အလောင်းရှာဖွေခွေးနှင့် ထူးဆန်းသော စောင့်ကြည့်နေသူ (3)
Vol. 46 Ch. 457
အလောင်းရှာခွေးဆိုးသည်က ရဲခွေးအမျိုးအစားတစ်မျိုးဖြစ်သည်။
ယေဘုယျအားဖြင့် အနံ့ခံအာရုံကောင်းမွန်သည်။ အစားအသောက်ကို နှစ်ခြိုက်ကြပြီး မြေကြီးတူးယက်ခြင်းကို သဘောကျသော ခွေးများကိုသာ အများဆုံး ရွေးချယ်ခြင်းဖြစ်သည်။
လေ့ကျင့်သူများသည်က ခွေးများအား မြေအောက်တွင် မြှုပ်နှံထားသော အသားစိမ်း၊ အရိုး၊ ပုတ်သိုးနေသော အသားများအား ဗိုက်ဆာနေချိန်တွင် ရှာဖွေခိုင်းတတ်သည်။
အလောင်းရှာခွေးများသာ အသားကို ဖော်နိုင်ပါက သူတို့၏ အသားစိမ်း၊ အရိုး၊ အသားပုတ်များကို အာရုံခံနိုင်စွမ်း အားကောင်းစေရန် ထိုအသားကို စားခွင့်ရသည်။
လေ့ကျင့်သူများက အသားစများ မြှုပ်နှံသည့် နေရာ၊ အချိန်၊ အတိမ်အနက်နှင့် အခြားသော အချက်အလက်များကိုလည်း ပြောင်းလဲ၍ လေ့ကျင့်ပေးတတ်သည်။
ထူးချွန်လွန်းသည့် အလောင်းရှာခွေးများသည်က မြေအောက် အနက် တစ်မီတာ၊ နှစ်မီတာခန့်တွင် မြှုပ်နှံထားသော အသားများကိုလည်း ရှာဖွေနိုင်ပြီး အင်မတန် ပုတ်သိုးနေပြီဖြစ်သော အလောင်းများကိုလည်း အနံ့ခံနိုင်ကြသည်။
ရှောင်ကောင်း၏ ချစ်သူနေအိမ်မှ ရဲခွေးအိုကြီးမှာ အင်မတန်ထူးချွန်သော အလောင်းရှာခွေးတစ်ကောင်ဖြစ်ပေသည်။
ရှောင်ကောင်း၏ ချစ်သူအိမ်မှ ခွေးမှာ ငယ်စဉ်က မြို့တစ်မြို့တွင် ငလျင်အကြီးအကျယ်လှုပ်ရှားပြီးချိန်တွင် အဆောက်အအုံ အပြိုအပျက်များအောက်တွင် ပိတ်မိနေသော ဒဏ်ရာရပြည်သူအများအပြားကို ရှာဖွေပေးခဲ့သည်။
ထိုဖြစ်စဉ်မှာပင် ခွေးလေးက မြေတူးနေရင်း ကျောက်တုံးအချွန်များဖြင့် ထိခိုက်မိခဲ့ပြီးနောက် ခြေထောက်ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။
အနားယူခဲ့သည်မှာ အချိန်ကြာမြင့်ပြီဖြစ်သော်လည်း အတိတ်က နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ခြင်းများသည်က အလောင်းရှာခွေးအချို့၏ ဦးနှောက်ထဲတွင် စွဲဝင်နေတတ်ကြသည်။
ထိုရဲခွေးအိုကြီး၏ အရိုးထဲထိပင် လေ့ကျင့်ရေးများသည် စွဲကျန်နေခဲ့သည်။
ဥပမာဆိုရပါလျှင် ပုတ်သိုးနေသည့် အသားကို ရှာတွေ့ချိန်တွင် စိတ်လှုပ်ရှားမှုနှင့် အသည်းအသန် တူးဖော်ချင်စိတ်တို့ပင် ဖြစ်လာတတ်သည်။
သူမ၏ ချစ်သူ အိမ်မှ ရဲခွေးကြီး၏ အမျိုးအစားအကြောင်းကို ကြားသိရပြီးနောက် ရှောင်ကောင်း ကိုယ့်နားကိုယ်ပင် မယုံနိုင်ခဲ့ချေ။
“ရှင် ဘာပြောလိုက်တာလဲ”
သူမ၏ချစ်သူမှ ရှင်းပြခဲ့သည်။
“အာ.. အထင်မလွဲပါနဲ့.. အလောင်းရှာခွေးတွေက အလောင်းကိုပဲ အာရုံခံတာမျိုးမဟုတ်ဘူး.. သူတို့အနီးအနားမှာ ပုတ်သိုးနေတဲ့ အရာမျိုးတွေ ရှိနေရင်တော့ တစ်ခါတစ်လေ သူတို့ရဲ့ အာရုံခံနိုင်စွမ်းကို နည်းနည်း သက်ရောက်တယ်လေ….”
