ္စည်းများ၊ အလှဆင်ပစ္စည်းများအားလုံးသည်က ဆယ်စုနှစ်ကျော်ကြာမြင့်နေပြီဖြစ်သော ပစ္စည်းဟောင်းများ ဖြစ်သည်။ တချို့နံရံများတွင် ရေပင် စိမ့်ဝင်နေခဲ့သည်။
ယခုဖွင့်ထားသော မီးလုံးများသည်ပင် သူမကိုယ်ပိုင်ငွေဖြင့် ဝယ်ယူထားရခြင်းဖြစ်သည်။
ယခင်က ငှားရမ်းခဲ့သည့် နေရာနှင့်ယှဉ်ပါက အလွန်အမင်း ကွာခြားလွန်းသည်။
သို့သော် ဤနေရာမှာ အချိန်တိုခဏအတွင်း သူမ ရှာဖွေနိုင်ခဲ့သော ဈေးအပေါဆုံး၊ အသင့်တော်ဆုံးနေရာဖြစ်သည်။ ယခုတစ်လစာ ငှားရမ်းစရိတ်မှာပင် ယွမ် (၂၅၀၀)ကျော်ဖြစ်သောကြောင့် သူမအတွက် ခက်ခဲသည့် ငွေပမာဏဖြစ်သည်။
‘ကြက်ဥလိပ်’သာ ယခင်အိမ်တွင် နေထိုင်ရန် မကြောက်ရွံ့နေပါက သူမသည် ယခုကဲ့သို့ နေရာမျိုးတွင် နေထိုင်လိမ့်မည်မဟုတ်ပေ။
သို့သော် ညစဉ်ညတိုင်း ဆယ်လီကောင်လေး၏ ဝိဉာဉ်က သူမအိပ်ရာဘေးတွင် ရုတ်တရက်ပေါ်လာပြီး သူမအား ခြောက်လှန့်နေသည်ဟု ခံစားနေခဲ့ရသည်။
အချိန်မှာ ညနေ (၇)နာရီ (၄၃)မိနစ်။
အခန်းတံခါးအပြင်မှ လျှောက်လမ်းသည်က ရှည်လျား၊ မှောင်မိုက်၍ တိတ်ဆိတ်နေခဲ့သည်။ အကြည့်နှင့် ကြည့်ရုံမျှဖြင့် ‘ကြက်ဥလိပ်’ ကြောက်မိသည်။
သူမ၏လက်ထဲမှ မီးအလင်းရောင်ငယ်အား မသိစိတ်မှ ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားမိပေသည်။ ဖုန်းမျက်နှာပြင်ပေါ်မှ တည်ငြိမ်နေသော ကုကျစ်စုန့်၏ မျက်နှာ၊ ဆက်တိုက် အသစ်တက်လာနေသော မှတ်ချက်များကို ကြည့်မိပြီးနောက် သူမ အနည်းငယ် စိတ်သက်သာရာရသွားခဲ့သည်။
ထို့နောက် စိတ်ကိုတင်းပြီး အံကိုကြိတ်ကာ အပြင်သို့ ထွက်လာခဲ့သည်။
လျှောက်လမ်းအတွင်းမှ အသံဖြင့် ထိန်းချုပ်ရသော မီးလုံးများ ရုတ်တရက် မှိတ်သွားချိန်တွင် သူမ ကြောက်လွန်းသောကြောင့် ဖုန်းပင် လွတ်ကျမတတ် ဖြစ်သွားခဲ့ရသည်။
သူမ မီးရောင်မှိန်ပျသွားသည့် လျှောက်လမ်းအား ပြန်လည်လင်းလာစေရန် ချောင်းနှစ်ချက်ခန့် ခပ်ကျယ်ကျယ် ဟန့်လိုက်ရသည်။
‘ကြက်ဥလိပ်’ ငိုချင်နေသော်ငြား မျက်ရည်က မထွက်နိုင်ခဲ့ပေ။
“စုန့်စုန့်၊ ကျွန်မ အရမ်းကို စိတ်မသက်မသာဖြစ်နေလို့ပါ.. ကျေးဇူးပြုပြီး အသံကို ပိတ်မပစ်လိုက်ပါနဲ့နော်!”
