← Chapters

သားဖောက်ခြင်းပညာ

Vol. 47 Ch. 463

သားဖောက်ခြင်းပညာ

Vol. 47 Ch. 463

[အားးး! ခေါင်းတွေတောင် ကြိမ်းသွားတယ်၊ အဲဒါကြီးက တကယ်ကြီးကို ငါထင်ထားသလိုကြီးဖြစ်နေတာလား??!]

[ဘာကို ပြောချင်တာလဲ၊ ဘာအဓိပ္ပာယ်လဲဟင် ၊ စွန်းယွဲ့က ဘာမှမပြောပေမဲ့ အကုန်လုံးက သိနေကြသလိုပဲ၊ သိနေတဲ့သူတွေလည်း နည်းနည်းလောက် ကူပြီး ရှင်းပြပေးကြပါဦးလား?]

[အပေါ်ကတစ်ယောက်.. ဖြစ်နိုင်တာကတော့ စွန်းယွဲ့က သူ့မောင်ရဲ့ ခန္ဓာကိုယ်ကို သုံးပြီး အောက်လမ်းနဲ့ အဲဒီမောင်ရဲ့ ကလေးရအောင် လုပ်ချင်တာ

အဲလို လုပ်တာကလည်း အိမ်ငှားကောင်မလေးတွေနဲ့ ဆက်စပ်နေတယ် အဖြစ်အပျက်အတိအကျကတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူး]

[ဒီမိန်းမရဲ့ ပုံစံအစစ်မပေါ်သေးခင်တုန်းက စုန့်စုန့်က အိမ်ငှားကောင်မလေးတွေကို အိမ်ပိုင်ရှင်အပေါ်မှာ ထားတဲ့အထင်အမြင်တွေ မေးကြည့်သေးတယ်လေ

အဲတုန်းက ကောင်မလေးတွေ ပြောတာ အိမ်ပိုင်ရှင်က အရမ်းသဘောကောင်းတယ် ၊ သူတို့အတွက်လည်း စားစရာတွေ ခဏခဏ ပို့ပေးတတ်တယ်လို့ ပြောခဲ့တာ

အခု အိမ်ပိုင်ရှင်အမျိုးသမီးရဲ့ ‘အသွေးအသား‌ ပေါင်းစပ်တယ်’ဆိုတဲ့ စကားရယ်၊ သူတို့တွေရဲ့ အခုဖြစ်ပျက်နေတဲ့ တုံ့ပြန်မှုရယ် ပေါင်းပြီး တွေးကြည့်လိုက်မယ်ဆိုရင် မောင်ဖြစ်သူရဲ့ ခန္ဓာကိုယ်က အဲဒီအိမ်ငှားကောင်မလေးတွေဆီကို ပို့လိုက်တဲ့ပစ္စည်းတွေထဲမှာ ပါနေနိုင်တဲ့သဘောပဲ

ငါထင်တဲ့အတိုင်းသာ အမှန်ဆိုလို့ကတော့ သူတို့မပြောနဲ့၊ တွေးမိတဲ့သူတောင် ထိုးအန်ချင်စိတ်ပေါက်သွားတယ်]

[ရူးနေတာပဲ! ဒီမိန်းမ တကယ်ကို ရူးနေတာပဲ!]

[အဲလောက်တော့ ကြောက်ဖို့ကောင်းလိမ့်မယ်လို့ မထင်ပါဘူး.. မဟုတ်လောက်ပါဘူးကွာ]

[စွန်းမင်ဟောင်က သေတာ ၆နှစ်တောင် ရှိပြီ ၊ ရိုင်းရိုင်းပြောရရင် မြှုပ်ထားတဲ့ ခန္ဓာကိုယ်က ပုတ်သိုးနေလောက်ပြီပေါ့!]