သို့သော် ပညာရှင်ဆန်သည့် ချစ်သူ၏ ရှင်းပြချက်များက ရှောင်ကောင်းအား စိတ်သက်သာရာမရစေသည့်အပြင် ပို၍ပင် စိတ်မသက်မသာဖြစ်စေခဲ့သည်။
ထိုရဲခွေးအိုကြီးက အဘယ်ကြောင့် သူမအား ဟောင်ခဲ့ရပါသနည်း?
သူမက လူသေနှင့်တူနေသည်ဖြစ်စေ၊ သူမခန္ဓာကိုယ်မှ အမှိုက်ပုတ်နံ့ထွက်နေသည်ဖြစ်စေ အကြောင်းရင်းနှစ်မျိုးလုံးသည်က သူမအနေဖြင့် လက်ခံနိုင်စရာမရှိခဲ့ချေ။
ချစ်သူ၏ မိဘနှစ်ပါးလုံးက သူမအား ထူးဆန်းသည့်မျက်လုံးများဖြင့် ကြည့်နေခဲ့သည်မှာ မထူးဆန်းတော့ပေ။
နောက်ရက်တွင် ရှောင်ကောင်းက ရေကို အကြိမ်များစွာ ချိုးခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင်လည်း အမွှေးနံ့ကြိုင်လှိုင်နေအောင် အသုံးပြုခဲ့သည်။
သူငယ်ချင်းများကိုလည်း အကြိမ်ကြိမ် မေးခွန်းထုတ်ခဲ့ပြီးနောက်မှသာလျှင် စိတ်သက်သာရာရခဲ့ပြီးနောက် အချိန်ကြာသည်နှင့်အမျှ မေ့မေ့လျော့လျော့ ဖြစ်သွားခဲ့ရသည်။
ယခု ကုကျစ်စုန့်မှ အစပြန်ဖော်လိုက်ချိန်တွင် အဘယ်ကြောင့် ထိုအကြောင်းအရာ သူမအတွေးထဲတွင် ပြန်ပေါ်လာသည်ကို မသိပါချေ။ ပို၍တွေးမိလေလေ၊ တစ်ခုခုသည်က ပုံမှန်မဟုတ်ဟု ခံစားမိလေလေဖြစ်သည်။
ရှောင်ဟဲကလည်း ပြာပြာယာယာ မေးလိုက်သည်။
“နင် အဲဒီတုန်းက ငါ့ကို ပြောပြတာ မှတ်မိသေးတယ်! အဲတုန်းက နင့်ကိုယ်မှာ အနံ့ နံလား၊မနံလား ငါ့ကိုလည်း ခဏခဏ မေးသေးတယ်လေ”
“ဒါပေမယ့် အဲဒီကိစ္စဖြစ်တာက တစ်လလောက်တောင် ရှိတော့မှာ၊ သူလည်း အိမ်ပေါ်ကနေ ခုန်မချသေးပါဘူး..”
ပြာယာခတ်သွားခဲ့သော ရှောင်ကောင်းသည်လည်း သူငယ်ချင်းဖြစ်သူ၏ စကားသံကို ကြားရပြီးမှ သတိရသွားခဲ့သည်။
“ဟုတ်တယ်! အဲဒါက အခုကိစ္စမတိုင်ခင်ကတည်းကပဲလေ!”
“ဒါဆိုရင် အခုကိစ္စနဲ့ ဘာမှမဆိုင်ဘူးမလား? တခြားဟာတော့ ငါလည်း မသိတော့ဘူး..”
ကုကျစ်စုန့် နှာခေါင်းရှုံ့လိုက်သည်။
“အခု မင်းတို့ကို ဒုက္ခပေးနေတဲ့ ‘သရဲ’က တိုက်ပေါ်က ပြုတ်ကျသွားတဲ့ ကောင်လေးလို့ ဘယ်သူက ပြောလဲ..