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် သိန်းသန်းချီသော ကြည့်ရှုသူများ ရှိနေသည့်အလျောက် လူပေါင်းစုံဖြစ်နေခဲ့သည်။
စိတ်မရှည်တတ်သော လူများက ချက်ချင်းပင် စာရိုက်၍ ‘ကြက်ဥလိပ်’အား သတ္တိမရှိသူ၊ ကြောက်တတ်သူအဖြစ် အပြစ်တင်နေခဲ့ကြသည်။
တစ်ချိန်လုံး အသံတိတ်နေခဲ့သော ကုကျစ်စုန့်က သူမ ရှိနေတတ်သည့်ပုံစံအတိုင်းမဟုတ်ဘဲ ‘ကြက်ဥလိပ်’အား စကားပြော၍ နှစ်သိမ့်ပေးနေခဲ့သည်။
သူမ၏ မျက်လုံးများမှာ ဖုန်းမျက်နှာပြင်ပေါ်မှ ‘ကြက်ဥလိပ်’ သို့မဟုတ် ‘ကြက်ဥလိပ်’၏ နောက်သို့သာ ကြည့်နေခဲ့လေသည်။
‘ကြက်ဥလိပ်’၏ ခံစားချက်က မမှားနေခဲ့ပါချေ။
သာမန်လူများ မမြင်တွေ့နိုင်သော၊ အာရုံမခံနိုင်သော အဆင့်တစ်ခုတွင် မီးခိုးရောင်အငွေ့လုံးတစ်ခုက လူရိပ်ယောင်တစ်ခုအနေဖြင့် ပုံစံပေါ်လာခဲ့ပြီးနောက် ကြောက်လန့်နေသည့် ‘ကြက်ဥလိပ်’နောက်မှ တကောက်ကောက် လိုက်နေခဲ့သည်။
ထိုအရာသည်က သရဲတစ္ဆေမဟုတ်ခဲ့ပေ။
မကျေနပ်ခြင်း၊ မခံမရပ်နိုင်ဖြစ်ခြင်း၊ မုန်းတီးခြင်းအစရှိသော ခံစားချက်များ ရောပြွန်းနေသည့် မြူခိုးတစ်ခုပင်။
ပုံရိပ်မပေါ်သည့် ထိုအရာ၏ ဦးခေါင်းသည် အောက်သို့ ငိုက်နေသည့်ဟန်ပေါ်ပြီး ‘ကြက်ဥလိပ်’၏ ဦးခေါင်းထိပ်အား ဖုံးကွယ်လုနီးနီးဖြစ်နေခဲ့သည်။
ထိုအရာမှာ မိန်းမငယ်လေး၏ နားရွက်အနီးသို့ ကပ်၍ သူမအား အရေးကြီးသည့် အရာတစ်ခုခု ပြောပြချင်နေခဲ့ရသည်။
မမြင်နိုင်သော၊ အပြာနုရောင် ဖျော့ဖျော့သန်းနေသည့် ကိုယ်ရောင်ကိုယ်ဝါတစ်ခုက ‘ကြက်ဥလိပ်’၏ ခန္ဓာကိုယ်အား ဖုံးလွှမ်းထားခဲ့သည်။
ထိုအရာသည်က ကုကျစ်စုန့်နှင့်အတူ သူမ သုံးကြိမ်တိုင်တိုင် ရွတ်ဖတ်ခဲ့သော ဂါထာ၏ အကာအကွယ်ပင်ဖြစ်ချေသည်။
