မှန်နောက်ကွယ်က ပုံတူနှင့် ဓာတ်ပုံများ၏ ပြာ(2)
Vol. 46 Ch. 460
ယွမ်ယွင်ဖန်၏ စကားအရ အမျိုးသားအခန်းဖော်တစ်ဦးရှိ၍ ရေချိုးခန်းအသုံးပြုရာတွင် အနည်းငယ် ဒုက္ခရောက်ခဲ့သည်။
အဆောင်တွင် ရေချိုးခန်း နှစ်ခန်းရှိပေသည်။ မာစတာအိပ်ခန်းအတွင်း၌ တစ်ခန်းရှိပြီး ဧည့်ခန်းတွင် တစ်ခန်းရှိသည်။
မာစတာအိပ်ခန်းတွင်းမှ ရေချိုးခန်းသည် သေသေချာချာအလှဆင်ထားပြီး ကိုယ်လုံးပေါ်မှန်လည်း ရှိပြီး ရေစိမ်ကန်လည်း ရှိသောကြောင့် မိန်းကလေးများက ထိုအခန်းအား အသုံးပြုကြသည်။
အမျိုးသားအခန်းဖော် ရှောင်ဝူသည်ကတော့ အပြင်ဘက်မှ ရေချိုးခန်းကိုသာ အသုံးပြုပြီး ထိုအခန်းကို ညရေးညတာတွင်သာ အခြားမိန်းကလေးများ သုံးတတ်ကြသည်။
အပြင်ဘက်ရေချိုးခန်းမှ ရေပန်းပျက်သွားချိန်မှာ ရှောင်ဝူပြုတ်ကျသည့်ရက်ပိုင်းဖြင့် တူညီနေခဲ့သည်။
သူသည်က ထိုနှစ်ရက်တွင် မာစတာအိပ်ခန်းတွင်းမှ ရေချိုးခန်းအား အသုံးပြုနေခဲ့ခြင်းဖြစ်သောကြောင့် စောင့်ကြည့်ကင်မရာမှတ်တမ်းတွင် မာစတာအိပ်ခန်းရှိသည့်နေရာမှ ထွက်လာခဲ့ခြင်းသာဖြစ်ပေသည်။
ရှောင်ကောင်း၏ မျက်နှာတစ်ခုလုံး သွေးဆုတ်သွားခဲ့သည်။
“ဝူကောကော မတော်တဆဖြစ်ပြီးနောက် ကျွန်မတို့လည်း အဲဒီရေချိုးခန်းပြင်တာကို မေ့သွားကြတာ
နောက်ထပ်အိမ်ငှားတွေ ပြောင်းလာပြီးမှပဲ ပြင်တဲ့သူ ရောက်လာခဲ့တာလေ”
ကုကျစ်စုန့် အခန်းဖော်များ၏ ပြောပြချက်များကို နားထောင်နေရင်း ဟောပြောခြင်းကတ်များမှ နောက်ထပ်နှစ်ကတ်အား ဆွဲထုတ်လိုက်သည်။
ယခုတစ်ကြိမ်တွင်တော့ ကတ်များ၏ အဖြေသည်က အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
အဖြစ်မှန်သည်လည်း တဖြည်းဖြည်း ပေါ်ပေါက်လာခဲ့သည်။
“ဒီတော့ အိမ်ငှားကောင်လေးက အဲဒီနေ့က ဒီရေချိုးခန်းကို ငှားသုံးခဲ့တယ် ကျွန်မရဲ့ တွက်ချက်မှုသာ မှန်တယ်ဆိုရင် ဒီကောင်လေးက အရပ် ၁၈၀စင်တီမီတာကျော် ရှည်လိမ့်မယ်
ဒီတော့ သူ့ရဲ့ မျက်လုံးနေရာကလည်း နံရံနောက်က အပေါက်ရဲ့ အစွန်းနီးနီးလောက်မှာ ဖြစ်လိမ့်မယ်”
“သူ အဲဒါကို ရှာတွေ့သွားခဲ့တာပဲ”
မှန်ကြည့်နေသည့်အချိန်တွင်ဖြစ်စေ၊ မှန်တွင် အခိုးရိုက်နေသည်များကို သုတ်နေခဲ့သည့်အချိန်တွင်ဖြစ်စေ အိမ်ငှားကောင်လေးသည်က မှန်၏ ထူးဆန်းနေသော အချက်ကို သတိပြုမိခဲ့ပြီး မှန်၏ အပေါ်ပိုင်းသည် နှစ်ဖက်မြင်မှန်ဖြစ်နေကြောင်းကို ရှာတွေ့ခဲ့ခြင်းဖြစ်သည်။
