← Chapters

”ဝိညာဉ်ရေးရာအစီအစဥ်” ၏ ဝိညာဉ်သန္ဓေသား - နောက်ဆုံးပိုင်း နှင့် ကြီးထွားမှုပုံစံတစ်ခု (2)

Vol. 47 Ch. 467

”ဝိညာဉ်ရေးရာအစီအစဥ်” ၏ ဝိညာဉ်သန္ဓေသား - နောက်ဆုံးပိုင်း နှင့် ကြီးထွားမှုပုံစံတစ်ခု (2)

Vol. 47 Ch. 467

[စွမ်းအားအကြီးဆုံး ထူးခြားပညာရှင်.. ငါကတော့ ကုကျစ်စုန့်ကိုပဲ မဲပေးတော့မယ်၊ အဲဒီနေရာက တကယ့်ကို သူ့အတွက်ပါပဲ]

[‘ဝိဉာဉ်ရေးရာ’အစီအစဉ် တတိယရာသီရဲ့ ကြောက်စရာအကောင်းဆုံးအပိုင်းက ဒီအပိုင်းပဲလို့ ငါတော့ ထင်တယ်၊

ဒါကြီးက ဒီလိုဖြစ်နေလိမ့်မယ်လို့ ဘယ်သူမှ ထင်ထားမှာမဟုတ်ဘူး၊ အခု ဒီအမှုမှာ ပါတဲ့ အရာတွေအကုန်လုံးက ငါတို့အနားမှာ နေ့စဉ်ဖြစ်နေတတ်တာတွေချည်းပဲဆိုတော့ ပိုပြီး ကြောက်ဖို့ကောင်းတယ်

ဘယ်သူမဆို အိမ်ငှားဖူးကြမှာပဲ ဒီလို ယုတ်မာတဲ့ အိမ်ရှင်မျိုးနဲ့ တွေ့ရတာကတော့ ကံဆိုးလွန်းပါတယ်…]

[အခုလေးကမှ ထုတ်လိုက်တဲ့ တရားဝင်ထုတ်ပြန်စာမှာ မြင်လိုက်ကြသေးလား အဲထဲမှာ ‘ထူးခြားပညာ၊ ထူးခြားနည်းလမ်းများကို အသုံးပြု၍ ပြစ်မှုကျူးလွန်ခြင်း၊ ဥပဒေချိုးဖောက်ခြင်းများအား ပြစ်ဒဏ်ပေး၊ အရေးယူနိုင်မည့် ဥပဒေများ ရေးဆွဲနေပါသည်’ဆိုပြီးတော့ တစ်ခုပါတယ်လေ

သူတို့ပြောတဲ့ ထူးခြားပညာဆိုတာ သဘာဝလွန်စွမ်းအားတွေကို ပြောတာမလား? ဝိဉာဉ်ရေးရာအဖွဲ့တွေ၊ စည်းကမ်းချက်တွေ၊ နောက်ပြီးတော့ တဖြည်းဖြည်း တိုးလာတဲ့ သတိပေးတားမြစ်ချက်တွေက အစိုးရက သဘာဝလွန်ပညာရပ်တွေရဲ့ ဖြစ်တည်မှုကို အတည်ပြုလာတယ်ဆိုတဲ့ သဘောပဲ မဟုတ်ဘူးလား?!]

[အပေါ်က တစ်ယောက်က ဘာတွေကို နင်းကန်စိတ်လှုပ်ရှားနေတာတုန်း? သဘာဝလွန်လောကဆိုတာ ဟိုးအရင်ကတည်းက ရှိတာမဟုတ်ဘူးလား]

[စွန်းယွဲ့က တော်တာတော့ တော်တော် တော်ပါတယ်၊ ဒါပေမယ့် ငါတော့ သူ့ကို မုန်းတယ်]

[ကြည့်ရှုသူများနှင့် စုန့်စုန့်ကို သဘောကျသူများ သတိပြုပေးကြပါ.. မဲပေးတဲ့ ချန်နယ်က ဒီနေ့ည ၁၂နာရီတိတိမှာ ဖွင့်မှာပါနော်၊ ဒီတော့ အားလုံးပဲ စုန့်စုန့်အတွက် မဲပေးဖို့ မမေ့ကြပါနဲ့ဦး]

