”ဝိညာဉ်ရေးရာအစီအစဥ်” ၏ ဝိညာဉ်သန္ဓေသား - နောက်ဆုံးပိုင်း နှင့် ကြီးထွားမှုပုံစံတစ်ခု (3)
Vol. 47 Ch. 468
“ကျွန်မတို့တွေ တကယ်သတိထားရမှာက သူ့နောက်က လူကိုပဲ”
အဖွဲ့ဝင်များအားလုံး သဘောပေါက်သည်။
“အဲဒါက သူ့ကို ဒီအကြံပေးတဲ့ ပညာရှင်မလား? အဖွဲ့ခေါင်းဆောင်ကျောင်းက သူ့ရဲ့ ဖုန်းတွေ၊ အခြားပစ္စည်းတွေကို ယူစစ်ခဲ့ပြီး ပြီးခဲ့တဲ့ ခြောက်လအတွင်းက ဖုန်းခေါ်ဆိုမှုတွေ၊ မက်ဆေ့ချ်တွေကိုပါ စစ်ဆေးခဲ့ပေမယ့် ဘာကိုမှ ရှာမတွေ့ခဲ့ပါဘူး”
“စကားမစပ် လွန်ခဲ့တဲ့ ခြောက်လတုန်းကတော့ သူ့အကောင့်ထဲက ငွေပမာဏ အများကြီး လွှဲထားတာကိုတော့ တွေ့ရပါတယ်၊
ဒါပေမယ့် လွှဲထားတဲ့ အကောင့်က black အကောင့်ဖြစ်နေတော့ ဘယ်လိုမှ ဆက်လိုက်လို့ မရတော့ဘူး ဖြစ်နေတာ”
ကုကျစ်စုန့် ခေါင်းကို အသာရမ်းလိုက်မိသည်။
“အရာရှိကျောင်းကို ပြောလိုက်ပါ၊ အဲ့ကိစ္စမှာ အားကုန်မခံနေပါနဲ့လို့ ရှာတွေ့မှာ မဟုတ်ဘူး”
“မဟုတ်မှလွဲရော.. နောက်ထပ် သဘာဝလွန်နည်းလမ်းများလား”
“အမှန်ပဲ သူတို့ဆီမှာ အင်တာနက်ကို အသုံးချပြီး အချက်အလက်တွေ ပြောင်းလဲနိုင်တဲ့၊ အင်တာနက်ထဲမှာ ပုန်းနေနိုင်တဲ့ တစ္ဆေတစ်ကောင်ရှိနေတယ်လေ
ဒီတော့ မှတ်တမ်းမှတ်ရာတွေ ရှိနေခဲ့ရင်တောင် သာမန်လူတွေ ရှာတွေ့နိုင်မှာမဟုတ်ဘူး”
အဖွဲ့ဝင်များအားလုံး ပါးစပ်အဟောင်းသားဖြစ်သွားရသည်။
“အဲလို သရဲမျိုးလဲ ရှိတာပဲလား? ကြားတောင် မကြားဖူးပါဘူး...”