မှန်၏ နောက်တွင် တစ်စုံတစ်ရာရှိနေလိမ့်မည်ဟု သူ သံသယဝင်မိသည်။
ကင်မရာတစ်လုံးပင် ရှိနေနိုင်သည်။
အိမ်ငှားကောင်လေးက အခန်းဖော်ကောင်မလေးများနှင့် ခင်မင်ရင်းနှီးသောကြောင့် စွန်းယွဲ့ယွဲ့ထံသို့ ဖုန်းဆက်ကာ မှန်၏ နောက်တွင် တစ်စုံတစ်ရာရှိနေသည်လားဟု မေးခွန်းထုတ်ခဲ့လိမ့်မည်။
ထိုမေးခွန်းထုတ်ခြင်းကြောင့်ပင် စွန်းယွဲ့ယွဲ့ စိတ်ပူသွားခဲ့ရသည်။
မှန်နောက်တွင် ဖုံးကွယ်ထားသော အသုဘဓာတ်ပုံကို ရှာတွေ့သွားမည်အား စိုးရိမ်မိသောကြောင့် နည်းလမ်းတချို့အား အသုံးပြု၍ အိမ်ငှားကောင်လေးကို အပြီးအပိုင် နှုတ်ပိတ်လိုက်ခြင်းပင်။
အဓိပ္ပာယ်မှာ အသုဘဓာတ်ပုံအား ဆက်၍ ပုန်းဝှက်ထားနိုင်ရန်အတွက် စွန်းယွဲ့ယွဲ့သည်က လူသတ်ရန် ဝန်မလေးခဲ့ချေ။
တစ်ချိန်တည်းမှာပင် တခြားသော ပန်းကန်ပြားများပေါ်မှ ပစ္စည်းများကိုလည်း စစ်ဆေးကြည့်ခဲ့ကြသည်။
“အရာရှိကျောင်း မစ်စ်ကု.. ဒီပန်းကန်တွေပေါ်က ပစ္စည်းတွေက ပြာချထားတဲ့ ဖလင်တွေပါ.. တချို့ပုံတွေက မီးအကုန်မလောင်သေးလို့ အရောင်တောင် နည်းနည်း ကျန်နေပါသေးတယ်”
“ဒါက ဓာတ်ပုံအကြွင်းအကျန်တွေပဲ ဖြစ်ပါလိမ့်မယ်”
တစ်ဖက်မြင်နှင့် နှစ်ဖက်မြင်မှန်များ၊ တိုက်ပေါ်မှ ထူးဆန်းစွာ ပြုတ်ကျသေဆုံးခဲ့ရသည့် အမျိုးသားအင်တာနက်ဆယ်လီတစ်ဦး၊ မှန်၏ နောက်ကွယ်တွင် ဝှက်ထားသော အသုဘဓာတ်ပုံတစ်ပုံ..
ဤအိမ်ငယ်လေးထဲတွင် ထူးဆန်းသည့် အဖြစ်အပျက်များ တစ်ခုပြီးတစ်ခု ပေါ်လာနေသောကြောင့် နဂိုက အနည်းငယ်တွေဝေနေသေးသော မိန်းကလေးများသည် ဤအိမ်တွင် ပြဿနာရှိနေကြောင်း၊ စွန်းယွဲ့ယွဲ့သည် အင်မတန် မသင်္ကာဖွယ်ကောင်းကြောင်း တထစ်ချ ယုံကြည်သွားခဲ့သည်။
အိမ်ငှားအသစ်နှစ်ဦးမှာ ကံဆိုးမည်ကို စိုးရိမ်၍ အသုဘဓာတ်ပုံအား စေ့စေ့ပင် မကြည့်ရဲကြ။
တစ်ချိန်တည်းမှာပင် ငွေချွေတာနိုင်ရန်အတွက် ဤသရဲခြောက်သည့်အိမ်အား ငှားရမ်းခဲ့မိသော ကိုယ့်ကိုကိုယ် နောင်တရ၍ မဆုံးဖြစ်နေခဲ့သည်။
ဈေးပေါသည့် အရာတိုင်းကလည်း ကောင်းသည်မဟုတ်ပါချေ။
ယခင်ကတည်းက နေထိုင်ခဲ့သော သုံးဦးမှာတော့ ယူကျုံးမရဖြစ်နေခဲ့သည်။
အချိန်အကြာဆုံးနေထိုင်ခဲ့သူနှစ်ဦးမှာ ရှစ်လကျော် နေထိုင်ခဲ့ပြီးဖြစ်ကာ နောက်ဆုံးငှားရမ်းသူဖြစ်သည့် ယွမ်ယွင်ဖန်ပင် နေထိုင်ခဲ့သည်မှာ လေးလကျော်နေပြီဖြစ်သည်။