*

“ကုတောက်ကျန့်”

ဘေစင်ရှေ့တွင် ငုံ့နေခဲ့ပြီး မျက်ရည်ရွှဲနေသော မျက်နှာဖြင့် ထိုးအန်နေခဲ့သော ရှောင်ဟဲမီာ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည့်အလား တံခါးကို မှီနေသည့် ယွမ်ယွင်ဖန်၏လက်ထဲမှ ဖုန်းကို ဆွဲယူလိုက်သည်။

ထို့နောက် အသက်ကယ် ‌ကောက်ရိုးတမျှင်ကို ဆွဲထားမိသည့်အလား ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားရင်း မေးလိုက်မိသည်။

“ကုတောက်ကျန့်၊ အဲဒါက တကယ် မဟုတ်ဘူးမလားဟင်?!”

အိမ်ငှားမိန်းကလေးများအားလုံးသည်လည်း မျှော်လင့်တကြီးဖြင့် ရှောင်ဟဲအား လှမ်းကြည့်လိုက်ကြသည်။

သူတို့၏ ယူဆချက်များသည်က ပြင်းထန်နေခဲ့သည်မဟုတ်ပါလော?

စွန်းယွဲ့က သူတို့အား လိမ်လည်နေခြင်းမဖြစ်နိုင်ဘူးလား။

သို့သော် အရာရှိကျောင်းနှင့် ကုကျစ်စုန့်တို့၏ အတည်ပြုစကားကို မကြားရသေးသရွေ့ သူတို့ မယုံကြည်ချင်ကြပေ။

ကုကျစ်စုန့် သက်ပြင်းဖွဖွချလိုက်ပြီးနောက် အရာရှိကျောင်း၊ အိမ်ငှားမိန်းမငယ်လေးများနှင့် ကြည့်ရှုသူများ၏ မေးခွန်းအား ဖြည်းညင်းစွာ ဖြေကြားပေးခဲ့သည်။

ပထမဆုံးမေးခွန်းမှာ လူအများသံသယအရှိဆုံး အရာတစ်ခုဖြစ်ပေသည်။

စွန်းယွဲ့က သင်္ချိုင်းဂူအတွင်းမှ အလောင်းအား မည်သို့ ထုတ်ယူခဲ့ပါသနည်း?

ကုကျစ်စုန့်က အဘယ်ကြောင့် စွန်းမင်ဟောင်၏ ခန္ဓာကိုယ် နေရာရွှေ့ပြောင်းခံရသည်ကို အသေအချာ သိနေနိုင်ပါသနည်း?

“ပညာရှင်တစ်ယောက်အနေနဲ့ဆိုရင် ‘နေရာရွှေ့ပြောင်းခြင်း’က ခက်ခဲတဲ့ အရာတစ်ခုမဟုတ်ဘူး၊ တိုက်ခိုက်မှုဖွဲ့စည်းပုံ ချမှတ်နိုင်တဲ့ ပညာရှင်တစ်ယောက်အတွက်ဆိုရင် ပိုပြီးတောင် လွယ်သေးတယ်”

“ဥပမာ ချီမင်ထျန်ကျားပညာက အမှားအမှန်ကို အဓိက အသုံးချပြီးတော့ ဂိတ်တံခါးရှစ်ခု၊ နေရာရှစ်ခုကို ဆက်တိုက် ပြောင်းလဲပြီး နေရာရွှေ့ပြောင်းခြင်းကို လုပ်ဆောင်တတ်တယ်

အရာဝတ္ထုတွေက ပြောင်းလဲနိုင်သလို လူတွေရဲ့ သေခြင်း၊ ရှင်ခြင်း၊ ကံကောင်းခြင်း၊ ကံဆိုးခြင်းကိုလည်း ပြောင်းလဲနိုင်တယ်”

“ကျွန်မ ဘယ်လိုလုပ်ပြီး အတပ်ပြောနိုင်တာလဲဆိုတော့….”