“ဒါဆိုရင် တစ်ဖက်က မကောင်းဆိုးရွားကျင့်ကြံသူက ဖမ်းလို့ မရနိုင်ဘူးဆိုတဲ့ သဘောပေါ့ သူက အင်တာနက်ထဲမှာ ပုန်းနေတာ ဘယ်လိုလုပ် ဖမ်းမလဲ”
ထိုသို့လည်း မဟုတ်သေးချေ။
ကုကျစ်စုန့်၏ စိတ်ထဲတွင် တစ်စုံတစ်ယောက်အား သတိရသွားမိသည်။
သူမသည်က ယန်ချန်၏ ပရိုဂရမ်နှင့် စနစ်ရေးဆွဲခြင်းတို့ မည်သည့်အဆင့်ရောက်နေသည်ကို မသိသကဲ့သိုး အောင်မြင်မှုရှိ၊မရှိကိုလည်း မသိရသေးပေ။
“ဒီကိစ္စက အရမ်းမလောပါနဲ့၊ ကျွန်မ သူတို့ကို ဖမ်းဖို့ ကြိုးစားနေပါတယ်.. ရှင်တို့တွေက အရင်ဆုံး ဒီကောင်မလေးတွေကို သေချာပြင်ဆင်ပေးရဦးမယ်
ကျွန်မ အဲဒီကို မနက်ဖြန်မနက်ကျရင်... မဟုတ်သေးဘူး၊ အခု ညတွင်းချင်းထွက်လာပြီး သူတို့ အစာအိမ်ထဲက ပြဿနာကို ဖယ်ပေးပါ့မယ်”
အချိန်မှာ ညပိုင်း (9)နာရီဖြစ်သည်။
ရဲအရာရှိဖြစ်စေ၊ ဝိဉာဉ်ဆိုင်ရာအဖွဲ့ဝင်ဖြစ်စေ ဂျူတီကျနေသူများအပ ကျန်လူများအတွက်တော့ အိမ်သို့ ပြန်ကာ အနားယူရမည့် အချိန်ဖြစ်သည်။
ကုကျစ်စုန့်ကိုယ်တိုင်လည်း မနက်အစောပိုင်းမှ ထွက်လာချင်သည်။
သို့သော် ယွမ်ယွင်ဖန်နှင့် တခြားနှစ်ဦး၏ အစာအိမ်အတွင်းမှ အရာများက မဖွံ့ဖြိုးသေးသော်ငြား ပုန်းကွယ်နေသည့် အန္တရာယ်က ရှိနေသေးသည်။
ထိုရွံရှာဖွယ်အကောင့်တွင် ဒုတိယအစီအစဉ် ရှိနေခဲ့ပြီး မိန်းမငယ်များ၏ အစာအိမ်အတွင်းမှ အရာများကို ခွဲထုတ်၍ ဖွံ့ဖြိုးအောင် လုပ်ဆောင်နိုင်မည်ဆိုပါက အခက်တွေ့ရပေလိမ့်မည်။
နောက်ထပ် ပြဿနာများ မဖြစ်ရန် သူမ ညတွင်းချင်း ထွက်လာ၍ ထိုတစ္ဆေသန္ဓေသားများကို သုတ်သင်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။
“ကောင်းပါပြီ၊ ဒါဆိုရင် ကျွန်တော်တို့ ကုတောက်ကျန့်လာမဲ့အချိန်ကို စောင့်နေလိုက်ပါ့မယ်”
ညတွင်းချင်း ပြဿနာကို ဖြေရှင်းနိုင်ပြီး ကုကျစ်စုန့် ကိုယ်တိုင်လာရောက်မည်ဖြစ်ကြောင်း သိလိုက်ရပြီးနောက် မိန်းမငယ်လေးများ သက်ပြင်းချနိုင်တော့သည်။
အများစုမှာ ခြေလက်များ ထုန်ကျဉ်နေခဲ့ပြီး ဝမ်းဗိုက်များလည်း ဟာနေသောကြောင့် လက်ချောင်းများ၊ နှုတ်ခမ်းများလည်း တုန်ယင်နေခဲ့သည်။
