← Chapters

သားဖောက်ခြင်းပညာ (2)

Vol. 47 Ch. 464

သားဖောက်ခြင်းပညာ (2)

Vol. 47 Ch. 464

(Tigger Warning : Mild Gore, cannibalism)

လူအဖြစ်မှ ပြောင်းလဲခံရသော တချို့သော တိရိစ္ဆာန်များမှာ တွန်းလှည်းဆွဲရန်နှင့် လယ်ထွန်ရန် ရောင်းချခံလိုက်ရပြီး တချို့မှာတော့ အိမ်တွင်‌ မွေးရန်၊ ရိုက်နှက်ရန် ရောင်းချခံခဲ့ရသည်။

တချို့သော လူသားတိရိစ္ဆာန်များအား လမ်းပေါ်တွင် ဆပ်ကပ်ပွဲမှ တိရိစ္ဆာန်များကဲ့သို့ လူအများကို ဖျော်ဖြေပေးနေရင်း ရှာတွေ့ခဲ့ရသည်။

အများစုမှာတော့ မျောက်ငယ်လေးကဲ့သို့ သတ်ဖြတ်စားသောက်ခံလိုက်ကြရရှာသည်။

အရာရှိကြီးမှာ သူ၏ အမိန့်အရ အစောင့်တစ်ဦးမှ တစ်ချက်တည်း ခုတ်သတ်လိုက်သည့် မျောက်ငယ်လေးသည်က သူ နေ့နေ့ညည လွမ်းဆွေးသတိရနေသည့် သားငယ်လေးဖြစ်နေလိမ့်မည်ဟု စိတ်ကူးပင် မယဉ်ခဲ့ဖူးပေ။

‘လူသားနှင့် တိရိစ္ဆာန် ခွဲခြား၍ မရနိုင်တော့သည့် အချိန်ကာလ’ ပြီးဆုံးသွားပြီးနောက်တွင် ထိုမှော်ပညာသည်လည်း တင်းကျပ်စွာ တားမြစ်ပိတ်ပင်ခံလိုက်ရပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

သို့သော် ထိုပညာက ယခုခေတ်ကာလတွင် ပြန်ပေါ်လာခဲ့သည်။

“သေပြီးတာ ငါးနှစ်၊ ခြောက်နှစ်လောက် ကြာရင်တော့ ခန္ဓာကိုယ်က သေချာပေါက် မယိုမယွင်း ရှိနေမှာမဟုတ်တော့ဘူး ၊ မြေကြီးထဲကနေ ပြန်တူးနိုင်ရင်တောင် အပုတ်နံ့ကို ဖုံးနိုင်ဖို့ဆိုတာ ခက်တယ်လေ”

“ဒါပေမယ့် အထူးလုပ်ထားတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကိုသုံးပြီး လူသေကောင်ပုတ်နံ့ကို ဖျောက်ပစ်လို့ ရတယ်

နောက်ပိုင်းမှာ ‘သားဖောက်ခြင်းပညာ’ကို သုံး၊ ပုတ်သိုးနေတဲ့ အသားတွေကို တိရိစ္ဆာန်အရေပြားနဲ့ ဖုံးပစ်လိုက်မယ်ဆိုရင် အဲဒါက တကယ့် ချက်စားရတဲ့ အသားလို ပုံစံဖြစ်သွားတာပဲ”

“အသားကို ကြိတ်ခြေပြီး ချက်လိုက်မယ်၊ အဆာပလာတွေနဲ့ ရောပြီးတော့ အစာသွပ်တဲ့နေရာမှာ သုံးလိုက်မယ်ဆိုရင်တော့… အထဲမှာ ထည့်ထားတဲ့အသားက ဘာသားလဲဆိုတာကို ဘယ်သူကသိတော့မှာလဲ”

ယခုလုပ်ရပ်မှာ အင်မတန် အောက်တန်းကျ၍ ရက်စက်သည့် လုပ်ရပ်ဖြစ်သည်။

အရာအားလုံးက ကြောက်လန့်ဖွယ်ကောင်းပြီး ရက်စက်လွန်းပေသည်။

စွန်းယွဲ့၏ ကြင်နာတတ်သော၊ ရက်ရောတတ်သော မျက်နှာဖုံး၏ နောက်ကွယ်တွင် ဤမျှ ဆိုးရွားရက်စက်လွန်းလှသည့် အကြံဆိုး ရှိနေလိမ့်မည်ဟု မည်သူက တွေးထားခဲ့မည်နည်း?