ကုကျစ်စုန့် သူမ၏ မျက်လုံးထောင့်များအား ဖြူဖွေးသွယ်လျသော လက်ချောင်းများဖြင့် ထိပြလိုက်သည်။

“ကျွန်မရဲ့ မျက်လုံးတွေက ရှင်တို့တွေ မမြင်နိုင်တဲ့အရာတွေအများကြီးကို မြင်နိုင်တယ်.. ဥပမာ အလောင်းစွမ်းအင်လို အရာတွေပေါ့”

သရဲတစ္ဆေများတွင် ယင်စွမ်းအင်ရှိသည်။ မကောင်းမှုကျူးလွန်သူများတွင်လည်း မကောင်းမှုစွမ်းအင်ရှိသည်။

မြေအောက်တွင် နှစ်ပေါင်းများစွာ မြှုပ်နှံထားသောကြောင့် ပုတ်သိုး၊ဆွေးမြေ့နေသည့် အလောင်းများသည်လည်း သဘာဝအလျောက် ညစ်ညမ်းသည့် အလောင်းစွမ်းအင်များ ရှိနေမည်ပင်။

အိမ်ငှားများအားလုံးမှာ တစ်ဦးမကျန် ရိုးတွင်းခြင်ဆီထိ စိမ့်ဝင်နေသော စွန်းမင်ဟောင်၏ အလောင်းစွမ်းအင်များ တစ်ကိုယ်လုံး ဖုံးလွှမ်းနေခဲ့ကြသည်။

တစ်ချို့သည်က စွမ်းအင်ထူထပ်ပြီး တစ်ချို့တွင် ခပ်ပါးပါးသာ ရှိသည်။ ဖြစ်နိုင်သည်မှာ အိမ်ငှားအသစ်နှင့် အဟောင်း ကွာခြားမှုသာ ဖြစ်လိမ့်မည်။

သို့သော် ထင်ရှားနေသည့်အရာတစ်ခုမှာ သူတို့အားလုံးက စွန်းမင်ဟောင်၏ အလောင်းဖြင့် ထိတွေ့ခဲ့ကြဖူးသူများသာ ဖြစ်သည်။

အဓိကမေးခွန်းများမှ စွန်းမင်ဟောင်၏ အလောင်းက မည်သည့်နေရာတွင် ရှိနေပါသနည်းနှင့် ထိုအလောင်းသည် အိမ်ငှားများနှင့် မည်သို့ ဆက်စပ်နေပါသနည်းဆိုသော မေးခွန်းများ ကျန်ရစ်နေသေးသည်။

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ကုကျစ်စုန့် မေးလိုက်မိသည်။

“မစ်စ်ယွမ်၊ ရှင်တို့သုံးယောက်လုံး ဒီနှစ်ဝက်ပိုင်းလောက်ကနေ စပြီး ဗိုက်နာတာမျိုးတွေ ဖြစ်တတ်လား”

“ဥပမာ ဘာမှမစားဘဲ ရပ်နေရင်တောင်မှ ဗိုက်အောက်နားက နည်းနည်း ပူနေတတ်တယ် ၊ လှဲအိပ်လိုက်ရင်လည်း ဗိုက်အောက်နားက နာလာတတ်ပြီး ၊ အဲလိုမျိုး အရင်က တစ်ခါမှ မဖြစ်ခဲ့ဖူးဘဲ အဲဒီနောက်ပိုင်းမှာ ဖြစ်လာခဲ့တာ၊ အဲဒီလိုမျိုးတွေ ဖြစ်သေးလား?”

ယွမ်ယွင်ဖန် ရှက်ရွံ့စွာဖြင့် ခေါင်းငြိမ့်သည်။

“ကျွန်မ ပြီးခဲ့တဲ့ နှစ်လလောက်တုန်းကတော့ ဗိုက်အောက်နားမှာ ခဏခဏ နာနေတတ်တယ်၊ ဗိုက်က အရင်ကထက်လည်း နည်းနည်း ပိုပူနေသလိုပဲ

ဒါပေမယ့် အရမ်းဆိုးဆိုးဝါးဝါးလည်းမဟုတ်ဘူး ၊ ကျွန်မကိုလည်း မထိခိုက်ဘူးလေ… အဲဒါက ဒီအတိုင်း အစာမကြေတာလို့ ထင်ခဲ့မိတာနဲ့ သေချာ ဂရုမစိုက်မိပါဘူး….”