တကယ့် သရဲအစစ်က အရင်ကတည်းက ဒီအိမ်မှာ ရှိနေတာ ၊ မင်းတို့တွေ ဒီအိမ်ထဲကို ပြောင်းလာကတည်းက သူနဲ့ အတူစား၊အတူအိပ်နေခဲ့ကြတာပဲ”
အိမ်ငှားများ: “?!!”
ကြည့်ရှုသူများ: “?!!”
သူတို့၏ ဘေးဘီဝဲယာကို ကြည့်လိုက်ပါက အခန်းထဲမှ မိန်းမငယ်လေးများအားလုံးမှာ အလောင်းအဆိပ်များဖြင့် ပြည့်နှက်နေခဲ့ပြီး ထိုအလောင်းကောင်မြူများက သူတို့၏ အဆုတ်အတွင်းမှ လှိုင်ထွက်နေသည့်အလားပင်။
ခွေးနှင့် ကြောင်များက ဝိဉာဉ်ဆိုင်ရာသတ္တဝါများဖြစ်သည့်အလျောက် သူတို့သည် ထိုကဲ့သို့သော အရာများအား တုံ့ပြန်မှုအားကောင်းသည်။
လေ့ကျင့်ထားသည့် အလောင်းရှာခွေးများသည်လည်း ထိုသို့အရာများကို ရှာဖွေသည့်နေရာတွင် အထူးပြုသောကြောင့် ပို၍ပင် အာရုံခံနိုင်စွမ်းအားကောင်းသည်။
ရှောင်ကောင်းအနေဖြင့် ချစ်သူ၏ နေအိမ်မှ ခွေးအိုကြီးအနီးသို့ ကပ်မိသည်နှင့် အလောင်းတစ်ခုကဲ့သို့ ထင်မြင်ခံရပြီး အဟောင်ခံရသည်မှာ ထူးဆန်းသည့်အရာမဟုတ်တော့ပေ။
ရှောင်ဟဲ ကြက်သီးဖြန်းဖြန်းထသွားခဲ့ရပြီး နှာခေါင်းထိပ်လေးများပင် အေးလာခဲ့သည်။
“ကုတောက်ကျန့်၊ ကျွန်မတို့ကို မခြောက်ပါနဲ့နော်!”
“ခြောက်တာလား၊ တကယ်လားဆိုတာကို မကြာခင် သိရမှာပါ”
ကုကျစ်စုန့်က မျက်ဝန်းအကြည့်များကို လက်ထဲကိုင်ထားသည့် ဖုန်းမျက်နှာပြင်မှ ခွာလိုက်သည်။
“ပြဿနာရဲ့ တရားခံက ရောက်လာပြီ.. ရှင်တို့တွေ မေးချင်တာရှိတယ်ဆိုရင် သူ့ကို တိုက်ရိုက်မေးလိုက်တာ မကောင်းဘူးလား”
အိမ်ငှားနေထိုင်သည့် မိန်းကလေးများ သူမ၏စကားကို နားမလည်သေးခင်မှာပင် အိမ်တံခါးအား တစ်စုံတစ်ယောက်မှ ခေါက်လာခဲ့သည်။
အပြင်မှ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“မင်္ဂလာပါ.. ကျွန်တော်တို့က ရဲဌာနက ရဲအရာရှိတွေပါ.. ဒီနေရာမှာ ပြစ်မှုတစ်ခုဖြစ်ခဲ့တယ်လို့ သတင်းရထားပါတယ်.. တံခါးကို ဖွင့်ပြီးတော့ စုံစမ်းစစ်ဆေးမှုမှာ ကူညီပေးပါ”
သူတို့ တံခါးကို ဖွင့်လိုက်ချိန်တွင် အရပ်ဝတ်များ ဝတ်ဆင်ထားသည့် ရဲအရာရှိများက အိုင်ဒီကတ်များကို ထုတ်ပြလာခဲ့ကြသည်။
အရာရှိများနောက်မှ ရှက်ဒေါသထွက်စွာဖြင့် လိုက်ပါလာသော မိန်းကလေးအား မြင်လိုက်ရချိန်တွင် အိမ်ထဲမှ လူများမှာ အလွန်ပင် အံ့အားသင့်ခဲ့ရသည်။
“အိမ်ပိုင်ရှင်?”
