အလောင်းရှာဖွေခွေးနှင့် ထူးဆန်းသော စောင့်ကြည့်နေသူ (2)
Vol. 46 Ch. 456
ထိုအချိန်တွင် အခန်းဖော်များအားလုံး အိမ်မှာ ရှိနေခဲ့ကြသည်။
ကောလိပ်ကျောင်းသူလေးနှစ်ဦးသည်က ယခင်ကတည်းက နေထိုင်ပြီး မပြောင်းကြသူများ ဖြစ်ပေသည်။ သူတို့ထဲမှ တစ်ဦးသည် ကောင်းမျိုးရိုးဖြစ်ပြီး ကျန်တစ်ဦးမှာ ယွမ်ယွင်ဖန်အား တံခါးလာဖွင့်ပေးသူ ဟဲမျိုးရိုးဖြစ်သည်။
သူတို့သည်ပင် ယွမ်ယွင်ဖန်အား မေးခွန်းထုတ်နေကြသူများ ဖြစ်သည်။ ကျန်နှစ်ဦးမှာ မကြာသေးခင်ကမှ ရွေ့ပြောင်းလာသော အိမ်ငှားအသစ်များ ဖြစ်သည်။
သူတို့က ယွမ်ယွင်ဖန်ကို ခေါင်းငြိမ့်၍သာ နှုတ်ဆက်ပြခဲ့သည်။ သူတို့ ပြောင်းရွှေ့လာပြီး မကြာလိုက် ယွမ်ယွင်ဖန် အိမ်ပြောင်းသွားခဲ့ခြင်းဖြစ်ပေသည်။
တံခါးကို ဖွင့်ပေးခဲ့သည့် ရှောင်ကောင်းက မျက်မှောင်ကြုတ်လိုက်ရင်း ဆိုသည်။
“နင် အိမ်ပြောင်းသွားပြီမဟုတ်ဘူးလား၊ အရင်ဆုံး ကြိုပြောမယ်နော်။ နင့်အခန်းထဲကို ဘယ်သူမှ ဝင်မထားဘူး.. ဘာမှလည်း ထိထား၊ ကိုင်ထားတာ မရှိဘူး တစ်ခုခု ပျောက်နေရင်တော့ အဲဒါ ငါတို့နဲ့ လုံးဝမဆိုင်ဘူးနော်”
‘ကြက်ဥလိပ်’ စကားကို လိမ်ပြောမနေချင်တော့။ ယခုကိစ္စသည်က ဤအဆောက်အအုံတွင် နေထိုင်နေသော လူများနှင့်လည်း သက်ဆိုင်နေသောကြောင့် သူမ အမှန်အတိုင်း ပြောပြခဲ့သည်။
“နင် ဘာပြောလိုက်တယ်.. သရဲခြောက်တာ?”
ရှောင်ကောင်း၏ အသံကျယ်လာခဲ့ပြီးနောက် မျက်ဝန်းများလည်း ပြူးကျယ်လာခဲ့ရသည်။
“နင်.. နင် လာနောက်နေတာမဟုတ်လား?”
သို့သော် သူမနှင့် ရှောင်ဟဲတို့၏ အမူအယာသည် ပုံမှန်မဟုတ်ခဲ့ချေ။ မကြာသေးမီက သေဆုံးသွားခဲ့ရသော အခန်းဖော်ကောင်လေးကို တွေးမိသွားသည်။
ရှောင်ဟဲ သူမ၏လက်ထဲမှ ဖုန်းကို ကြည့်ရင်း မေးလိုက်သည်။
“နင် အခု ဗီဒီယိုကောပြောနေတာလား?”
အခန်းဖော်အသစ်များမှ လုပ်သက်ရင့်နေပြီဖြစ်သော အမျိုးသမီး မျက်မှောင်ကြုတ်ကာ ပြောလိုက်မိသည်။
“ခြောက်တယ်ဆိုတာ ဒီအိမ်ကနေ ပြုတ်ကျသွားတဲ့ အိမ်ငှားကို ပြောချင်တာလား? အဲဒီလိုအရာမျိုးအတွက်နဲ့ ဒီနေရာကို ညတွင်းချင်းကြီး ပြေးလာတာကတော့ နည်းနည်း မရူးလွန်းဘူးလား?”
“ငါတို့တွေက အရွယ်ရောက်ပြီးတဲ့လူတွေ ဖြစ်နေပြီ.. အဲ့လို သရဲ၊တစ္ဆေ၊ နတ်ဘုရားဆိုတာတွေကို ယုံနေတုန်းပဲလား?”