ဝမ်းချုပ်ခြင်းမှာ ရောဂါဟု သတ်မှတ်၍မရနိုင်သော လူအများ ဖြစ်လေ့ဖြစ်တတ်သည့် ဝေဒနာတစ်မျိုးဖြစ်သည်။

ညဉ့်နက်သည်ထိ နေထိုင်ခြင်း၊ အစာစားချိန်မမှန်ခြင်း၊ စိတ်ဖိစီးမှုများခြင်းတို့ကြောင့် ဝမ်းချုပ်နိုင်သည်။

သူမ ဆေးရုံသို့ သွား၍ စစ်ဆေးချင်ခဲ့သော်လည်း ဓာတ်မှန်ရိုက်ကြည့်လိုက်ပါက ဗိုက်ထဲတွင် အညစ်အကြေးများသာ ပြည့်နေခြင်းဖြစ်နေမည်ကို ရှက်ရွံ့ခဲ့မိသည်။

တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော ရှောင်ကောင်းလည်း ဖြူဖျော့သော မျက်နှာဖြင့် ပြောလာခဲ့သည်။

“ရှောင်ဟဲနဲ့ ကျွန်မလည်း အတူတူပါပဲ၊ အစတုန်းက အဲ့တာကို သားအိမ်အကြိတ်တည်တယ်မှတ်ပြီးတော့အရမ်းကြောက်ခဲ့တာလေ

နောက်တော့ ဆေးခန်းကိုသွားပြီး ဆေးစစ်ခဲ့သေးတယ်၊ ရလဒ်ကတော့ အကုန်လုံးက အကောင်းပါပဲတဲ့ ၊ ဘာပြဿနာ၊ ဘာအကြိတ်မှ ရှာမတွေ့ခဲ့ဘူးလေ ၊ ကျွန်မရဲ့ ဗိုက်က ဒီအတိုင်းပူနေတာဖြစ်နေတယ်”

သူမက အူလမ်းကြောင်းအတွင်းထိ မှန်ပြောင်းဖြင့် ကြည့်ခဲ့သည်။

သားအိမ်ကိုလည်း ဓာတ်မှန်ရိုက်ကြည့်ခဲ့ပြီး ဆီး၊ဝမ်းပါ စစ်ကြည့်ခဲ့သည်။ သူမက ကျန်းမာသော်လည်း ဝမ်းဗိုက်အောက်နားတွင် သိသိသာသာ ပူနေခဲ့ပြီး တစ်ခုခုက ပုံမှန်မဟုတ်ဟု မကြာခဏ ခံစားခဲ့ရသည်။

ဆေးစစ်ရာတွင်လည်း အလုံးစုံကောင်းမွန်နေသောကြောင့် သူမ၏ အစာခြေစနစ်တွင် တစ်ခုခု မှားယွင်းနေသည်ဟုသာ ထင်ခဲ့မိသည်။

ရှောင်ဟဲ၏ အတွေးမှာတော့ ရိုးရှင်းသည်။ သူမက ဝိတ်တက်လာပြီး ဝ,လာသောကြောင့်ဟုသာ တွေးခဲ့မိသည်။ ထို့ကြောင့် မကြာခဏ ဝိတ်ချမည်ဟု ကြွေးကြော်နေတတ်သည်။

အဖြစ်မှန်သည်က ထိုမျှ မရိုးရှင်းပေ။

ထင်ထားသည့်အတိုင်းပင် ကုကျစ်စုန့်၏ စကားကြောင့် မူလကတည်းက ကြောက်လန့်နေသည့် မိန်းမငယ်များ ပို၍ပင် သွေးပျက်သွားခဲ့သည်။

“ရှင်တို့တွေ ပြဿနာကို ရှာမတွေ့တာ မထူးဆန်းပါဘူး၊ ရှင်တို့ရဲ့ ဗိုက်ထဲမှာ အထူးလုပ်ထားတဲ့ တစ္ဆေလေးတွေ ရှိနေတယ်.. အဲဒါတွေက သာမန်နည်းနဲ့ မမြင်နိုင်ဘူး ၊

အခုကတော့ အချိန်စောသေးပေမယ့် တဖြည်းဖြည်း ပို,ပိုပြီး ကြီးလာတော့မှာ၊ အဲဒီအချိန်ကျရင်တော့ ပြဿနာကြီးကြီးဖြစ်လာလိမ့်မယ်”

“ကျွန်မ အစကနေ ပြောပြမယ်.. ရှင်တို့တွေ ‘သားဖောက်တဲ့ပညာ’ဆိုတာကို ကြားဖူးကြလား?”