ဒုတိယအချက်မှာ ယွမ်ယွင်ဖန်နှင့် တခြားမိန်းကလေးများအနေဖြင့် ထိုအသားအား စားသောက်ပြီးချိန်တွင် နှစ်ရက်၊ သုံးရက်အတွင်း၌ အညစ်အကြေးအဖြစ် ပြန်လည်စွန့်ထုတ်လိုက်မည်ဖြစ်သည်။

လက်ဆုတ်လက်ကိုင်ပြစရာ သက်သေမရှိ၊ ဆေးပညာနှင့်လည်း ရှာဖွေ၍ မရနိုင်သောကြောင့် မည်သူမှ ယခုဖြစ်ရပ်ကို တွေးမိကြမည်မဟုတ်ပေ။

တတိယအချက်မှာ သူမသည်က စုပေါင်းအိမ်ငှားနေထိုင်ခြင်းဆိုသော အချက်အား အသုံးချ၍ ကံမကောင်းသူ မိန်းမငယ်တချို့ကို စုစည်းထားပြီးဖြစ်သောကြောင့် အထူးတလည် လူရှာဖွေ၍ လိမ်လည်ဖျားယောင်းရန် မလိုအပ်တော့။

ဖြစ်ပျက်လုံးစုံအား ကြိုသိထားပြီးဖြစ်သည့် ကုကျစ်စုန့်ကိုယ်တိုင်ပင် စွန်းယွဲ့သည်က သာမန်လူသားများထက် အဆမတန် ပို၍ ရက်စက်ကောက်ကျစ်သူဖြစ်ကြောင်း လက်ခံခဲ့ရသည်။

“ရှင်ဘာလို့ ဒီလောက်ထိ လုပ်ခဲ့ရတာလဲဆိုတော့…”

ကုကျစ်စုန့် စွန်းယွဲ့အား ကြည့်ပြီး ပြုံးလိုက်သည်။

“မစ်စ်စွန်း ကျွန်မ ကူပြီး ရှင်းပြပေးဖို့ လိုသေးလား”

စွန်းယွဲ့၏ မျက်နှာပ အေးစက်နေခဲ့သည်။ အခန်းတွင် ရှိနေသော လူအားလုံး သူမထံမှ စကားတစ်ခွန်းမျှ ပြောတောမည်မဟုတ်ဟု ထင်လိုက်မိချိန်တွင် စွန်းယွဲ့ထံမှ ခပ်သဲ့သဲ့ ရယ်သံထွက်လာခဲ့သည်။

“ကုကျစ်စုန့်… ဪ.. ကုတောက်ကျန့်၊ ရှင်ကလေ အရမ်းကို တော်တာပါပဲ”

“ဒီအစီအစဉ်က တစ်ပတ်မှ တစ်ခါပဲ လွှင့်တယ် .. လွှင့်တိုင်းလည်း ကြည့်ရှုသူဆိုတာ သိန်းသန်းကျော်နေခဲ့တယ်၊

ဒါပေမဲ့ အဲဒီအထဲမှာမှ ယွမ်ယွင်ဖန်က ကံကောင်းသွားပြီး… ငါကတော့ ကံဆိုးသွားတာပေါ့.. လက်ခံပါတယ်”

သူမ၏ လေသံသည် ခပ်လေးလေးဖြစ်နေခဲ့ပြီးနောက် ယွမ်ယွင်ဖန်အား စိုက်ကြည့်နေသည့် မျက်ဝန်းအစုံမှ အမုန်းစိတ်များက ထင်ရှားသိသာလွန်းသည်။