နောက်ထပ်အမျိုးသမီးတစ်ဦးမှလည်း လေသံခပ်တိုးတိုးဖြင့် ထောက်ခံခဲ့သည်။
“ရှုကျဲပြောတာ အဓိပ္ပာယ်ရှိတယ်”
“ငါတို့တွေ ဒီမှာ နေတာ ရက်နည်းနည်းတော့ ရှိနေပြီ ဘာမှမဖြစ်ပါဘူး.. အိမ်က နေရာကျယ်ပြီး အလင်းလည်း ကောင်းကောင်းရတယ်
ဈေးလည်းပေါတယ်.. အိမ်ပိုင်ရှင်ကလည်း သဘောကောင်းတယ်… ကျဲ.. နင် အရမ်းများ အတွေးလွန်နေတာလားဟင်”
အသစ်ရောက်သည့် အမျိုးသမီးနှစ်ဦးမှာ ယခုအိမ်၏ အိမ်ငှားခ အင်မတန် ဈေးသက်သာနေရခြင်းမှာ မကြာသေးခင်ကမှ လူသေထားသောကြောင့်ဆိုသည်ကို သိထားကြသည်။
‘ကြက်ဥလိပ်’နှင့် တခြားအခန်းဖော် ယဲ့ကျဲတို့သည်က ကြောက်လန့်ပြီး အခြားနေရာသို့ ရွှေ့ပြောင်းသွားသည်ကိုလည်း သိထားကြသည်။
သို့သော် ကောင်လေးက စိတ်ဓာတ်ကျ၍ အမှန်အတိုင်း မတွေးနိုင်ဖြစ်ကာ ခုန်ချသတ်သေသွားခဲ့ခြင်းသာဖြစ်သည်။ လူသတ်မှုမဟုတ်ပါချေ။
သူတို့က သေဆုံးသွားပုံကိုလည်း မမြင်လိုက်ရသောကြောင့် ကြောက်လန့်မှုမရှိခဲ့ကြပေ။
‘ကြက်ဥလိပ်’၏ စကားကို အလေးမထားခဲ့ပေ။ သူမ အကြောက်လွန်နေသည်ဟုသာ တွေးမိကြသည်။
တစ်ဖက်တွင်တော့ ရှောင်ကောင်းနှင့် ရှောင်ဟဲတို့က စိတ်မသက်မသာ ဖြစ်နေခဲ့ကြပြီး သူတို့၏ မျက်လုံးများသည်လည်း ‘ကြက်ဥလိပ်’၏ ပင်ပန်း၊ အားလျော့ကာ သုန်မှုန်နေသည့် မျက်နှာအား ငေးကြည့်နေခဲ့ကြသည်။
‘ကြက်ဥလိပ်’ မည်သို့ပင် ရှင်းပြရမှန်း မသိဖြစ်နေခဲ့ချိန်တွင် ဖုန်းအတွင်းမှ သာယာပျော့ပြောင်းသည့် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
“ပန်းရောင်ညအိပ်ဝတ်စုံနဲ့ ကောင်မလေး၊ ရှင် ဘာမှ ထူးဆန်းတာကို သတိမထားမိဘူးပေါ့”
‘ကြက်ဥလိပ်’ အံ့သြသွားပြီးနောက် ချက်ချင်းပင် ဖုန်းကို မြှောက်ကာ တိုက်ရိုက်ထုတ်လွှင့်မှုကို အခန်းဖော်များ မြင်အောင် ပြလိုက်မိသည်။
“ကုကျစ်စုန့်!?”
