← Chapters

“ဝိညာဉ်ရေးရာအစီအစဥ်” ၏ ဝိညာဉ်သန္ဓေသား - နိဂုံးချုပ်နှင့် ကြီးထွားမှုပုံစံတစ်ခု (1)

Vol. 47 Ch. 466

“ဝိညာဉ်ရေးရာအစီအစဥ်” ၏ ဝိညာဉ်သန္ဓေသား - နိဂုံးချုပ်နှင့် ကြီးထွားမှုပုံစံတစ်ခု (1)

Vol. 47 Ch. 466

စွန်းမင်ဟောင်က သူ၏ ဝိဉာဉ်ကို မပျက်စီးစေရန်၊ ယခုထက်ပို၍ စွမ်းအားမလျော့စေရန် ရပ်တန့်လိုက်ချင်သော်ငြား သဘာဝလွန်ချိတ်ဆက်မှုက သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်သောကြောင့် ယခုအချိန်တွင် ထိန်းချုပ်၍ မရနိုင်တော့ပေ။

စွန်းယွဲ့၏ အိပ်မက်ထဲသို့ ဝင်ရောက်၍ တားမြစ်ချင်ခဲ့သော်လည်း သူသည် စွန်းယွဲ့အား အိပ်မက်ပေး၍ မရတော့ကြောင်း သိလိုက်ရပြန်သည်။

စွန်းယွဲ့ကတခြားလူ၏ အကူအညီဖြင့် ကံကြမ္မာကိုရော၊ မွေးရက်ကိုပါ ပြောင်းလဲထားသည်ကို စွန်းမင်ဟောင် မည်သို့ သိနိုင်မည်နည်း။

ထိုနည်းအားဖြင့် သေဆုံးခဲ့သည်မှာ ငါးနှစ်၊ ခြောက်နှစ်ခန့်ရှိပြီဖြစ်သော စွန်းမင်ဟောင်၏ ဝိဉာဉ်က စွန်းယွဲ့၏ အသုံးချခံဖြစ်ခဲ့ရသည်။

ယခုအချိန်တွင် သူ၏ ဝိဉာဉ်တစ်ဝက်ခန့်သာ ကျန်ရစ်ပြီး အချိန်မရွေး သေဆုံးသွားနိုင်သည်။

ခိုးယူခံလိုက်ရသော ဝိဉာဉ်စွမ်းအင်များမှာ တူးဖော်ထားသည့် အသားတွင်းမှတဆင့် မိန်းမငယ်လေးများ၏ ကိုယ်တွင်းသို့ ဝင်ရောက်ကာ မျိုးစေ့ချနေခဲ့ချေပြီ။

ကျန်ရစ်နေခဲ့မည့် အသားပုတ်များက မိန်းမငယ်လေးများအား အနည်းငယ် အစာအိမ်ပြဿနာဖြစ်စေမည်ဆိုသော်ငြား ထိုအရာများကိုလည်း နှစ်ရက်၊သုံးရက်အတွင်း ခန္ဓာကိုယ်မှ အညစ်အကြေးအဖြစ် စွန့်ထုတ်လိုက်မည်သာဖြစ်သည်။

သို့သော် အသားပုတ်များနှင့်အတူ တွဲပါလာသည့် အလောင်းဓာတ်ငွေ့များ၊ ယင်စွမ်းအင်များမှာတော့ သဘာဝလွန်ချိတ်ဆက်မှုကြောင့် ပျောက်ကွယ်သွားခြင်းမရှိခဲ့ပေ။

မမြင်နိုင်သော်ငြား ဖယ်ရှား၍ မရနိုင်သော စွမ်းအင်အဖြစ် ခန္ဓာကိုယ်တွင်း၌ စုဝေးကျန်ရစ်ခဲ့သည်။

ထို့နောက် အစာအိမ်အတွင်း၌ နေရာယူထားခဲ့သည်။

ထိုအရာက အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း ကြီးထွားလာမည်ဖြစ်သည်။