အိမ်ငှားများအတွင်းမှ အကြီးဆုံးအမျိုးသမီးမှ သိချင်စိတ်ဖြင့် မေးခွန်းထုတ်မိသည်။
“ကုတောက်ကျန့်၊ တစ္ဆေသန္ဓေသားလောင်းဆိုတာ ဘယ်လိုဟာမျိုးလဲဟင်”
“တစ္ဆေသန္ဓေသားဆိုတာက လူ့ခန္ဓာကိုယ်ထဲမှာမှ ပျိုးထောင်ရတဲ့ အရာတစ်ခုပဲ”
“စွန်းမင်ဟောင်ရဲ့ အသားမှာ သူ့ရဲ့ ဝိဉာဉ်လည်း ပါနေတယ်လေ ၊ အသားအကြွင်းအကျန်တွေကိုတော့ အစာချေပြီး ပြန်လည်စွန့်ထုတ်လိုက်မယ်ဆိုပေမယ့် ဝိဉာဉ်ကိုတော့ အဲလို စွန့်ထုတ်လို့ မရဘူး”
“ဒီတော့ စုပ်ယူထားတဲ့ စွမ်းအင်တွေနဲ့ ဝိဉာဉ်စွမ်းအားကို ခန္ဓာကိုယ်ကနေ မစွန့်ထုတ်နိုင်တဲ့အတွက် အဲဒီအရာတွေက သေချာပေါက် ရှင်တို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ကျန်ခဲ့မှာပဲ
အဲဒါတွေက ညစ်ညမ်းပြီး ယုတ်ညံ့တဲ့ စွမ်းအင်တွေဖြစ်တဲ့အတွက် သူ့ကို အထူးတလည် ကိုယ်ဝန်ဆောင်ဖို့ မလိုအပ်ဘူး
ရှင်တို့ရဲ့ကိုယ်ထဲက အသွေးအသား၊ အသက်စွမ်းအင်တွေကို စုပ်ယူပြီး တဖြည်းဖြည်း ကြီးထွားလာမှာပဲ”
သူမ အကြမ်းဖျင်းမျှသာ ပြောပြခဲ့ခြင်းဖြစ်သော်လည်း အမှန်တရားမှာ ပို၍ ထိတ်လန့်ဖွယ်ကောင်းပေသည်။
မိန်းမငယ်လေးများနှင့် နေ့နေ့ညည အတူရှိနေခဲ့ပြီး မှန်ထဲမှတဆင့်မျက်နှာချင်းဆိုင်နေခဲ့ရသော အရာက စွန်းမင်ဟောင်၏ ဓာတ်ပုံပင်ဖြစ်သည်။
ထိုဓာတ်ပုံမှတဆင့် ချိတ်ဆက်နေသော ယင်နှင့်ယန်ချိတ်ဆက်မှုမှတဆင့် အစာအိမ်အတွင်းမှ တစ္ဆေသန္ဓေသားများထံသို့ ယင်၊ယန်စွမ်းအင်များ ပို့ပေးနိုင်စွမ်းရှိသည်။
ထိုသန္ဓေသားများသည်လည်း တိတ်တဆိတ်ကြီးထွားလာနိုင်ကြသည်။
တစ္ဆေသန္ဓေသား လေးငါးလ အရွယ်ခန့်ရောက်ပါက အသိစိတ်ဝင်လာပြီဖြစ်ကာ အရွယ်အစားသည်လည်း လက်သီးဆုပ်တစ်ခုသာသာ ရှိသည်။
ထို့ကြောင့် မိခင်ဖြစ်သူက ဆေးရုံသို့ သွား၍ စစ်ဆေးကာ မည်သို့သော် ထူးခြားမှုမျိုးကိုမျှ မတွေ့ခဲ့ပါချေ။ အနည်းငယ်စူထွက်လာသည့် ဝမ်းဗိုက်ကိုလည်း သတိမထားမိကြပေ။
ထိုအရာသည် သေဆုံးခြင်း၏ သတိပေးချက်အကြီးစားဖြစ်ကြောင်း မည်သူမျှ မသိနိုင်ကြပေ။
