သင်္ချိုင်းတူးဖော်ခြင်းနှင့် အလောင်းတူးဖော်ခြင်း + မှော်ဆန်သော ဆက်စပ်မှုများ (1)
Vol. 47 Ch. 461
စွန်းယွဲ့၏ အချက်အလက်များကို ရဲစခန်းမှ ရပြီးနောက် ကုကျစ်စုန့် စစ်ဆေးလိုက်ချိန်တွင် သူမ၏ ကံကြမ္မာသည် ပြောင်းလဲထားကြောင်း သိလိုက်ရသည်။
သူမ၏ မျက်နှာပုံစံနှင့် နန်းတော်နေရာများသည်က မသိမသာ ပြောင်းလဲသွားခဲ့သောကြောင့် ငွေကြေးချမ်းသာမှုနှင့် အနာဂတ်တို့တွင်လည်း ပြောင်းလဲသွားခဲ့သည်။
သူမ၏ မူလမွေးရက်အရ ‘မွေးဖွားပေးခဲ့သူ’ဆိုသော အမှတ်တံဆိပ်များက အားလျော့နေခဲ့သောကြောင့် သူမသည်က မိဘနှစ်ပါးနှင့် ဆက်ဆံရေးမရှိသလောက်ပင် ဖြစ်ကြောင်း သိရှိနိုင်သည်။
ဇနီးမောင်နှံနှစ်ဦးလုံးက မတည်မြဲသော အိမ်ထောင်ရေး၏ ရလဒ်ဖြစ်သည့် စွန်းယွဲ့အား သံယောဇဉ်မရှိကြချေ။
သူတို့လမ်းခွဲချိန်မှာပင် ထိုကလေးငယ်အား ပြုစုပျိုးထောင်ချင်စိတ်မရှိခဲ့ကြပေ။
“အဲဒီကောင်လေး စွန်းမိသားစုကို ရောက်လာပြီး မကြာပါဘူး၊ တစ်အိမ်လုံးရဲ့ အချစ်တော်ဖြစ်လာခဲ့ပြီး ရှင်ကတော့ စွန်းမိသားစုရဲ့ အရေးမပါတဲ့ မိသားစုဝင်၊ အပယ်ခံဖြစ်ခဲ့ရတယ်”
“ရှင့်ရဲ့ မူလဘဝလမ်းကြောင်းအတိုင်းသာ ဆက်သွားမယ်ဆိုရင်တော့ ရှင်က ဖခင်ဖြစ်သူရဲ့ စီစဉ်မှုအရ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ရဲ့ သားနဲ့ လက်ထပ်ရလိမ့်မယ်
အဲ့ဒီအိမ်ထောင်ရေးမှာ ရှင်ပျော်သည်ဖြစ်စေ၊ မပျော်သည်ဖြစ်စေ စားဝတ်နေရေးအတွက်ကတော့ စိတ်ပူစရာလိုမှာမဟုတ်ဘူး”
သူမ၏ အကြမ်းဖျင်းပြောဆိုချက်ကြောင့် စွန်းယွဲ့၏ စိတ်ထဲတွင် ကိုယ်တိုင်၏ ကံကြမ္မာအား အသံတိတ် လက်ခံခဲ့ပြီး သူများမိသားစုအတွင်းသို့ လက်ထပ်ရန် ဆုံးဖြတ်ခဲ့သည့် မိန်းမငယ်လေးတစ်ဦး၏ပုံရိပ်တို့ ပေါ်လာခဲ့သည်။
စွန်းယွဲ့၏ မျက်နှာအမူအယာက သုန်မှုန်နေခဲ့ပြီး တင်းတင်းဆုတ်ထားသည့် လက်သီးများမှာလည်း အနည်းငယ် တုန်ယင်နေခဲ့သည်။
ထိုဘဝမှာ သူမရွေးချယ်ခဲ့ရသော လမ်းကြောင်းဖြစ်ကြောင်းကို ရင်ထဲတွင် သိနေခဲ့သည်။
“ဘယ်အချိန်မှာ ပြောင်းလဲသွားတာလဲဆိုတော့ ရှင် အသက် (၂၁)နှစ်ပြည့်တဲ့နှစ် နွေရာသီကပဲ”
“ရှင့်မိသားစုရဲ့ ကံကြမ္မာနန်းတော်အရ ရှင်နဲ့ အဖေတူအမေကွဲ မောင်ရဲ့ကြားက ဆက်သွယ်ချက်က လွန်ခဲ့တဲ့ (၆)နှစ်လောက်တုန်းက ရုတ်တရက် ပြတ်သွားခဲ့တယ် ၊
ပြီးတော့ ရှင့်အဖေရဲ့ ခန္ဓာကိုယ်မှာလည်း ချို့ယွင်းချက်ပေါ်လာခဲ့တယ်”
“သူတို့ ကားအက်ဆီးဒင့်ဖြစ်ခဲ့တာပဲ”
မူလက တည်ငြိမ်နေခဲ့သော စွန်းယွဲ့၏ စိတ်သည် ထိုအတိတ်မှ မှတ်ဉာဏ်များကြောင့် ပြန်လည်သွေးဆူလာခဲ့ပြီး ဒေါသတကြီး ပြောဆိုခဲ့သည်။
“အဲဒါ ဝဋ်လည်တာလေ!”
