သင်္ချိုင်းတူးဖော်ခြင်းနှင့် အလောင်းတူးဖော်ခြင်း + မှော်ဆန်သော ဆက်စပ်မှုများ (2)
Vol. 47 Ch. 462
ယခုနှစ်ပိုင်းများတွင် အဆောက်အဦတည်ဆောက်မှုများ များပြားလာသောကြောင့် နေရာအများစုတွင် သေဆုံးသူများအား မီးရှို့သင်္ဂြုလ်ကြရသည့် မိသားစုများလည်း များပြားလာခဲ့သည်။
စွန်းမိသားစုသည်လည်း ငွေအများအပြားကိုသုံး၍ အလောင်းကို မြှုပ်နှံခဲ့လေ၏။ ဤသည်မှာ စွန်းမင်ဟောင်အား မည်မျှ တန်ဖိုးထားသည်ကို ပြသနေခြင်းသာဖြစ်သည်။
ထို့အပြင် မြှုပ်နှံထားသည့်နေရာသည်က သင်္ချိုင်းကုန်းတစ်ခုဖြစ်သောကြောင့် စွန်းယွဲ့အနေဖြင့် တိတ်တဆိတ် စွန်းမင်ဟောင်၏ အလောင်းကို တူးထုတ်နိုင်ခြင်းက ဖြစ်နိုင်ချေနည်းပါးလွန်းသည်။
“အရာရှိကျောင်း မယုံဘူးဆိုလည်း စွန်းမိသားစုကို ဆက်သွယ်ပြီးတော့ အုတ်ဂူကို ပြန်တူးကြည့်ပါ.. အုတ်ဂူထဲမှာ ဘာရုပ်အလောင်းမှ ရှိမှာမဟုတ်ဘူး”
ကုကျစ်စုန့် ခပ်အေးအေးသာ ပြန်ဖြေခဲ့သည်။
“ပြီးတော့ သူက အလောင်းကို သူ့ဘာသာ တူးထုတ်ခဲ့တာမဟုတ်ဘူး၊ အကြမ်းဖျင်းပြောရရင် သူက တစ်ယောက်ယောက်ကို အကူအညီတောင်းပြီးတော့ အထူးနည်းလမ်းတစ်ခုခုကို သုံးပြီး အလောင်းကို ထုတ်ခဲ့တာပဲ”
ကုကျစ်စုန့် စုတ်တချက်သပ်လိုက်မိသည်။
သူမသာလျှင် ယခုကိစ္စ၏ အမှန်တရား၊ အကျိုးအကြောင်းနှင့် အတိတ်ကိုသာ ပြန်မြင်နိုင်စွမ်းမရှိပါက ယခုကင်မရာအတွင်းမှ မြင်နေရသော ငယ်ရွယ်ချောမောလှပသည့် သာမန်မိန်းမငယ်လေးက ဤမျှ စွမ်းအားကြီးသူတစ်ဦးဖြစ်လိမ့်မည်ဟု တွေးပင် တွေးမိမည်မဟုတ်ပေ။
“အုတ်ဂူကို တူးဖော်တာက စည်းမျဉ်းချိုးဖောက်တာပဲ”
အရာရှိကျောင်း မျက်မှောင်ကြုတ်လိုက်မိပြီးနောက် ယခုအမှုက သဘာဝလွန်အမှုတစ်ခုဖြစ်ကြောင်း သဘောပေါက်လာခဲ့သည်။
နားလည်ရန် ခက်ခဲသော်ငြား ကုကျစ်စုန့်၏ စကားများကို ယုံကြည်နိုင်သည်ဟု ခံစားမိသည်။
အထက်မှ အရာရှိများ၏ ထပ်ခါထပ်ခါ အမည်တပ်ချီးကျူးခံရသော သဘာဝလွန်ပညာရှင်တစ်ဦးဖြစ်သည့် ကုကျစ်စုန့်၏ စွမ်းရည်မှာ မေးခွန်းထုတ်ရန်မလိုပါချေ။
စွန်းမင်ဟောင်၏ အုတ်ဂူထဲတွင် အလောင်းမရှိဟု သူမ ဆိုလာပါက အမှန်ပင် ခိုးယူခံလိုက်ရခြင်း ဖြစ်လိမ့်မည်။
“ဒါပေမယ့် စွန်းယွဲ့က ဘာလို့ စွန်းမင်ဟောင်ရဲ့ ခန္ဓာကိုယ်ကို ခိုးရမှာလဲ? အဲဒေိခန္ဓာကိုယ်ကရော အခု ဘယ်ရောက်သွားပြီလဲ?”
