← Chapters

သရဲကို လိမ်ညာခြင်း

Vol. 47 Ch. 465

သရဲကို လိမ်ညာခြင်း

Vol. 47 Ch. 465

စွန်းယွဲ့အနေဖြင့် နှစ်ပေါင်းများစွာ ခံစားခဲ့ရသည့် ဝေဒနာများကို ပြန်တွေးလိုက်တိုင်း ဒေါသထွက်မိသည်။

သူမက မကြာခင် အသက် (28)နှစ်ပြည့်တော့မည်။

အချစ်နှင့် မဆုံခဲ့ရဖူးသကဲ့သို့ သူမ၏ အစာအိမ်ပြဿနာသည်လည်း ပြင်းထန်လွန်းသည်။ နေ့စဉ်နေ့တိုင်း ကုမ္ပဏီတွင် အိပ်ချိန်မှအပ အလုပ်,လုပ်ကိုင်ခဲ့သည်။

သူမ၏ အသက်မဲ့နေသည့် မျက်လုံးများထဲတွင် ရက်စက်မှုများသာ ဖုံးလွှမ်းနေခဲ့သည်။

“နေ့တိုင်းနေ့တိုင်း ဓားလမ်းပေါ်မှာ ခြေဗလာနဲ့ လျှောက်ပြီး အခုလက်ရှိနေရာကို ရောက်လာအောင် ကြိုးစားခဲ့ရတာ! ဒါတောင် သူတို့က ငါ့ရဲ့ ကြိုးစားမှုတွေကို လုယူချင်နေကြတယ်၊ အဲ့တာရော ကောင်းလား!?”

ကုကျစ်စုန့်: “ဒီတော့ ရှင့်ရဲ့ ပန်းတိုင်ရောက်ဖို့အတွက် သူများတွေရဲ့ အသက်ကို စတေးဖို့လိုတယ်ပေါ့?”

“ဒါက တောတွင်းဥပဒေပဲ၊ မျှတမှုဆိုတာ ရှိနိုင်ပါ့မလား”

သူမ အသက်ကို ပြင်းပြင်းရှူလိုက်သည်။ ကိုယ့်ကိုကိုယ် မှားသည်ဟုလည်း မထင်မိပေ။

“ကုတောက်ကျန့်… ရှင်တို့တွေက သာမန်ထက်ကို ထူးခြားတဲ့ အရည်အချင်းရှိသူတွေပဲလေ၊ ငါတို့လို သာမန်လူတွေထက် အများကြီးသာတယ်၊

ပြီးတော့ ငါတို့ရဲ့အသက်ကိုလည်း ရှင်ချင်ရှင်၊ သေချင်သေ ဆုံးဖြတ်နိုင်ကြတယ် ၊ အဲဒါကရော တရားလား?”

“ဆင်းရဲတဲ့သူက ဘယ်လောက်ပဲ စာကြိုးစားပါစေ ထွက်လမ်းမရှိဘူး၊ သူတို့တွေက မိသားစုစဉ်ဆက်ကြိုးစားပြီးမှ အိမ်တစ်လုံး ဝယ်နိုင်ကြတယ်

ဟော.. ချမ်းသာတဲ့ သူဌေးသားသမီးတွေကျ ဘာအသိပညာမှမရှိလည်း ငွေကို ရေလို သုံးနေနိုင်ကြတယ်၊ အဲဒါရော.. တရားလား?”