[ငါတို့တွေက ပြိုင်ပွဲအပြင်မှာဆိုရင် လူတွေ စုန့်စုန့်ကို ဘယ်လိုမြင်တယ် သေချာပေါက် ချန်ပီယံဖြစ်မှာပဲလို့ တွေးနေကြတာကိုလည်း သိပါတယ်။ ဒါပေမဲ့ ‘ငါမဲမပေးလည်း စုန့်စုန့်က ပထမရမှာပါပဲ’ဆိုပြီး မပေးလိုက်မိရင်တော့ စုန့်စုန့် ရသင့်တဲ့ မဲ‌တွေ အများကြီး ဆုံးရှုံးရလိမ့်မယ်နော်!]

[ငါတော့ ရင်ထဲ ဟာတာတာနဲ့ကျန်ခဲ့ပြီ၊ ငါနဲ့ အချိန်အကြာကြီး အတူရှိပေးခဲ့တဲ့ ပြိုင်ပွဲလေးက အဆုံးသတ်တော့မယ် ယင်း .. စုန့်စုန့် မင်းမရှိတဲ့နေ့တွေ ကိုယ်ဘယ်လိုနေရမှာလဲ

ဒါရိုက်တာလီနဲ့ပဲ ချက်ချင်း ဝိဉာဉ်ရေးရာ စတုတ္ထရာသီအတွက် လက်မှတ်ထိုးလိုက်ပါလားဟင်?]

[စုန့်စုန့် ပြိုင်ပွဲပြီးရင် ပရောဂျက်လေးတွေ လုပ်ပါလား ..အခုလိုမျိုးပဲ ဖုန်းရွှေပြဿနာတွေတို့၊ သဘာဝလွန်ပြဿနာတွေတို့ကို အပတ်စဉ်လေး ဖြေရှင်းပေးမဲ့ တိုက်ရိုက်ထုတ်လွှင့်တာမျိုး လုပ်ပေးပါလို့ ဆုတောင်းမိတယ်

အဲ့လို အပတ်တိုင်းမဟုတ်ရင်‌တောင် ကြုံရင် ကြုံသလိုလေး လုပ်ပေးရင် သိပ်ကောင်းမှာပဲ]

[သူ့ကို နောက်ရာသီမှာ ဝင်ပြိုင်ခိုင်းတာကတော့ အနိုင်ကျင့်သလို ဖြစ်နေမှာပဲ ၊ စုန့်စုန့် နောက်ရာသီကျရင် ဆရာအနေနဲ့ ပါလိုက်ပါလား!]

[၁၂နာရီထိုးတာနဲ့ အားလုံး သေချာ vote ပေးကြမယ်နော်! ကုကျစ်စုန့်က သဘာဝလွန်ပညာရဲ့ ‘နတ်ဘုရား’ပဲကွ!

သူက ငါတို့အတွက် ကောင်းကျိုးတွေ အများကြီး ယူလာပေးပြီး သဘာဝလွန်နယ်ပယ်မှာလည်း ဆရာတစ်ဆူအနေနဲ့ သတ်မှတ်ခံထားရတာ

အားလုံးပဲ အရေးကြီးတဲ့အချိန်မှာ ပျင်းနေတာတို့၊ ဝေ့ဝိုက်နေတာတို့ လုပ်လို့ မရဘူးနော်!]