“ပြီးတော့ သူတို့က ငါ့မိသားစုမဟုတ်ဘူး ငါ့မှာ ဘာမောင်မှ မရှိဘူး”
အရာရှိကျောင်း အသံတိတ်၍ နားထောင်နေခဲ့သည်။ သူ့လက်ထဲမှ မှတ်တမ်းတွင်လည်း စွန်းယွဲ့တွင် စွန်းမင်ဟောင်ဆိုသော အဖေတူအမေကွဲမောင်တစ်ဦး ရှိခဲ့သည်ဟု ရေးထားခဲ့သည်။
စွန်းမိသားစု၏ ‘မင်ဟောင်နည်းပညာကုမ္ပဏီ’။
စွန်းမိသားစုက မည်သည့်ကလေးကို ပိုချစ်ကြောင်း ထင်ရှားလွန်းသည်။
သို့သော် ထိုကောင်လေးမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာက သေဆုံးသွားခဲ့ပြီဖြစ်သည်။
ထိုနှစ်က မတော်တဆမှုဖိုင်များကို ကြည့်လိုက်ပြီးနောက် အရာရှိကျောင်း အကြမ်းဖျင်းမျှ နားလည်ခဲ့ပြီးဖြစ်သည်။
လွန်ခဲ့သော (၆)နှစ်ခန့်က အသက် (၂၁)နှစ်အရွယ် စွန်းယွဲ့မှာ ဆရာအတတ်သင် သင်တန်းကျောင်းကောင်းကောင်းတစ်ခုတွင် တက်နေခဲ့သည်။
သူမ၏ တရားမဝင်မောင်ဖြစ်သူက အသက် (၁၈)နှစ်အရွယ်ဖြစ်ပေသည်။ သူသည်က မိသားစုအဆက်အသွယ်များ၊ တခြားနည်းလမ်းများကို အသုံးချ၍ သာမန် ဒုတိယအဆင့် စီးပွားရေးကျောင်းတစ်ခုကိုသာ တက်ရောက်နိုင်ခဲ့သည်။
မတူညီသော သူတို့နှစ်ဦး၏ ပညာရေးရွေးချယ်မှုများအရ စွန်းချွမ်ဖာက မိသားစုကုမ္ပဏီရှယ်ယာများအား တရားမဝင်သားဖြစ်သူကိုသာ ပေးရန် ဆုံးဖြတ်ထားကြောင်း သိသာထင်ရှားနေခဲ့သည်။
စွန်းမင်ဟောင်က မိသားစု၏ ဖူးဖူးမှုတ်၊အလိုလိုက်ခံထားရပြီး ငွေကို ရေလို သုံးသူတစ်ဦးဖြစ်သည်။
ယာဉ်မောင်းလိုင်စင်ရပြီးသည်နှင့်တပြိုင်နက် ဖခင်ဖြစ်သူအား တန်ဖိုးကြီးကားတစ်စီး ဝယ်ပေးရန် ပူဆာခဲ့ပြီး လင်းမြို့တော်သို့ ကျောင်းပြီးသည့်အထိမ်းအမှတ် ခရီးသွားရန် တောင်းဆိုခဲ့သည်။
လက်ထပ်ပြီးနောက် အမွေပြဿနာများ၊ ငွေရေးကြေးရေး ရှုပ်ထွေးမှုများ ဖြစ်ပေါ်မည်ကို စိုးရိမ်သောကြောင့် စွန်းချွမ်ဖာက သားဖြစ်သူ၏ မိခင်အား လက်ထပ်ခဲ့ခြင်းမရှိခဲ့ပေ။
သူမကို အပြင်တွင်သာ ထားခဲ့သော်လည်း သူမသည်က စွန်းမိသားစုကတော်ကဲ့သို့ ဖြစ်နေခဲ့သည်။
ချစ်လှစွာသော သားဖြစ်သူ၏ တောင်းဆိုချက်ဖြစ်သောကြောင့် သူ ပျော်ပျော်ကြီး သဘောတူခဲ့ပြီးနောက် မိသားစုသုံးယောက်သား ခရီးထွက်ခဲ့ကြသည်။
အပယ်ခံဖြစ်သော စွန်းယွဲ့ကတော့ အိမ်တွင်သာ ထားရစ်ခံခဲ့ရပြီး သူမအား ဂရုတစိုက် မေးမြန်းသူလည်း မရှိခဲ့ချေ။
ထိုသို့ ကျန်ရစ်ခဲ့ခြင်းက သူမအသက်ကို ကယ်တင်လိုက်ခြင်းဖြစ်လိမ့်မည်ဟု မည်သူထင်ထားခဲ့မည်နည်း?