“မစ်စ်စွန်း?”
မကြာခင်မှာပင် ငယ်ရွယ်သေးသော အိမ်ပိုင်ရှင်၏ ရှက်ရွံ့ဒေါသထွက်သည့် အပြုအမူ၊ မျက်နှာအမူအယာတို့က သူမအနေဖြင့် ရဲအရာရှိများဒလက်ထဲတွင် ဖမ်းဆီးခံထားရ၍ဖြစ်ကြောင်းကို သူတို့ သတိထားမိလိုက်ကြသည်။
ကုကျစ်စုန့်၏ ‘ဒီအိမ်ထဲမှာ သရဲတစ်ကောင်ရှိတယ်’ဆိုသော စကားကို အမှတ်ရလိုက်ပြီးနောက် အိမ်ငှားများအားလုံးက အိမ်ပိုင်ရှင်အမျိုးသမီးအား သံသယအကြည့်များဖြင့် ကြည့်လာခဲ့ကြသည်။
အိမ်ပိုင်ရှင်အမျိုးသမီးစွန်းက အနည်းငယ် ဒေါသထွက်နေခဲ့ပြီးနောက် အံကိုကြိတ်ကာ ပြောလိုက်သည်။
“ရှင်တို့တွေ ဒါက ဘာအဓိပ္ပာယ်လဲ.. ကျွန်မကို ဘာလို့တရားခံဖမ်းတဲ့အတိုင်း ချက်ချင်းဖမ်းလိုက်တာလဲ
ကျွန်မဘာသာ ကိုယ့်အိမ်ကို ကိုယ် လာကြည့်လို့မရဘူးလား၊ ဘာပြစ်မှုများ ကျူးလွန်မိလို့လဲ.. အင်တာနက်ပေါ်က အဲဒီကုကျစ်စုန့်ဆိုတဲ့ တစ်ယောက်က ကျွန်မတို့အိမ်မှာ ပြဿနာရှိတယ်လို့ ပြောလိုက်တာနဲ့တင် ရှင်တို့က ယုံကြတာပဲလား?”
သူမမေးခွန်းအတွက် မည်သူမျှ အဖြေမရှိပါချေ။
ဖမ်းဆီးမိန့်အား အထက်လူကြီးမှ တိုက်ရိုက်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ကုကျစ်စုန့်က သူမ ဤနေရာတွင် ပေါ်လာလိမ့်မည်ဟု ကြိုတင်တွက်ချက်ထားခဲ့သောကြောင့် ရဲအရာရှိများကို အိမ်ရာ၏ အဝင်တံခါးဝတွင် ကြို၍ စောင့်ဆိုင်းစေခဲ့သည်။
သူမ တွက်ချက်ထားသည့်အတိုင်းပင် အိမ်ရာရှေ့၌ စောင့်ဆိုင်းနေကြသည့် ရဲအရာရှိများက အိမ်ပိုင်ရှင် စွန်းယွဲ့ယွဲ့အား တွေ့ရှိခဲ့ကြသည်။
ထူးဆန်းသည့်အရာတစ်ခုမှာ စွန်းယွဲ့ယွဲ့သည်က အပြင်မှ လာခြင်းမဟုတ်ချေ။ အိမ်ရာထဲမှ ထွက်လာခဲ့ခြင်းဖြစ်သည်။
သူမကို ဖမ်းဆီးပြီးနောက် အရပ်ဝတ်အရာရှိများက သူမအား ငှားရမ်းထားသည့် အိမ်သို့ ခေါ်ဆောင်လာခဲ့ကြသည်။
သူမ အမြင်ချင်ဆုံးသူကို မြင်လိုက်ရပြီးနောက် ကုကျစ်စုန့် အိမ်ပိုင်ရှင်အမျိုးသမီး၏ မျက်နှာကို သေချာကြည့်လိုက်သည်။ စိုက်ကြည့်နေသည့် သူမ၏ မျက်ဝန်းများသည်လည်း တဖြည်းဖြည်း ပို၍ အေးစက်လာခဲ့လေသည်။
ကုကျစ်စုန့် ရုတ်တရက် ပြုံးလိုက်သည်။
