မင်းလား စိတ်ကြီးတာ၊ ငါက ပိုကြီးတယ်ကွ ၂
Vol. 63 Ch. 621
ထိုစကားကို ကြားရသောအခါ ဝေ့ယွမ်ကျိုး သည် မျက်ခုံးအစုံကို အနည်းငယ် တွန့်ကွေးလိုက်လေသည်။
သူက တုံ့ပြန်ရန် ပြင်ဆင်နေစဉ်မှာပင် တုဝေကွမ်း က လက်ပိုက်လိုက်ရင်း ဖြည်းညင်းစွာ ပြောလာ၏။
“ကျွန်တော်တို့ရဲ့ တာအိုကလေးငယ်က လောလောဆယ် ဂိုဏ်းမှာ မရှိဘူးဗျ။ သူ့ကို စောင့်နေရမယ်ဆိုရင်လည်း ကျွန်တော်တို့က ကြောက်လို့ ဆင်ခြေပေးနေသလို ဖြစ်နေဦးမယ်။ အဲ့ဒီတော့ ဒီလိုလုပ်ကြရအောင်...”
သူသည် စကားပြောရင်း ခေါင်းကို အနည်းငယ် စောင်းလိုက်ကာ “တရားမျှတအောင်လို့ နှစ်ဖက်စလုံးက ကျောက်စိမ်းဖြူမြို့တော်ရဲ့ မသေမျိုးမြို့တော်ပြင်ပအားတွေကို မသုံးကြေးပေါ့။လက်နက်အစစ်တွေနဲ့ တကယ့်တိုက်ပွဲတစ်ပွဲ ဆင်နွှဲကြည့်ကြရင် ဘယ်လိုလဲ”
ထိုစကား ထွက်လာသည်နှင့်တစ်ပြိုင်နက် ဘိုင်ဝူ ၏ မျက်နှာသည် ထူးဆန်းသွားပြီး သူက ဝင်၍ ခနဲ့လိုက်လေသည်။
“နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာတောင် ပန်ရှန်းဂိုဏ်းက စည်းမျဉ်းတွေအပေါ် ဒီလောက် စေ့စပ်နေတုန်းပဲလား။ တကယ်ကို တရားမျှတတာပဲဗျာ”
ပန်ရှန်းဂိုဏ်းသည် စိတ်ဝိညာဉ်ခန္ဓာကိုယ်နည်းစနစ်ကို အခြေခံ၍ အင်အားကြီးလာခြင်း ဖြစ်ကြောင်း ဟုန်ကျယ်ဒေသတစ်ခုလုံး သိထားကြသည်ဖြစ်ရာ၊ မသေမျိုးမြို့တော်ကို အသုံးမပြုဘဲ တိုက်ခိုက်မည်ဟူသော စကားမှာ မည်သို့ပင် နားထောင်စေကာမူ လှောင်ပြောင်မှုတစ်ခုကဲ့သို့ ဖြစ်နေတော့သည်။
ဝေ့ယွမ်ကျိုးသည် စည်းကမ်းကြီးသူ ဖြစ်သော်လည်း ဤကဲ့သို့သော အပေါ်ယံရန်စမှုမျိုးကိုမူ ကျုံးဝင်လိမ့်မည် မဟုတ်ပေ။ သို့သော် တုဝေကွမ်း ပြောသည်မှာ တစ်ချက်တော့ မှန်နေသည်။
တာအိုကလေးငယ်တစ်ဦး ဖြစ်ပါလျက် ပန်ရှန်းဂိုဏ်း၏တပည့်ရင်းများနှင့် စကားစစ်ထိုးနေရခြင်းမှာပင် သူ၏ ဂုဏ်သိက္ခာ တစ်ဝက်ခန့် ကျဆင်းသွားပြီ ဖြစ်ပေသည်။ ထို့ကြောင့် သူက နှုတ်ဆိတ်နေရုံသာ တတ်နိုင်လေ၏။
မိမိ၏ အားသာချက်များကို စွန့်လွှတ်ကာ တစ်ဖက်လူနှင့် ခန္ဓာကိုယ်ချင်းယှဉ်၍ တိုက်ခိုက်ရန် လက်ခံလိုက်မည်ဆိုပါက သူသည် တာအိုကလေးငယ်တစ်ဦး ဖြစ်ရန် အလွန်ပင် မိုက်မဲလွန်းရာ ရောက်ပေလိမ့်မည်။
“အစ်ကိုတော် ဝေ့ က သိပ်ပြီး ဆန္ဒမရှိပုံရတယ်” တုဝေကွမ်းက မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ပြီး စကားပြောရန် ပြင်နေသော ဘိုင်ဝူဘက်သို့ အကြည့်လွှဲကာ ရန်စလိုက်၏။ “ခင်ဗျားကော စမ်းကြည့်မလား”
လူတစ်ယောက်သည် မျက်နှာထူနိုင်လျှင် တစ်ဖက်လူ၏ စကားများကို လုံးဝ လျစ်လျူရှုထားနိုင်ပေသည်။
ဘိုင်ဝူက ပါးစပ်ဟလိုက်ပြီး အလိုက်သင့်ပင် ပြုံးလိုက်၏။ “ကျွန်တော်ကတော့လေ...”