ခရီးမှအပြန် အမြန်လမ်းပေါ်တွင် ယာဉ်မောင်းလိုင်စင် ရထားပြီးကာစ စွန်းမင်ဟောင်က ကားမောင်းလေ့ကျင့်သည့်အနေဖြင့် သူ့ကို မောင်းခွင့်ပြုရန် အတင်းတောင်းဆိုခဲ့သည်။
သို့သော် ကားမတော်တဆမှုဖြစ်ခဲ့ပြီးနောက် သူသည်လည်း နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ရသည်။
ဘေးခုံတွင် ထိုင်နေခဲ့ပြီး သူ့အား လမ်းညွှန်ပေးနေခဲ့သော စွန်းချွမ်ဖာလည်း အပြင်းအထန် ဒဏ်ရာ,ရခဲ့သည်။ ခြေထောက်နှစ်ချောင်းလုံး အကြောသေသွားခဲ့ပြီး နောက်ဆုံးတွင် ဖြတ်ပစ်ခဲ့ရသည်။
ခါးနှင့် တင်ပါးဆုံတို့မှ အရိုးနှင့် အာရုံကြောများလည်း ထိခိုက်ခဲ့သည်။
တစ်ဖက်တွင်တော့ နောက်ခန်းမှ လိုက်ပါလာသည့် အမျိုးသမီးမှာ ဒဏ်ရာအနည်းဆုံးဖြစ်ခဲ့သည်။
စွန်းချွမ်ဖာသည်လည်း မသန်စွမ်းဖြစ်သွားခဲ့ပြီး ထိုအချိန်မှစ၍ ဝှီးချဲကိုအသုံးပြုခဲ့ရသည်။
ထိုအချိန်က ရဲအရာရှိများက စစ်ဆေးခဲ့ကြသေးသည်။ ကားအက်ဆီးဒင့်ဖြစ်ရသည့် အဓိကတရားခံသည်က စွန်းမင်ဟောင်သာ ဖြစ်သည်။
တခြားသေကြောင်းကြံစည်မှု၊ မတော်တဆဖြစ်စေရန် လုပ်ဆောင်ထားခြင်းများ မရှိခဲ့ချေ။
သေသေချာချာမကျွမ်းကျင်သော ယာဉ်မောင်းနှင့် ကံတရားတို့ကြောင့်သာ ထိုအဖြစ်ဆိုး ကြုံခဲ့ရခြင်းပင်။
“ကားမတော်တဆမှုမဖြစ်ခင်တုန်းကအထိ ရှင်က ကိုယ့်ကံကြမ္မာကို အေးအေးဆေးဆေး လက်ခံထားပြီးသားပဲ၊ သာမန်ကျောင်းတစ်ခုမှာ ပညာသင်ပြီး ဆရာမအလုပ်ကို ဝင်မယ်၊
ကိုယ်အရမ်းသဘောကျသူမဟုတ်တဲ့ လူတစ်ယောက်နဲ့ လက်ထပ်ပြီး ကလေးမွေးဖို့ကလည်း အရမ်းမဆိုးပါဘူးလို့ သတ်မှတ်ထားခဲ့တာလေ
အနည်းဆုံးတော့ စွန်းချွမ်ဖာက ရှင့်ကို ကြမ်းကြမ်းတမ်းတမ်း မဆက်ဆံတဲ့အတွက် သာမန်လူတွေထက်တော့ ပိုပြီး ချမ်းသာနေဦးမှာပဲ”
“ဒါပေမဲ့ မောင်ဖြစ်သူ သေသွားပြီး အဖေကလည်း မသန်စွမ်းဖြစ်သွားတော့ စွန်းကုမ္ပဏီအတွင်းမှာလည်း ဂယက်ရိုက်သွားခဲ့တယ်