“ငါ နေ့နေ့ညည ကြိုးစားပြီး ဒီကုမ္ပဏီကို အုပ်ချုပ်ခဲ့ပေမဲ့ အားလုံးက ငါ့ဆီကနေ အကုန်လုံးကို လုယူချင်နေတယ်၊ အဲဒါ တရားလား”

စွန်းယွဲ့ နှာခေါင်းရှုံ့လိုက်သည်။

“ဘဝကြီးက ဘယ်တုန်းကမှ မတရားဘူး၊ အမြဲတမ်း ပိုကြီးတဲ့ ငါးက ငယ်တဲ့ငါးကို စားမှာပဲ၊ ငယ်တဲ့ငါးကလည်း ပုဇွန်ဆိတ်ကို စားမှာပဲ၊

ဒီနေရာကြီးက စစ်ပွဲကြီးလိုပဲ၊ သူတို့မသေရင် သေရမယ့်လူက ငါဖြစ်သွားလိမ့်မယ်”

သူမ ယခုပြစ်မှုအား ကျုးလွန်ရန် ဆုံးဖြတ်ချက်ချလိုက်သည့် နေ့ကို မှတ်မိသေးသည်။

စွန်းချွမ်ဖာ၏ တုံ့ဆိုင်းနေမှု၊ ဦးလေးဖြစ်သူ၏ အရှက်မရှိလုပ်ရပ်တို့ကို ကောင်းကောင်းသိထားသော်ငြား ထိုလူများကို သတ်လိုက်လျှင်လည်း သူမအတွက် အသုံးဝင်မည်မဟုတ်ချေ။

စွန်းချွမ်ဖာသည်က သေရမည်ကို ကြောက်ရွံ့နေတတ်သူဖြစ်သောကြောင့် သူရေးသားထားသည့် သေတမ်းစာ တစ်ဒါဇင်ကျော်မှ သူမ ကုမ္ပဏီ၏ ရှယ်ယာများကို ရနိုင်မည်ဟု မထင်မိပါချေ။

ထို့ကြောင့် သူမက ဒေါသထွက်နေခဲ့သော်ငြား ထူးထူးရှားရှား စိတ်တည်ငြိမ်နေခဲ့သည်။

သူမက ဘောလီဘောကဲ့သို့ တောင်ဘက်၊မြောက်ဘက် ပုတ်ထုတ်ခံနေရသည့် ကောင်မလေးမဟုတ်တော့ချေ။

စွန်းချွမ်ဖာ၏ သံသယကို ဖယ်ရှားပြီး ဦးလေးမိသားစုကို ပထုတ်နိုင်ပြီးနောက် ကုမ္ပဏီရှယ်ယာများကို ရယူနိုင်မည့် နည်းလမ်းမှာ ရိုးရှင်းလွန်းလှသည်။

စွန်းချွမ်ဖာအား ‘မိသားစုအမွေဆက်ခံနိုင်မည့် သွေးသား’တစ်ဦး ရှာဖွေပေးရန်သာ လိုအပ်သည်။

ကလေးရှိနေသ၍ စွန်းချွမ်ဖာသည်လည်း အရူးထကာ ဦးလေးမိသားစုထံသို့ ရှယ်ယာများ လွှဲပေးလိမ့်မည်မဟုတ်။

ကုမ္ပဏီအား အမွေဆက်ခံနိုင်မည့် ကလေးငယ်သည်လည်း ကုမ္ပဏီကို လက်လွှဲယူနိုင်ရန် အချိန်တစ်ခု ကြာမြင့်ဦးမည်ဖြစ်သည်။

ထိုအချိန်အတွင်း၌ စွန်းယွဲ့က ကိုင်းခက်၊ ကိုင်းခွဲများကို ဖယ်ရှားနိုင်ပြီး စွန်းချွမ်ဖာအား တဖြည်းဖြည်း စိတ်ပျော့၊ အားလျော့လာအောင် လုပ်နိုင်မည့် နည်းလမ်း ရှာဖွေလို့ရမည်ဖြစ်သည်။

ကလေးငယ်ကိုပင် သူမအား မိခင်အဖြစ် သတ်မှတ်လာအောင် လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်သည်။

သို့သော် စွန်းမင်ဟောင်က သေဆုံးသွားပြီဖြစ်ကာ စွန်းချွမ်ဖာသည်လည်း အသုံးမဝင်တော့ပေ။

နည်းလမ်းက လွယ်ကူသော်ငြား မဖြစ်နိုင်ပေ။

သူမ၏ အဆင့်တွင် စီးပွားရေးနယ်ပယ်အတွင်းမှ အတင်း၊အဖျင်းနှင့် သတင်းများ မကြာခဏ ကြားရသည်။