[စုန့်စုန့်နဲ့ ခွဲရမှာကို မခံစားနိုင်ဘူး၊ ‘ဝိဉာဉ်ရေးရာ တတိယရာသီ’နဲ့ကို မခွဲချင်ဘူး ၊ နောက်ထပ် ဒီလိုပြိုင်ပွဲမျိုးလည်း ရှိလာတော့မှာ မဟုတ်ဘူးထင်တယ်]

[……]

ကြည့်ရှုသူပေါင်းများစွာက သူတို့၏ ကုကျစ်စုန့်အပေါ် ထားသည့်အချစ်၊ သူမနှင့် မခွဲနိုင်သည့်အကြောင်းများ ရေးသားနေခဲ့ကြပြီး ကြည့်ရှုသူဦးရေမှာလည်း 80M ကျော်လာပြီဖြစ်သည်။

ထိုဦးရေမှာ ကုကျစ်စုန့်၏ တစ်ခန်းတည်းမှ လူဦးရေသာဖြစ်သည်။

ကျန်သည့် ပြိုင်ပွဲဝင်များအားလုံး၏ တိုက်ရိုက်ထုတ်လွှင့်မှုများမှ ကြည့်ရှုသူများ အားလုံးပေါင်းပါက 20M ကျော်ရှိသည်။

ထိုမျှ အောင်မြင်မှုကို မြင်ရပြီးနောက် နောက်ကွယ်မှ ဒါရိုက်တာနှင့် ရိုက်ကူးရေးအဖွဲ့ဝင်များသည်လည်း ဝမ်းသာလွန်း၍ ပြိုင်ပွဲတွင် နောက်ထပ် ထပ်တိုးအစီအစဉ်များ ထည့်သွင်းချင်စိတ်များပင် တဖွားဖွား ပေါ်နေခဲ့ကြသည်။

သူမ၏ တိုက်ရိုက်ထုတ်လွှင့်မှုသာလျှင် 100M ကျော်ခဲ့ပါက အနုပညာအသိုင်းအဝိုင်းအတွင်း၌ စံချိန်ချိုးသွားမည်ဖြစ်သည်။

လက်ထောက်ဒါရိုက်တာ ကဝမ်းသာလွန်းသောကြောင့် ဆေးလိပ်ဖွာနေသည့် လက်များပင် တုန်ယင်နေခဲ့သည်။

“ဒါရိုက်တာလီ၊ ကျွန်တော်တို့တွေ တကယ့်ကို နတ်ဘုရားအဆင့် ပရိုဂရမ်ကို ရိုက်ကူးနိုင်ခဲ့တာပဲ”

“ဝိဉာဉ်ရေးရာ အစီအစဉ်ရဲ့ တတိယရာသီ’က ခဏလေး နာမည်ကြီးတာမျိုးမဟုတ်ဘဲနဲ့ နောက်ပိုင်း ဒီလိုမျိုး အစီအစဉ်တွေကြားမှာတောင် ပြယုဂ်တစ်ခုအနေနဲ့ ကျန်ရစ်နေမယ်ဆိုတဲ့ ခံစားချက်မျိုး ရနေတယ်”

လီချန်ဟဲ၏ မျက်နှာတွင်လည်း အပြုံးပန်းများ ဝေဝေဆာနေခဲ့သည်။

“ဟုတ်ပါ့ကွာ၊ သူ့ကို ဒီအစီအစဉ်မှာ ပါဖို့အတွက် ရွေးချယ်ခဲ့တာ ငါတို့ တစ်သက်လုံး ရွေးချယ်ခဲ့သမျှထဲမှာ အမှန်ဆုံးပဲ!”

ကနဦးပိုင်းတွင် သူမကို လူပြည့်ရန်အတွက်သာ သက်သက်ထည့်ထားခံရသူဖြစ်သော်လည်း သူမ၏ ကိုယ်ပိုင်စွမ်းရည်ဖြင့် ပရိုဂရမ်အား ဦးဆောင်လာနိုင်ခဲ့သည်။

တိုက်ရိုက်ထုတ်လွှင့်သည့် ကင်မရာရှေ့တွင် ကုကျစ်စုန့်က ဆက်တိုက် အသစ်၊အသစ်များ တက်လာနေသော မှတ်ချက်များကို ကြည့်နေခဲ့သည်။

ပရိတ်သတ်များ၊ အစီအစဉ်ကို နှစ်ခြိုက်ကြသူများအပြင် အနည်းဆုံး ၃၀ရာခိုင်နှုန်းခန့်က ကြောက်မက်ဖွယ် profile များ၊ နာမည်ပြောင်များနှင့် သရဲတစ္ဆေပရိတ်သတ်များ ဖြစ်ကြသည်။