ပြီးတော့ ရှင်ကလည်း ရုတ်တရက်ကြီး ကုမ္ပဏီထဲကို ဆွဲသွင်းခံလိုက်ရပြီးတော့ အတွေ့အကြုံယူဖို့၊ အဖေဖြစ်သူရဲ့ ဖိအားကို မျှပြီး ခံပေးဖို့ အလုပ်,လုပ်ခဲ့ရတယ်
ပတ်ဝန်းကျင်အသစ်နဲ့ ထိတွေ့ခဲ့ရပြီးနောက် ရှင့်ဘဝမှာ နောက်ထပ် ရွေးချယ်မှုတစ်ခု ရှိနေသေးတယ်ဆိုတာကို သဘောပေါက်သွားတယ်”
“ဟီးဟီး…”
စွန်းယွဲ့ ခပ်ရွဲ့ရွဲ့ ပြုံးလိုက်သည်။
“သိပ်မှန်တာပေါ့၊ စွန်းမင်ဟောင်သာ ကားအက်ဆီးဒင့်ဖြစ်ပြီး မသေခဲ့ဘူးဆိုရင် ငါလည်း စွန်းမိသားစုရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ တစ်သက်လုံး ထိတွေ့ရမှာတောင် မဟုတ်ဘူး”
“ဒါက ကံကြမ္မာပဲ၊ ဘုရားသခင်က ငါ့ဘဝကို အဲ့လို မဖြစ်သင့်ဘူးလို့ ထင်လို့ ငါ့ကို ဒီအခွင့်အရေး ပေးခဲ့တာပဲလေ”
ထိုအချိန်တွင် အရာရှိကျောင်း၏ ဖုန်းက တုန်ခါသွားခဲ့သည်။
လုပ်ဖော်ကိုင်ဖက်ထံမှ စာကို ဖတ်ကြည့်လိုက်ပြီးနောက် သူ၏ မျက်ဝန်းအစုံ ပြူးကျယ်သွားခဲ့ပြီး စွန်းယွဲ့အား မယုံကြည်စွာ ကြည့်လိုက်သည်။
“မစ်စ်ကု၊ ဓာတ်ပုံထဲက ဘယ်သူလဲ ဆိုတာ သိပြီးပြီလား၊ အဲ့တာ စွန်းချွမ်ဖာရဲ့ အငယ်ဆုံးသား စွန်းမင်ဟောင်ပဲ!”
လွန်ခဲ့သော (၆)နှစ်ခန့်က ကားအက်ဆီးဒင့်ဖြင့် သေဆုံးခဲ့ရသော တရားမဝင်သားဖြစ်သူ၏ ဓာတ်ပုံအား ငှားရမ်းထားသည့် အိမ်၏ ရေချိုးခန်းအတွင်းမှ မှန်၏ နောက်ကွယ်တွင် သေချာပိပိရိရိ ထည့်သွင်းထားခဲ့သည်။
ထိုဓာတ်ပုံအား ဆုတောင်းရန် ထား,ထားခြင်းဖြစ်သည်ဟုဆိုပါက မည်သူမျှ ယုံမည်မဟုတ်ချေ။
စွန်းယွဲ့၏ မျက်နှာအမူအယာအရ သူမကိုယ်တိုင် ထိုပုံကို မှန်ထဲတွင် ထည့်ထားခဲ့ခြင်းဖြစ်ပြီး ယခုအဖြစ်အပျက်သည်ကလည်း သူမ၏ အကြံအစည်သာ ဖြစ်လိမ့်မည်။
အရာရှိကျောင်း နားမလည်နိုင်တော့။
စွန်းယွဲ့က ထိုတရားမဝင်သားကို မုန်းတီးနေသည် မဟုတ်ပါလား။
အဘယ်ကြောင့် ယခုသို့ လုပ်ရပါသနည်း?