ရာထူးမြင့်လေလေ၊ သေရမည်ကို ပိုကြောက်လေလေဖြစ်သည်။ သူဌေးအများစုက သရဲလေးများ မွေးထားတတ်ကြသည်။ အသက်ရှည်စေမည့် အပင်များ၊ ဖုန်းရွှေနေရာချခြင်းများ လုပ်ဆောင်ထားတတ်ကြသည်။

ကုမ္ပဏီတစ်ခုက ထူးခြားပညာရှင်တစ်ဦး၏ လမ်းညွှန်ချက်အရ ပြန်လည်ဦးမော့လာနိုင်ခဲ့သည်ဆိုသော ကောလဟာလများလည်း ရှိခဲ့သည်။

စွန်းယွဲ့သည်လည်း သူမအလိုရှိသည့် နည်းလမ်းအား အကောင်အထည် ဖော်ပေးနိုင်မည့် ပညာရှင်တစ်ဦး တွေ့လိုတွေ့ငြား ရှာဖွေခဲ့သော်လည်း မတွေ့ခဲ့ပေ။

သို့သော် တခြားနည်းလမ်းတစ်ခုရှိနေသော ပညာရှင်အား ရှာတွေ့ခဲ့ရသည်။

ထိုနည်းလမ်းသည်က သူမအား မိုးကြိုးပစ်ခံရစေနိုင်ပြီး သားစဉ်မြေးဆက် မျိုးပြတ်စေနိုင်သည့် နည်းလမ်းဖြစ်ကြောင်း သိသော်လည်း ထိုပညာရှင် သင်ကြားပေးသည့်အတိုင်း တစ်ဆင့်ပြီးတစ်ဆင့် လိုက်နာခဲ့သည်။

ယခုအချိန်ထိပင် စွန်းယွဲ့ နောင်တရခြင်းမရှိပါချေ။

စွန်းယွဲ့၏ စကားအား နားထောင်ပြီးနောက် ကုကျစ်စုန့် မျက်မှောင်ကြုတ်လိုက်မိသည်။

သူမ တစ်စုံတစ်ရာကိုပြောချင်သော်ငြား ခေါင်းကို အသာရမ်းလိုက်ပြီးနောက် နှုတ်ဆိတ်နေခဲ့သည်။

သူမ မည်သည့်စကားပင် ဆိုပါစေ၊ စွန်းယွဲ့၏ အတွေးအကြံများက ကောက်ကျစ်၊ အောက်တန်းကျသော နည်းလမ်းများ၏ လွှမ်းမိုးခြင်းခံထားရပြီး သူမပ လုံးလုံး ‘စီးပွားရေးသမား’တစ်ဦး ဖြစ်လာခဲ့ပေပြီ။

အနိုင်ရရှိမည်ဆိုပါက စွန်းယွဲ့အနေဖြင့် လောကနီတိတရားများ၊ ဖြစ်သင့်သည်၊မဖြစ်သင့်သည်တို့ကိုလည်း စဉ်းစားတော့မည်မဟုတ်ပေ။

ကုကျစ်စုန့် သူမ၏ ကြိုးစားမှုနှင့် အညှာအတာကင်းမှုတို့ကို သဘောကျသော်ငြား သူမတို့၏ ဦးတည်ချက်သည် အရှေ့နှင့်အနောက်၊ တောင်နှင့်မြောက်ကဲ့သို့ ကွဲပြားနေခဲ့သည်။

သူမ ချောင်းဟန့်လိုက်ပြီးနောက် ယခုပြဿနာကိုလည်း ခပာမြန်မြန် အဆုံးသတ်လိုက်ရန်တွေးခဲ့သည်။

