← Chapters

မှန်နောက်ကွယ်က ပုံတူနှင့် ဓာတ်ပုံများ၏ ပြာ(1)

Vol. 46 Ch. 459

မှန်နောက်ကွယ်က ပုံတူနှင့် ဓာတ်ပုံများ၏ ပြာ(1)

Vol. 46 Ch. 459

သူမ၏ ရုန်းကန်မှုသည်က အားကောင်းလွန်းသောကြောင့် ချုပ်နှောင်ထားသည့် အရာရှိနှစ်ဦး၏ လက်ထဲမှ ရုန်းထွက်နိုင်သွားပြီး အရာရှိကျောင်း၏ လက်အား ဆွဲတားထားခဲ့သည်။

အရာရှိကျောင်း သူမ၏လက်ထဲမှ အနည်းငယ်အားစိုက်၍ ရုန်းထွက်ခဲ့ရသောကြောင့် အဝတ်အစားများပင် တွန့်ကြေကုန်သည်။

ရေချိုးခန်းအတွင်းမှ မှန်က အင်မတန်ကြီးမားပေသည်။

ကောင်တာတစ်ခုလုံး အစအဆုံးအပြည့်ဖြစ်ပြီး အနည်းဆုံး နှစ်မီတာခန့်ရှည်ကာ တစ်မီတာကျော်ခန့် ကျယ်ဝန်းသည်။

စွန်းယွဲ့ယွဲ့က အဆောက်အအုံပြင်ဆင်ရာတွင် ဤမှန်ကြီးအား သေသေချာချာစဉ်းစား၍ ပြင်ဆင်ထားဟန်ပေါ်သည်။

မှန်၏ အပေါ်ပိုင်းတွင် နံရံမှ အနည်းငယ်ထိုးထွက်နေသော အဝါရောင်ဖျော့ဖျော့ မီးလုံးနှစ်လုံးပါဝင်ပြီး မှန်ဘေးတစ်ဖက်တစ်ချက်စီတွင်လည်း မီးလုံးများ တပ်ဆင်ထားသည်။

အရာရှိကျောင်းက အခန်းဖော်ကောင်မလေးများထံမှ ကိရိယာတန်ဆာပလာများ သိမ်းဆည်းသည့် သေတ္တာကို တောင်းလိုက်ပြီးနောက် တူကိုကိုင်၍ မှန်အနီးသို့ လျှောက်လာခဲ့သည်။

မှန်ထဲမှ ကိုယ့်ပုံကိုယ် မြင်လိုက်ရပြီးနောက် သူအနည်းငယ် အံ့ဩသွားမိသည်။

မှန်ထဲမှ သူ၏ ပုံရိပ်က အလင်းရောင်ဖျော့ဖျော့ကြောင့် မျက်နှာပေါ်မှ အရေးအကြောင်းများ၊ အသားအရေ မညီမညာဖြစ်မှုများ ပျောက်ကွယ်သွားသယောင် ဖြစ်နေပြီး သူသည်လည်း ပို၍ ချောမောခန့်ညားနေသည်ဟု ခံစားရစေသည်။

ဤလူကြည့်မှန်ကြီးသည်က အင်မတန်ဈေးကြီးလိမ့်မည်ဟုလည်း တွေးလိုက်မိသည်။

ခေတ္တမျှ တွေဝေသွားပြီးနောက် အရာရှိကျောင်း တူကို မြှောက်၍ မှန်ကြီးအား ရိုက်ခွဲပစ်လိုက်လေသည်။

မှန်မျက်နှာပြင်တစ်ခုလုံးတွင် ပင့်ကူအိမ်သဖွယ် အက်ကွဲရာများ ပေါ်လာခဲ့ပြီးနောက် တဖြည်းဖြည်း အက်ကွဲလာခဲ့သည်။