ထိုလူများ၏ ချစ်မြတ်နိုးမှု၊ မခွဲခွာနိုင်မှုတို့သည် ဒီရေအလား စုဝေးလာခဲ့ပြီး ကုကျစ်စုန့်ရင်ထဲမှာပင် သူတို့၏ စိတ်အားထက်သန်မှုကို ခံစားစေနိုင်ခဲ့သည်။

တောက်ပသည့် အလင်းရောင်အောက်မှ အေးစက်နေသော သူမ၏ မျက်ဝန်းများထဲတွင် သူမကိုယ်တိုင် မသိလိုက်ခင်မှာပင် နူးညံ့မှုတစ်ခု တိုးဝင်နေရာယူထားခဲ့သည်။

“အခုချိန်ထိ ကျွန်မနဲ့ အတူတူရှိနေပေးခဲ့တဲ့ ကြည့်ရှုသူများအားလုံးကို ဒီကာလအတွင်း ကျွန်မအပေါ် ချစ်ပေးခဲ့တာ၊ ကျွန်မကို ထောက်ခံ၊ ကူညီပေးခဲ့တာတွေအတွက် အများကြီး ကျေးဇူးတင်ပါတယ်

ရှင်တို့တွေ လုပ်ပေးထားတဲ့ ဗီဒီယိုတွေ၊ ကျွန်မအတွက် ပေးထားတဲ့ မဲတွေကိုလည်း တစ်ချိန်လုံး ကြည့်နေခဲ့တာပါ..”

ထိုအချိန်တွင် မှတ်ချက်ဧရိယာသည်လည်း ဝမ်းနည်းမဆုံးဖြစ်နေသည့် မှတ်ချက်များ၊ အရောင်စုံ emoji များဖြင့် ပြည့်နှက်နေခဲ့သည်။

ပထမဆုံးအကြိမ်အနေဖြင့် ကုကျစ်စုန့် အနည်းငယ် ရှက်နေမိသည်။

အတိတ်က သူမတွင် တပ်မက်မှုဆိုသည်မှာ မရှိ၊ တောက်ဓမ္မအား အောင်မြင်စွာ ကျင့်ကြံနိုင်မည်ဆိုပါက သူမအတွက် အခြားလိုအပ်မှုမရှိတော့။

သူမ ဤကမ္ဘာသို့ ရောက်လာပြီးနောက် ချစ်ခြင်းများ၊ ဂရုဏာများစွာ ရရှိခဲ့ပြီး လူအမျိုးမျိုး၊ အခြေအနေအမျိုးမျိုးကိုလည်း ကြုံတွေ့ခဲ့ရသောကြောင့် သူမ၏ ဗလာနတ္တိဖြစ်နေသည့် စိတ်ခံစားချက်များသည်လည်း ပျော့ပြောင်းလာခဲ့သည်။

နှလုံးသားတစ်ခုလုံး အချစ်ဖြင့် ပြည့်နှက်နေခဲ့ရပြီး ညဘက်အထိ မအိပ်မနေ ကြိုးစားကာ သူမအတွက် ဗီဒီယိုများ edit ပေးကြသော၊ သူမအတွက် vote ပေးကြသော ပရိတ်သတ်များအား မည်သို့ တုံ့ပြန်ရမည်ကို သူမ မသိတော့ချေ။

ထို့ကြောင့် မှတ်ချက်ဧရိယာအတွင်းမှ လူကြိုက်အများဆုံးကောမန့်များကို ကြည့်ရင်း ဖြေကြားပေးခဲ့သည်။

“ပြိုင်ပွဲပြီးသွားရင် ကျွန်မ အပတ်စဉ် သီးသန့် တိုက်ရိုက်ထုတ်လွှင့်တာလည်း လုပ်သွားမှာပါ၊ ရှင်တို့ သိချင်တဲ့ မေးခွန်းရှိရင် မေးထားလို့ ရပါတယ်”