“စွန်းယွဲ့ရဲ့ နည်းလမ်းတွေက အရမ်းရက်စက်တယ် ၊ အရင်ဆုံး သူက ငှားမဲ့ အိမ်ထဲမှာ မှန်ကြီးကို နေရာချလိုက်တယ်။ အထဲမှာ ဓာတ်ပုံထည့်ပြီးတော့မှ အိမ်ငှားခ ဈေးချိုချိုထားပြီး ရှင်တို့ကို ဆွဲဆောင်ခဲ့တယ်၊

ရှင်တို့ရဲ့ ဓာတ်ပုံတွေကို အကြောင်းပြချက်အမျိုးမျိုးနဲ့ တောင်းပြီးတော့ စွန်းမင်ဟောင်ရဲ့ ဓာတ်ပုံရှေ့မှာ မီးရှို့လိုက်တယ်

အဲဒါက ငွေစက္ကူမီးရှို့သလိုမျိုးပဲ ဓာတ်ပုံတွေက မြေအောက်ကမ္ဘာထဲက စွန်းမင်ဟောင်လက်ထဲကို ရောက်သွားလိမ့်မယ်”

“စွန်းယွဲ့က အဲဒီဓာတ်ပုံတွေကို မီးရှို့လိုက်တုန်းက စာတစ်စောင်လည်း မီးရှို့လိုက်လိမ့်မယ်၊ စာထဲမှာတော့ စွန်းမင်ဟောင်ကို လိမ်လည်ဖို့အတွက် စွန်းချွမ်ဖာက သူ့ကို မြေအောက်ကမ္ဘာမှာ အိမ်ထောင်ပြုနိုင်အောင် လုပ်ပေးဖို့တို့လိုမျိုးတွေ ပြောထားမှာပေါ့”

အဓိပ္ပာယ်မှာ စွန်းယွဲ့က လူသားများကိုသာ လိမ်လည်ခဲ့ခြင်းမဟုတ်ပါချေ။

သရဲများကိုပါ လိမ်လည်ခဲ့ခြင်းဖြစ်သည်။

“မှန်တယ်၊ အဲဒီအတိုင်းပါပဲ”

စွန်းယွဲ့က ငြင်းဆိုခြင်းမရှိပါချေ။

တစ္ဆေသန္ဓေသားတစ်ကောင်အား ပြုစုပျိုးထောင်ရန်အတွက် မိခင်တစ်ဦး လိုအပ်သည်။

သူမ စွန်းမင်ဟောင်၏ ခန္ဓာကိုယ်အား နေရာရွှေ့လိုက်ချိန်တွင် မြေအောက်ကမ္ဘာမှ ဝိဉာဉ်သည်လည်း ထိုအရာကို ခံစားနိုင်သည်။

စွန်းမင်ဟောင် လိုက်လိုက်လျောလျောရှိစေရန်အတွက် သူမာ ပညာရှင်၏ စကားအတိုင်း စာတစ်စောင်ကို ရေးသားမီးရှို့၍ လှည့်ဖျားခဲ့ခြင်းသာဖြစ်သည်။

စွန်းမင်ဟောင်အား တစ္ဆေလက်တွဲဖော် ရွေးချယ်ရမည်ဟု လိမ်လည်ထားသောကြောင့် အလောင်းအား နေရာရွှေ့ချိန်တွင် သူက ရုန်းကန်ခြင်းမရှိခဲ့ပေ။

“အစတုန်းကတော့ စွန်းမင်ဟောင်ကို ဒီအတိုင်း လူရွေးခိုင်းမလို့ပါပဲ”

စွန်းယွဲ့ ရွံရှာစက်ဆုတ်စွာ ရယ်လိုက်မိသည်။

“ငါ့ရဲ့ အဖိုးတန် အဖေတူအမေကွဲမောင်လေးက မြေအောက်ကမ္ဘာမှာ‌တောင် လောဘကြီးနေလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး၊ သူက နင်တို့အားလုံးကို ရွေးလိုက်တယ်လေ”