ကုကျစ်စုန့်၏ မျက်နှာ အနည်းငယ် မဲ့သွားခဲ့သည်။
“အလောင်းကို ခိုးတာက သရဲလေးတွေ မွေးချင်လို့လေ”
“အလောင်းက ဘယ်ရောက်သွားပြီလဲဆိုတာတော့… ရှင်တို့ မသိတာတောင် ပိုကောင်းလိမ့်မယ်”
ရှင်းမပြနိုင်သည့် အကြောင်းရင်းတစ်ခုကြောင့် ယွမ်ယွင်ဖန်နှင့် အခန်းဖော်မိန်းကလေးများမှာ တိုက်ရိုက်ထုတ်လွှင့်မှုမှ ကုကျစ်စုန့်၏ မျက်ဝန်းများဖြင့် အကြည့်ချင်းဆုံသွားခဲ့ရပြီး စိတ်ထဲတွင် အနည်းငယ် တုန်လှုပ်သွားမိကြသည်။
“မစ်စ်ယွမ်၊ ရှင်နဲ့ ရှင်တို့အခန်းဖော်တွေက စွန်းယွဲ့ကို ဓာတ်ပုံတွေ ပေးခဲ့ဖူးသေးလား”
ရုတ်တရက် နာမည်တပ်ခံလိုက်ရသောကြောင့် ယွမ်ယွင်ဖန် လန့်ဖြန့်သွားမိသည်။
သူမ ပြန်လည်စဉ်းစားပြီးနောက် တစ်စုံတစ်ရာအား မှတ်မိသွားခဲ့လေသည်။
“အခြားလူတွေတော့ မသိဘူး၊ ကျွန်မ အိမ်ငှားစာချုပ်,ချုပ်တုန်းကတော့ သူက ကျွန်မဆီကနေ အိုင်ဒီဓာတ်ပုံတစ်ပုံ တောင်းဖူးတယ်. စာချုပ်မှာ သုံးဖို့လို့ ပြောတာပါပဲ”
ယွမ်ယွင်ဖန် အိမ်ငှားဖူးသည်မှာ ပထမဆုံးအကြိမ်မဟုတ်ပေ။ ယခင်ငှားရမ်းခဲ့ချိန်များတွင်ကစာချုပ်မှာ အဖြူ၊အမည်းဖြင့်သာ ရေးသားထားခဲ့ပြီး ဓာတ်ပုံလည်း မလိုအပ်သောကြောင့် တစ်ဖက်မှတောင်းလာချိန်တွင် သူမ အနည်းငယ် အံ့အားသင့်ခဲ့ရသည်။
သို့သော် သာမန်ဓာတ်ပုံတောင်းသည်ဟုသာ ထင်ခဲ့မိသည်။ လူအများနှင့်အတူ အိမ်ငှားသည့် နည်းလမ်းသည်က အနည်းငယ် ရှုပ်ထွေးသောကြောင့် ဓာတ်ပုံအား လိုအပ်ခြင်းဖြစ်မည်ဟု ထင်ခဲ့မိသည်။
ထို့ကြောင့် သူမ အများကြီးတွေးမနေဘဲ စွန်းယွဲ့ထံသို့ ဓာတ်ပုံပို့ပေးခဲ့သည်။
ကုကျစ်စုန့်၏ မေးခွန်းကို နားထောင်ပြီးနောက် ထိုအရာက ကောင်းသော အရာမဟုတ်ကြောင်းကို သဘောပေါက်သွားရလေသည်။
သူမ၏လက်ဖဝါးများတွင် ချွေးစေးများ ပြန်လာခဲ့ပြီးနောက် ပို၍ပင် ထိတ်လန့်လာခဲ့သည်။