“တကယ်လို့ ပြဿနာက အရမ်းကို အရေးကြီးပြီး ဖြေရှင်းလို့ မရနိုင်ဘူးဆိုရင် ကျွန်မရဲ့ လက်ထောက် အီးမေးလ်ကို ပို့ထားလို့ ရပါတယ်

ကျွန်မကို သဘောမကျတဲ့ သူတွေအနေနဲ့လည်း ဒီကိစ္စကို အခွင့်ကောင်းယူပြီး နောက်ပြောင်တဲ့ စာမျိုးတွေ ပို့ပြီး သူတပါးရဲ့ အခွင့်အရေးကို မပိတ်ပင်ဖို့ တောင်းဆိုချင်ပါတယ်”

သူမ ပရိတ်သတ်များနှင့် မည်သို့ စကားအပြန်အလှန်ပြောရမည်ကို မသိသကဲ့သို့ ပြောလည်း မပြောတတ်ပေ။

သူမ ခေတ္တ တွေဝေနေပြီးနောက် ဆက်ပြောလိုက်သည်။

“ဒါဆိုရင် ကျွန်မ တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်ပါတော့မယ်”

[ဝူး ဝူး !!! ငါ့သမီးလေးနဲ့ မခွဲနိုင်ဘူးလို့ ၊ ဒါပေမဲ့ အပတ်စဉ် တိုက်ရိုက်လွှင့်တာလေးတွေ လုပ်ဦးမှာဆိုတာလေးကို ကြားရတော့လည်း ငါ့ရဲ့ ညှိုးငယ်သွားတဲ့ နှလုံးသားလေး ပြန်လည် လန်းဆန်းလာပြီ!]

[ကောင်းသောညပါ စုန့်စုန့်၊ ဒီည မင်းအတွက် ငါတို့တွေ သေချာအနိုင်ယူပေးပြီး နောက်တစ်ပတ်မှ တွေ့ကြမယ်နော်!]

[ငါ့ရဲ့ နာရီပေါင်းများစွာ စုန့်စုန့်ဗီဒီယိုတွေကို edit ခဲ့တဲ့ အတွေ့အကြုံအရဆိုရင် ခုနတုန်းက စုန့်စုန့်ရဲ့ မျက်နှာက ရှက်သွားတဲ့ မျက်နှာပဲ(အတည်ပြုပြီး)]

[Vote ပေးဖို့ မမေ့ကြနဲ့နော်!]

တိုက်ရိုက်ထုတ်လွှင့်မှုကို မျှဝေခြင်းအား ပိတ်လိုက်ပြီးနောက် မျက်နှာပြင်ပေါ်မှ တဖြည်းဖြည်း လျော့ပါးသွားသည့် လူများကို ကြည့်ရင်း ကုကျစ်စုန့် အနည်းငယ် လမ်းပျောက်နေမိသည်။

သူမ ဤကမ္ဘာအတွင်းသို့ ရောက်ရှိလာချိန်မှစ၍ ပရိုဂရမ်အား စတင်ရိုက်ကူးခဲ့ခြင်းဖြစ်သည်။

တိုက်ရိုက်ထုတ်လွှင့်သည်၊ တစ္ဆေဖမ်းသည်၊ ဖုန်းရွှေစစ်ဆေးပေးသည်။

သဘာဝလွန်ဖြစ်ရပ်များကို ဖြေရှင်းရင်း မှတ်ချက်ဧရိယာအတွင်းမှ ယင်နှင့်ယန် ရောယှက်နေသည့် မှတ်ချက်များကို ကြည့်နေခဲ့ခြင်းသည်က သူမ၏ ဘဝတစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့သည်။

ကိုယ်တိုင်ပင် မသိလိုက်မီ သူမက ထိုချစ်ဖို့ကောင်းသော ပရိတ်သတ်များနှင့် ဆက်သွယ်ခြင်း၊ ပရိုဂရမ်အဖွဲ့သားများနှင့် စကားပြောရခြင်းတို့အား နှစ်သက်လာမိသည်။

