← Chapters

ကရုဏာနှင့် အားနည်းချက်(2)

Vol. 47 Ch. 470

ကရုဏာနှင့် အားနည်းချက်(2)

Vol. 47 Ch. 470

သူမ မည်သည့်စကားမှ မဆိုနိုင်သေးခင် ကုကျစ်စုန့်က ယွမ်ယွင်ဖန်၏ အလုပ်သင်အလုပ်အကြောင်း မေးခွန်းထုတ်လိုက်သည်။

“မစ်စ်ယွမ်ရဲ့ အလုပ်သင်ကာလက ပြီးတော့မှာမလား”

ယွမ်ယွင်ဖန် ခေတ္တမျှ ကြက်သေ,သေသွားခဲ့ပြီးနောက် အသာခေါင်းငြိမ့်သည်။

“ဟုတ်ပါတယ် လဝက်လောက်ဆိုရင် ပြီးတော့မှာလေ”

“ဒီအလုပ်သင်ကာလမှာ ကုမ္ပဏီကြီးတစ်ခုနဲ့ စာချုပ်,ချုပ်နိုင်ဖို့အရေးနဲ့ ကျွန်မ အသက်တောင် ဆုံးရှုံးလုနီးနီးဖြစ်ခဲ့ရတယ်… ကျွန်မ အရင်တုန်းကတော့ အရမ်းကို ဖိအားတွေများနေခဲ့တာ

ဒီအခွင့်အရေးကို အရယူပြီး ရအောင် ဝင်ရမယ်ပေါ့.. ကျွန်မ အစတုန်းလည်း ကောင်းထားတော့ အခြားလူတွေထက် အချိန်ရော၊ လုပ်နိုင်စွမ်းရောမှာ ရှေ့ရောက်နေခဲ့တယ်လေ”

“ဒါပေမယ့် အခုဒီအဖြစ်အပျက်ပြီးတဲ့နောက်တော့ ကျွန်မ သဘောပေါက်သွားပြီ၊ အသက်ရှင်နေရတာကမှ တကယ့်ကို အကောင်းဆုံးပါပဲ

ကျွန်မ ဒီအလုပ်သင်ကာလကို သေချာကြိုးစားပြီး ပြီးအောင်လုပ်မှာ၊ အကယ်၍ စာချုပ်မချုပ်နိုင်ခဲ့ဘူးဆိုရင်လည်း နောက်ထပ် ထပ်ကြိုးစားလို့ ရသေးတာပဲလေ”

“မစ်စ်ယွမ်ရဲ့ အလုပ်ကြိုးစားမှုက အကျိုးကျေးဇူးရသွားပြီးပါပြီ”

ယွမ်ယွင်ဖန်ရော၊ အခြားမိန်းကလေးများပါ ကုကျစ်စုန့်၏ စကားသည်က ယွမ်ယွင်ဖန်အား နှစ်သိမ့်ပေးသည့် စကားဟုသာ ထင်လိုက်မိကြသည်။

စာချုပ်မချုပ်နိုင်ပါက အနည်းဆုံး အတွေ့အကြုံရခဲ့ပြီဖြစ်ကြောင်း ဆိုလိုခြင်းဟု ထင်ခဲ့ကြသည်။

သို့သော်ကုကျစ်စုန့်၏ ဆိုလိုရင်းမှာ ထိုသို့မဟုတ်ပါချေ။

ကုကျစ်စုန့် ပြောမပြခဲ့သည့်အရာတစ်ခုရှိသည်။

သူမ ယွမ်ယွင်ဖန်၏ မျက်နှာပေါ်တွင် သေဆုံးခြင်းကပ်ဆိုးတစ်ခုအား မြင်တွေ့ခဲ့ရသည်ပင်။

သူမ အသက်ဆုံးရှုံးရလုနီးနီးဖြစ်ခဲ့သည်။

လိုချင်သည့်အရာတစ်ခုအား ရယူနိုင်ရန် မည်မျှ ယုတ်ညံ့သည့်နည်းကိုဖြစ်စေ၊ အသုံးပြုတတ်သည့် စွန်းယွဲ့၏ အကျင့်စရိုက်အရ ယွမ်ယွင်ဖန်နှင့် ယဲ့ကျဲတို့ အိမ်မှ ပြောင်းရွှေ့ချင်ကြောင်း ပြောလာသည့်အချိန်တွင် သူမက ထိုမိန်းကလေးနှစ်ဦးအား သုတ်သင်ရှင်းလင်းရန် တွေးထားခဲ့သည်။