‘သားဖောက်ခြင်း’ဆိုသည်မှာ အမည်အတိုင်းပင် သားလောင်းများ မွေးမြူခြင်းဖြစ်ပေသည်။

ကုန်ကြမ်းက သက်ရှိလူသားသာဖြစ်သည်။

ထိုအရာမှာ သားဖောက်မွေးမြူသည့် မှော်နည်းလမ်းတစ်ခုဖြစ်ကာ ပုံမှန်မဟုတ်သော၊ သမားရိုးကျမဟုတ်သော နည်းလမ်းတစ်ခုလည်းဖြစ်သည်။

ထူးဆန်းသည့် ကောလဟာလများဖြစ်စေ၊ ပုံပြင်ဇာတ်လမ်းများပင်ဖြစ်စေ ထိုပညာရပ်နှင့် ဆင်တူသည့် အကြောင်းအရာများသည် လူအများကြားတွင် ရင်းနှီးနေခဲ့ပြီးဖြစ်သည်။

ယခင် ထိုနည်းလမ်းအား တောက်ဓမ္မပညာရှင်များ မပိတ်ပင်သေးမီက မြစ်ဝါမြစ်၏ တောင်ဘက်ပိုင်းမှ ပညာရှင်အများစုက တဖက်ကမ်းခတ် ကျွမ်းကျင်ကြသည်။

(Tigger Warning : Mild Gore, cannibalism)

မကောင်းသော အကြံအစည်ရှိ၍ သာမန်စွမ်းရည်သာ ရှိသူများသည် တိရိစ္ဆာန်များ၏ အရေခွံအား လတ်ဆတ်မှုရှိစေရန် အရှင်လတ်လတ် အရေခွံဆုတ်တတ်ကြသည်။

ထို့နောက်‌ သွေးစွန်းနေသည့် တိရိစ္ဆာန်အရေပြားအား လူ့ကိုယ်ပေါ်တွင် ကပ်၊ အပ်နှင့် အပ်ချည်အသုံးပြုကာ တွဲချုပ်လိုက်ပြီးနောက် မှော်အသုံးပြု၍ တိရိစ္ဆာန်အရေပြားနှင့် လူအရေပြားတို့အား တသားတည်းဖြစ်အောင် လုပ်ဆောင်တတ်ကြသည်။

လူသား၏ အရိုးများသည်လည်း တဖြည်းဖြည်း ဖိနှိပ်ပုံဖော်ခံရပြီးနောက် တိရိစ္ဆာန်ကဲ့သို့ ပြောင်းလဲသွားခဲ့သည်။

အရွယ်ရောက်လူများမှာ နွား၊ သိုးများအဖြစ် ပြောင်းလဲခံရပြီး ကလေးငယ်များသည်က ခွေး၊ ကြောင်များအဖြစ် ပြောင်းလဲခံရတတ်သည်။

‘သားဖောက်ခြင်းပညာ’မှ မွေးဖွားလာသည့် ‘သားကောင်’သည်က သက်ရှိလူဘဝမှ မှတ်ဉာဏ်များ၊ အသိစိတ်များ ရှိနေဆဲဖြစ်သောကြောင့် ထိုအချက်က ‘သားဖောက်ပညာ’၏ ကြောက်စရာအကောင်းဆုံးအချက်ပင်ဖြစ်သည်။

စွမ်းအားကြီးသော ပညာသည်များက ရုပ်ပန်းသဏ္ဍာန်ကိုသာမက၊ လူ၏ အရိုးအသားများကိုပါ တိရိစ္ဆာန်အဖြစ်‌ ပြောင်းလဲနိုင်သည်။