ထိုအချိန်ပိုင်းတွင် သူမသည်က ဤမှန်ကြီး၏ ရှေ့တွင် အကြိမ်ပေါင်းများစွာ ရေချိုး၊ အဝတ်အစားလဲခဲ့ဖူးသည်။
ရံဖန်ရံခါ ရေစိမ်ကန်အတွင်းမှ အဝတ်ဗလာဖြင့် ထွက်လာခဲ့ပြီး ဤမှန်ရှေ့တွင် အဝတ်အစား ဝတ်ခဲ့ဖူးသည်။
ထိုအချိန်တိုင်းတွင် သူမတို့က မှန်၏ နောက်ကွယ်မှ အပေါက်အား မျက်နှာမူနေခဲ့ပြီး ပြုံးနေသော ဓာတ်ပုံ၏ အကြည့်ခံနေခဲ့ရသည်။
စိတ်ပိုင်းဆိုင်ရာ သည်းခံနိုင်စွမ်းမရှိသည့် ရှောင်ဟဲက ချက်ချင်း စွန်းယွဲ့ယွဲ့ထံသို့ ပြေးသွားခဲ့ပြီးနောက် သူမအား အားပြင်းပြင်းဖြင့် တွန်းလိုက်မိသည်။
“နင် ဘာလို့ ငါတို့ကို ဒီလိုတွေ လုပ်ရတာလဲ? ပြောစမ်းပါ!”
သူမ၏ဘေးမှ ရဲအရာရှိ အဆောတလျင် တားဆီးလိုက်ပြီးနောက် ပြဿနာမဖြစ်စေရန် အသာဆွဲထားခဲ့ရသည်။
စွန်းယွဲ့ယွဲ့၏ သေသေချာချာပြင်ဆင်ဖြီးလိမ်းထားသော ဆံပင်များ ရှုပ်ပွသွားခဲ့ပြီး မျက်နှာသည်လည်း ရှက်ဒေါသစိတ်ကြောင့် နီမြန်းနေခဲ့သည်။
ထို့နောက် ရှောင်ဟဲအား အေးစက်စွာ ကြည့်လိုက်သည်။
စွန်းယွဲ့ယွဲ့နှုတ်ဆိတ်နေခဲ့သော်ငြား နယ်မြေခံရဲစခန်းမှ ရဲအရာရှိများက အလျင်အမြန် လှုပ်ရှား၍ သူမနှင့် သက်ဆိုင်သော အချက်အလက်များကို ရှာဖွေခဲ့ကြသည်။
ထို့နောက် အရာရှိကျောင်းနှင့် ကုကျစ်စုန့်တို့ထံသို့ ပို့ပေးခဲ့ကြသည်။
အချက်အလက်များကို ကြည့်လိုက်ပြီးနောက် အရာရှိကျောင်း စကားစ၍ ပြောလိုက်သည်။
“မစ်စ်စွန်း၊ မင်း ဒီအိမ်ငှားတွေကို ပေးခဲ့တဲ့ နာမည်က မင်းရဲ့ နာမည်အရင်းမဟုတ်ဘူး.. ပြီးတော့ မင်းက မိတ်ကပ်စတူဒီယိုဖွင့်ထားတဲ့ ကိုယ်ပိုင်လုပ်ငန်းပိုင်ရှင်လည်း မဟုတ်ဘူး မင်းက သူတို့ကို တစ်ချိန်လုံး လိမ်ထားခဲ့တာပဲ”
“မင်းရဲ့ မျိုးရိုးနာမည်က စွန်း၊ နာမည်အရင်းက ယွဲ့.. မင်းက မင်ဟောင်နည်းပညာဂရုရဲ့ ပိုင်ရှင် စွန်းချွမ်ဖာရဲ့ သမီးပဲ”
“အခုအချိန်မှာ မင်းဘယ်လိုပဲ ကာကွယ်ပြောနေပါစေ၊ သံသယကို ဖြေရှင်းလို့ မရတော့ပါဘူး.. အပြစ်ကို ဝန်ခံလိုက်တာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်”
ရဲအရာရှိများထံတွင် ဖမ်းဆီးထားခံရသော စွန်းယွဲ့ယွဲ့၏ မျက်နှာမှ နူးညံ့ကြင်နာခြင်း၊ ဉာဏ်ပညာရှိခြင်း မျက်နှာဖုံးများက အလုံးစုံ ကွာချသွားခဲ့သည်။
သူမ၏ ဖြူဖျော့လှပသော မျက်နှာတွင် သွေးအေးရက်စက်သည့် အမူအယာပေါ်လာခဲ့သည်။ အကြည့်များသည်လည်း ကြောက်လန့်တုန်လှုပ်နေသော၊ ဒေါသထွက်နေသော အိမ်ငှားများအား တစ်ချက်ဝေ့ကာ ကြည့်လိုက်ပြီးနောက် ယွမ်ယွင်ဖန်အား စိုက်ကြည့်လိုက်သည်။