နောက်ဆုံးတွင်တော့ အမျိုးသမီးငယ်လေးများ၏ နူးညံ့သော ဝမ်းဗိုက်အတွင်းမှ သာမန်မဟုတ်သည့် အရာတစ်ခုက သူ မျိုးစေ့ကျပြီး ကြီးထွားခဲ့ရသော ‘မြေဆီလွှာ’အား ဖောက်ထုတ်၍ ခွဲထွက်လာမည်ဖြစ်သည်။

ထိုအရာမှာ စွန်းယွဲ့လိုအပ်သော စွန်းမိသားစု၏ သွေးသားရင်း ‘ကလေး’ပင်ဖြစ်သည်။

ကုကျစ်စုန့် ရုတ်တရက် မေးလိုက်မိသည်။

“စွန်းယွဲ့၊ ရှင် မေးခွန်းတစ်ခုလောက်ကို စဉ်းစားကြည့်ခဲ့ဖူးလား”

“ရှင့်ရဲ့ ကံကြမ္မာကို ပြောင်းပေးပြီး ရှင့်ကို ကံကောင်းလာအောင် ကူညီပေးခဲ့တဲ့ လူအကြောင်းကိုလေ”

“ရှင့်အတွက် ယင်နဲ့ ယန်ကို ပြောင်းလဲပေးခဲ့တယ်၊ သေသူရဲ့ မျိုးစေ့ကို ရှင်သူရဲ့ ခန္ဓာကိုယ်ထဲမှာ စိုက်ပျိုးပေးခဲ့တယ်၊ ပြီးတော့ ထိန်းချုပ်လို့ မရနိုင်တဲ့ ဘာမှန်းမသိတဲ့ အရာတွေကိုလည်း ဖန်တီးခဲ့တယ်…”

“သူက အရမ်းကို စွမ်းအားကြီးတယ်၊ ပြီးတော့ ရှင့်ရဲ့ ကနဦးဆန္ဒက စွန်းမိသားစုရဲ့ ရှယ်ယာတွေကို လိုချင်ရုံသက်သက်ပဲ”

စွန်းယွဲ့၏ မျက်ခွံ အနည်းငယ်တွန့်သွားသည်။

“အဲဒီပညာရှင်ပြောခဲ့တာက သေတမ်းစာတွေက မြေအောက်ကမ္ဘာရဲ့ ကွန်ယက်ထဲကို ဝင်ရောက်သွားပြီ၊

ဒီတော့ ရှင်ပြောင်းလိုက်ရင်တောင်မှ မြင်ဖူးတဲ့သူတွေကတော့ မူလအရာကို မှတ်မိနေဦးမှာပဲ ၊ နောက်ထပ် သေတမ်းစာတွေလည်း ရှိနေသေးတဲ့အတွက် ဒီနည်းလမ်းကသာလျှင် ပြီးပြည့်စုံတယ်….”

“ကွန်ယက်စနစ်ကို ခဏထားပါဦး၊ သူက တစ္ဆေသရဲတွေကိုတောင် လှည့်စားနိုင်တယ်နော်၊

ဒါဆိုရင် အလွယ်ဆုံးနည်းလမ်းက ရှင့်ရဲ့ အဖေ စွန်းချွမ်ဖာကို အစီအရင်တွေနဲ့ ထိန်းချုပ်၊ ဦးနှောက်ဆေးပြီးတော့မှ သေတမ်းစာကို ပြန်ရေးခိုင်းလိုက်တာ မဖြစ်နိုင်ဘူးလား

အဲဒီလို ပြန်ရေးလိုက်ရင်ရော အတည်ဖြစ်မသွားဘူးလား”

ကုကျစ်စုန့် ပြုံးနေရင်းနှင့်ပင် စွန်းယွဲ့စကားမပြန်မီ ဖြတ်ပြောလိုက်သည်။

“သူက သရဲတွေကိုတောင် လှည့်စားနေတာလေ ၊ ရှင်ကိုယ်တိုင်ကရော ရန်သူရဲ့ ထိန်းချုပ်မှုခံနေရတဲ့ စစ်တုရင်ခုံပေါ်က နယ်ရုပ်လေးတစ်ရုပ် ဖြစ်မနေနိုင်ဘူးလို့ ဘယ်လိုလုပ် ပြီးသေချာနေတာလဲ?”