သူမ၏ ‘ကိုယ်ချင်းစာစိတ်’ကြောင့်သာလျှင် အသက်ချမ်းသာပေးခဲ့ခြင်းဖြစ်သည်။

ထိုကိုယ်ချင်းစာစိတ်၏ မူလအစအား ကုကျစ်စုန့် အကြမ်းဖျင်း ခန့်မှန်းနိုင်သည်။

စွန်းယွဲ့သည်က စီးပွားရေးလောကအတွင်းသို့ ရုတ်ချည်းဝင်ရောက်ခဲ့ရခြင်းဖြစ်ကာ ကုမ္ပဏီအား စီမံခန့်ခွဲခြင်း၊ စီးပွားရေး၊ ငွေကြေးစီမံခြင်း စသည်တို့အား အချိန်အနည်းငယ်အတွင်း လေ့လာခဲ့ရသည်။

အကျင့်စရိုက်ညံ့ဖျင်းသည့် လူများနှင့် ဆက်ဆံပြောဆိုခဲ့ရချိန်တွင်လည်း သူမက အနာဂတ်အတွက် အံကိုကြိတ်ကာ သည်းခံခဲ့ရသည်။

မနက် (9)နာရီမှ ညနေ (5)နာရီအထိ အလုပ်ကြိုးစားခဲ့သော ယွမ်ယွင်ဖန်၊ အိပ်မက်ဆိုးများ၏ တိုက်ခိုက်မှုကြောင့် စိတ်ပိုင်းဆိုင်ရာ ပြိုလဲကျနေသော်လည်း အလုပ်သင်အခွင့်အရေးကို လက်မလွတ်စေရ၊ ကြိုးစားအားထုတ်ခဲ့သော ယွမ်ယွင်ဖန်…

အတိုပြောရလျှင် စွန်းယွဲ့သည်က ယွမ်ယွင်ဖန်ထံတွင် အခွင့်အရေးတစ်ခုအတွက် အားကုတ်ကြိုးစားခဲ့ရသော တစ်ချိန်က သူမ၏ ပုံရိပ်ဟောင်းအား ပြန်လည်မြင်တွေ့နေခဲ့ရသည်။

ထိုရှင်းမပြနိုင်သည့် ကိုယ်ချင်းစာစိတ်ကြောင့် သူမ ယွမ်ယွင်ဖန်အား မသတ်ခဲ့ခြင်းဖြစ်သည်။

ထိုဆုံးဖြတ်ချက်တစ်ခုသည်လည်း စွန်းယွဲ့ဘဝသက်တမ်းတစ်လျှောက်လုံး နောင်တရသွားမည့် အရာတစ်ခုသာ ဖြစ်လာလိမ့်မည်။

ကုကျစ်စုန့် တိုက်ရိုက်ထုတ်လွှင့်မှုအား ပိတ်ထားလိုက်ရသည့်အကြောင်းအရင်းမှာ တစ္ဆေသရဲများ၊ တခြားအောက်တန်းကျသော နည်းလမ်းများကြောင့် လူအများကြားတွင် ဆူညံထိတ်လန့်မှုများ ဖြစ်ပေါ်မည်ကို စိုးရိမ်၍ဖြစ်ပေသည်။

ဒုတိယအချက်မှာ အဖြစ်မှန်တစ်ခုလုံးအား ဖော်ထုတ်ပြီးချိန်တွင် လူတချို့၏ အတွေး၌ စွန်းယွဲ့သည်လည်း သနားစရာကောင်းသည့် လူတစ်ဦးဖြစ်ကြောင်း၊ သူမတွင် ကိုယ်ချင်းစာစိတ်ရှိကာ ယွမ်ယွင်ဖန်ကို လွှတ်ပေးခဲ့သောကြောင့် အင်မတန်ဆိုးဝါးသူမဟုတ်ကြောင်း တွေးမိကြမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။