မှန်အကွဲအစငယ်လေးများသည်လည်း ဘေစင်အတွင်းသို့ ကျကုန်သည်။

အရာရှိကျောင်း နောက်ထပ် အကြိမ်အနည်းငယ် ထပ်ရိုက်လိုက်ပြီးချိန်တွင် မှန်ကွဲစများ ပြိုကျလာခဲ့ပြီး နောက်ကွယ်မှ အဖြူရောင်နံရံ ပေါ်လာခဲ့သည်။

မည်သို့သော ပြောင်းလဲမှု၊ ထူးခြားမှုတစ်စုံတစ်ရာ မတွေ့ရကြောင်း ပြောဆိုရန် ပါးစပ်ဟလိုက်သည့်အချိန်မှာပင် အနံ့တစ်ခုက သူ့၏နှာခေါင်းအတွင်းသို့ တိုးဝင်လာခဲ့သည်။

နှစ်ပေါင်းများစွာ ပုတ်သိုးနေခဲ့သော အရာတစ်ခုကဲ့သို့ပင်။ အနံ့က ဆိုးဝါးလွန်းသည်။

သူတို့ အိပ်ခန်းအတွင်းသို့ စတင်ဝင်ရောက်ခဲ့စဉ်ကလည်း ထိုအနံ့အား ရုတ်တရက် ရခဲ့သည်။ သို့သော် အခန်းတွင်း လေသန့်သည့် အနံ့များမှ ဖုံးလွှမ်းသွားခဲ့လေသည်။

အနံ့ထွက်ပေါ်လာသည့် နေရာကို ရှာဖွေလိုက်ချိန်တွင် အခန်းထဲတွင် ရခဲ့သည့် ထူးဆန်းသော အနံ့က ရေချိုးခန်းအတွင်းမှ ထွက်နေခြင်းဖြစ်သည်ဟုသာ ထင်ခဲ့မိသည်။

ယခုအချိန်တွင်တော့ သူ၏ အမှားကို သဘောပေါက်သွားခဲ့သည်။

ထိုပြင်းထန်သော အောက်သိုးသိုးအနံ့သည် မှန်ကွဲစများအကြားမှ ထွက်ပေါ်လာနေခြင်းသာဖြစ်ပေသည်။

အနံ့ဆိုးကြောင့် အရာရှိကျောင်းတစ်ယောက် အနည်းငယ် ချောင်းဟန့်လိုက်ပြီးနောက် အသက်အောင့်ထားလိုက်မိသည်။ ထို့နောက် မှန်ကွဲစများအား ဘေးအစွန်များအထိ ပြောင်စင်အောင် တဖြည်းဖြည်း ခွာထုတ်လိုက်လေသည်။

အကြိမ်အနည်းငယ် ခွာထုတ်ပြီးချိန်တွင် သူ၏ ဆံစပ်နေရာခန့် အမြင့်တွင် တူက ရုတ်တရက် အတွင်းသို့ ကျွံဝင်သွားခဲ့ပြီး မှန်အပိုင်းအစတစ်ခုသည်လည်း ပြုတ်ကျလာခဲ့သည်။

အက်ကွဲနေသော မှန်ကြီး၏ နောက်ကွယ်တွင် အပေါက်ငယ်တစ်ခု ပေါ်လာခဲ့သည်။

ဖုန်တစ်ထောင်းထောင်း ထလာခဲ့ပြီးနောက် ပုတ်သိုး၊အော်ဂလီဆန်ဖွယ်ရာ အနံ့တစ်ခုသည်လည်း ထိုအပေါက်အတွင်းမှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ထိုမြင်ကွင်းကို မြင်ရပြီးနောက် အိမ်ငှားမိန်းကလေးများလည်း ပို၍ တုန်လှုပ်သွားခဲ့သည်။

“မှန်… မှန်ရဲ့ အနောက်မှ ဂလိုင်ဖြစ်နေတာပဲ!!”