တခါတရံတွင် အဖြစ်အပျက်များသည်က ကိုယ်တိုင်ကြုံတွေ့နေရသူအတွက် မျက်စိလည်စေနိုင်သော်လည်း ဘေးမှ စောင့်ကြည့်သူများအတွက်တော့ ရိုးရှင်းလွန်းသည်။

စွန်းယွဲ့သာ ကုကျစ်စုန့်၏နေရာတွင် ရှိနေသည်ဆိုပါက ထိုထူးဆန်းမှုကို သူမကိုယ်တိုင်လည်း အာရုံခံနိုင်လိမ့်မည်ဖြစ်သည်။

သို့သော် ယခုအဖြစ်အပျက်တွင် သူမသည်လည်း ပါဝင်ပတ်သတ်နေသူတစ်ဦးဖြစ်သည်။ လောဘစိတ်နှင့် ပျောက်ဆုံးသွားသော ဆင်ခြင်တုံတရားတို့ကြောင့် သူမ၏ အမြင်သည်လည်း မြူဖုံးနေခဲ့သည်။

ယခုအချိန်တွင် ထိုမြူခိုးက လွင့်စင်သွားခဲ့ပြီးနောက် သူမ၏ အပြုံးသည်လည်း အေးခဲသွားသည့်အလား ရပ်တန့်သွားခဲ့သည်။

နှုတ်ခမ်းပါးများက အနည်းငယ်တုန်ယင်သွားခဲ့ပြီး စကားပင် မပြောနိုင်တော့ချေ။

ကုကျစ်စုန့် ပြုံးလိုက်မိသည်။

“ရှင်က ကိုယ့်ကိုကိုယ်တောင် သေချာမမြင်နိုင်ဘူး၊ ဒါနဲ့များ ယင်နဲ့ယန် မညီမျှမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဘာမှန်းမသိတဲ့အရာတွေကို ထိန်းချုပ်နိုင်လိမ့်မယ်လို့ ထင်နေတာလား”

“အဲဒီဝိဥာဥ်သန္ဓေသားတွေက ကြီးလာရင် ဘာတွေဖြစ်လာမယ်ဆိုတာတောင် ရှင်မသိဘူးမလား”

ကုကျစ်စုန့်၏ အမေးစကားက အေးစက်လွန်းလှသော်ငြား စွန်းယွဲ့ကို ဇောချွေးပြန်လာစေခဲ့သည်။

သူမ ကုကျစ်စုန့်အား ပြန်လည်ချေပပြောဆိုနိုင်မည့် စကားကို ရှာမတွေ့ခဲ့ပေ။

“အမှန်အတိုင်းပြောရရင် ဒီလိုမျိုး ယုတ်ညံ့တဲ့ မှော်ပညာတွေက ယင်နဲ့ယန်ကို ဆန့်ကျင်ထားတာကြောင့် သာမန်လူသားတွေ နားလည်နိုင်အောင် ပြောမယ်ဆိုရင် ‘ကောင်းတဲ့အရာတွေ’ မဟုတ်ဘူး”

“ပြီးရင် ဒီအိမ်ငှားကောင်မလေးတွေလည်း သေမယ် ၊ ရှင်ရော၊ ရှင့်အနီးအနားက အပြစ်မဲ့လူတွေကိုပါ ထိခိုက်စေမှာပဲ”

စွန်းယွဲ့တစ်ယောက်သူမ အလှည့်စားခံလိုက်ရပြီဖြစ်ကြောင်း သဘောပေါက်သည်။

သူမ၏ ဆုတောင်းမှာ ကနဦးတည်းက မဖြစ်နိုင်သောအရာတစ်ခုလည်း ဖြစ်လိမ့်မည်။

သူမကို အကြံပေးခဲ့သူသည်က သူမ၏လက်ဖြင့် ကမ္ဘာကြီးအား ဒုက္ခပေးနိုင်သော မကောင်းဆိုးဝါးများ မွေးထုတ်လိုခြင်းသာ ဖြစ်သည်။

စွန်းယွဲ့ ငယ်ထိပ်အား မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ပင် အံ့ဩတုန်လှုပ်သွားခဲ့ရပြီး မျက်ဝန်းအစုံမှာလည်း ပြူးကျယ်နေခဲ့သည်။