သူသာ သုံးယောက်ကို တစ်ပြိုင်နက် ရင်ဆိုင်ရမည်ဆိုလျှင် မသေမျိုးမြို့တော်ကို ဖွင့်ထားလျှင်ပင် အနိုင်ရရန် ခက်ခဲဖွယ် ရှိသည်။ ကျင့်ကြံခြင်းကို မထုတ်ဖော်ဘဲ တိုက်ခိုက်ရန်ဆိုသည်မှာ မဖြစ်နိုင်သလောက်ပင်။
ဝေ့ယွမ်ကျိုးက မာနကြီး၍ ပြန်မပြောသော်လည်း ဘိုင်ဝူကမူ ထိုအချက်များကို ဂရုမစိုက်ပေ။
ဘိုင်ဝူက ဆက်လက်၍ ခနဲ့ရန် ပြင်လိုက်စဉ်မှာပင် တုဝေကွမ်းက နှာခေါင်းရှုံ့လိုက်ပြီး အကြည့်ကို ချက်ချင်း လွှဲဖယ်သွားလေသည်။
သို့သော် ထိုအကြည့်သည် သူ့ကို စိုက်ကြည့်နေသော စုဟုန်ရှို့အပေါ်သို့ တည့်တည့်ကျရောက်သွားသည်။
ခန္ဓာကိုယ်ချင်း ယှဉ်ပြိုင်ရာတွင် သူမကို ရှုံးမည်ဟု သူ မထင်သော်လည်း သူမက ဒေါသကို ထိန်းနိုင်လိမ့်မည်ဟုလည်း မယုံကြည်ပေ။
တိုက်ပွဲစသည်နှင့် သူမက တာအိုစစ်သည်တော်ကို ဆွဲထုတ်ကာ ဓားနှင့် ခုတ်ချလိုက်မည်ကို သူ စိုးရိမ်မိသည်။
ထို့ကြောင့် တုဝေကွမ်း၏ အကြည့်မှာ မှင်ရောင်ဝတ်ရုံဝတ်ဆင်ထားသော ပုံရိပ်ပေါ်တွင် နောက်ဆုံး၌ ရပ်တန့်သွားလေ၏။
“သူတို့ နှစ်ယောက်လုံးက မရဲဘူးဆိုမှတော့... မင်း ထွက်လာခဲ့ရင်ရော ဘယ်လိုလဲ”
သူသည် ရှန်းယီ၏ ဖြူဖျော့သော မျက်နှာကို လေးနက်စွာစိုက်ကြည့်နေပြီး ဤတစ်ကြိမ်တွင်မူ အကြည့်လွှဲမသွားတော့ပေ။ လွန်ခဲ့သော ဆယ်ရက်ကျော်ခန့်က ဂိုဏ်းသို့ရောက်လာချိန်တွင် တာအိုကလေးငယ် သုံးဦးကိုသာ မိတ်ဆက်ပေးခဲ့သဖြင့် ကျန်ရှိနေသော ဤတစ်ယောက်မှာ သူ ယှဉ်ပြိုင်နိုင်မည့်သူ ဖြစ်သည်ဟု ယူဆထားခြင်း ဖြစ်သည်။
“တကယ်လို့ မင်းက ကြောက်နေတယ်ဆိုရင်လည်း ငါက...”
“ရတယ်။”
ဆင်ခြေပေးရန် ပြောမည့် တုဝေကွမ်း၏ စကားများ မဆုံးသေးမီမှာပင် လူငယ်က ခေါင်းကို အသာအယာညိတ်ပြလိုက်သည်ကို သူ မြင်လိုက်ရသည်။ သူသည် အံ့အားသင့်သွားပြီး အဖြေကို သေချာ နားမလည်လိုက်သဖြင့် စည်းမျဉ်းများကို ပြန်ပြောရန် ကြိုးစားလိုက်၏။
“ငါ ဆိုလိုတာက...”