ထိုအကာအကွယ်က သူမကိုယ်ပေါ်မှ အလောင်းစွမ်းအင်နှင့် မကောင်းမှုဝိဉာဉ်တို့အား ခွဲခြားပေးထားသည်။
မကြာသေးခင်ကမှ သူမ မြင်တွေ့ခဲ့ရသော သေဆုံးမှုမှ ‘အစွဲအလမ်း’ကိုလည်း ကာကွယ်ပေးထားသောကြောင့် ထိုအစွဲအလမ်းက သူမကိုယ်ပေါ်၌ ကပ်ညိမနေနိုင်တော့ပေ။
သို့သော် အစွဲအလမ်းက သူမအား ခြောက်လှန့်မည့် ဆန္ဒကို လက်မလျှော့ခဲ့ဘဲ နောက်မှ ထပ်ကြပ်မခွာ လိုက်ပါလာခဲ့သည်။
ထိုအရာကြောင့်ပင် ‘ကြက်ဥလိပ်’ ကျောချမ်းသွားခဲ့ရသော်ငြား ယခင်ကလောက် မဆိုးဝါးတော့ပေ။
ကုကျစ်စုန့် ထိုအရာကို မြင်တွေ့ရပြီးနောက် သူ၏ ထူးခြားမှုကိုလည်း သတိပြုမိလိုက်သည်။
သို့သော် သူမ၏ စိတ်အာရုံက ‘ကြက်ဥလိပ်’တွင်သာ ဖြစ်သည်။
အစီအရင်မှ အစွဲအလမ်းနှင့် မကောင်းဆိုးဝါးဝိဉာဉ်တို့အား ဖယ်ရှားပေးလိုက်နိုင်သော်လည်း ‘ကြက်ဥလိပ်’၏အနီးမှ ညစ်ညမ်းမှုသည်က လျော့ပါးသွားခြင်းမရှိခဲ့ပါချေ။
အနည်းငယ်သာ အရောင်ဖျော့သွားခဲ့သည်။
အလောင်းစွမ်းအင်များက တလိပ်လိပ်ထွက်နေသည်မှာ သူမ၏ ကိုယ်တွင်းအရိုးများမှ လာနေသည့်အလားပင်ထင်ရသည်။
‘စိတ်ဝင်စားဖို့ ကောင်းနေပြီ!’
ကုကျစ်စုန့် တွေးလိုက်မိသည်။
‘ကြက်ဥလိပ်’ အောက်ထပ်တွင် တက္ကစီငှား၍ သူတို့သွားရမည့် နေရာ၏ လိပ်စာကို ပေးနေသည်ကို သူမ တိတ်တဆိတ်သာ စောင့်ကြည့်နေမိသည်။
“ဦးလေး၊ xx ပန်းခြံကို မောင်းပေးပါ.. မြန်မြန်ရောက်လေ ကောင်းလေပါပဲ…”
‘ကြက်ဥလိပ်’ စကားပင် မဆုံးသေးခင် ဒရိုက်ဘာဦးလေးကြီးက အရှိန်ကို မြှင့်လိုက်သည်။
“မိန်းကလေး ငါနားလည်တယ်.. ငါလည်းပဲ ကုတောက်ကျန့်ရဲ့ သစ္စာရှိပရိတ်သတ်ပဲ! အခုလိုမျိုး လူတွေ၊ သရဲတွေဖမ်းတဲ့ ကိစ္စကို ကူညီပေးရလိမ့်မယ်လို့ ထင်မထားခဲ့ဘူး!”