‘မကောင်းမှုကို လုပ်ဆောင်မည်ဆိုပါက အပြတ်ရှင်းရန်၊ အမှုပေါ်စေမည့် သဲလွန်စများ ချန်မထားရန်’ဆိုသော အတွေးအခေါ်များ ပျံ့နှံ့သွားမည်ကိုလည်း တားဆီးလိုသောကြောင့်သာဖြစ်သည်။

‘အနက်ရောင်မြူခိုး’သည်က အမှောင်ထဲတွင် ပုန်းကွယ်နေခဲ့ပြီး လူတို့၏ သဘာဝအတွင်းမှ ‘မကောင်းစိတ်’အား လှည့်စားအသုံးချရသည်ကို သဘောကျတတ်သည်။

ထိုသို့သော အတွေးအခေါ်များ ပျံ့နှံ့သွားခဲ့ပါက သေချာပေါက် အခွင့်ကောင်းယူကာ အသုံးချလိမ့်မည်။

မကောင်းမှုသည်က မကောင်းမှုသာဖြစ်သည်။

မကောင်းမှုကို ရွေးချယ်၍ အပြစ်မဲ့လူများအား ထိခိုက်အောင် လုပ်ဆောင်ခဲ့သူများသည်က သနားကြင်နာမှုနှင့် မထိုက်တန်ချေ။

မကြာမီ သူတို့၏ ဝမ်းဗိုက်အတွင်းမှ တစ္ဆေသန္ဓေသားများကို ဖယ်ရှားပေးမည်ဟု ကတိအထပ်ထပ်ပေးပြီးနောက် မိန်းမငယ်လေးသုံးဦးလည်း ဝိဉာဉ်ဆိုင်ရာအထူးအဖွဲ့ဝင်များနှင့်အတူ လိုက်ပါသွားခဲ့ကြသည်။

ဖုန်းနှစ်လုံးကြားမှ ဆက်သွယ်မှုကို မပိတ်လိုက်ခင်အချိန်ခဏမှာပင် တစ်ချိန်လုံးနှုတ်ဆိတ်နေခဲ့သည့် ဝိဉာဉ်ဆိုင်ရာအဖွဲ့ဝင်တစ်ဦးမှ ချောင်းနှစ်ကြိမ်ဟန့်လိုက်သည်။

“ကုတောက်ကျန့်၊ ကျွန်တော်တို့တွေ မင်းကို vote ပေးမှာပါ!”

Vote?

ကုကျစ်စုန့် ခေတ္တမျှ ကြက်သေ,သေသွားခဲ့ပြီးနောက်မှ ‘စွမ်းအားအကြီးဆုံးထူးခြားဆန့်ကြယ်ပညာရှင်’အတွက် မဲပေးရမည့်အကြောင်း သတိရသွားခဲ့သည်။

ထိုအခိုက်တွင် ဘေးဘက်မှအသံများလည်း တစ်သံပြီးတစ်သံ ထွက်ပေါ်လာခဲ့သည်။

“ဖာ့ခ်! မင်း သူခိုးကောင်ပဲ! မင်းက ဒါရိုက်တာကုရှေ့မှာ သွားပြီး ပြောလိုက်တယ်ပေါ့၊ ကျွန်တော်လည်း ဒါရိုက်တာကုကိုပဲ အမြဲ vote ပေးနေတာပါနော်!”

“ဒါရိုက်တာကုက တကယ်ကို အရမ်းမိုက်တယ်! ကျွန်တော်တို့ ရုံးခွဲက အဖွဲ့ဝင်တွေအကုန်လုံးလည်း ဒါရိုက်တာကုရဲ့ ဖန်တွေချည်းပါပဲ!”

