အခန်း (၁၂၁)
Vol. 13 Ch. 121
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၁၂၁)
" ငါ စစ်တပ်ကို စုစည်းပြီး ကျောက်နိုင်ငံကို အမြစ်ပြတ် ချေမှုန်းဖို့ ရည်ရွယ်ထားတယ်။ " ရင်ကျန့်က ပြောလိုက်သည်။
စစ်သေနာပတိချုပ်သုံးယောက်က ထိုစကားများကို မျှော်လင့်ထားသည့်အလား အံ့ဩခြင်းမရှိဘဲ ချက်ချင်း ဦးညွှတ်လိုက်ကြသည်။
" ကျွန်တော်မျိုးကို တာဝန်ထမ်းဆောင်ခွင့်ပြုပါ။ " သူတို့အားလုံးက စွမ်းဆောင်မှုများ ရယူရန် အခွင့်အရေးကို လက်လွှတ်မခံလိုသည်မှာ ရှင်းနေသည်။
" ဝမ်ကျန့် ပြီးခဲ့တဲ့တစ်ခေါက်က မင်းပဲ စစ်တပ်ကို ဦးဆောင်ပြီး ဟန်ကို ဖျက်ဆီးခဲ့တာပဲ။ အခု ကျောက်နိုင်ငံကို တိုက်မယ့်စစ်ပွဲမှာလည်း မင်းပဲ ဦးဆောင်ချင်သေးတာလား။ " မုန့်ဝူက တက်ကြွနေသော ဝမ်ကျန့်ကို ကြည့်ပြီး မကျေမနပ်ဖြင့် ပြောလိုက်သည်။
" ဟုတ်တယ်။ " ဟွမ်ယိကလည်း ချက်ချင်း ထောက်ခံလိုက်သည်။
" အရှင်မင်းကြီး ဒီတစ်ကြိမ် စစ်တပ်ကို ကျွန်တော် ဦးဆောင်ချင်ပါတယ်။ "
" မင်းတို့နှစ်ယောက်က ငါ့ကို ဝိုင်းဖိနေကြတာပေါ့။ " ဝမ်ကျန့်က ပြောလိုက်သည်။ " ကျောက်နိုင်ငံက အခြားနိုင်ငံတွေထဲမှာ အသန်မာဆုံးပဲ။ ငါ့ရဲ့ လန်ထျန်းစခန်းမပါဘဲ သူတို့ကို အမြစ်ပြတ် ချေမှုန်းနိုင်မယ်လို့ ထင်လား။ "
" ပြီးတော့ မုန့်ဝူ မင်းရဲ့ မြောက်ဘက်နယ်စပ်မှာရှိတဲ့ တာဝန်က အဲ့ဒီကျိန်စာသင့်နေတဲ့ လူမျိုးခြားတွေကို တားဆီးဖို့ပဲ။ မင်းသာ စစ်တပ်ကို ရွှေ့ပြောင်းလိုက်ရင် သူတို့က မဟာတံတိုင်းကို ကျော်ပြီး ငါတို့ ချင်ပြည်သူတွေကို သတ်ဖြတ်သွားမှာ မကြောက်ဘူးလား။ "
" ရှုံးနူတွေကို သတိထားရမှာ မှန်ပေမယ့် မြောက်ဘက်နယ်စပ်မှာ စစ်သည်နှစ်သိန်းရှိတယ်။ အဲ့ဒီထဲက တစ်သိန်းက ကျောက်နိုင်ငံကို တိုက်ခိုက်ဖို့ လုံလောက်ပါတယ်။ " မုန့်ဝူက ဂုဏ်ယူစွာ ပြောလိုက်သည်။
" မြောက်ဘက်နယ်စပ်က စစ်သည်တွေက လန်ထျန်းက စစ်သည်တွေထက် ဘာမှမနိမ့်ကျဘူး။ "
" ဟန်ကုနယ်စပ်မှာလည်း စစ်သည်နှစ်သိန်းရှိပါတယ်။ အရှင်မင်းကြီးအတွက် ကျောက်နိုင်ငံကို ချေမှုန်းဖို့ အဆင်သင့်ပါပဲ။ " ဟွမ်ယိက ပြောလိုက်သည်။
" လန်ထျန်းစခန်းက စစ်သည်သုံးသိန်းကလည်း အရှင်မင်းကြီးအတွက် တိုက်ပွဲဝင်ဖို့ အဆင်သင့်ပါပဲ။ " ဝမ်ကျန့်ကလည်း အလျှော့မပေးဘဲ ပြောလိုက်သည်။