ကြည့်ရှုသူများလည်း မှင်သက်သွားရသည်။ သေသေချာချာနားထောင်ကြည့်လိုက်ချိန်တွင် လမ်းညွှန်နေသည့် အသံတစ်ခုအပြင် ကားထဲမှ ဒရိုက်ဘာကြီး၏ နောက်ထပ်ဖုန်းတစ်လုံးတွင် ကုကျစ်စုန့်၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်ထားကြောင်း သတိပြုမိလိုက်ကြသည်။
‘ဝိဉာဉ်ရေးရာ’၏ ပရိတ်သတ်တစ်ဦးဖြင့် ဆုံရသည်မှာ တိုက်ဆိုင်လွန်းသည်။
“ဦးလေး ဒီမြို့မှာ ကားမောင်းလာတာ ဆယ်နှစ်ကျော်နေပြီ.. ကြွားတာတော့မဟုတ်ဘူးနော်
ဒီမြို့က နေရာတွေ၊ လမ်းကြိုလမ်းကြားတွေကအစ ငါ့လောက် သိတယ့်သူ ရှိမယ်မထင်ဘူး.. ငါ့တူမ စိတ်မပူနဲ့ ၊ မင်းသွားမယ့်နေရာကို ဆယ့်ငါးမိနစ်အတွင်း ရောက်စေရမယ် ကုတောက်ကျန့် သရဲဖမ်းတာကို မနှောင့်နှေးစေရဘူး!”
[ရယ်တော့ရယ်ရသားပဲ.. ဒီညတော့ ဒရိုက်ဘာကြီးက ကားမောင်းနတ်ဘုရားဖြစ်သွားပြီ]
[ဦးလေးကြီးက လမ်းညွှန်ချက်တွေကိုပါ ပိတ်ထားပြီးတော့ ညလယ်ခေါင်ကြီးကို ပျော်နေတတ်သားပဲ]
[အခြားဘာပဲဖြစ်ဖြစ်ပါ.. မြို့ကြီးတွေက တက္ကစီသမားတွေကတော့ ကားမောင်းတာ မြန်ကြပါတယ်..
ငါတစ်ခေါက်က ရထားမှီအောင် သွားရမှာမို့ တက္ကစီတစ်ခါ စီးဖူးပါတယ်.. လမ်းတော့ ကြမ်းပေမယ့် မြန်တာကတော့ ရက်စက်တယ်!]
[……]
ဒရိုက်ဘာကြီးသည် ‘ကြက်ဥလိပ်’အား သူမတို့ ငှားရမ်းနေထိုင်သည့် အဆောက်အဦသို့ (၁၅)မိနစ်အတွင်း ရောက်အောင် ပို့ပေးခဲ့ပြီး ကားခကိုလည်း ငြင်းဆိုခဲ့သည်။
‘ကြက်ဥလိပ်’ ဖုန်းကို ကိုင်ထားလျက် အိမ်ရာအတွင်းထဲသို့ လျှောက်လာခဲ့လေသည်။
သူမ ရွှေ့ပြောင်းသွားသည်မှာ မကြာသေးပါချေ။
အိမ်ငှားခနှင့် စပေါ်ငွေတို့သည်လည်း သက်တမ်းမကုန်သေးသောကြောင့် အိမ်ပိုင်ရှင်က သူမထံမှ သော့အား ပြန်သိမ်းထားခြင်းမရှိခဲ့ချေ။
စိတ်ပြောင်းသွားပါက အချိန်မရွေး ပြန်လာနေနိုင်ကြောင်းသာ ပြောဆိုခဲ့သည်။
ထို့ကြောင့် အိမ်ရာ၏ အစောင့်သည်လည်း သူမကို သိနေခဲ့သည်။
သူမ အထဲသို့ဝင်သွားချိန်တွင် ရင်းနှီးနေသော အစောင့်ဦးလေးကြီးမှ သူမအား နှုတ်ဆက်လိုက်သည်။
“မိန်းကလေးကို ဒီနှစ်ရက်လောက်အတွင်း မတွေ့မိသလိုပဲနော်”
‘ကြက်ဥလိပ်’ ဟန်ဆောင်ပြုံးပြလိုက်လေ၏။