ကုကျစ်စုန့်: “ကျွန်မ သိပါတယ်”
စွန်းယွဲ့၏ ကံကြမ္မာအား ဖတ်လိုက်ချိန်တွင် သူမ ထိုအချက်ကို သိထားခဲ့ပြီးဖြစ်သည်။
“မစ်စ်စွန်းက ဒီကောင်လေးနဲ့ ပတ်သတ်ချင်လို့လုပ်တာလို့ မထင်ဘူး၊ စွန်းမိသားစုရဲ့ သွေးပါတဲ့ ကလေးတစ်ယောက်ကို ရနိုင်ဖို့အတွက်သာ သုံးဖို့မလိုအပ်ဘူးဆိုရင် ဒီကောင်လေးကို အုတ်ဂူထဲကနေ ပြန်တူးခဲ့မှာမဟုတ်ဘူးလေ”
ကုကျစ်စုန့် ခပ်ပေါ့ပေါ့သာ ပြောလိုက်သော်လည်း သူမ၏ စကားလုံးများသည်က ရေသေအိုင်ထဲသို့ ပစ်ချလိုက်သည့် ကျောက်တုံးကြီး တစ်တုံးကဲ့သိာ့ လူအများအား စိတ်လှုပ်ရှား၊ တုန်လှုပ်သွားစေခဲ့သည်။
[သေပြီးသားလူရဲ့ အုတ်ဂူကိုတောင် ဖောက်တယ်၊ တကယ်ကြီးလားဟ.. ဒီစွန်းယွဲ့က တော်တော်လေး ကြောက်စရာကောင်းတာပဲ!
ဒါနဲ့နေပါဦး၊ စွန်းမိသားစုရဲ့ သွေးသားရင်းကို ရအောင်ဆိုတာ ဘာစကားကြီးတုန်း၊
စွန်းမင်ဟောင်က သေသွားပြီမဟုတ်ဘူးလား? သေပြီးသားလူက ဘယ်လိုလုပ် ကလေးရနိုင်မှာတုန်း]
[စုန့်စုန့်ပြောသွားတဲ့ စကားတွေထဲက အချက်အလက်တွေ များလွန်းလို့ ဦးနှောက်တောင် ပေါက်ထွက်တော့မယ်
ငါတော့ ညလယ်ခေါင်ကို ကျောတွေပါ ချမ်းလာပြီး စောင်ကို ခေါင်းမြီးခြုံထားရတယ်!]
[ဒီစွန်းယွဲ့က ကောင်မလေးတွေကို ဈေးပေါပေါနဲ့ ငှားပေးထားတယ်၊ ပြီးတော့ သေသွားတဲ့ သူ့မောင်ရဲ့ ဓာတ်ပုံကို ဒီလိုနေရာမျိုး၊ ကောင်မလေးတွေကို နေ့တိုင်းမြင်နိုင်တဲ့နေရာမျိုးမှာ ထားတယ်
ခုနက ကုကျစ်စုန့်ပြောတဲ့ ‘ကလေးလိုချင်တာ’ဆိုတဲ့ စကားနဲ ပေါင်းလိုက်မယ်ဆိုရင်… ဟုတ်တော့ မဟုတ်လောက်ပါဘူးနော့်]
[သူမက ဒီအိမ်ငှားကောင်မလေးတွေကို အောက်လမ်းနည်းသုံးပြီးတော့ ဒုက္ခပေးလောက်တဲ့ထိတော့ မလုပ်လောက်ပါဘူးနော်?!]
ဖုန်းကို ကိုင်ထားဆဲဖြစ်သည့် ယွမ်ယွင်ဖန်မှာ တိုက်ရိုက်ထုတ်လွှင့်ခန်းအတွင်းမှ မှတ်ချက်များအား အတိုင်းသား မြင်တွေ့နေရသည်။
ကြည့်ရှုသူများ၏ သုံးသပ်ချက်၊ ယူဆချက်များကို ဖတ်ကြည့်ပြီးနောက် သူမ၏ စိတ်ထဲတွင် မသိုးမသန့် ဖြစ်သွားရလေသည်။
စွန်းယွဲ့၏ မျက်လုံးများ ပြူးကျယ်သွားရပြီး အလွန်ပင် တုန်လှုပ်နေခဲ့သည်။
အရာရှိကျောင်းလည်း မနေနိုင်စွာ မေးလိုက်မိသည်။
“ကုတောက်ကျန့်၊ အဲဒါက ဘာကို ပြောချင်တာများလဲ စွန်းယွဲ့က စွန်းမင်ဟောင်ရဲ့ အုတ်ဂူကို ဖောက်ထားတာလား၊ အဲဒါ မဖြစ်နိုင်ဘူးနော်”
စစ်ဆေးတွေ့ရှိချက်များအရ စွန်းချွမ်ဖာသည်က မြို့ထဲမှ ဈေးကြီးသော သင်္ချိုင်းနေရာတစ်ခုအား ဝယ်ယူ၍ စွန်းမင်ဟောင်ကို မြှုပ်နှံခဲ့ခြင်းဖြစ်ပေသည်။
*