မိနစ်ဝက်ခန့် စိုက်ကြည့်နေခဲ့ပြီးနောက်တွင် သူမ၏ မျက်နှာက ပြန်လည်တည်ငြိမ်သွားခဲ့ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။

“လွန်ခဲ့တဲ့ ခြောက်နှစ်တုန်းက စွန်းမင်ဟောင် သေသွားခဲ့ပြီးတော့ စွန်းချွမ်ဖာလည်း အောက်ပိုင်းသေသွားခဲ့တယ်၊ ဒီတော့ မင်ဟောင်ကုမ္ပဏီကြီးကလည်း ပွက်လောရိုက်ပြီး ကမ္ဘာပျက်နေခဲ့တယ်လေ”

“စွန်းချွမ်ဖာက ဆေးရုံထဲက အရေးပေါ် ICU ထဲရောက်နေခဲ့တုန်းက ဒီဆွေမျိုးတွေ၊ ရှယ်ယာရှင်တွေနဲ့ သူ့ရဲ့ သူငယ်ချင်းတွေ၊ ကုမ္ပဏီထဲက ညီအစ်ကိုတွေအကုန်လုံးက ဆေးရုံကိုရော၊ အိမ်ကိုပါ ပိတ်ထားခဲ့ပြီး ကုမ္ပဏီကို လက်ဝါးကြီးအုပ်ဖို့ ကြံခဲ့ကြတယ်”

သူမ၏ ဦးလေး၊ အဒေါ်၊ စွန်းချွမ်ဖာ မိခင်၏ ညီအစ်ကို၊ မောင်နှမများသည်ပင် မကောင်းသော အတွေးအကြံများ ရှိနေခဲ့ကြသည်။

ထိုအချိန်တွင် စွန်းယွဲ့သည်က စွန်းမိသားစု၏ ချောင်ထိုးခံထားရသော မိသားစုဝင်ဖြစ်ကာ သာမန်ကောလိပ်ကျောင်းသူလေး တစ်ဦးသာ ဖြစ်သည်။

သို့သော် သူမပ ရုတ်တရက် ညတွင်းချင်း စွန်းချွမ်ဖာ၏ တစ်ဦးတည်းသော အနီးစပ်ဆုံးလူ ဖြစ်လာခဲ့ရသည်။

ဖိအားဒဏ်အား ခံနိုင်ရည်ရှိစေရန် သူမ ကောလိပ်ကျောင်းမှ ထွက်ခဲ့ရပြီးနောက် အသားစားရန် စောင့်ဆိုင်းနေသော ဝံပုလွေကဲ့သို့သော ဆွေမျိုးများအကြားတွင် ကျပ်တည်းစွာ ရုန်းကန်ခဲ့ရသည်။

တစ်ပတ်အတွင်းမှာပင် သူမ (7)ကီလို၊ (8)ကီလိုခန့် ကိုယ်အလေးချိန် ထိုးကျသွားခဲ့သည်။

ကံကောင်းစွာပင် စွန်းချွမ်ဖာ အသက်သေဆုံးခြင်းမရှိဘဲ ကိုမာမှ ပြန်လည်နိုးထလာခဲ့သည်။

သို့သော် သူ၏ ဒဏ်ရာများက ပြင်းထန်လွန်းသောကြောင့် အချိန်ကြာမြင့်စွာ ပြန်လည်ကုစားရလိမ့်မည်း။ သူ့တွင် ကုမ္ပဏီအား စီမံခန့်ခွဲရန် အချိန်မရှိခဲ့ချေ။

မိသားစုပိုင်ဆိုင်မှုအား ကာကွယ်နိုင်ရန်အတွက် သူသည်က တစ်ချိန်လုံး‌ မေ့လျော့ထားခဲ့သော သမီးဖြစ်သူအား အဆင့်တိုးပေးခဲ့ရပြီး ကုမ္ပဏီစီးပွားရေးအား ကိုင်တွယ်နိုင်ရန်အတွက် သင်ပြပေးခဲ့ရသည်။