“…”

ကုကျစ်စုန့် ငိုရခက်၊ရယ်ရခက်ဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုအား ပိတ်ပစ်လိုက်ရသည်။

ယခုအကြိမ်တွင်တော့ အမှန်တကယ် ပြီးဆုံးပြီဖြစ်သည်။

သူမ မီးမှိတ်သွားသည့် မျက်နှာပြင်အား ခေတ္တစိုက်ကြည့်နေခဲ့ပြီးနောက် ထ,ရပ်လိုက်သည်။

ထို့နောက် မြေပြင်မှ အနက်ရောင်တစ္ဆေဂိတ်တံခါးဝတစ်ခု ထွက်ပေါ်လာခဲ့ပြီး မှုန်မှိုင်းသည့် စွမ်းအင်များလည်း လွင့်ပျံနေခဲ့သည်။

သူမ မြူခိုးများအတွင်း တိုးဝင်လိုက်ပြီး တံခါးထဲသို့ လျှောက်သွားခဲ့လေသည်။

သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးအား လွှမ်းခြုံထားသည့် စွမ်းအင်များထဲတွင် ရွှေရောင်ကြိုးတန်းများလည်း ရောနှောနေခဲ့သည်။

မြေအောက်ကမ္ဘာမှ ဆယ်ယောက်မြောက်နန်းတော်ရှင် ယန်လော့သာ ထိုမြင်ကွင်းကို မြင်တွေ့ရပါက သူမကိုယ်ပေါ်မှ ကုသိုလ်စွမ်းအင်များကို ကြည့်၍ အံ့ဩမိလိမ့်မည်။

ပြိုင်ပွဲအတွင်းမှ ဝင်ရောက်ဖြေရှင်းခြင်းများကြောင့် လူပေါင်းများစွာက ကယ်တင်ခံခဲ့ရပြီး သူမ၏ ကျေးဇူးဖြင့် အန္တရာယ်အတွင်းမှ လွတ်မြောက်နိုင်ခဲ့ကြသည်။

သူမအား ချစ်မြတ်နိုးသော၊ တန်ဖိုးထားသော လူအရေအတွက်မှာလည်း များပြားလွန်းသောကြောင့် အချိန်တိုလေးအတွင်းမှာပင် သူမကိုယ်ပေါ်တွင် ကုသိုလ်စွမ်းအင်များ များစွာ လွှမ်းခြုံနေခဲ့သည်။

မသေမျိုးဖြစ်သွားသော နတ်ဘုရားအချို့ပင် သူမလောက် ကုသိုလ်စွမ်းအင် မများပြားနိုင်သေးပေ။

ထိုမျှအားကောင်းသော ကုသိုလ်စွမ်းအင်ဖြင့် သူမ၏ စွမ်းအားကြီးသော ဝိဉာဉ်တို့ကို ပေါင်းစပ်လိုက်ပါက သူမအနေဖြက့် မိုးကြိုးကပ်ဆိုးအား အလွယ်တကူကျော်လွှား၍ ကောင်းကင်ထက်တွင် ပျံလွင့်နေနိုင်ရမည်ဖြစ်သည်။

သို့သော် မမြင်နိုင်သော အချုပ်အနှောင်ပေါင်းများစွာက သူမအား ထိန်းချုပ်ထားပြီး သူမ၏ အသက်စွမ်းအင်နှင့် သူမကိုယ်အနီးမှ ကုသိုလ်စွမ်းအင်တို့အား ဖိနှိပ်ထားခဲ့သည်။

—

ယုံချန်တွင်။

တောင်များကြားမှ ဗီလာကြီးတစ်ခုတွင် မီးအလင်းရောင်များ လင်းထိန်နေခဲ့သည်။

ပထမထပ်မှ ဧည့်ခန်းကြီး၏အနီးတွင် မှန်နံရံများဖြင့် အခန်းတစ်ခု တည်ရှိသည်။ ထိုနေရာက ရိုးရှင်းသော အဖြူ၊အနက် ရောယှက်ထားသည့် စတိုင်ဖြင့် ရုံးခန်းနေရာတစ်ခုဖြစ်လေသည်။

မီးခိုးနှင့် အနက်ရောင် အိမ်နေရင်းဝတ်စုံ ဝတ်ဆင်ထားသည့် လူငယ်လေးတစ်ဦးက ထိုအခန်းထဲမှ စားပွဲတွင် ထိုင်နေခဲ့သည်။