တခြားသော အိမ်ငှားများသည်လည်း ဖြူဖျော့သော မျက်နှာများဖြင့် ခေါင်းငြိမ့်ကာ သူတို့သည်လည်း စွန်းယွဲ့အား ဓာတ်ပုံပေးခဲ့ကြောင်း ပြောလာခဲ့သည်။
ရှောင်ကောင်း ရှောင်ဟဲနှင့် နောက်ထပ်အသစ်ရောက်သော အိမ်ငှားနှစ်ဦးမှ ငယ်ရွယ်သည့် ကောင်မလေးတို့သည်လည်း အိမ်ငှားဖူးသည့် အတွေ့အကြုံမရှိသောကြောင့် ဓာတ်ပုံများအား မစဉ်းစားမဆင်ခြင်စွာ ပို့ပေးခဲ့မိသည်။
နောက်ထပ်ပြောင်းလာသူနှစ်ဦးမှ အသက်(၂၈)နှစ်အရွယ် အမျိုးသမီးမှာတော့ အလုပ်လုပ်နေသည်မှာလည်း ကြာမြင့်ပြီဖြစ်သည်။
ထို့ကြောင့် ဓာတ်ပုံပေးရမည်ဟု ကြားလိုက်ရချိန်တွင် အနည်းငယ် ထူးဆန်းသည်ဟု ခံစားမိကာ ပို၍လည်း သတိကြီးကြီးထားခဲ့သည်။
သူမတွင် သင့်တော်သည့် ဓာတ်ပုံမရှိဟု ဆိုကာ စွန်းယွဲ့ထံသို့ ပို့မပေးခဲ့ပေ။
စွန်းယွဲ့သည်လည်း ထပ်၍ မမေးတော့သောကြောင့် သူမလည်း မသိချင်ယောင်သာ ဆောင်ထားခဲ့သည်။
ရှောင်ကောင်း၏ တစ်ကိုယ်လုံး ကြောက်စိတ်ကြောင့် တုန်ရီနေခဲ့သည်။
“ကုတောက်ကျန့်… ကုတောက်ကျန့်… ကျွန်မတို့ ဓာတ်ပုံပေးလိုက်ရင် ဘာဖြစ်မှာလဲဟင်”
ခေတ္တမျှ တိတ်ဆိတ်နေခဲ့ပြီးနောက် ကုကျစ်စုန့် သက်ပြင်းချလိုက်သည်။
ထို့နောက် အဖြစ်မှန်အား ဖုံးကွယ်၍ မရနိုင်ဟုလည်း တွေးလိုက်မိပြန်သည်။
“ဓာတ်ပုံဆိုတာ လူတစ်ယောက်ရဲ့ မှတ်ဉာဏ်ကို သိမ်းဆည်းထားတဲ့အရာ ဖြစ်သလို အဲဒီလူရဲ့ အရိပ်နဲ့ စွမ်းအင်ကိုလည်း ထိန်းသိမ်းထားနိုင်တယ်၊ အဲဒါက ခန္ဓာကိုယ်နဲ့ ဆံပင်ပြီးရင် လူတွေနဲ့ အနီးစပ်ဆုံး ပြင်ပအရာဝတ္ထုပဲဘ
လိုလိုချင်ချင်နဲ့ ပေးထားတဲ့ ဓာတ်ပုံတစ်ပုံက လုပ်နိုင်စွမ်းရှိတဲ့ ပညာသည်တစ်ယောက်ရဲ့ လက်ထဲကိုရောက်ရင် အများကြီး ဖြစ်ပျက်သွားနိုင်တယ်”
“အခုလေးတင် စွန်းမင်ဟောင်ရဲ့ ဓာတ်ပုံရှေ့မှာ ပန်းကန်ပြားတစ်ချပ်ရှိပြီး အဲဒီအထဲမှာ မီးလောင်ထားတဲ့ ဓာတ်ပုံအကြွင်းအကျန်တွေ ရှိနေတယ်လို့ ကြားလိုက်ရတယ်မလား၊ အဲ့တာ ဘယ်သူ့ပုံတွေလို့ ထင်လဲ”