အရာရှိကျောင်း ခပ်သွက်သွက် လှုပ်ရှားလိုက်ပြီးနောက် မှန်၏ အပေါ်ပိုင်းအား အားသုံးကာ ထုရိုက်လိုက်သည်။ အချိန်ခဏလေးအတွင်းမှာပင် မှန်အပေါ်ပိုင်းတစ်ခုလုံးအား ဖယ်ရှားနိုင်ခဲ့ပြီးနောက် အတွင်းဘက်တွင် ရှိနေခဲ့သော အရာများကလည်း သူတို့အားလုံး၏ မြင်ကွင်းသို့ ပေါ်ထွက်လာခဲ့သည်။

သူ အပေါက်အတွင်းအား အနီးကပ်ကြည့်လိုက်မိချိန်တွင် အလွန်နီးကပ်နေခဲ့သောကြောင့် အပေါက်အတွင်းမှ အရာဖြင့် မျက်နှာချင်းဆိုင် ဖြစ်နေခဲ့သည်။

သူ၏ ရင်ထဲတွင် ‘ထိတ်’ခနဲ ဖြစ်သွားခဲ့ရသောကြောင့် ခြေတစ်လှမ်းနောက်ဆုတ်လိုက်မိကာ ဘေစင်ကောင်တာကို လက်ဖြင့် အားပြု၍ ထောက်လိုက်မိလေသည်။

ထို့ကြောင့် ချွန်မြသည့် ဖန်ကွဲစငယ်တစ်ခုက သူ၏ လက်ဖဝါးအတွင်းသို့ စိုက်ဝင်သွားခဲ့သည်။

“ဒါ.. ဒါက!?”

“အား!!!!”

ကြောက်လန့်နေသော မိန်းကလေးများထံမှ အော်ဟစ်သံများသည်လည်း အတားအဆီးမဲ့စွာ ထွက်ပေါ်လာခဲ့သည်။

မှန်ကြီး၏ နောက်ကွယ်မှ လျှို့ဝှက်ချက်သည်က သူတို့ တွေးပင် တွေးမထားခဲ့ဖူးသော အရာတစ်ခုဖြစ်သည်။

မှန်၏ နောက်ကွယ်မှ နံရံက နေရာအများစုမှာ အုတ်နံရံထုကြီးသာ ဖြစ်နေခဲ့သည်။

သို့သော် မှန်၏ အပေါ်ပိုင်း၊ မိန်းကလေးများ၏ ဦးခေါင်းထက် အနည်းငယ်ပိုမြင့်သော နေရာမှ နံရံက အခေါင်းပေါက်ကြီးဖြစ်နေခဲ့သည်။

နံရံထဲတွင် လေးထောင့်ပုံသဏ္ဍာန်ထွင်းထုတ်ထားခဲ့ပြီး အကျယ်နှင့် အနံမှာ (၂၀)စင်တီမီတာမှ (၃၀)စင်တီမီတာနီးနီး ရှိသည်။

ထိုဂလိုင်ပေါက်၏ အတွင်း၌ အရာဝတ္ထုများ ရှိနေခဲ့သည်။

ပစ္စည်းများ တင်ထားသော ပန်းကန်ပြားများပင်။

ပန်းကန်ပြားများ၏ နောက်တွင် ထောင်ထားသော ဓာတ်ပုံဘောင်တစ်ခုရှိသည်။

ဂလိုင်ပေါက်က အတွင်းထိ နက်သော်လည်း အပြင်မှ အလင်းရောင်ကြောင့် ဓာတ်ပုံဘောင်အတွင်းမှ ပုံအား မြင်တွေ့နေရသည်။

ထိုသူမှာ ကင်မရာသို့ လှမ်းကြည့်နေပြီး တောက်ပစွာ ပြုံးနေခဲ့သော လူငယ်လေးတစ်ဦး၏ အဖြူအမည်း ဓာတ်ပုံပင်ဖြစ်သည်။