အရာရှိကျောင်းက သူမကို မည်မျှပင် မေးခွန်းထုတ်ပါစေ၊ နှုတ်ဆိတ်နေခဲ့သည်။

ထိုအဖြစ်အား မြင်ရပြီးနောက် အရာရှိကျောင်းလည်း စွန်းယွဲ့အား စခန်းတွင် ထိန်းသိမ်းထားပြီး စစ်ဆေးရန် လက်အောက်ငယ်သားများကို အမိန့်ပေးလိုက်ရသည်။

ထို့နောက် တိုက်ရိုက်ထုတ်လွှင့်နေသည့် ကင်မရာဘက်သို့လှည့်ကာ ကုကျစ်စုန့်အား ကျေးဇူးတင်စကားဆိုလိုက်သည်။

“ဒီနေ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် မစ်စ်ကု၊

မင်းသာ ဒီလှည့်ကွက်တွေကို မမြင်ခဲ့ဖူးဆိုရင် ငါတို့တွေလည်း စွန်းယွဲ့လိုလူမျိုးနဲ့ ဘယ်လိုဖြေရှင်းရမှန်း သိမှာမဟုတ်ပါဘူး”

စွန်းယွဲ့ကဲ့သို့ လူများက ငွေကြေးနှင့် အာဏာတို့ကို အသုံးချကာ သဘာဝလွန်ပညာများ၊ ယုတ်ညံ့သည့် နည်းလမ်းများကို ရယူ၍ မကောင်းသော နေရာတွင်၊ အကျိုးအမြတ်များ ရရှိအောင် လုပ်ဆောင်တတ်ကြသူများဖြစ်သည်။

သူတို့လုပ်ဆောင်နေသည့် နည်းလမ်းများသည်က ပြစ်မှုမြောက်ကြောင်း၊ မလုပ်သင့်မလုပ်ထိုက်သည့်အရာများဖြစ်ကြောင်း အစိုးရတာဝန်ရှိသူများမှ မည်မျှသတိပေးပါစေ၊ လောဘကြီး၍ တစ်ကိုယ်ကောင်းဆန်ကြသူများ ရှိနေသ၍ ယခုကဲ့သို့ အခြေအနေများသည်လည်း ‌ပျောက်သွားမည်မဟုတ်ပါချေ။

စွန်းယွဲ့တစ်ယောက် တစ်ချိန်က အနိုင်ကျင့်ခံရပြီး မမျှမတ ဆက်ဆံခံခဲ့ရသော နစ်နာသူတစ်ဦးဖြစ်ခဲ့ရသည်။

သို့သော် သူမက ကိုယ့်ကိုကိုယ် ပြောင်းလဲကာ သားသတ်ဓားကို ကောက်ယူ၍ ကိုယ်တိုင် လူသတ်သမားဖြစ်လာခဲ့သည်။

ကုကျစ်စုန့် : “အရာရှိကျောင်းနဲ့ ကျန်တဲ့ အရာရှိတွေအားလုံးကမှ တကယ် ပင်ပန်းသွားရတာပါ”

သူမတွင် စွမ်းအင်နှင့် လုပ်ဆောင်နိုင်စွမ်းများရှိသည်။ ကင်မရာရှေ့တွင် ထိုင်နေရုံမျှဖြင့် အချက်အလက်များစွာကို မြင်တွေ့နိုင်စွမ်းရှိသည်။

သို့သော် ရဲအရာရှိများမှာ ထိုသို့မဟုတ်ကြချေ။

သူတို့သည် မည်သို့သော ထူးခြားစွမ်းရည်မျိုးကိုမှ မပိုင်ဆိုင်ထားကြသည့် သာမန်လူများသာ ဖြစ်သည်။

အထက်မှ ညွှန်ကြားချက်ကို ရပြီးသည်နှင့်တပြိုင်နက် အရာရှိကျောင်းသည် သူ၏ အဖွဲ့ကို ဦးဆောင်ကာ ချက်ချင်း လိုအပ်သည့်နေရာသို့ ရောက်ရှိလာကြသည်။