ကုကျစ်စုန့်အနေဖြင့် တောက်ဓမ္မဂန္တဝင်စာအုပ်များထဲတွင် ယခင်ရှေးလူကြီးများ၏ ရေးသားချက်ကို မှတ်သားခဲ့ရဖူးသည်။

လူအများကြားတွင် ရက်စက်သော ကျင့်ကြံသူများရှိနေပြီး မြို့ထဲတွင်လည်း လူများ မကြာခဏ ပျောက်ဆုံးတတ်ကြောင်း ရေးသားထားခြင်းဖြစ်သည်။

ဒေသခံအရာရှိတစ်ဦး၏ သားငယ်လေးသည်လည်း ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့လေ၏။

သူ့အနေဖြင့် သားငယ်အား ရှာဖွေနိုင်ပါက ဆုငွေများ ချီးမြှင့်မည်ဟုပင် ကြေငြာ၍ ရှာဖွေခဲ့သော်လည်း သတင်းအစအနပင် ရှာမတွေ့ခဲ့ပေ။

အရာရှိမှာ စိတ်ဆင်းရဲကြီးစွာဖြင့် ညဘက်၌ အရက်သေစာများ သောက်စားခဲ့မိသည်။ အိမ်အပြန်လမ်းတွင် မျောက်တစ်ကောင်က သူ့အပေါ်သို့ ခုန်တက်လာခဲ့လေသည်။

မျောက်ငယ်လေးသည် သူ၏ ပေါင်ကို ကုတ်တွယ်ထားခဲ့ပြီး မျက်ရည်ဝိုင်းနေသော မျက်လုံးများဖြင့် ဆူညံစွာ အော်ဟစ်နေခဲ့သောကြောင့် အရက်မူးနေသော အရာရှိသည်လည်း မျောက်ငယ်အား မကောင်းဆိုးဝါးတစ်ကောင်ဟု ထင်မှတ်သွားခဲ့သည်။

ထိုမျောက်ရိုင်းအား မည်သို့မျှ ခွာချသည်ဖြစ်စေ မရဘဲဖြစ်နေချိန်တွင် သားဖြစ်သူကို ဆုံးရှုံးထားရသောကြောင့် အင်မတန် စိတ်ညစ်နေခဲ့သည့် အရာရှိသည်လည်း အစောင့်များကို ခေါ်ကာ မျောက်ငယ်အား ခုတ်သတ်ပစ်ခဲ့ပြီး လမ်းကြားတွင် ပစ်ထားခိုင်းခဲ့သည်။

နောက်ပိုင်းတွင်တော့ မျောက်ငယ်လေး၏ အလောင်းအား အနီးအနားရှိ သူဖုန်းစားများမှ ချက်ပြုတ်စားသောက်ပစ်ခဲ့ကြသည်။

အသားက အင်မတန် နူးညံ့၍ အရသာရှိသော်လည်း စားသောက်ပြီးချိန်၌ အိုးထဲတွင် ကလေးတစ်ဦး၏ လက်ချောင်းအား ရှာတွေ့ခဲ့ကြသည်။

သူတို့ သေသေချာချာစစ်ဆေးကြည့်လိုက်မိချိန်တွင် သူတို့ အားရပါးရ ကိုက်ဆွဲခဲ့ကြသော အရိုးများသည်လည်း မျောက်ရိုးမဟုတ်ဘဲ ကလေးငယ်တစ်ဦး၏ အရိုးများ ဖြစ်နေခဲ့သည်။

နယ်မြေခံတောက်ကျန့်များအား ခေါ်ယူ၍ စစ်ဆေးပြီးချိန်တွင်‌ ပျောက်ဆုံးနေသော လူများမှာ မကောင်းဆိုးရွားကျင့်ကြံသူများထံမှ ‘သားဖောက်ခြင်းပညာ’ဖြင့် ခွေး၊ကြောင်၊ ဝက်၊ နွား၊ သိုးများအဖြစ်သို့ ပြောင်းလဲခံထားရခြင်းကြောင်းကို တွေ့ရှိခဲ့ရလေသည်။

*

All Chapters