ကိုင်းပျောက်မျက်မှန်လေးတစ်လက်က သူ၏ ဖြောင့်စင်းသော နှာတံပေါ်တွင် နေရာယူထားခဲ့ပြီး ပါးလျသော အင်္ကျီမှာလည်း ကိုယ်ပေါ်တွင် ကပ်ချပ်နေခဲ့သောကြောင့် ကျယ်ပြန့်သည့် ပုခုံးပြင်အား ပေါ်လွင်နေစေခဲ့သည်။

သူ၏ လက်ချောင်းထိပ်များဖြင့် အဖြူအမည်းစားပွဲခုံအား ထိလိုက်ရကာ သူ၏ မျက်နှာတွင်လည်း အပြုံးဟူ၍ မမြင်တွေ့ရပါချေ။

“ငါ လိုချင်တာက တိကျတဲ့ နေ့ရက်နဲ့ အစီအစဉ်ကိုပဲ၊ ‘ခန့်မှန်း’ထားတဲ့ အချိန်ကို မဟုတ်ဘူး”

လူငယ်လေး၏ မျက်ဝန်းက အညိုရောင်ဖျော့ဖျော့ရှိပြီး မျက်လုံးများသည် ခပ်ရှည်ရှည်ဖြစ်သော်လည်း ကျဉ်းမြောင်းခြင်းမရှိချေ။ တစ်နည်းနည်းအားဖြင့် မက်မွန်ပန်းပွင့်ဖတ်များနှင့် ဆင်တူနေသော်လည်း ထပ်တူကျနေခြင်းလည်း မဟုတ်ပေ။

မျက်လုံးနှင့် မျက်ခုံးတို့သည်က နူးညံ့ကြင်နာသည့်အရိပ်အယောင်ပေါ်သော်လည်း အနည်းငယ် သုန်မှုန်နေခဲ့သောကြောင့် သူ၏ အကြည့်များက ဝိဉာဉ်အတွင်းပိုင်းထိ စိုက်ကြည့်ခံရသကဲ့သို့ အေးစက်နေခဲ့သည်။

ထဝမျက်မှန်ဖြင့် ဖုံးကွယ်ထားသည့် မျက်လုံးများနှင့် အေးစက်တည်ငြိမ်သည့် စကားသံတို့ကြောင့် အစည်းအဝေး၏ တစ်ဖက်တွင် ထိုင်နေသည့် လူများမှာ အသက်ပင် ပြင်းပြင်းမရှူရဲဘဲ တိတ်ဆိတ်နေခဲ့ကြသည်။

အစည်းအဝေးခန်းအတွင်းမှ လူများအားလုံးမှာ ကုမ္ပဏီတွင် ဝန်ထမ်းပေါင်းများစွာအား အုပ်ချုပ်ကြသူများ ဖြစ်သော်လည်း သူဌေးနှင့် ရင်ဆိုင်ရချိန်တွင် ဖိအားဒဏ်ခံကြရသည်ပင်။

အချိန်အကြာကြီး တိတ်ဆိတ်နေပြီးနောက် တစ်ဦးမှ သတ္တိရှိစွာ တုံ့ပြန်လာခဲ့သည်။

“ကနဦးစမ်းသပ်ချက်ကတော့ အောင်မြင်သွားပါပြီ၊ အခုကျန်နေတာက စကေးအကြီးနဲ့ အသုံးချဖို့ကို စမ်းသပ်ဖို့ပါပဲ

အဲဒါသာ အဆင်ပြေသွားပြီဆိုရင်တော့ ပရိုဂရမ် runတဲ့အချိန်မှာ bugတွေဘာတွေလည်း ရှိမှာမဟုတ်တော့ပါဘူး၊ သုံးရက်ကြာပြီးရင်တော့ အပြည့်အဝ အဆင့်မြှင့်လို့ ရပါမယ်”

“အမ်.. bug တွေခဲ့ရင်တော့ ပရိုဂရမ်ကို ပြန်ပြောင်းပြီး၊ နောက်တစ်ခေါက် ပြန် run ရမှာဆိုတော့ နောက်ထပ် တစ်ပတ်လောက်တော့ ကြာပါမယ်”