ဤသည်မှာ တစ္ဆေကလေးငယ်နှင့် ဆင်တူပြီး အလောင်းနှင့် သက်ရှိလူ၏ သွေးတို့မှ မွေးဖွားလာခြင်းဖြစ်သောကြောင့် ပို၍ ယုတ်မာရက်စက်သည်။
အသွေးအသားများကို ဆာလောင်ဝါးမျိုလိုစိတ်ကြောင့် တစ္ဆေသန္ဓေသားများက မိခင်ဖြစ်သူ၏ ကိုယ်တွင်းအင်္ဂါများ၊ အသွေးအသားများကို အရင် ကိုက်ဖဲ့ စားသောက်တတ်ကြသည်။
တစ်နည်းဆိုရပါက ထိုသန္ဓေသားများ အသက်ဝင်လာသည်နှင့်တပြိုင်နက် မိန်းမငယ်လေးများသည် သေဆုံးရမည်ဖြစ်သည်။
သူတို့တွင် တုံ့ပြန်နိုင်စွမ်းလည်းမရှိ။ အသည်း၊အူ၊အစာအိမ်များ တစစီ ဆုတ်ဖြဲကိုက်ဖြတ်ခြင်းခံရသော နာကျင်မှုကြောင့် ဆိုးရွားစွာ သေဆုံးရမည်။
အသွေးအသားများ၊ ကိုယ်တွင်းအင်္ဂါများကို အဝစားသောက်ပြီးသည့် တစ္ဆေသန္ဓေသားသည်က မိခင်၏ ‘ဝမ်းဗိုက်’အတွင်းမှ ဖောက်ထွက်လာမည်ဖြစ်ပြီး သူ၏ ခန္ဓာကိုယ်သည်လည်း လက်သီးဆုတ်အရွယ်ခန့်မှ သာမန်ကလေးတစ်ဦး၏ အရွယ်ထိ ကြီးထွားလာမည်ဖြစ်သည်။
ထိုအရာက ယုတ်ညံ့၍ အဆိပ်ပြင်းသောအရာတစ်ခုဖြစ်ပြီး သူ၏ အသွေးအသားထဲတွင် ‘စားရန်’တစ်ခုသာ သိသည်။
ထို့အပြင် တစ္ဆေသန္ဓေသား၏ ခန္ဓာကိုယ်မှာ လူ့အသွေးအသားဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။
လူသားများ မွေးထုတ်ထားသော အမည်မတပ်နိုင်သည့် သတ္တဝါတစ်မျိုးသာဖြစ်ပြီး ယန်စွမ်းအင်ကို ကြောက်လန့်တတ်သော သာမန်သရဲတစ္ဆေများနှင့်မတူနိုင်ပေ။
ထိုအရာသာ ထွက်ပြေးလွတ်မြောက်သွားပါက သူ့အနီးအနားမှ သက်ရှိများသည်လည်း အရှင်လတ်လတ် အစားခံရမည်ဖြစ်သည်။
လူများများ စားလေလေ၊ ထိုအရာသည် သက်ရှိလူတစ်ဦးကဲ့သို့ ကြီးထွားလာလေဖြစ်သည်။
ကလေးဘဝ၊ လူပျိုပေါက်၊ လူငယ်အရွယ်မှ အရွယ်ရောက်လူတစ်ဦးအဖြစ်ထိ ကြီးထွားလာနိုင်သည်။
ယေဘုယျအားဖြင့် ဆယ်ကျော်သက်အရွယ်ခန့်ထိ ကြီးထွားလာသော တစ္ဆေသန္ဓေသားတွင် အသိဉာဏ်၊ တွေးခေါ်နိုင်စွမ်း ရှိသောကြောင့် ထိုအရာ၏ ခြိမ်းခြောက်မှု၊ အန္တရာယ်သည် ပို၍ပင် ဆိုးဝါးလာမည်ဖြစ်သည်။
ထိုအဆင့်ထိ ရောက်နေသော တစ္ဆေသန္ဓေသားသည် လူသားများ၏ အပြုအမူကို အတုယူကာ လူ့အသိုင်းအဝိုင်းထဲတွင် ဝင်ရောက်ရောနှောနေနိုင်သည်။