ကျောက်နိုင်ငံကို ချေမှုန်းခြင်းက ဟန်နိုင်ငံကို ချေမှုန်းခြင်းထက် ပိုပြီး ကြီးမားသော စွမ်းဆောင်မှုဖြစ်သည်။ မည်သည့်တပ်စခန်းကဖြစ်စေ ထိုတာဝန်ကို ရရှိခဲ့သည်နှင့် ကြီးမားသော စွမ်းဆောင်မှုများ ရရှိနို်မည့် အခွင့်အရေးရှိနေသည်။
" ချင်ရဲ့ ပင်မတပ်စခန်းသုံးခုလုံး ထုတ်သုံးလိုက်ရင် နိုင်ငံတော်ဘဏ္ဍာက ဒီလောက်ကုန်ကျစရိတ်ကို ခံနိုင်မှာမဟုတ်ဘူး။ " ရင်ကျန့်က ပြုံးပြီး ပြောလိုက်သည်။
" ဒီတိုက်ပွဲအတွက် လန်ထျန်းနဲ့ မြောက်ဘက်နယ်စပ်က စစ်တပ်တွေ စစ်ချီမယ်။ ဟန်ကုစစ်တပ်ကတော့ အမိန့်ကို စောင့်ဆိုင်းရမယ်။ " ရင်ကျန့်က လေးနက်စွာ ပြောလိုက်သည်။
" အရှင်မင်းကြီး ဘယ်တပ်စခန်းက အဓိကထိုးစစ်ကို ဦးဆောင်ရမှာလဲ။ " ဝမ်ကျန့်က မေးလိုက်သည်။
" လန်ထျန်က အဓိကထိုးစစ်ကို ဦးဆောင်မယ်။ မြောက်ဘက်နယ်စပ် စစ်တပ်ကတော့ လီမုရဲ့ အင်အားနှစ်သိန်းရှိတဲ့ စစ်တပ်ကို တားဆီးပေးရမယ်။ " ရင်ကျန့်က မုန့်ဝူကို လေးနက်စွာ ကြည့်လိုက်သည်။ " မုန့်ဝူ မင်း စစ်သည်တစ်သိန်းနဲ့ ရန်သူစစ်သည်နှစ်သိန်းကို တားဆီးဖို့ မင်းလုပ်နိုင်ပါ့မလား။
" ကျွန်တော်မျိုး အရှင်မင်းကြီးရဲ့ အမိန့်ကို အသက်နဲ့လဲပြီး ပြီးမြောက်အောင် ထမ်းဆောင်ပါမယ်။ " မုန့်ဝူက ချက်ချင်း ဦးညွှတ်လိုက်သည်။
ရင်ကျန့်က ပလ္လင်ပေါ်မှ ဆင်းပြီး နောက်ဘက်ခန်းမဆီသို့ ဖြည်းညင်းစွာ လျှောက်သွားပြီး စစ်သေနာပတိချုပ် သုံးယောက်ကလည်း ချက်ချင်း နောက်မှ လိုက်သွားကြသည်။ ခန်းမ၏ အလယ်တွင် နိုင်ငံခြောက်ခု၏ အလံများကို စိုက်ထူထားပြီး ကြီးမားသော စာပွဲကြီးအထက်တွင် သဲမြေပုံတစ်ခုရှိနေသည်။
ထိုသဲမြေပုံပေါ်တွင် တောင်တန်းများ၊ မြစ်ချောင်းများနှင့် နိုင်ငံအသီးသီး၏ နယ်နိမိတ်များကို ရှင်းလင်းစွာ ဖော်ပြထားသည်။
" ဒီခန်းမကို ဒီလိုမျိုး ပြင်ဆင်ခဲ့တုန်းက အချိန်ကို မှတ်မိကြသေးလား။ " ဝမ်ကျန့်က စစ်သေနာပတိချုပ် သုံးယောက်ကို ကြည့်ပြီး မေးလိုက်သည်။
" အဲ့ဒါ အရှင်မင်းကြီး လောင်အိုက်ရဲ့ ပုန်ကန်မှုကို နှိမ်နင်းပြီး အာဏာကို လွှဲပြောင်းယူတဲ့အချိန်ကပါ။ " ဝမ်ကျန့်က ပြန်ဖြေလိုက်သည်။ " အဲ့ဒီအချိန်တုန်းက အရှင်းမင်းကြီး ဒီမြေပုံကို စီစဉ်ပြီး အလံတွေ စိုက်ထူခဲ့တာကို ကျွန်တော်မျိုး ကိုယ်တိုင် မြင်တွေ့ခဲ့ရပါတယ်။ "
" အရှင်မင်းကြီး ဒီမြေပုံရှေ့မှာ ကျိန်ဆိုခဲ့တာကိုလည်း ကြားခဲ့ရပါတယ်။ တစ်လောကလုံးကို စုစည်းပြီး ဟွာရှကို တစ်နိုင်ငံတည်းအဖြစ် တည်ဆောက်မယ်။ "