လအနည်းငယ်အတွင်းမှာပင် စွန်းယွဲ့က ကုမ္ပဏီ၏ အရေးပါသော အချက်အလက်များနှင့် အကျွမ်းဝင်လာပြီဖြစ်ကာ တဖြည်းဖြည်း ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်လာနိုင်ခဲ့သည်။

စွန်းချွမ်ဖာ၏ ခန္ဓာကိုယ်က တဖြည်းဖြည်း သက်သာလာခဲ့သော်ငြား ယခင်ကလောက် မသန်စွမ်းနိုင်တော့ပေ။

သူသည်က သေဆုံးသွားသော သားဖြစ်သူ စွန်းမင်ဟောင်နှင့် သူ၏ ကျိုးပျက်သွားခဲ့သော ‘အမွှေးတိုင်’လေးအကြောင်းအား အမြဲလိုလို တွေးတောနေခဲ့မိသည်။

ကားအက်ဆီးဒင့်ဖြစ်ပြီး နှစ်နှစ်အတွင်း၌ သူသည် နောက်ထပ် သားငယ်တစ်ဦး ထပ်၍ မွေးရန် ကြိုးစားခဲ့ဖူးသည်။

သို့သော် ကားအက်ဆီးဒင့်၏ ပြင်းထန်သော နောက်ဆက်တွဲဒဏ်ရာများကြောင့် သူသည် ခါးအောက်ပိုင်းတစ်ခုလုံး အကြောသေသွားခဲ့ပြီး ကလေးယူရန်မှာ လုံးလုံးမဖြစ်နိုင်တော့ပေ။

စမ်းသပ်မှုများ၊ ဆေးဝါးများ၊ လေ့ကျင့်ခြင်းများ အကြိမ်ကြိမ် ကြိုးစားစမ်းသပ်ခဲ့ဖူးပါသော်လည်း အသုံးမဝင်ခဲ့ချေ။ စွန်းချွမ်ဖာသည်က ကလေးယူရန်အတွက် အသုံးမဝင်တော့ပေ။

လိုချင်သည့်အရာကို မရနိုင်သော စွန်းချွမ်ဖာသည်လည်း တစ်နေ့တစ်ခြား ပို၍ သုန်မှုန်ထိုင်းမှိုင်းလာခဲ့ပြီး သံသယလည်း ကြီးလာခဲ့သည်။

အရာအားလုံးကိုလည်း မကျေမနပ်ဖြစ်ကာ ပိုပို၍ ထက်မြက်ထူးချွန်လာသော သမီးဖြစ်သူကိုလည်း မုန်းတီးလာခဲ့သည်။

လေးနှစ်အတွင်းမှာပင် စွန်းယွဲ့၏ ခေါင်းဆောင်မှုအောက်၌ စွန်းမိသားစုက လမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိလာနိုင်ခဲ့ပြီး စွန်းချွမ်ဖာ အက်ဆီးဒင့်မဖြစ်ခင်ကထက်ပင် တစ်ဆင့်ပြီးတစ်ဆင့် ပိုမိုတိုးတက်လာခဲ့သည်။

မဖြစ်နိုင်မှန်းသိသော်ငြား စိတ်ကြည်လင်စွာ မတွေးတောနိုင်တော့သည့် စွန်းချွမ်ဖာအနေဖြင့် စွန်းမင်ဟောင်အား သေဆုံးစေခဲ့ပြီး သူ့အား ဒုက္ခိတဖြစ်စေခဲ့သော အက်ဆီးဒင့်မှာ သမီးဖြစ်သူ၏ အကြံအစည်ဟုပင် သံသယဝင်လာခဲ့သည်။

ထိုအချိန်တွင် စွန်းယွဲ့ာ အသစ်ပြန်လည်မွေးဖွားလာသကဲ့သို့ပင် စီးပွားရေးလောကတွင်လည်း တက်သစ်စ ကြယ်ပွင့်တစ်လုံး ဖြစ်လာခဲ့သည်။