အရွယ်ရောက်သည်ထိ မသုတ်သင်နိုင်ပါက မြို့ပြတစ်ခု၏ တစ်ဝက်နီးပါးခန့်သည် ထိုအရာ၏ ခံတွင်း၌ အသက်ဆုံးရှုံးရမည်ဖြစ်သည်။
သေဆုံးသူအရေအတွက်မှာလည်း ခန့်မှန်း၍ပင် ရနိုင်မည်မဟုတ်တော့ပေ။
နှစ်ပေါင်း ၃၀၀ကျော် အသက်ရှင်နေထိုင်ခဲ့သည့် ကုကျစ်စုန့်ပင် အရွယ်ရောက် တစ္ဆေသန္ဓေသားတစ်ကောင်အား မမြင်ဖူးပေ။
သူမအနေဖြင့် ထိုအရာကို သုတ်သင်နိုင်မည်ဟုလည်း အတပ်မပြောနိုင်ပေ။
ထိုအကြောင်းအရာများကိုပါ အလုံးစုံပြောပြလိုက်ပါက မိန်းမငယ်လေးများကို ပို၍ ခြောက်လှန့်သလိုဖြစ်လိမ့်မည်။
ထို့ကြောင့် ကုကျစ်စုန့်ာ အရာရှိများအား ယွမ်ယွင်ဖန်နှင့် ကျန်နှစ်ဦးသည် အရေးအကြီးဆုံးဖြစ်ကြောင်း၊ သူမတို့အား သေချာစောင့်ကြည့်ထားရန် လိုအပ်ကြောင်း ထပ်ခါထပ်ခါ မှာကြားခဲ့ခြင်းဖြစ်၏။
အထူးသဖြင့် ရှောင်ကောင်း။
စွန်းယွဲ့သည်က အစားအသောက်များအား မကြာခဏ ပို့နေပါက ထူးဆန်းသည်ဟု တွေးကြမည်ကို စိုးရိမ်သောကြောင့် တစ်လလျှင် တစ်ကြိမ်သာ ပို့တတ်သည်။
အစာအိမ်ထဲတွင် အသားနည်းနည်းချင်းစီသာ ဝင်ရောက်နိုင်သောကြောင့် တစ္ဆေသန္ဓေသား၏ ကြီးထွားမှုသည် နှေးကွေးသည်။
သို့သော် မည်မျှပင် နှေးကွေးပါစေ၊ ရှောင်ကောင်းက ထိုအိမ်တွင် နေသည်မှာ အချိန်ကြာမြင့်ပြီဖြစ်သည်။
သူမက စွန်းယွဲ့၏ အိမ်တွင် နေထိုင်သည်မှာ တစ်နှစ်နီးပါးရှိပြီဖြစ်ကာ ရှောင်ဟဲက သူမ၏နောက် သုံးလကြာမှ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။ ယွမ်ယွင်ဖန်သည်ကား အလုပ်သင်လုပ်ကိုင်ရန်အတွက် ပြောင်းရွှေ့လာသည်မှာ ၄လကျော်ကျော်သာ ရှိသေးသည်။
ရှောင်ကောင်း၏ ဝမ်းဗိုက်အတွင်းမှ တစ္ဆေသန္ဓေသားသည်က သုံးလေးလသားအရွယ်ရောက်နေပြီး ရုပ်လုံးပေါ်နေပြီဖြစ်ကြောင်းကို ကုကျစ်စုန့် အကြမ်းဖျင်း တွက်ချက်၍ ရနိုင်သည်။
တစ်လ၊ နှစ်လအတွင်းမှာပင် ထိုအရာက အသက်ဝင်လာနိုင်သည်။
ထိုအလောင်းထံမှ အသားပုတ်များနှင့်အတူ ပါဝင်လာသည့် ညစ်ညမ်းသော စွမ်းအင်များသည်က ဝမ်းဗိုက်အတွင်း၌ အစိုင်အခဲဖြစ်တည်နေသောကြောင့် သူမချစ်သူ၏ ရဲခွေးအိုကြီးသည် အနံ့ရ၍ စိတ်လှုပ်ရှားနေခဲ့ခြင်းဖြစ်သည်။