မိန်းမငယ်လေးများမှာ ငယ်ထိပ်တည့်တည့်ကို မိုးကြိုးပစ်ချလိုက်သကဲ့သို့ ခံစားလိုက်ရသည်။
ထိန်းထား၍ မရနိုင်သော ကြောက်စိတ်များက ကျောရိုးမှတဆင့် ဦးခေါင်းခွံအထိ အေးစက်ကျဉ်တက်သွားစေခဲ့သည်။
သူတို့အားလုံး မနေနိုင်စွာဖြင့် ပန်းကန်ပြားငယ်အား လှမ်းကြည့်လိုက်မိသည်။
မည်းနက်နေသည့် ပြာများအကြားတွင် မီးမလောင်ကျွမ်းသေးဘဲ ကျန်နေသော ဓာတ်ပုံတစ်ပိုင်းတစ်စများက သူတို့၏ ဓာတ်ပုံများဖြစ်နေခဲ့သည်။
စက္ကူငွေမီးရှို့သကဲ့သို့ သူတို့၏ ဓာတ်ပုံများအား သေသူ၏ ရှေ့တွင် မီးရှို့ကာ လှူဒါန်းထားခဲ့သည်။
“လူတွေရဲ့ မျက်နှာနဲ့ ဓာတ်ပုံဆိုတာက သေသူနှင့် ရှင်သူအကြားမှာ ရပ်တန့်နေတဲ့ ကြားခံနယ်တစ်ခုပဲ၊ အဲဒါက ယင်နဲ့ ယန်ခြားနေတဲ့လူတွေကို နေရာတစ်ခုတည်းမှာ အတူရှိနေနိုင်အောင် လုပ်ပေးနိုင်စွမ်းရှိတယ်”
“ရှင်တို့ရဲ့ ဓာတ်ပုံတွေကို မီးရှို့ပြီး စွန်းမင်ဟောင်ဆီမှာ ‘အလှူပြု’လိုက်တယ်ဆိုရင် မြေအောက်ကမ္ဘာက သေပြီးသား ဝိဉာဉ်တွေက အဲဒါကို ရယူနိုင်တယ်လေ
ပြီးတော့ မြေအောက်ကမ္ဘာက စွမ်းအင်တွေကို ဓာတ်ပုံကနေတဆင့် သက်ရှိကမ္ဘာဆီကို ကူးပြောင်းပေးနိုင်ပြီး ရှင်တို့တွေကို ချိတ်ဆက်ထားပေးနိုင်တယ်”
မြေအောက်ကမ္ဘာမှ ချိတ်ဆက်မှုသည် သာမန်မျက်လုံးဖြင့် မမြင်နိုင်ပေ။
သို့သော် ကုကျစ်စုန့်၏ မျက်လုံးထဲတွင် ယခုနေထိုင်နေသော အိမ်ငှားများထဲမှ မူလအိမ်ငှားသုံးဦးလုံးတွင် မီးခိုးရောင် အလောင်းအခိုးအငွေ့များက ရိုးတွင်းခြင်ဆီမှ စိမ့်ထွက်နေခဲ့ပြီး ဓာတ်ပုံအတွင်းရှိ လူငယ်လေးထံသို့ စီးဝင်နေခဲ့သည်။
ထိုမကောင်းမှုစွမ်းအင်များအားလုံးသည်က အရင်းအမြစ်တစ်ခုတည်းမှ လာခြင်းဖြစ်သည်။
“ဘာလို့လဲ...”
ရှောင်ကောင်းက အက်ကွဲသော အသံဖြင့် အော်ဟစ်လိုက်ပြီး ခေါင်းကို ဆက်တိုက် ခါရမ်းနေခဲ့မိသည်။
“စွန်းယွဲ့၊ နင်ဘာလို့ ငါတို့ကို ဒုက္ခပေးချင်နေရတာလဲ!?”