“ရတယ်လို့ ပြောနေတယ်လေ၊ အကုန်လုံး အဆင်ပြေတယ်။ ဖွင့်ဖွင့် မဖွင့်ဖွင့်”
ရှန်းယီ က ပေါ့ပေါ့ပါးပါးပင်ရှေ့သို့ တစ်လှမ်း တိုးလိုက်ပြီး ကြည်လင်သော မျက်လုံးများဖြင့် လူသုံးဦးကို အကဲခတ်လိုက်သည်။
အမှန်စင်စစ်လွန်ခဲ့သော ဆယ်ရက်ကျော်က ပန်ရှန်းဂိုဏ်းမှ အကြီးအကဲနှင့် စတင်တွေ့ဆုံခဲ့စဉ်ကတည်းက သူသည် ဤကျင့်ကြံသူများကို အလွန် စိတ်ဝင်စားနေခဲ့ခြင်း ဖြစ်သည်။
ဤသည်မှာ နန်ယန်ဂိုဏ်းမှ ထွက်ခွာလာပြီးကတည်းက စိတ်ဝိညာဉ်ခန္ဓာကိုယ်နည်းစနစ်ကို အထူးပြုသော ကျင့်ကြံသူများနှင့် ရှန်းယီ ပထမဆုံးအကြိမ် တွေ့ဆုံရခြင်းပင် ဖြစ်လေသည်။
မိမိကိုယ်တိုင် ဖန်တီးထားသော နတ်ဘုရားဖီးနစ်မသေမျိုးဓားခန္ဓာကိုယ်သည် ခန္ဓာကိုယ်ကျင့်ကြံခြင်း ဂိုဏ်းများ၏ စစ်မှန်သော နည်းစနစ်များနှင့် မည်မျှ ကွာခြားသည်ကို သူ စမ်းသပ်ကြည့်ချင်နေခဲ့သည်။
စုဟုန်ရှို့ အပါအဝင် တာအိုကလေးငယ် သုံးဦးစလုံးမှာ နေရာ၌ပင် မှင်တက်သွားကြပြီး ဂိုဏ်းချုပ်ရှန်းတစ်နည်းနည်းဖြင့် ပါဝင်ပတ်သက်လာလိမ့်မည်ဟု တစ်ခါမျှ မတွေးခဲ့မိကြပေ။
မသေမျိုးမြို့တော်ကို မဖွင့်ဘဲ တိုက်ခိုက်မည်လော။
ဂိုဏ်းချုပ်ရှန်းသည် မည်မျှ သန်မာသည်ကို မသိရသော်လည်း သူ ယခင်က လျူရှင်းရှန်းကို သတ်ဖြတ်စဉ်ကမူ မသေမျိုးမြို့တော်ကို အသုံးပြုခဲ့ခြင်း မရှိပေ။ စုဟုန်ရှို့သည်လည်း သတိပြန်ဝင်လာကာ သူမ၏ ဒေါသများ လျော့ကျသွားပြီး မျက်လုံးထဲ၌ ရယ်မောချင်သော အရိပ်အယောင်များ ပေါ်လာလေ၏။
ရှန်းယီ အသုံးပြုခဲ့သော တာအိုစစ်သည်တော်၏ အရှိန်အဝါကို သူမ ခံစားနိုင်သော်လည်း အခြားသူများကလည်း သိနိုင်မည်ဟု မဆိုလိုပေ။ ဤကဲ့သို့ ဖုံးကွယ်ထားနိုင်သော နည်းစနစ်ဖြင့်ဆိုလျှင် ပန်ရှန်းဂိုဏ်း၏ တိုက်ရိုက်တပည့်များမှာ အရှုံးကြီး ရှုံးတော့မည်မှာ သေချာလှပေသည်။
“ဟင်း” တုဝေကွမ်းသည် အချိန်အတော်ကြာ အသက်ရှူအောင့်ထားပြီးမှ ပြင်းထန်စွာ သက်ပြင်းချလိုက်၏။
“မင်း နောင်တရစေရမယ်။”
ဝေ့ယွမ်ကျိုး၏ လျစ်လျူရှုမှုနှင့် ဘိုင်ဝူ၏ လှောင်ပြောင်သရော်မှုတို့ထက် ဤလူငယ်၏ ပေါ့ပေါ့ဆဆ စကားများက ပို၍ ထိခိုက်စေခဲ့သည်။ တစ်ဖက်လူသည် မာနတကြီးကြွားလုံးထုတ်နေခြင်း မဟုတ်ဘဲ အလွန် တည်ငြိမ်သော အမူအရာဖြင့် ပန်ရှန်းဂိုဏ်း၏ အခြေခံအုတ်မြစ်ကိုပင် အထင်သေးစွာ ကြည့်လိုက်ခြင်း ဖြစ်သည်။