သာမန်အားဖြင့် ကြည့်မည်ဆိုပါက ကောင်လေးက ချောမောသည့် လူငယ်လေးတစ်ဦးဖြစ်သည်။

သို့သော် ထိုဓာတ်ပုံက အသုဘဓာတ်ပုံဖြစ်နေခဲ့သောကြောင့် ယခုအဖြစ်အပျက်မှာ ကျောချမ်းဖွယ်ရာကောင်းနေခဲ့သည်။

ထိုအရာသည်က သူတို့ ငှားရမ်းနေထိုင်သော နေအိမ်တွင်းမှ မှန်ကြီး၏ နောက်ကွယ်တွင် မည်သည့်အချိန်ကတည်းက ရှိနေခြင်းမသိပါဘဲ တိတ်တဆိတ် ပုန်းကွယ်နေခဲ့သည်။

အသစ်ရောက်သည့် အိမ်ငှားနှစ်ဦးလည်း တုန်လှုပ်သွားခဲ့ကြလေ၏။ ယခုတွင်တော့ ဤငှားရမ်းနေသည့် အိမ်တွင် သေချာပေါက်ပြဿနာတစ်ခုခု ရှိနေကြောင်း သဘောပေါက်သွားခဲ့ကြသည်။

အခန်းထဲတွင် အကြာဆုံးနေထိုင်ခဲ့ပြီး နေ့စဉ်နေ့တိုင်း ရေချိုးခန်းထဲတွင် အေးဆေးအချိန်ယူတတ်သော ရှောင်ကောင်းနှင့် ရှောင်ဟဲတို့နှစ်ဦးလုံးသည်လည်း ကြောက်လန့်လွန်း၍ မူးမေ့လဲမတတ်ပင် ဖြစ်သွားကြသည်။

အရာရှိကျောင်းက လက်ဖဝါးမှ ဒဏ်ရာကို သန့်စင်လိုက်ပြီးနောက် သူ၏ မျက်နှာသည်လည်း တည်ငြိမ်နေခဲ့သည်။

“မစ်စ်စွန်း၊ ဒါတွေက ဘာအဓိပ္ပာယ်လဲ?”

စွန်းယွဲ့ယွဲ့ ကနှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး စကားတစ်ခွန်းမျှမဆိုခဲ့ချေ။

ထို့ကြောင့် သူ ကုကျစ်စုန့်ကိုသာ တိုက်ရိုက် မေးခွန်းထုတ်လိုက်သည်။

“မစ်စ်ကု ခုနတုန်းက ပြောခဲ့တဲ့စကားတွေအရ လွန်ခဲ့တဲ့ (၁၀)ရက်တုန်းက ဒီအိမ်ပေါ်ကနေ ပြုတ်ကျခဲ့တဲ့ ကောင်လေး သေဆုံးမှုနဲ့ ဒီရေချိုးခန်းမှန်နောက်က ဓာတ်ပုံနဲ့ ဆက်စပ်နေတာလား”

ကြည့်မှန်ကြီး၏ နောက်ကွယ်မှ အပေါက်မှာ သရဲ ပုန်းအောင်းနေသည့် နေရာဖြစ်နေမည်လား။

ဤဓာတ်ပုံသည် အင်တာနက်ဆယ်လီကောင်လေးအား သေဆုံးစေခဲ့ခြင်းပင်လား။

အရာရှိကျောင်းသာမက အခြားသော လူများသည်လည်း ဖြစ်နိုင်ချေများကို သို့လော၊သို့လော မေးခွန်းထုတ်ရင်း ပိုမိုထိတ်လန့်လာကြသည်။

“သေချာပေါက် ဆက်စပ်နေတာပေါ့”

ကုကျစ်စုန့် စကားစလာသည်။

“ဒါပေမဲ့ ဓာတ်ပုံတစ်ပုံတည်းကတော့ လူမသတ်နိုင်ဘူးလေ.. အရာရှိကျောင်း၊ ခုနတုန်းက ရှင်ရိုက်ခွဲလိုက်တဲ့ မှန်အပေါ်ပိုင်းနဲ့အောက်ပိုင်း၊ မှန်ကွဲစနှစ်ခုကို ယူပြီး ယှဉ်ကြည့်လိုက်ပါ”