အင်တာနက်ပေါ်တွင် နာမည်ကြီးနေသော ‘ထူးခြားပညာရှင်’ မင်းသမီးအား မှတ်မိသွားရပြီးနောက် ရှောင်ဟဲ ရေရွတ်လိုက်မိသည်။
ကျန်သုံးဦးသည်လည်း ကုကျစ်စုန့်၏နာမည်ကို ကောင်းကောင်းသိကြသည်။ သူမ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ဖူးသူ ရှိသကဲ့သို့ မားကတ်တင်းအကောင့်များတွင် တင်ထားသည့် ဗီဒီယိုအတိုများ၊ အခြားပရိတ်သတ်များ ပြန်လည်မျှဝေထားသည့် အရာများကို ကြည့်ဖူးကြသည်။
ထိုအချိန်တွင် မိန်းကလေးများ၏ မျက်နှာက တဖြည်းဖြည်း ပြောင်းလဲသွားကြပြီး တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်းကို သဘောပေါက်သွားကြသည်။
ဝိဉာဉ်ရေးရာ၏ အောင်မြင်မှုကြောင့် တချို့သော အတုအယောင်သဘာဝလွန်ပြိုင်ပွဲများသည်လည်း ထွက်ပေါ်လာခဲ့ကြသည်။
သဘာဝလွန်ဖြစ်ရပ်များအား ရိုက်ကူးသည့် ဘဘော့ဂါများ၊ အင်တာနက်ဆယ်လီများ၊ တိုက်ရိုက်ထုတ်လွှင့်ကြသူများသည်လည်း မိုးဦးကျ ထွက်ပေါ်လာသည့် မှိုပွင့်များပမာပင်။ အများစုသည်က လူလိမ်များသာဖြစ်ပြီး အောင်မြင်ကျော်ကြားမှုကို ဖြတ်လမ်းမှ လိုက်ချင်သူများသာ ဖြစ်သည်။
မကြာခဏ အလိမ်ခံရတတ်သောကြောင့် အရာရှိများမှတဆင့် အင်တာနက်ပေါ်တွင် မြင်သမျှ ‘ထူးခြားပညာရှင်’များကို မယုံကြည်ကြရန် အမိန့်ထုတ်ထားခဲ့ရသည်။
‘ကြက်ဥလိပ်’မှ သရဲခြောက်နေသည်ဟု စတင်ပြောဆိုချိန်က သူကောင်မလေးများမှ အင်တာနက်ပေါ်မှ ‘ပညာသည်’များဖြင့် တွေ့ပြီး အလိမ်ခံနေရခြင်းဟူသာ ထင်မြင်ခဲ့ကြသည်။
သို့သော် ဤအိမ်တွင် သရဲခြောက်နေသည်ဟု ပြောခဲ့သူက ကုကျစ်စုန့် ဖြစ်နေခဲ့သည်။
ထိုသို့ဖြစ်ပါက ယခုပြဿနာမှာ ယခင်ကနှင့် မတူတော့ချေ!
ရှောင်ဟဲ ချက်ချင်းပင် ဖုန်းကို ထုတ်၍ ကုကျစ်စုန့်၏ တိုက်ရိုက်ထုတ်လွှင့်ခန်းသို့ ဝင်ရောက်ခဲ့သည်။
မျက်နှာပြင်တွင် ပေါ်နေခဲ့သော ရင်းနှီးနေသည့် အခန်း၊ အဝတ်အစားများကို မြင်ရပြီးနောက် သူမ အကြီးအကျယ် တုန်လှုပ်သွားခဲ့ရသည်။
“အဟုတ်ကြီးပဲ! ယွမ်ကျဲက တကယ်ကို ကုကျစ်စုန့်နဲ့ ဆက်သွယ်ထားတာ!”
တခြားလူများလည်း ငြိမ်ငြိမ် ထိုင်မနေနိုင်ကြတော့။ သူတို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြရင်း ပတ်ဝန်းကျင်သည်လည်း သက်တောင့်သက်သာ ရှိသည်ဟု မခံစားရတော့ပေ။
ဧည့်ခန်းကြီးသည် တိတ်ဆိတ်လွန်းလှသည်။ အသွင်အပြင်က အေးစက်လွန်းလှသောကြောင့် အကြောင်းမရှိ၊ ကျောထဲတွင် စိမ့်လာသကဲ့သို့ပင်။
ရှုကျဲဟူသော အမျိုးသမီးက အသက် ၂၆၊၂၇နှစ်အရွယ်ခန့်ဖြစ်သည်။ သူမက မျက်နှာမကြည်မသာစွာဖြင့် အရင်ဆုံး စကားစပြောလိုက်သည်။
“ရှောင်ယွမ်ပြောသလို သရဲခြောက်တာဆိုရင်… ငါတို့တွေအကုန်လုံးရော အန္တရာယ်ရှိနေပြီလား?”
ကောလိပ်ကျောင်းသူတစ်ဦးဖြစ်သည့် ရှောင်ဟဲလည်း သူငယ်ချင်းဖြစ်သူ မျက်စိမျက်နှာပျက်နေသည်ကို သတိပြုမိသွားသည်။
ကုကျစ်စုန့် ပြောလိုက်သည့် ‘ပန်းရောင်ညအိပ်ဝတ်စုံဖြင့် မိန်းကလေး’သည်က ရှောင်ကောင်းဖြစ်နေသောကြောင့် သူမ မေးလိုက်မိသည်။
“နင် တစ်ခုခုများ တွေ့လို့လား?”