တုဝေကွမ်းနှင့် သူ၏ အဖော်နှစ်ဦးလုံး၏ မျက်နှာများသည် အေးစက်သွားကြလေ၏။ ပန်ရှန်းဂိုဏ်း၏ ပင်မခန်းမဆောင်ကြီးမှလည်း မကျေနပ်သောအရှိန်အဝါများစွာ ထွက်ပေါ်လာကာ မိုးမြေကို မှောင်မိုက်သွားစေပြီး လေပြင်းများကိုပင် တိတ်ဆိတ်သွားစေသည်။
တစ်ခဏအတွင်းပုံရိပ်သုံးခုသည် ပျောက်ကွယ်သွားလေ၏။ ပတ်ဝန်းကျင်ရှိ လေထုသည် ရုတ်တရက်ကြောက်မက်ဖွယ်ကောင်းသော အပူရှိန်အဖြစ်သို့ ပြောင်းလဲသွားပြီး အရေပြားနှင့် သဘာဝ ဝိညာဉ်စွမ်းအင်ကြားပွတ်တိုက်မှုများကြောင့် သွေးများ ပွက်ပွက်ဆူလာသကဲ့သို့ ဖြစ်သွားစေသည်။
၎င်းတို့သည် မသေမျိုးမြို့တော်၏ စွမ်းအားကို အသုံးမပြုသော်လည်း ကျောက်စိမ်းဖြူမြို့တော်မှ လူများသာ ပိုင်ဆိုင်နိုင်သည့် ခမ်းနားသော အရှိန်အဝါကို တိုက်ရိုက် ထုတ်လွှတ်လိုက်ကြခြင်း ဖြစ်သည်။
အံကြိတ်သံများပင် ကြားလိုက်ရ၏။ ဘိုင်ဝူ သာမက ဝေ့ယွမ်ကျိုး၏ မျက်နှာသည်လည်း ဒေါသကြောင့် နီရဲလာသည်။ ပန်ရှန်းဂိုဏ်းသည် ဂိုဏ်းချုပ်ရှန်း၏ မည်သူမည်ဝါဖြစ်ကြောင်းကို မသိဘဲ၊ အားနည်းသူကို အနိုင်မကျင့်ပါဟု အကြောင်းပြကာ စည်းမျဉ်းသတ်မှတ်ခဲ့ကြပြီး၊ ယခုမူ ရှန်းယီကို အရေအတွက် အသာစီးဖြင့် တိုက်ခိုက်ရန် ရွေးချယ်ခြင်းမှာ အရှက်မရှိခြင်းသက်သက်ပင်။
သို့သော် စုဟုန်ရှို့ကမူ ရှန်းယီ၏ ညာဘက်လက်မောင်းကို စိတ်ဝင်တစား စောင့်ကြည့်နေသည်။ သူမသည် သားတော်ခုနစ်ပါး မဟာညီလာခံမှ ထိုလက်ဝါးရိုက်ချက်ကို ထပ်မံ မြင်တွေ့ချင်နေခဲ့၏။
သို့သော် ဤတစ်ကြိမ်တွင်မူ ဝတ်ရုံလက်အောက်ရှိ လက်မောင်းမှာ ငြိမ်သက်နေဆဲ ဖြစ်သည်။ အပြောင်းအလဲသည် ရှန်းယီ၏ ဖြူဖျော့သော မျက်နှာပေါ်ရှိ နက်မှောင်သော မျက်လုံးတစ်စုံအတွင်း၌ ဖြစ်ပေါ်လာလေသည်။
စုဟုန်ရှို့သည် ဓားခန္ဓာကိုယ်၏ အငွေ့အသက်ကို နောက်တစ်ကြိမ် ခံစားလိုက်ရပြီး ရှန်းယီ၏ မျက်လုံးများထဲ၌ ခရမ်းရောင်မီးတောက်များ ထတောက်လာသည်နှင့်အမျှ ထိုဓားဆန္ဒ၏ နက်ရှိုင်းမှုသည် ချောင်းငယ်လေးမှသည် ကြီးမားသော မြစ်ကြီးတစ်စင်းအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားလေတော့သည်။