သူမ ဆက်၍ မေးနေပါမည်ဆိုပါက သူမ မကြားချင်သော၊ မယုံကြည်ချင်သော ရလဒ်အား ကြားသိလာရမည်ဟု စိတ်ထဲတွင် ခံစားနေရသည်။
သို့သော် ယခုအဖြစ်အပျက်များကြောင့် ကြောက်စိတ်၊ သံသယစိတ်တို့သည် အန်ထွက်လာခဲ့ပြီး သူမ တုန်ယင်စွာ မေးခွန်းထုတ်မိသည်။
စွန်းယွဲ့ လှောင်ပြုံး,ပြုံးလိုက်ရင်း သူမ၏ ခန္ဓာကိုယ်မှာလည်း အလွန်ပင်ပေါ့ပါးနေခဲ့သည်။
အဖြစ်အပျက်များသည်က ယခုအခြေအနေထိ ရောက်လာပြီးနောက် သူမတွင်လည်း ဖုံးကွယ်ထားစရာ မရှိတော့ချေ။
ကုကျစ်စုန့်မှာ အရာအားလုံးကို မြင်နိုင်၊သိနိုင်နေသော မကောင်းဆိုးဝါးတစ်ကောင်ပင် မဟုတ်ပါလား။
“ဘာလို့လဲ ဟုတ်လား? ဘာလို့လဲဆိုတော့ နင်တို့တွေက လောဘကြီးလို့လေ.. နင်တို့တွေ ငါနဲ့ တွေ့တာ နင်တို့ ကံဆိုးတာကြောင့်ပဲ ၊ တန်ရာတန်ရာပေါ့”
သူမ ပုခုံးအသာတွန့်လိုက်မိသည်။
“ငါက နင်တို့ကို ဒုက္ခမပေးချင်ပါဘူး၊ ဒါပေမဲ့ နင်တို့တွေက ငါ့အပေါ်မှာ အခွင့်အရေးယူချင်ကြတယ်လေ၊ ငါ့တံခါးကို နင်တို့ခြေ၊ နင်တို့လက်နဲ့ လာခေါက်ပြီး ငါ့အိမ်ကို လာငှားကြတာပဲ မဟုတ်ဘူးလား
ငါ ဘယ်သူ့ကိုမှ အတင်းဆွဲမခေါ်ခဲ့ဘူးနော်”
“နင်! နင်တော်တော် အောက်တန်းကျတာပဲ!”
ရှောင်ဟဲတစ်ယောက် ဒေါသထွက်လွန်း၍ မျက်နှာတစ်ခုလုံး နီမြန်းနေခဲ့သည်။
စွန်းယွဲ့ သူမအား လျစ်လျှူရှုလိုက်ရင်း ပြုံးလိုက်ပြန်သည်။
“နင်တို့တွေ စွန်းမင်ဟောင်ရဲ့ ခန္ဓာကိုယ် ဘယ်ရောက်သွားလဲဆိုတာ မသိချင်ကြဘူးလား၊ အရမ်းကြီး ရှည်ရှည်ဝေးဝေး ပတ်ရှာနေဖို့ မလိုဘူးနော်၊ ဘာလို့လဲဆိုတော့ အဲဒါက ဒီမှာပဲ ရှိနေလို့လေ”
အခန်းထဲတွင် ရှိနေသူများနှင့်ည၊ ကြည့်ရှုသူများပါ သူမ၏အပြုံးကြောင့် ကြက်သီးဖြန်းဖြန်း ထသွားခဲ့ရသည်။
အရာရှိကျောင်း အနည်းငယ်ဟန့်လိုက်သည်။
“အရူးကွက်နင်းမနေနဲ့.. အမှန်အတိုင်း ပြောစမ်း!”
“ငါလည်း စွန်းမင်ဟောင်ရဲ အနံ့အသက်ထွက်နေတာတွေကို မထိတွေ့ချင်ပါဘူး၊ ဒါတွေကိုလည်း မလုပ်ချင်ပါဘူး….