အရာရှိကျောင်း: “??? “

အရာရှိကျောင်း ကုကျစ်စုန့်စကားအတိုင်းပင် မှန်ကွဲစနှစ်ခုအား ယူ၍ ယှဉ်ကြည့်လိုက်ချိန်တွင် အမှန်တကယ်ပင် ကွဲပြားနေကြောင်းတွေ့ခဲ့ရသည်။

နံရံနှင့် ကပ်နေသော နေရာမှ မှန်ကွဲစ၏ နောက်တွင် ပြဒါးရောင်ပြန်တစ်ထပ် သုတ်ထားခဲ့သည်။

သို့သော် အခေါင်းပေါက်အား ဖုံးထားသည့် မှန်၏ အပေါ်ပိုင်းတွင် ပြဒါးသုတ်လိမ်းထားခြင်းမရှိချေ။

ဖောက်ထွင်းမြင်နိုင်သော ဖန်ချပ်ပါးတစ်ခုအား အပြင်ဘက်တွင် မှန်ဟု ထင်ရစေအောင် ရောင်ပြန်ဆေးပါးပါး သုတ်လိမ်းထားခြင်းသာဖြစ်သည်။

အောက်ခြေပိုင်းမှ နံရံအား ကပ်ထားသည့်မှန်မှာ တစ်ဖက်မြင်မှန်ဖြစ်အေသည်။

သို့သော် အခေါင်းပေါက်အား ဖုံးထားသည့် မှန်အပေါ်ပိုင်းက နှစ်ဖက်မြင်မှန်ဖြစ်နေခဲ့သည်။

အပြင်ဘက်မှ ဖြတ်ခနဲကြည့်ပါက အတွင်းသို့ မမြင်နိုင်ပေ။

သို့သော် အတွင်း၌ ကင်မရာတစ်ခု သို့မဟုတ် လူတစ်ယောက် ပုန်းအောင်းနေခဲ့ပါက မှန်မှတဆင့် ရေချိုးခန်းအတွင်းသို့ ဖောက်ထွင်းမြင်နိုင်မည်ဖြစ်ကာ မှန်ရှေ့မှ မိန်းမငယ်လေးများအား စောင့်ကြည့်နေနိုင်လိမ့်မည်ဖြစ်သည်။

အရာရှိကျောင်းက မှန်ကို လက်ချောင်းဖြင့် အသာဖိကြည့်လိုက်မိချိန်တွင် အပေါက်နေရာအား ဖုံးထားသည့် မှန်နှင့် သူ၏ လက်ချောင်းပုံရိပ်ကြားတွင် မည်သို့သော အကွာအဝေးကိုမျှ မမြင်ရပေ။

(TN: အင်တာနက်ပေါ်မှာ မှန်ကို တစ်ဖက်မြင်၊ နှစ်ဖက်မြင်ခွဲလို့ရအောင် လက်ညိုးနဲ့ ထောက်ပြီး မှန်ထဲက လက်ကို ကြည့်တဲ့ နည်းပါ)

သူကဲ့သို့ ယောင်္ကျားရင့်မာကြီးတစ်ဦးပင် ကျောရိုးတစ်လျှောက်လုံး ချမ်းစိမ့်သွားခဲ့ရပြီး အသုဘဓာတ်ပုံသည်လည်း ပို၍ပင် ခြောက်ခြားဖွယ်ကောင်းလာခဲ့သည်။

ဓာတ်ပုံတွင်းမှ လူငယ်လေးသည်က နံရံအခေါင်းပေါက်အတွင်း၌ တစ်ချိန်လုံး ပုန်းအောင်းနေခဲ့ပြီး အပြင်ဘက်မှ အရာအားလုံးကို စောင့်ကြည့်နေသကဲ့သို့ပင်။