စွန်းချွမ်ဖာက တဖြည်းဖြည်း နောက်ဆုတ်သွားပြီဖြစ်သော်ငြား ကုမ္ပဏီ၏ ရှယ်ယာအများစုက သူ့လက်ထဲတွင်သာ ရှိနေသေးသည်။

သူ၏ ရှယ်ယာများအား မတော်တဆသေဆုံးခဲ့ပါက လုယူခံရမည်ကို စိုးရိမ်သဖြင့် သေတမ်းစာများလည်း တစ်ဒါဇင်ကျော် ရေးသားထားခဲ့သည်။

ထိုအချက်ကို စွန်းယွဲ့ ကောင်းကောင်းသိထားခဲ့သည်။

သူမအနေဖြင့် ဖခင်သေဆုံးချိန်တွင် ရှယ်ယာများအား ရနိုင်ရန် မသေချာချေ။ ထိုရှယ်ယာများအတွက်သာမက သူမ၏ရင်ထဲတွင်လည်း ဖခင်ဖြစ်သူအပေါ် အနည်းငယ်လောက်သော ကြင်နာစိတ်ရှိသောကြောင့် စွန်းချွမ်ဖာအား လွတ်လွတ်လပ်လပ်‌ နေစေခဲ့ပြီး တစ်နေ့တစ်ခြား ထူးဆန်းလာသော သူ၏ အပြုအမူများကိုလည်း လျစ်လျှူရှု့ထားခဲ့သည်။

ထိုမျှ ဂရုစိုက်ပေးထားခဲ့သော်လည်း စွန်းချွမ်ဖာ၏ စိတ်အတွင်း၌ ပုတ်သိုးနေမှုများကို ဖယ်ရှားနိုင်စွမ်းမရှိခဲ့ပေ။

တူမဖြစ်သူက ထိန်းချုပ်ရန် မလွယ်ကူကြောင်း သဘောပေါက်လိုက်ချိန်တွင် ဦးလေးနှင့် အဒေါ်များသည် စွန်းချွမ်ဖာ၏ သံသယအား အခွင့်ကောင်းယူလာခဲ့ကြသည်။

နွေးထွေးချင်ယောင်ဆောင်၍ စိတ်ပိုင်းဆိုင်ရာ အခွင့်အရေးယူရန် ကြိုးစားခဲ့ကြခြင်းဖြစ်သည်။

အထူးသဖြင့် သူမ၏ ဦးလေးဖြစ်သူက ဝမ်းကွဲမောင်နှစ်ဦးအား စွန်းချွမ်ဖာထံသို့ ‘အရိုအသေပြုရန်’ဆိုသော အကြောင်းပြချက်ဖြင့် မကြာခဏ ခေါ်လာတတ်သည်။

သူမ၏ နောက်ကွယ်တွင် စွန်းချွမ်ဖာအား တီးတိုး ပြောဆိုနေခဲ့တတ်သည်။

စွန်းယွဲ့သည်လည်း အနည်းငယ်သံသယဝင်လာသောကြောင့် စွန်းချွမ်ဖာ၏ အခန်းထဲ၌ စောင့်ကြည့်ကင်မရာတစ်လုံး တပ်ဆင်ထားခဲ့လေသည်။

သူမ၏ ကောင်းလှသော ဦးလေးဖြစ်သူမှ စွန်းချွမ်ဖာအား အကြိမ်ကြိမ် ညွှန်ကြားနေသံများ၊ ဦးနှောက်ဆေးနေသံများကိုလည်း ကြားခဲ့ရသည်။

စွန်းယွဲ့သည်က သမီးမိန်းကလေးတစ်ဦးသာဖြစ်ကြောင်း၊ အခြေအမြစ်ရှိသူမဟုတ်ကြောင်း ပြောဆိုခဲ့သည်။

သူမ အိမ်ထောင်ပြုသွားပါက စွန်းမိသားစု၏ ငွေကြေးဥစ္စာများ၊ ပိုင်ဆိုင်မှုများမှာ အတခြားမိသားစုလက်ထဲသို့ ရောက်သွားမည်ဖြစ်ကြောင်းလည်း ပြောခဲ့သေးသည်။