တစ္ဆေသန္ဓေသားသပ သူတို့သုံးဦးထံတွင်သာ တွေ့ရှိရခြင်းဖြစ်သည်။
အသစ်ပြောင်းရွှေ့လာသည့် အိမ်ငှားကောင်မလေးနှစ်ဦးအား ကုကျစ်စုန့် အသိပေးလိုက်သည်။
“ရှင်တို့တွေ ဒီကိုပြောင်းလာတာ ရက်မကြာသေးတော့ စွန်းယွဲ့က ရှင်တို့ဓာတ်ပုံတွေကို မီးရှို့ပြီး စွန်းမင်ဟောင်ကို မလှူရသေးဘူး”
“မီးရှို့လိုက်ရင်တောင်မှ အလိမ်ခံလိုက်ရမှန်း သိသွားတဲ့ စွန်းမင်ဟောင်က ရှင်တို့ကို ရွေးချယ်တော့မှာ မဟုတ်ပါဘူး၊ ရွေးလိုက်ရင် သူ့ဝိဉာဉ်က ပိုပြီး မြန်မြန်ပျက်စီးသွားမှာလေ
ရှင်တို့က မကောင်းဆိုးဝါးဝိဉာဉ်တွေရဲ့ အနီးအနားမှာ နေမိလို့ နည်းနည်း သက်ရောက်မှုရှိရုံလောက်ပါပဲ
အနီးဆုံးတောက်ဓမ္မကျောင်းတစ်ခုခုကို သွားပြီးတော့မှာ မကောင်းဆိုးဝါးနှင်တဲ့ အစီအရင်တွေ သုံးပြီး သန့်စင်လိုက်ပါ ၊မြန်မြန်လေး သန့်စင်နိုင်ရန် ပိုကောင်းတယ်”
ထိုစကားကြားရပြီးမှသာလျှင် မိန်းမငယ်လေး နှစ်ဦးလည်း ပြုံးနိုင်တော့သည်။
သို့သော် သူမစိတ်ထဲတွင် အနည်းငယ် သိချင်နေသည့်အရာအား မေးလိုက်သည်။
“ကုတောက်ကျန့်၊ ကျွန်မသိချင်တာကလေ စွန်းယွဲ့က ဘာလို့ ရှောင်ယွမ်ကို ထွက်သွားခွင့်ပေးလိုက်တာလဲဟင်”
ကုကျစ်စုန့်၏ စကားအရ ယွမ်ယွင်ဖန်၏ ကိုယ်တွင်း၌လည်း တစ္ဆေသန္ဓေသားဆိုသည့် အရာရှိနေသောကြောင့် စွန်းယွဲ့က သူမအား သေချာ ဂရုစိုက်စောင့်ကြည့်နေရမည်ဖြစ်သည်။
သို့သော် ယွမ်ယွင်ဖန်နှင့် ရုံးဝန်ထမ်းအမျိုးသမီးလေးက ပြောင်းရွှေ့သွားခဲ့သော်လည်း စွန်းယွဲ့ တားမြစ်ခဲ့ခြင်းမရှိပေ။
ယွမ်ယွင်ဖန်သာ ထွက်မသွားခဲ့ပါက၊ ကုကျစ်စုန့်၏ တိုက်ရိုက်ထုတ်လွှင့်ခန်းတွင် ပါဝင်ခဲ့ပြီး အကူအညီမတောင်းခဲ့ပါက ယခုကိစ္စတစ်ခုလုံးသည် ပေါ်ပေါက်လာမည်မဟုတ်ပေ။
ကုကျစ်စုန့် ယွမ်ယွင်ဖန်နောက်မှ မီးခိုးရောင်အစွဲအလမ်းဝိဉာဉ်အား ကင်မရာမှတဆင့် ကြည့်လိုက်မိသည်။
“အဲဒါကတော့ တိုက်ပေါ်က ပြုတ်ကျသွားတဲ့ ဝူမျိုးရိုးကောင်လေးကို ကျေးဇူးတင်ရမှာပဲ”
“ဝူကောကောကြောင့်လား....?”
အိမ်ငှားမိန်းကလေးများ အနည်းငယ် နားမလည်နိုင်ဖြစ်သွားရသည်။
“အမှန်ပဲ”
*