စွန်းယွဲ့ယွဲ့၏ အပြစ်ရှိသော အမူအယာကို မြင်လိုက်ရချိန်ပြီးနောက် ယခုပြဿနာတွင် အိမ်ရှင်မိန်းမငယ်၏ အပြစ်မကင်းကြောင်း သိသာသွားခဲ့သည်။

စိတ်မသက်မသာဖြစ်မှုကို ထိန်းချုပ်လိုက်ရင်း အရာရှိကျောင်းက လက်အိတ်ဝတ်ဆင်လိုက်ပြီးနောက် အပေါက်အတွင်းမှ ဓာတ်ပုံဘောင်နှင့် အခြားပစ္စည်းများကို ထုတ်ယူလိုက်သည်။

ကင်မရာတစ်လုံးတစ်လေမျှ ရှာမတွေ့ခဲ့ချေ။

ကုကျစ်စုန့်: “ဒီမှန်က အဲဒီလိုပုံစံဖြစ်အောင် တမင် ဒီဇိုင်းလုပ်ထားတာလေ”

“မှန်ရဲ့ အပေါ်ပိုင်းနဲ့ အောက်ပိုင်းက မတူဘူး.. မိန်းကလေးအိမ်ငှားတွေရဲ့ အရပ်နဲ့ ကြည့်မယ်ဆိုရင် သူတို့ရဲ့ မျက်လုံးနေရာက နံရံနဲ့ ကပ်နေတဲ့ မှန်အပိုင်းမှာပဲ ရှိလိမ့်မယ်..

သေသေချာချာလုပ်ထားတဲ့ အလင်းမီးတွေနဲ့ တွဲလိုက်တော့ အပေါ်မှာ အပေါက်ဖြစ်နေတာကို သတိထားမိဖို့ ပိုတောင် ခက်သွားလိမ့်မယ်

ဒီတော့ သူတို့တွေ မှန်ကို ကြည့်လိုက်တိုင်း တစ်စုံတစ်ခုက စောင့်ကြည့်နေတယ်ဆိုတာကို သတိမထားမိတော့ဘူးပေါ့”

“ကျွန်မယူဆတာကတော့ သေသွားတဲ့ကောင်လေးက သူ မသေဆုံးခင်မှာ ဒီရေချိုးခန်းထဲကို ဝင်ခဲ့လိမ့်မယ်

နောက်ပြီး ဒီမှန်ရဲ့ လျှို့ဝှက်ချက်ကို မတော်တဆ ရှာတွေ့သွားခဲ့ပြီး အဲဒီလို ရှာတွေ့တာကြောင့်လည်း အသတ်ခံခဲ့ရတာပဲ”

ထိုစကားကို ကြားရပြီးနောက် မှန်နောက်မှ အသုဘဓာတ်ပုံကြောင့် ကြောက်လန့်အသံတိတ်နေခဲ့သည့် ယွမ်ယွင်ဖန် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားခဲ့သည်။

“ကုတောက်ကျန့် ကျွန်မ အခုမှ မှတ်မိတယ်! ပြီးခဲ့တဲ့ လဝက်လောက်တုန်းက အပြင်ဘက်ရေချိုးခန်းထဲက ရေပန်းခေါင်းက ပျက်သွားတာလေ

ရှောင်ဝူက စွန်းယွဲ့ယွဲ့ကို ဆက်သွယ်လိုက်တော့ သူက ရေသမားတစ်ယောက် လွှတ်ပေးမယ်လို့ ပြောခဲ့တယ်၊ ဒါနဲ့ နှစ်ရက်လောက်တော့ ရှောင်ဝူက ကျွန်မတို့ အပြင်သွားနေတဲ့အချိန်ဆိုရင် ဒီအခန်းထဲက ရေချိုးခန်းကို သုံးခဲ့တာ”

*

All Chapters