“ငါ… ငါမသိဘူး”
ရှောင်ဂေါင် ကြောက်လန့်နေခဲ့ပြီးနောက် လက်ဖဝါးများမှာလည်း အေးစက်နေခဲ့သည်။
သူမ နားမလည်နိုင်ဖြစ်ခဲ့ရသော မကြာသေးမီက ထူးဆန်းသည့် အဖြစ်သည် ရုတ်တရက် အတွေးထဲတွင် ပေါ်လာသောကြောင့် ပို၍ ထိတ်လန့်သွားမိသည်။
“ဒါပေမဲ့… ဟိုတလောလေးတုန်းက ငါ့ကောင်လေးအိမ်ကို အလည်သွားသေးတယ်လေ.. အဲဒီတုန်းကတော့ ထူးဆန်းတာ ဖြစ်ခဲ့သေးတယ်…”
သူမ ကြုံခဲ့ရသည့် အဖြစ်အပျက်ကို တုန်ရီစွာ ပြောပြလာခဲ့သည်။
ရှောင်ကောင်းနှင့် ရှောင်ဟဲတို့ တက်ရောက်နေသည့် တက္ကသိုလ်အနီးအနားတွင် ရဲသင်တန်းကျောင်းတစ်ခု ရှိသည်။
ရှောင်ကောင်း၏ ချစ်သူသည်က ရဲသင်တန်းတက်ရောက်နေသူဖြစ်ပြီး သူ၏ မိသားစုသည်လည်း ထိုအနီးအနားတွင် နေထိုင်ကြသူများဖြစ်သည်။ ကောင်လေး၏ ဖခင်သည်လည်း ရဲအရာရှိတစ်ဦးဖြစ်ပေသည်။
နှစ်ဦးက ကျောင်းသားသစ်ဘဝတွင် တွေ့ဆုံခဲ့ကြပြီးနောက် တွဲခဲ့ကြသည်မှာလည်း နှစ်နှစ်ကြာပြီဖြစ်သည်။ ချစ်ခရီးလမ်းကြောင်းသည်လည်း တည်ငြိမ်သောကြောင့် မိဘများလည်း သိထားပြီပင်။
မကြာသေးမီက ချစ်သူကောင်လေး၏ မိဘများနှင့် တွေ့ဆုံညစာစားရန် သူ၏ နေအိမ်သို့ သွားရောက်ခဲ့ကြသည်။
ထိုနေ့က သူမာ လှပကြော့ရှင်းစွာ ဝတ်စားသွားခဲ့ပြီး ချစ်သူ၏ မိဘများအတွက် လက်ဆောင်များလည်း သေသေချာချာ ရွေးချယ်ဝယ်ယူထားခဲ့သည်။
သို့သော် သူမ ချစ်သူကောင်လေး၏ အိမ်ထံသို့ ဝင်ရောက်သည်နှင့်တပြိုင်နက် မမျှော်လင့်ထားသည့်အရာတစ်ခုဖြင့် ကြုံတွေ့ခဲ့ရသည်။
“ငါ့ကောင်လေးတို့ရဲ့အိမ်မှာ ခွေးအိုကြီးတစ်ကောင်ရှိတယ်လေ ၊ သူက နောက်ခြေထောက်တွေ ဒဏ်ရာရထားလို့ အနားယူထားတဲ့ စစ်ခွေးမျိုးပဲ.. သူ့မိဘတွေက အဲဒီခွေးကို မွေးစားဖို့လိုအပ်တဲ့ အချက်တွေလည်း ပြည့်စုံတယ်၊ သူ့အဖေကလည်း အရာရှိဟောင်းဖြစ်တော့ အဲ့ခွေးကို မွေးစားခဲ့ကြတာ”
“ငါ ဧည့်ခန်းထဲ လျှောက်သွားပြီး ဆိုဖာပေါ်မှာ ထိုင်လိုက်တာနဲ့ အဲဒီစစ်ခွေးက ငါနဲ့ မလှမ်းမကမ်းက ကော်ဇောပေါ်မှာ အိပ်နေတာကနေ ရုတ်တရက်ကြီး..”