အမှောင်ထုဖုံးလွှမ်းနေသည့် အိမ်ရာဝင်းကြီးကို ကြည့်ကာ သူမရင်ထဲမှ ကြောက်စိတ်၊ မသက်မသာဖြစ်မှုတို့သည် ပို၍ပင် တိုးလာခဲ့ရသည်။
သူမ ဤနေရာသို့ ပြန်မသွားပါက အမှုကို ဖြေရှင်းနိုင်တော့မည်မဟုတ်ဟုသာ ကုကျစ်စုန့် မပြောခဲ့ပါက သူမသည် ဤအိမ်ရာဝင်းကြီးထဲသို့ နောက်တစ်ကြိမ် ခြေချမိမည်မဟုတ်ပေ။
လျှောက်လမ်းအနီးသို့ ရောက်ချိန်တွင် သူမ အသံတိုးတိုးဖြင့် ခေါင်းကို ငုံ့ကာ ကင်မရာကို ကြည့်ရင်း ပြောလိုက်သည်။
“ဟိုနားလေးက ပန်းခုံ… အဲဒါ ရှောင်ဝူ အဆောက်အဦပေါ်က ပြုတ်ကျတဲ့ နေရာပါပဲ”
သူမ ထိုနေရာကို မကြည့်ရဲခဲ့ပေ။ သူမ၏ စိတ်ထဲတွင် တံဆိပ်နှက်ထားသကဲ့သို့ ပြတ်သားနေသည့် လွန်ခဲ့သော ဆယ်ရက်က မြင်ကွင်းက သူမမျက်စိရှေ့တွင် ပြန်ပေါ်လာလိမ့်မည်ကို ကြောက်နေခဲ့မိသည်။
သူမ၏နောက်မှ ထပ်ကြပ်မခွာ လိုက်ပါနေသည့် အစွဲအလမ်းတစ္ဆေသည်က အိမ်ရာအတွင်းသို့ ဝင်ရောက်လာချိန်မှစ၍ ပိုပြီး လှုပ်ရှားလာခဲ့သည်။
သူ သေဆုံးခဲ့ရသော ပန်းခုံအနီးသို့ ရောက်လာချိန်တွင် ထိုဝိဉာဉ်မှာ တစ်ကိုယ်လုံး တွန့်လိမ်နေသည့်အလား ဖြစ်နေခဲ့လေသည်။
ရုတ်တရက် ထွက်ပေါ်လာသည့် အမုန်းတရားနှင့် တခြားသော စိတ်ခံစားချက်များက ‘ကြက်ဥလိပ်’ကိုပါ သက်ရောက်စေခဲ့ပြီး သူမ၏ ခြေဖျား၊လက်ဖျားများ အေးစက်ကာ ကြက်သီးမွေးညင်းထနေခဲ့သည်။
သူမ ကားပေါ်မှ ဆင်းချိန်တွင် အခန်းဖော်များဖြင့် ဖွဲ့ထားသော ဂရုချက်တွင်းသို့ စာပို့ခဲ့သည်။
အချိန်ခဏလေးအတွင်း ပြည့်စုံစွာ ရှင်းမပြနိုင်သောကြောင့် သူမ၏ ပစ္စည်းများ ကျန်နေခဲ့ကြောင်း၊ ကောင်လေးသူငယ်ချင်းတစ်ဦးနှင့်အတူ လာရောက်သယ်ယူမည်ဖြစ်ကြောင်းသာ ပြောထားခဲ့သည်။
ဆိုရလျှင် တိုက်ရိုက်ထုတ်လွှင့်နေရင်း အခန်းထဲသို့ ဝင်သွားမိပါက အခန်းဖော်ကောင်မလေးများ မလုံမခြုံ ဝတ်စားထားကြမည်ကို စိတ်ပူမိသောကြောင့် ဖြစ်ပေသည်။
မိနစ် (၂၀)ခန့်ကြာပြီးနောက် ဂရုအတွင်း ပြန်စာများ ရောက်ရှိလာခဲ့သည်။
“ကျွန်မတို့ ရောက်ပြီ”
သူမ သော့ဖြင့် မဖွင့်ဘဲ တံခါးကို ညင်သာစွာ ခေါက်လိုက်သည်။
ခေတ္တမျှကြာပြီးနောက် အခန်းထဲမှ ခေါင်းအား တဘက်ဖြင့် ပတ်ထားပြီး စိတ်မကြည်မလင်ဖြစ်နေဟန်ပေါ်သော မိန်းကလေးတစ်ဦး လာဖွင့်ပေးခဲ့သည်။
“ယွမ်ယွင်ဖန်?”