ယခုအချိန် ပရိုဂရမ်အဆုံးသတ်သွားချိန်တွင် သူမကိုယ်တိုင်လည်း ထွက်ခွာရမည်ကို တွေဝေနေမိသည်။

စိတ်ခံစားချက်များကို ဖိနှိပ်လိုက်ပြီးနောက် သူမ မပိတ်ရသေးသည့် ဖုန်းမျက်နှာပြင်မှ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်လိုက်မိသည်။

ကြောက်လန့်တုန်လှုပ်စွာဖြင့် သူမအား စောင့်ဆိုင်းနေသည့် မိန်းမငယ်လေးများ ရှိနေသေးသည်။

သူမအနေဖြင့်ဝမ်းဗိုက်အတွင်း သယ်ဆောင်ထားရသော ထူးဆန်းသည့် အရာများကြောင့် ကြည့်ရှုသူများအား ပြသရန် မသင့်တော်ဟု တွေးခဲ့လေသည်။

ထို့ကြောင့် ယခုအချိန်သည်က သူမနှင့် နစ်နာသူများသာ သိနိုင်မည့် အချိန်တစ်ခုဖြစ်လာသည်။

*

ကြိုရောက်နှင့်နေပြီး တံခါးဝတွင် စောင့်ဆိုင်းနေခဲ့ကြသော ဝိဉာဉ်ဆိုင်ရာအထူးဌာနဝင်များသည်လည်း အိမ်တွင်းသို့ ဝင်ရောက်လာပြီးနောက် ကုကျစ်စုန့်အား နှုတ်ဆက်လိုက်သည်။

“ကုတောက်ကျန့်၊ ကျွန်တော်တို့က ဒီရုံးခွဲက အဖွဲ့ဝင်တွေပါ!”

“စွန်းယွဲ့ကို ထိန်းသိမ်းပြီးတော့ သယ်ယူပို့ဆောင်မှုမှာ ပြဿနာမရှိအောင်လည်း အစီအရင်တွေ အထပ်ထပ်နဲ့ ထိန်းချုပ်ပြီးတော့မှ ဖမ်းဆီးထားပါတယ်”

ကုကျစ်စုန့် အသာခေါင်းငြိမ့်သည်။

“အရမ်း စိတ်မပူပါနဲ့၊ သူက အလွန်ဆုံးမှ သိပ်အရေးမကြီးတဲ့ အချက်လောက်လေးပဲ ပြောပြနိုင်မှာ၊ အစတည်းက နယ်ရုပ်သာသာပဲလေ

အခု ဒီပြဿနာကို ဖော်ထုတ်လိုက်နိုင်ပြီး တစ္ဆေသန္ဓေလောင်းကလည်း မဖွံ့ဖြိုးသေးဘူးဆိုတော့ သူက အသုံးမဝင်တဲ့ နယ်ရုပ်ဖြစ်သွားမှာပဲ

သူ့ကို ကယ်ဖိုအတွက်တော့ ရှင်တို့အဖွဲ့ကို ဦးတည်ပြီး တိုက်ခိုက်မယ့်သူ ရှိမှာမဟုတ်ဘူး”

ထိုအကြောင်းအား တွေးမိပြီးနောက် သူမ ဒေါသထွက်ကာ မျက်နှာမဲ့မိသည်။

ထိုနံစော်ယုတ်ညံ့သည့် အရာက ညစ်ပတ်သော နည်းလမ်းများကိုသာ အသုံးပြုတတ်သည်မဟုတ်ပါလော။

သူ၏ လမ်းစဉ်မှာ ‘ကနဦး ဓားတစ်လက်ကို အရင်ရှာ၊ ထိုဓားဖြင့် သူများလက်ကို ငှားကာ ထိုးနှက်မည်’ဆိုသော လမ်းစဉ်သာ ဖြစ်သည်။

ယခုကိစ္စ ဘူးပေါ်သကဲ့သို့ ပေါ်လာချိန်တွင် စွန်းယွဲ့သည်လည်း ကွမ်ချီဟုန်ကဲ့သို့ စွန့်ပစ်ခံရမည်သာဖြစ်ပေသည်။

*

All Chapters