“မစ်စ်စွန်း၊ ရှင်က ဒီအိမ်ရာထဲမှာပဲ နေပြီး ကျွန်မရဲ့ အကူအညီတောင်းသူလာတာကိုလည်း မြင်ရော၊ ဘာလို့ ဖြေရှင်းဖို့လာတာမျိုးမရှိဘဲ ထွက်ပြေးဖို့ ကြိုးစားခဲ့တာလဲ”
အားလုံး၏ မျက်ဝန်းများက စွန်းယွဲ့ယွဲ့ထံသို့ ရောက်သွားကြလေ၏။
သူမက အမှန်တကယ်ပင် ဦးထုတ်တစ်လုံးကို ခပ်ငိုက်ငိုက်ဆောင်းထားခဲ့ပြီးနောက် အဝတ်အစားအပြည့်အစုံဝတ်ဆင်ထားကာ ထွက်ပြေးတော့မည့်အလား အိတ်ကြီးတစ်လုံးကိုလည်း သယ်ဆောင်ထားခဲ့သည်။
ဤအိမ်ရာထဲတွင် သူမ၏ နေရာတစ်ခု ရှိသေးကြောင်း၊ ငှားရမ်းထားသည့် နေအိမ်နှင့် အနီးတွင်ပင် နေထိုင်ကြောင်း သိလိုက်ရချိန်တွင် အားလုံး၏ အတွေးများတွင် သူမက ပို၍ သံသယဖြစ်စရာကောင်းလာခဲ့သည်။
ရှောင်ဟဲ ရုတ်တရက် ပြောလိုက်သည်။
“ယွဲ့ယွဲ့ကျဲ၊ ရှင်ပြောတော့ ဒီနေရာကရှင့်ရဲ့ စတူဒီယိုနဲ့ အရမ်းဝေးလို့ဆို.. ဒီနေရာမှာလည်း တစ်နှစ်လုံးမနေဖြစ်လို့ အိမ်ကို ငှားထားတာ မဟုတ်ဘူးလား”
ရှောင်ကောင်းသည်လည်း တစ်စုံတစ်ရာသည် ပုံမှန်မဟုတ်ကြောင်း သတိပြုမိလိုက်သည်။
“ဟုတ်သားပဲ.. ပြီးတော့ ကျွန်မတို့ဆီကိုလည်း အဝေးကခဏခဏလက်ဆောင်တွေ ပို့ပေးသေးတယ်လေ…”
ပြောရပါက စွန်းယွဲ့ယွဲ့မှာ ချမ်းသာ၍ လွတ်လပ်သူတစ်ဦးဖြစ်သည်။ သူမက အိမ်ပိုင်ရှင်ဖြစ်သော်လည်း သူမတို့အားလုံး အိမ်ထဲတွင် နေထိုင်ရခြင်း သက်တောင့်သက်သာရှိမရှိ၊ အိမ်အတွင်းမှ အသုံးအဆောင်များသည် အသုံးပြုရအဆင်ပြေ၊မပြေ အမြဲလိုလို ဂရုစိုက်မေးတတ်သည်။
ရံဖန်ရံခါတွင် ငှားရမ်းထားသည့် အိမ်သို့ လာ၍ စားစရာများ ပေးလေ့ရှိသည်။ စတူဒီယိုမှ အလုပ်သမားများအတွက် လက်ဆောင်ဝယ်ရာတွင် အကုန်မပို့နိုင်သောကြောင့် ပိုနေသည့်မုန့်များဟုဆိုကာ သူမတို့အား မကြာခဏပေးလေ့ရှိသည်။
အိမ်ငှားသူများက စွန်းယွဲ့ယွဲ့အကြောင်းပြောပါက သူမသည် ချောမောလှပ၍ ချမ်းသာသော၊ စိတ်သဘောထားကောင်းသည့် နတ်သမီးလေးတစ်ဦးအဖြစ် တင်စားပြောဆိုတတ်ကြသည်။
ထိုကဲ့သို့ အိမ်ပိုင်ရှင်မျိုးနှင့် တွေ့ရသည်မှာ ကံကောင်းလွန်းသည်။
သို့သော် ယခု ပြန်စဉ်းစားကြည့်ပါက စွန်းယွဲ့ယွဲ့သည် အဘယ်ကြောင့် သူမတို့အပေါ် ဤမျှသဘောကောင်းရပါသနည်း?
လောကကြီးတွင် ထိုမျှသဘောကောင်း၍ ဂရုစိုက်ပေးတတ်သော အိမ်ပိုင်ရှင် ရှိနေနိုင်သည်လား။
*