“ငါ နင့်ကို အစကတည်းက လွှတ်မပေးဘဲ နေလိုက်ရမှာ”
ခေတ္တမျှ သနားစိတ်ပေါ်သွားခဲ့ခြင်းကြောင့်သာ ထိုကောင်မလေးအား သူမ ထွက်သွားခွင့်မပြုခဲ့ပါက ကုကျစ်စုန့်နှင့် ရဲအရာရှိများသည်လည်း တိုက်ရိုက်ထုတ်လွှင့်မှုမှတဆင့် ဤနေရာသို့ ရောက်လာလိမ့်မည်မဟုတ်ချေ။
ယွမ်ယွင်ဖန်သည်လည်း သူမအား မုန်းတီးစွာ စူးစိုက်ကြည့်နေသည့် မျက်ဝန်းများကြောင့် တုန်ရီနေခဲ့ပြီး လက်ထဲမှ ဖုန်းအား ကျစ်ကျစ်ပါအောင် ဆုတ်ထားခဲ့မိသည်။
ထိုမြင်ကွင်းအား တိုက်ရိုက်ထုတ်လွှင့်မှုတွင် အတိုင်းသား မြင်နေခဲ့ရပြီး ကြည့်ရှုသူများထံမှလည်း အပြစ်တင်ပြောဆိုမှုများ ထွက်လာခဲ့သည်။
[အခုလိုမျိုး ဘေးကျပ်နံကျပ်ဖြစ်နေတာတောင်မှ အကူအညီတောင်းတဲ့သူကို ခြိမ်းခြောက်ချင်သေးတယ်၊ ဒီလောက်လှတဲ့ မျက်နှာမျိုးက နင့်အပေါ်မှာတော့ နှမြောစရာပဲ]
[စွန်းယွဲ့ယွဲ့မျက်လုံးကြီးက ကြောက်စရာကြီး၊ ငါတောင် လန့်သွားတယ်.. သူက တော်တော်လေးကို အငြိုးကြီးတယ်လို့ မထင်ရဘူးလား?]
[ငါသာ အိမ်ငှားကောင်မလေးတွေနေရာမှာဆိုရင် ဆိုပြီးတွေးကြည့်တာတောင် ကြောက်ဖို့၊ ရွံဖို့ ကောင်းတယ်
အဲဒီဓာတ်ပုံက အသုဘပုံကြီးလေ သင်္ချိုင်းကုန်းမှာတို့၊ အိမ်မှာ အမွှေးတိုင်ထွန်းဖို့တို့ ထားတဲ့ ဓာတ်ပုံမျိုးလေ၊ အဲဒါမျိုးကို ရေချိုးခန်းထဲက မှန်နောက်မှာ ထည့်ထားပြီး မှန်နောက်ကနေ နေ့နေ့ညည စောင့်ကြည့်နေတာကြီးကတော့ ထူးဆန်းလွန်းတယ်]
[ဒါသေချာပေါက် တစ်ခုခုတော့ ရှိကိုရှိရမယ်!]
“မစ်စ်စွန်းက မပြောသေးဘူးဆိုတော့လဲ ကျွန်မပဲ ကူပြောပေးပါ့မယ်”
တိုက်ရိုက်ထုတ်လွှင့်နေသည့် ကင်မရာ၏ နောက်ကွယ်မှ အိမ်နေရင်းဝတ်စုံ ဖြူလွလွအား ဝတ်ဆင်ထားသည့် မိန်းကလေးက တည်ငြိမ်စွာ ပြောလိုက်သည်။
သူမက မေးစေ့အား လက်တစ်ဖက်ဖြင့် ထောက်ထားခဲ့ပြီး အဖြူရောင်ဆွယ်တာ၏ အင်္ကျီလက်သည်လညား လျှောကျနေခဲ့သောကြောင့် ဖြူဥနေသည့် လက်ကောက်ဝတ်အား မြင်တွေ့နေရသည်။
“ရှင်က အရမ်းကို သတိကြီးပြီး ဉာဏ်ပြေးတဲ့သူပဲ ၊ အိုင်ဒီကဒ်ပေါ်က နာမည်ကိုလည်း ပြောင်းထားတယ်၊ ရှင့်ရဲ့ မွေးရက်ကိုလည်း အထူးနည်းလမ်းသုံးပြီး ပြောင်းခိုင်းထားခဲ့တယ်
ရှင့်ရဲ့ ကံကြမ္မာကို ပြောင်းလဲပြီးတော့ အခြားလူတွေ ဝင်ပြီး စပ်စုလို့ မရအောင် ကြိုးစားပြီး လုပ်ခဲ့တယ် ဒါပေမဲ့လေ အဲဒီနည်းလမ်းက….”