ဓာတ်ပုံများအား မီးရှို့ပြီး နှစ်ရက်ခန့်အကြာတွင် စွန်းယွဲ့ စွန်းမင်ဟောင်အား အိပ်မက်,မက်ခဲ့သည်။

သူက ဓာတ်ပုံများကို ယူဆောင်သွားသော်လည်း သူနှင့် အကိုက်ညီဆုံးလူတစ်ဦးအား ရွေးချယ်ထားခြင်းမဟုတ်။ အကုန်လုံးကို ရွေးချယ်ထားခဲ့သည်။

စွန်းမင်ဟောင်အား အရှက်ခွဲလိုသော ဆန္ဒဖြင့် စွန်းယွဲ့ တမင်သက်သက်မီးရှို့လိုက်သော အမျိုးသားအင်တာနက် ဆယ်လီကောင်လေး၏ ဓာတ်ပုံကိုပါ စွန်းမင်ဟောင်၏ လက်ထဲတွင် ဆုတ်ကိုင်ထားခဲ့သည်။

သူတို့နှစ်ဦးသည်က သွေးသားတော်စပ်သူများဖြစ်သောကြောင့် စွန်းချွမ်ဖာ၏ မကောင်းသော အကျင့်စရိုက်များကိုလည်း ထပ်တူညီစွာအမွေရထားခဲ့ကြသည်။

ထပ်တူယုတ်မာကြပြီး ထပ်တူ လောဘကြီးကြသည်။

စွန်းမင်ဟောင်ာ အိမ်ငှားနေထိုင်သူများအားလုံးကို ရွေးချယ်ခဲ့သောကြောင့် သူက ထိုလူများအားလုံးနှင့် သဘာဝလွန်နည်းလမ်းအရ ချိတ်ဆက်ထားခဲ့ပြီးဖြစ်သည်။

ထိုအချိန်တွင် စွန်းယွဲ့အား ကူညီနေသော ပညာရှင်သည်လည်း အုတ်ဂူအတွင်း မြှုပ်နှံထားသည့် အလောင်းအား နေရာရွှေ့ပြီးဖြစ်သည်။

မည်သို့ လုပ်ဆောင်လိုက်သည်ကို သူမ မသိခဲ့ပေ။

သူမထံသို့ မက်ဆေ့ချ်ပို့၍ နေရာတစ်နေရာသို့ သွားကာ ‘ပါဆယ်ထုတ်’ ယူခိုင်းသည့်အချိန်တိုင်းတွင် ညှီစို့စို့အနံ့နံသည့် အသားအပိုင်းအစတစ်ခုအား စက္ကူနှင့် ပတ်ထားသည့် အထုတ်ငယ်လေးကို ရရှိခဲ့သည်။

အပုတ်နံ့မရှိသော်ငြား သူမ၏လက်ထဲတွင် ကိုင်ထားသည့်အရာက မည်သည့်အရာဖြစ်ကြောင်းကို စွန်းယွဲ့သိသည်။

သူမက အန်ချင်စိတ်ကို ချုပ်ထိန်း၍ ထိုအသားအား ချက်ပြုတ်ကာ အိမ်ငှားများထံသို့ ပေးပို့ခဲ့သည်။

ထိုလူငယ်လေးများ၏ ဖြူစင်ကာ ယုံကြည်မှုအပြည့်ဖြစ်သော အပြုံးများကို မြင်ရပြီးနောက် သူမ တုံ့ဆိုင်းခဲ့ကာ ပထမအကြိမ်က နောက်ဆုတ်ခဲ့သေးသည်။

သို့သော် စွန်းချွမ်ဖာ၏ ပုံမှန်မဟုတ်သော အပြုအမူများ၊ သူ့အား တစ်ချိန်လုံး ချောက်ချနေခဲ့သည့် ဆွေမျိုးများ၏ လုပ်ရပ်များကို ပြန်စဉ်းစားပြီးနောက် စွန်းယွဲ့၏ နှလုံးသားသည်လည်း တဖြည်းဖြည်း မာကျောလာခဲ့သည်။