“နင်ဘာလို့ နောက်ကျမှ ကောင်လေးတွေကို ခေါ်လာရတာတုန်း.. မနက်မှ လုပ်လို့ မရဘူးလား၊ ငါတို့တွေ ရေချိုးတော့မလို့ကို၊ အခုတော့ အလုပ်ရှုပ်သွားရပြီ”
ထိုစကားပြောပြီးနောက် အမျိုးသမီးက ‘ကြက်ဥလိပ်’၏နောက်သို့ ကြည့်လိုက်သည်။ တခြားမည်သူတစ်ဦးတစ်ယောက်ကိုမျှ မမြင်ရသောကြောင့် သူမ ယွမ်ယွင်ဖန်အား သံသယမျက်လုံးဖြင့် ပြန်ကြည့်လိုက်သည်။
“နင့်ကောင်လေးဆိုတာက ဘယ်မှာလဲ”
“အရင်ဆုံး အထဲကိုဝင်ပြီး စကားပြောကြတာပေါ့”
ထိုအချိန်တွင် တစ်ချိန်လုံး နှုတ်ဆိတ်နေခဲ့သော ကုကျစ်စုန့်က မျက်ခုံးပင့်လိုက်ပြီးနောက် တစ်စုံတစ်ရာကို အာရုံခံမိလိုက်သည့်အလား၊ အသံတိတ် လက်ကို မြှောက်လိုက်မိသည်။
စားပွဲပေါ်မှ ကတ်များကို ပြန်လည်စစ်ဆေးလိုက်ပြီးနောက် ဖြူဖွေးသော လက်ချောင်းရှည်များဖြင့် ကတ်တစ်ကတ်ကို ထုတ်ယူကာ ပြောင်းပြန်လှန်ကြည့်လိုက်သည်။
ကတ်ပေါ်မှ အမှတ်အသားကို ကြည့်လိုက်ပြီးနောက် ဖုန်းထုတ်၍ တစ်စုံတစ်ယောက်ထံသို့ စာပို့လိုက်လေသည်။
သူမ လက်ထဲမှ ကတ်များကို ချလိုက်ချိန်တွင် ယွမ်ယွင်ဖန်က ဧည့်ခန်းအထဲမှ ဆိုဖာပေါ်တွင် ထိုင်နေပြီဖြစ်သည်။
ဖုန်းမြင်ကွင်းအရ ကုကျစ်စုန့်င တစ်အိမ်လုံးကို ပြတ်ပြတ်သားသား မမြင်ရပါချေ။ ညအိပ်ဝတ်စုံဝတ်ထားသော လူနှစ်ယောက်ကိုသာ တစ်ပိုင်းတစ်စ မြင်တွေ့နေရသည်။
ထိုသို့ဖြစ်သော်ငြား သူမက အသာစုတ်သပ်လိုက်မိသည်။
ဤနေအိမ်တစ်ခုလုံးက အလောင်းစွမ်းအင်များ ပြည့်နှက်နေခဲ့သည်။
ယွမ်ယွင်ဖန်၏ ကျောတွင် ကပ်တွယ်နေသော အစွဲအလမ်းဝိဉာဉ်သည်လည်း တဆတ်ဆတ် တုန်ရီနေခဲ့ပေပြီ။
သူမတို့ စုပေါင်းငှားရမ်းနေသည့် အိမ်တွင် အမှန်တကယ်ပင် ပြဿနာတစ်ခုခု ရှိနေခဲ့သည်။