အိမ်ရာသို့ ရောက်ရှိလာပြီး ဆယ်မိနစ်အတွင်းမှာပင် သံသယရှိသူအား ဖမ်းဆီးနိုင်ခဲ့ကြသည်။ ထိုကဲ့သို့ လျှင်မြန်ထိရောက်သည့် စစ်ဆင်ရေးမျိုးသည် အရေးပေါ်ကိစ္စများတွင် အရေးအကြီးဆုံး အရာတစ်ခုလည်းဖြစ်သည်။

ဝိဉာဉ်ဆိုင်ရာအဖွဲ့ သန်မာမှုမရှိလာသေးခင်၊ ကုကျစ်စုန့် ပေါ်မလာသေးခင်အထိ ထိုမြင်တွေ့နိုင်ရန်ခက်ခဲသော၊ ဖြေရှင်းရန် ခက်ခဲသော သဘာဝလွန်အမှုများအား ဤသာမန်ရဲအရာရှိများသာလျှင် စုံစမ်းတိုက်ခိုက်ခဲ့ကြရခြင်းသာဖြစ်သည်။

သူတို့က နည်းပညာကို အသုံးပြု၍ သဘာဝလွန်အင်အားစုများအား အချိန်ပေါင်းများစွာ၊ လူပေါင်းများစွာ အကုန်ခံကာ တိုက်ခိုက်ခဲ့ကြသည်။

ပြစ်မှုကျူးလွန်သူများကို ခြေရာခံနိုင်ခဲ့ကြသော်ငြား ဖမ်းဆီးနိုင်ခြင်းမရှိခဲ့ပေ။

သို့သော် ထိုသို့ အားပျော့၍ အသုံးမဝင်ဟု ထင်ရသည့် လုပ်ဆောင်ချက်များသည်က ပညာရှင်အများစုအား ဥပဒေကို ကြောက်ရွံ့စေပြီး ကမ္ဘာကြီးအား အနည်းငယ် ညီမျှမှုရှိစေခဲ့ခြင်းဖြစ်သည်။

ထိုအချိန်တွင် သွေးပျက်နေခဲ့သော မိန်းမငယ်လေးများက စကားပြောလာခဲ့ကြသည်။

“ကုတောက်ကျန့်… ကျွန်မတို့ကရော ဘာလုပ်ရမလဲဟင်?”

ကုကျစ်စုန့်၏ စကားအရ သူတို့၏ အစာအိမ်ထဲတွင် တစ်စုံတစ်ခု ရှိနေခဲ့ပြီး အသက်အန္တရာယ်ရှိနေသည်မဟုတ်ပါလော?

ကုကျစ်စုန့် သူမတို့အား နှစ်သိမ့်ပေးလိုက်သည်။

“စိတ်မပူပါနဲ့၊ ကျွန်မ အခုချက်ချင်း ထုတ်လွှင့်တာ ရပ်လိုက်ပါတော့မယ်၊ နောက်ပြီးတော့ အချိန်ကျလာရင် ရှင်တို့ကို ကူညီဖြေရှင်းပေးပါမယ်”

ထိုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်ခန်းအတွင်း၌လည်း မှတ်ချက်များ ပြည့်နှက်နေခဲ့သည်။

မူလအစတွင် စွမ်းအားအကြီးဆုံးထူးခြားပညာရှင်အား မရွေးချယ်မီ နောက်ဆုံးတိုက်ရိုက်ထုတ်လွှင့်မှုက နာမည်ကြီးနေပြီးသားဖြစ်သည်။

ထိပ်တန်းရှာဖွေမှုများတွင်လည်း တစ်နေကုန် နေရာယူထားခဲ့သည်။

မားကတ်တင်းအကောင့်မျိုးစုံသည်လည်း ယခု ခန့်မှန်းနေမှုများကို အခွင့်ကောင်းယူကာ likes များ ရှာဖွေနေခဲ့ကြသည်။

ဝိဉာဉ်ရေးရာအစီအစဉ်အား အမှန်တကယ် သဘောကျနှစ်ခြိုက်ကြသူများသည်လည်း တိုက်ရိုက်ထုတ်လွှင့်ခန်းတွင်း၌ စောင့်ဆိုင်းကြည့်ရှုနေခဲ့ကြသည်။

*

All Chapters