ရှောင်ကောင်းနှုတ်ခမ်းကို ဖိကိုက်လိုက်မိသည်။
“ရုတ်တရက်ကြီး ငါ့ကို ခုန်အုပ်တာပဲ.. ပြီးတော့ ဆက်တိုက် ဟောင်နေတော့တာ”
ရှောင်ကောင်း ထိတ်လန့်သွားသောကြောင့် ဆိုဖာပေါ်မှ အဆောတလျင် ထလိုက်မိသည်။
သို့သော် ခွေးအိုကြီးသည်က အင်မတန် စိတ်လှုပ်ရှားနေခဲ့ပြီးနောက် ဆက်တိုက် ဟောင်နေခဲ့ပြီး သူမကိုယ်ပေါ်သို့ ခုန်တက်နေခဲ့သည်။
ထို့နောက် သူမ၏ စကတ်စကို တင်းတင်းဆွဲကိုက်ထားပြီး အလွတ်မပေးတော့ပေ။ ချစ်သူနှင့် မိဘနှစ်ဦး အကူအညီကြောင့်သာ မဟုတ်ပါက သူမ၏ စကတ်သည်လည်း တစစီဖြစ်နေမည်မှာ အသေအချာပင်။
ထိုအချိန်က ချစ်သူ၏ တီးတိုးရေရွတ်သံကိုလည်း ကြားလိုက်ရသည်။
“ထူးဆန်းလိုက်တာ.. သူက ပုံမှန်ဆို အေးအေးဆေးဆေးပါပဲ.. ဘာလို့ ဟန်နီကို မြင်ရပြီးမှ ဒီလောက်အူမြူးနေတာလဲ မသိဘူး”
ချစ်သူ၏ မိဘနှစ်ပါးသည်လည်း ပြုံးရုံသာပြုံး၍ အိမ်မှ ခွေးက သူမအား အင်မတန်သဘောကျသည်ဟုသာ ပြောခဲ့သည်။
သို့သော် ထိုခွေးအား ပြန်လွှတ်လိုက်သည်နှင့်တပြိုင်နက် ရှောင်ကောင်းထံသို့ အပြေးလာပြီးနောက် ဆက်တိုက် ဟောင်ကာ ရှေ့တိုးနောက်ဆုတ် ခုန်ပေါက်နေခဲ့သည်။
နောက်ဆုံးတွင်တော့ သူမ၏ချစ်သူက ခွေးအိုကြီးအား အခန်းထဲတွင် ခေတ္တ ပိတ်ထားခဲ့ရသည်။
ထိုအချိန်က ရှောင်ဂေါင်သည်လည်း ကိုက်ဆွဲခံထားရသော သူမ၏ စကတ်စကို ကြည့်ရင်း အခန်းထဲမှ ခွေးဟောင်သံကို နားထောင်ခဲ့မိသည်။
သူမ အင်မတန် ရှက်မိပေသည်။
သူမ၏ချစ်သူ၏ မိဘနှစ်ပါးသည်လည်း သူမအား ထူးဆန်းစွာ ကြည့်နေခဲ့သည်ဟု တွေးနေမိသည်။
ထို့ကြောင့် ညစာ စားပြီးနောက် ချက်ချင်း နှုတ်ဆက်စကားဆိုကာ ပြန်လာခဲ့ပြီး နှစ်ရက်ခန့်ပင် စိတ်ညစ်နေခဲ့မိသည်။
နောက်ပိုင်းတွင်တော့ သူမ၏ချစ်သူမှ ပြန်ရှင်းပြလာသည်။
“အဖေတို့၊ အမေတို့က ဟန်နီကို အထင်မသေးပါဘူး.. အရမ်းကြီး တွေးမနေနဲ့နော်.. သူတို့ကတောင် မငရးကို နှစ်သိမ့်ပေးလိုက်ဦးဆိုပြီး မှာနေတာ”
“ကိုယ်တို့ မွေးစားထားတဲ့ ခွေးက အလောင်းရှာတဲ့ ခွေးလေ.. သေသေချာချာလေ့ကျင့်ပြီးတဲ့နောက် သူက အလောင်းတွေရဲ့ အနံ့နဲ့ ယဉ်ပါးနေပြီး အလောင်းနံ့ရရင် စိတ်လှုပ်ရှားတတ်တယ်
ပုံမှန်ဆိုရင်တော့ သူက အေးအေးဆေးဆေးနဲ့ စကားလည်း နားထောင်ပါတယ်.. အဲဒီနေ့တုန်းကသာ ရုတ်တရက်ကြီး စိတ်လှုပ်ရှားနေတာ…”
*