ကုကျစ်စုန့် ခေတ္တရပ်လိုက်ပြီးနောက် အလှဆုံး ပြုံးပြလိုက်သည်။
“… ကျွန်မအတွက်တော့ အသုံးမဝင်ဘူး”
ထို့နောက် ရှေးဟောင်းအကြွေစေ့များကို ပစ်ကျဲလိုက်ပြီး အဖြေအား ဖတ်လိုက်သည်။
“တစိတ်တပိုင်းအစီအရင်က နန်းတော်ကို အပိုင်သိမ်းခဲ့ပြီး လူသတ်သမား ခုနှစ်ဦးက အားနည်းနေတယ်”
“ရှင့်ကို မွေးဖွားခဲ့တဲ့သူတွေက ရှင်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးမရှိဘူး တစ်ချိန်တည်းမှာပင် ရှင့်ကို ဖိနှိပ်ထားခဲ့တဲ့သူ၊ ရှင့်ဘဝမှာ အကြီးမားဆုံး စိတ်ဒဏ်ရာရစေခဲ့ပြီး စိတ်ဓာတ်ကျစေခဲ့တာလဲ သူပဲ”
စွန်းယွဲ့၏ မျက်လုံးများ တုန်ရီသွားခဲ့ပြီးနောက် တစ်စုံတစ်ခုအား သတိရသွားဟန်ပေါ်သည်။
“မစ်စ်စွန်းက ငွေကြေးချမ်းသာတဲ့ မိသားစုမှာ မွေးဖွားခဲ့တာပဲ၊ ရှင့်မိဘနှစ်ပါးလုံးက မိသားစုစီးပွားရေးကို ကိုယ်စီ ဆက်ခံခဲ့ကြတယ်
သူတို့က အစတုန်းကတော့ တစ်ယောက်နဲ့ တစ်ယောက် ချစ်ခဲ့ကြမှာပါ၊ ဒါပေမယ့် အချိန်ကြာလာတော့ ဒီမပြည့်စုံတဲ့ အိမ်ထောင်ရေး၊ မပြည့်စုံတဲ့ အိမ်ထောင်ဖက်ကို စိတ်ကုန်လာကြတယ်
သူတို့နှစ်ယောက်လုံး ဖောက်ပြန်ခဲ့ပြီး တခြားလူတွေနဲ့ ကိုယ်ပိုင် မိသားစု တည်ထောင်ခဲ့ကြတယ်”
“နောက်ဆုံးမှာတော့ ရှင် အသက် ရှစ်နှစ်အရွယ်မှာ ကွာရှင်းခဲ့ကြတယ်”
“ရှင့်ရဲ့ အမေက အဲဒီတုန်းက ချစ်သူလည်း ရှိပြီး ကိုယ်ဝန်လည်း ရှိနေတော့ ရှင့်ကို အလုပ်ရှုပ်တယ်လို့ သဘောထားခဲ့တယ်၊
ပြီးတော့ ရှင့်ကို မပျိုးထောင်ချင်ခဲ့ဘူး ၊ ဒါကြောင့်ပဲ စွန်းမိသားစုနဲ့ နေပြီး အဖေဖြစ်သူနဲ့ ကြီးပြင်းခဲ့ရတာပဲ”
“ဒါပေမဲ့ ရှင့်ကို ပိုပြီး ရင်ကွဲစေခဲ့တာက ရှင့်အဖေက သိပ်မကြာခင်မှာပဲ ကောင်လေးတစ်ယောက်ကို ခေါ်လာခဲ့ပြီး အဲ့ကောင်လေးက ရှင့်ရဲ့ မောင်လေးလို့ ပြောခဲ့တယ်လေ”
“ကောင်လေးက ရှင့်ထက် နှစ်နှစ်ပဲ ငယ်တယ်”
*