ယန်ချန် မျက်မှောင်ကြုတ်လိုက်မိသည်။

သူသည်က ယခုအမြန်နှုန်းအား သဘောမကျပါချေ။ သို့သော် ဤဝန်ထမ်းများအား ယခုထပ်ပို၍ မြန်မြန် လုပ်ဆောင်နိုင်အောင် ခိုင်းစေရန်မှာ မဖြစ်နိုင်ကြောင်း သူနားလည်သည်။

အချိန်ခေတ္တမျှ ကြာပြီးနောက် သူ သက်ပြင်းခပ်ဖွဖွ ချလိုက်မိသည်။

“အမြန်ဆုံးရအောင်လုပ်ပေး”

အစည်းအဝေးတွင်းမှ လူများအားလုံးလည်း ခိုး၍ သက်ပြင်းချမိကြသည်။ သူတို့၏ တောင်းဆိုချက်အား သူဌေးမှ လိုက်လျောလိုက်သည်ဖြစ်ကြောင်းကို သဘောပေါက်လိုက်ကြပေပြီ။

ထိုအစည်းအဝေးပြီးဆုံးချိန်အထိ လူအများစုသည် စိတ်ထဲတွင် ကြိတ်၍ တွေးနေမိကြသည်။

သူတို့၏ သူဌေးက ငယ်ရွယ်နုပျိုသေးသော်ငြား အဘယ်ကြောင့် ထိုမျှအားကောင်းသည့် အရှိန်အဝါရှိနေသည်ကို နားမလည်နိုင်ကြချေ။

သူ့ကို ကြည့်လိုက်လျှင် လူအများနှင့် ရောထွေးမနေတတ်သော လူတစ်ဦးကဲ့သို့ ခံစားရစေသည်။

အွန်လိုင်းအစည်းအဝေးအား ပိတ်လိုက်ပြီးနောက် ယန်ချန် မျက်မှန်ကို အသာချွတ်လိုက်သည်။

ထို့နောက် ဆိုဖာပေါ်သို့ လှဲမှီလိုက်ရင်း သူ၏ တောင့်တင်းနေသော ကြွက်သားများသည်လည်း အနည်းငယ် ပြေလျော့သွားခဲ့သည်။

ကိုယ်နှင့် ကပ်ချပ်နေသော အင်္ကျီကြောင့် အတိုင်းသား မြင်တွေ့နေနိုင်သည့် ရင်ဘတ်မှာလည်း အသက်ရှူသံ ပြင်းပြင်းကြောင့် နိမ့်လိုက်၊ မြင့်လိုက် ဖြစ်နေခဲ့လေသည်။

နာကျင်မှု။

သူ၏ အာရုံကြောများ၊ ခြေလက်များတွင် ပြင်းထန်စူးရှသည့် နာကျင်မှုအား ခံစားနေခဲ့ရသည်။

သူ မျက်မှောင်ကြုတ်လိုက်ရင်း ဖြူဖျော့နေသည့် လက်ချောင်းရှည်များဖြင့် သွယ်လျသော လည်ပင်းကို စမ်းသပ်လိုက်ပြီးနောက် ငွေမျှင်ရောင်ကြိုးလေးအား ဆွဲထုတ်လိုက်သည်။

ဖြူဖွေးပြီး နွေးထွေးနေဆဲဖြစ်သော လက်ချောင်းရိုးတစ်ခုက သူ့လက်ထဲတွင် ပါလာခဲ့သည်။

သာမန်မျက်လုံးဖြင့် မမြင်နိုင်သည့် အနက်ရောင်မြူမှုန်တချို့က ယန်ချန်၏ ကိုယ်တွင်းမှ ပျံ့နှံ့နေခဲ့ပြီး ဆိုဖာပေါ်ထိ ပျံ့နေခဲ့သည်။

သို့သော် သူ၏ကိုယ်နှင့် ဝေးရာနေရာသို့ မသွားဘဲ သူ့အနီးတွင်သာ ရစ်ဝဲနေခဲ့လေသည်။

ထိုအရာများ၏ သုံးဆယ်ရာခိုင်နှုန်းခန့်ကို သူ၏ လက်ဖဝါးတွင်းမှ လက်ချောင်းအရိုးမှ စုတ်ယူသွားခဲ့သည်။

သို့သော် ထိုပမာဏသည်လည်း လုံလောက်မှုမရှိသေးပါချေ။

*

All Chapters