ဒါပေမယ့် မလုပ်လို့ မရဘူးလေ.. ငါက စွန်းမိသားစုရဲ့ ‘ကလေး’ကို လိုချင်တာဆိုရင်တော့ သူ့ရဲ့ သွေးသားပါမှ ရမှာကိုး…”
စွန်းယွဲ့ ရုတ်တရက် ပြုံးနေသည်ကို ရပ်လိုက်ပြီးနောက် ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။
“ကလေးဆိုတာ မိဘတွေရဲ့ အသွေးအသားပဲလေ… ဒီတော့ စွန်းမင်ဟောင်ရဲ့ကလေးကလည်း သေချာပေါက် မင်းတို့ရဲ့ ‘အသွေး၊အသား’တွေပဲပေါ့”
ချက်ချင်းပင် ယွမ်ယွင်ဖန်၏ စိတ်ထဲသို့ အတိတ်မှ အဖြစ်အပျက်များ ပေါ်လာခဲ့သည်။
စွန်းယွဲ့သည်က သူတို့ထံသို့ လာ၍ လက်ဆောင်များပေးတတ်သည်။ ထိုအရာများမှာ စတူဒီယိုမှ ပိုနေသော အသားအစာသွပ်ထားသည့် လမုန့်များဟု ပြောခဲ့သည်။
ထို့နောက် လမုန့်ပွဲတော်ချိန်တွင်လည်း စွန်းယွဲ့က ဂရုချက်ထဲသို့ မက်ဆေ့ချ်ပို့၍ အိမ်ရာရှေ့တွင် ပစ္စည်းပို့ထားသည်အား သွားယူရန် ပြောခဲ့သည်။ ထိုအရာများမှာ သူမ၏ အဒေါ်ပြုလုပ်ထားသော ဖက်ထုပ်များဟုပြောခဲ့သည်ပင်။
ယွမ်ယွင်ဖန် မူးဝေသွားခဲ့သည်။
သူမ၏ နှုတ်ခမ်းများ လှုပ်ရှားသွားသော်လည်း အော်သံများက လည်ချောင်းအတွင်း၌ တစ်ဆို့နေခဲ့သည်။
မူးဝေ၍ အော့အန်ချင်လာမိသည်။
ပြင်းထန်လွန်းသော အော်ဂလီဆန်ခြင်းနှင့် အန်ချင်စိတ်တို့ကြောင့် သူမ ဗိုက်အောင့်လာခဲ့ပြီး ချွေးများလည်း ရွှဲစိုနေခဲ့သည်။
ထို့ကြောင့် ဆက်တိုက် ထိုးအန်လိုက်ပြီးနောက် တံခါးပေါက်ကို မှီထားမိသည်။
ငှားရမ်းထားသည့် အိမ်ငယ်အတွင်း၌ အော်ဟစ်သံများ၊ ငိုကြွေးသံများ၊ အော့အန်သံများ ဖုံးလွှမ်းသွားခဲ့သည်။
စိတ်လွတ်ကိုယ်လွတ်ဖြစ်ကာ အော်ဟစ်ငိုယို၍ ကျိန်ဆဲနေကြသော ရှောင်ကောင်း၊ ရှောင်ဟဲတို့နှင့် ယှဉ်ပါက ယွမ်ယွင်ဖန်၏ တုံ့ပြန်မှုမှာ အနည်းငယ်အားပျော့သည်ဟု ဆိုနိုင်သည်။
တံခါးလေးကို မှီကာ ဝမ်းဗိုက်တွင်းမှ ဆို့တက်လာသည့် အန်ချင်စိတ်ကို အောင့်အည်းထိန်းထားသော မိန်းမငယ်လေးကို ကြည့်ရင်း စွန်းယွဲ့ နှုတ်ခမ်းထောင့်များ ကွေးညွှတ်လာအောင် ပြုံးလိုက်မိသည်။
အိမ်ငှားများ၏ တုံ့ပြန်မှုကို ကြည့်ပြီးနောက် ရဲအရာရှိများနှင့် ကြည့်ရှုသူများသည်လည်း စွန်းယွဲ့၏ စကားအဓိပ္ပာယ်ကို သဘောပေါက်သွားခဲ့ကြပြီး အံ့ဩထိတ်လန့်သွားခဲ့ရသည်။
သူမအား ဖမ်းချုပ်ထားသည့် ရဲအရာရှိနှစ်ဦးသည်လည်း စွန်းယွဲ့၏ မျက်နှာမှ စိတ္တဇဆန်သည့် အပြုံးကို မြင်လိုက်ရပြီးနောက် ကြက်သီးမွှေးညင်းများပင် ထသွားခဲ့ရလေသည်။
*