သူမက ယခုအချိန်မှစ၍ စွန်းအဖွဲ့အတွင်းမှ လူဟောင်းများကို ပ,ထုတ်နေပြီဖြစ်ကြောင်း၊ နောင်အနာဂတ် အာဏာရသွားခဲ့ပါက သူတို့အားလုံးကို အပြတ်ရှင်းပစ်နိုင်ကြောင်းလည်း ပြောဆိုခဲ့သေးသည်။

စွန်းချွမ်ဖာအနေဖြင့် သူ၏ တူကို မွေးစားသင့်ကြောင်း၊ ထိုမှသာလျှင် သူ့တွင် ‘အားကိုးစရာလူ’ရှိမည်ဖြစ်ကြောင်း အကြံပေးခဲ့သေးသည်။

အငယ်ဆုံးတူအနေဖြင့် နောင်အနာဂတ်တွင် အိမ်ထောင်ကျ၍ ကလေးမွေးခဲ့ပါကလည်း စွန်းချွမ်ဖာအား အသက်အရွယ်ကြီးချိန်ထိ စောင့်ရှောက်ပေးလိမ့်မည်ဖြစ်ကြောင်း၊ သူ့တွင် သွေးရင်းသားရင်း မြေးငယ်လေးများလည်း ရလိမ့်မည်ဖြစ်ကြောင်း…..

စွန်းချွမ်ဖာဘက်မှ မည်မျှပင် စိတ်ဓာတ်ကျနေပါစေ ထိုသို့ အလိမ်အညာများအား ယုံကြည်လိမ့်မည်မဟုတ်ဟု စွန်းယွဲ့ထင်ခဲ့မိသည်။

သို့သော် စွန်းချွမ်ဖာသည်က တစ်နေ့တစ်ခြား စိတ်ပျော့လာခဲ့ပြီး ဝမ်းကွဲမောင်အငယ်အား သူတို့မိသားစုထဲသို့ သွင်းရန် တွေးတောလာခဲ့ချိန်တွင်တော့ သူမ အင်မတန် ဒေါသထွက်ကာ မုန်းတီးမိသောကြောင့် ထိုလူများအား အရှင်လတ်လတ် ခုတ်ထစ်သတ်ပစ်ချင်ခဲ့ရသည်။

သူမသည် မိန်းကလေးဖြစ်သော်လည်း အားနည်းသူမဟုတ်ချေ။ စီးပွားရေးလောကတွင်လည်း အောင်မြင်နေသူတစ်ဦးဖြစ်သည်။

စွန်းမိသားစုအား ကပ်တွယ်စားသောက်နေသည့် ဆွေမျိုးအချို့အား မောင်းထုတ်ခဲ့သည်မှန်သော်လည်း ထိုလူများအားလုံးမှာ အလုပ်အား သေချာလုပ်ကိုင်ခြင်းမရှိ၊ လာဘ်ပေးလာဘ်ယူလုပ်တတ်ပြီး ချောင်ခိုတတ်သူများသာ ဖြစ်သည်။

“အောက်ခြေကနေ စပြီးတော့ နေ့တိုင်းနေ့တိုင်း ညနှစ်နာရီလောက်ထိ လေ့လာခဲ့ရတာက ဘယ်လိုမျိုးလဲဆိုတာ ဘယ်သူသိမှာလဲ

ဝိုင်စားပွဲမှာပဲ တစ်ပတ်လောက် ပုလင်းတွေဖွင့်၊ ပရောဂျက်လေးတစ်ခုရဖို့အတွက်နဲ့ အစာအိမ်သွေးယိုအောင်ထိ လုပ်ခဲ့ရတာရော..

ဒီလူအို၊ လူယုတ်မာကြီးတွေရဲ့ အောက်တန်းကျတဲ့ အတွေးအကြံတွေကို သိနေပါရက်နဲ့ အပြင်ပန်းမှာ ပြုံးပြ၊ နှုတ်ဆက်ပြနေရတဲ့ ခံစားချက်ကိုရော ဘယ်သူ သိမှာလဲ!?”

*

All Chapters