ကုကျစ်စုန့်၏ မျက်ဝန်းအစုံတွင် အံ့ဩခြင်း အလျဉ်းမရှိ။

“မြေအောက်ကမ္ဘာက သာမန်တစ္ဆေတစ်ကောင်ဖြစ်တဲ့ စွန်းမင်ဟောင်ကတော့ ဒီသရဲလက်ထပ်ခြင်းနဲ့ သူ့ကို လက်တွဲဖော်ရွေးခိုင်းတာတွေက အလိမ်အညာတွေချည်းပဲဆိုတာ ဘယ်သိမလဲ?”

လူတစ်ယောက်၏ ခန္ဓာကိုယ်က ပျက်စီးသွားပြီး အသားများ ထုတ်ယူခံလိုက်ရလျှင် သေဆုံးလိမ့်မည်ဖြစ်သည်။

သရဲများကတော့ ထိုသို့မဟုတ်ချေ။

ပြန်မဝင်စားရသေးသရွေ့၊ မြေအောက်ကမ္ဘာတွင် တည်ရှိနေသေးသရွေ့ ဝိဉာဉ်၏ အနက်ရှိုင်းဆုံး ပင်လယ်ကြမ်းပြင်နေရာက သက်ရှိကမ္ဘာတွင် ကျန်ရစ်ခဲ့သော အကြွင်းအကျန်များနှင့် နီးစပ်နေဦးမည်ပင်။

ထိုသို့မဟုတ်ပါက ရှေးဟောင်းသင်္ချိုင်းဂူများအတွင်း၌ ဖုန်းရွှေပညာရပ်များလည်း ချမှတ်ထားလိမ့်မည်မဟုတ်ပေ။

မြေသားအတွင်း မြှုပ်နှံထားသော ခန္ဓာကိုယ် ပျက်စီးသွားပါက၊ သို့မဟုတ် ဖုန်းရွှေပျက်သွားခဲ့ပါက မြေအောက်ကမ္ဘာရှိ ဝိဉာဉ်ကိုလည်း သိသိသာသာ ထိခိုက်စေမည်ဖြစ်သည်။

စွန်းမင်ဟောင်၏ ခန္ဓာကိုယ်အား ပထမဆုံးတူးဖော်၍ ဖျက်ဆီးခဲ့ချိန်တွင် သူ့အနေဖြင့် သိသိသာသာ ခံစားမှုမရှိခဲ့ချေ။ သို့သော် အကြိမ်ပေါင်းများစွာ ဖြစ်လာချိန်၌ တစ်ခုခုသည် ပုံမှန်မဟုတ်တော့ကြောင်း သတိပြုမိလာသည်။

သူ၏ အုတ်ဂူကို ဖောက်ကာ အသားကို ထုတ်ယူခဲ့သော လူက သေချာပေါက် သာမန်လူတစ်ဦးမဟုတ်ပေ။ ထူးခြားစွမ်းအင်နှင့် ပညာတို့အား အသုံးချကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

သူ၏ အသားများကို တစ်ကြိမ်ထုတ်ယူခံရတိုင်း ဝိဉာဉ်သည်လည်း တဖြည်းဖြည်း အားလျော့လာခဲ့သည်။

ထိုသို့ ဆက်သွားနေမည်ဆိုပါက သူ၏ ဝိဉာဉ်တစ်ခုလုံးပင် ပြိုကွဲပျက်စီးသွားနိုင်သည်။

ထိုအချိနာတွင်တော့စွန်းယွဲ့၏ လိမ်ညာခြင်းကို ခံလိုက်ရပြီဖြစ်ကြောင်း စွန်းမင်ဟောင် သဘောပေါက်သွားခဲ့လေသည်။

*

All Chapters