ထိုမြင်ကွင်းကို ပြန်တွေးမိလျှင် ဝမ်ကျန့်က အံ့ဩလေးစားနေရဆဲ ဖြစ်သည်။ ထိုအချိန်မှစ၍ သူက ချင်နိုင်ငံအတွက် စိတ်ရောကိုယ်ပါနစ်မြှုပ်ပြီး တစ်လောကလုံးကို စုစည်းရန် ကြိုးစားခဲ့သည်။
" စစ်သေနာပတိချုပ်ဝမ်က မှတ်မိနေတာပဲ။ " ရင်ကျန့်က ရယ်ပြီး ပြောလိုက်သည်။
သူက ကြီးမားသော မြေပုံရှေ့တွင် ရပ်၍ နိုင်ငံအသီးသီးကို ကြဘ့်ပြီး သူ၏ အကြည့်က ယင်ချွမ်ခရိုင်ဖြစ်သွားသော ဟန်နိုင်ငံ၏ နယ်မြေဟောင်းပေါ်တွင် ရပ်တန့်သွားသည်။
" ကမ္ဘာပေါ်က နိုင်ငံတွေထဲက ဟန်နိုင်ငံကိုတော့ ငါတို့ ချင်က ဝါးမြိုလိုက်ပြီ။ ဒါပေမယ့် အဲ့ဒါက အားအနည်းဆုံး နိုင်ငံပဲ ရှိသေးတယ်။ နောက်ထပ် ကျောက်၊ ချူ၊ ယန်၊ ချီနဲ့ ဝေနိုင်ငံတို့ကျန်သေးတယ်။ "
" ဒီနိုင်ငံငါးခုထဲမှာ ကျောက်နိုင်ငံက စစ်သည်ခြောက်သိန်းကို ကွပ်ကဲပြီး အင်အားအကြီးဆုံးပဲ။ ကျောက်နိုင်ငံကို အမြစ်ပြတ် ချေမှုန်းဖို့ဆိုရင် ငါတို့ချင်နိုင်ငံရဲ့ အင်အားအားလုံးကို ထုတ်သုံးရလိမ့်မယ်။ ဒီတိုက်ပွဲရဲ့ အဓိကသော့ချက်ကို မင်းတို့အားလုံး နားလည်ထားရမယ်။ "
" ကျောက်ယန်က စစ်သည်သုံးသိန်းကို ယန်နိုင်ငံကို တိုက်ဖို့ လွှတ်လိုက်ပြီဆိုတော့ သူတို့က အဲ့ဒီမှာ ပိတ်မိနေလိမ့်မယ်။ တိုက်နယ်မြေမှာ လီမုက စစ်သည်နှစ်သိန်းကို ကွပ်ကဲနေတယ်။ ဒါကြောင့် ကျောက်နိုင်ငံရဲ့ အလယ်မှာ စစ်သည်တစ်သိန်းပဲ ကျန်တော့တယ်။ ဒါက ငါတို့အတွက် တစ်သက်မှာ တစ်ခါပဲ ရမယ့် အခွင့်အရေးပဲ။ "
" လွန်ခဲ့တဲ့ တစ်နှစ်ပတ်လုံး ငါက ကျောက်နိုင်ငံကို သတိလက်လွှတ်ဖြစ်သွားအောင် လုပ်ခဲ့တယ်။ ငါတို့ကို လျှော့တွက်ပြီး မဟာမိတ်စာချုပ် ချုပ်လာအောင် ဆွဲဆောင်ခဲ့တယ်။ ဒါတွေအားလုံးက အခုဒီအချိန်လေးတစ်ခုအတွက်ပဲ။ ဒီအခွင့်အရေးကို လက်လွှတ်မခံသင့်ဘူး။ မင်းတို့နားလည်ကြလား။ " ရင်ကျန့်က စိတ်အားထက်သန်စွာဖြင့် စစ်သေနာပတိချုပ်သုံးယောက်ကို ကြည့်လိုက်သည်။
" ကျွန်တော်မျိုးတို့ နားလည်ပါပြီ။ "
" ဒီစစ်ပွဲနဲ့ ပက်သက်ပြီး ဘာများပြောချင်ကြသေးလဲ။ "
" အရှင်မင်းကြီးကို အစီရင်ခံပါတယ်။ " ဝမ်ကျန့်က မြေပုံဆီသို့ လျှောက်သွားပြီး ဝေနိုင်ငံကို ညွှန်ပြကာ ပြောလိုက်သည်။
" ကျွန်တော်မျိုး ပြန်ရောက်ကတည်းက ကျောက်နိုင်ငံကို တိုက်ဖို့ စစ်ရေးပြင်ဆင်မှုတွေ လုပ်ခဲ့ပါတယ်။ ကျောက်နဲ့ဝေက မဟာမိတ်တွေပဲ။ တကယ်လို့ ချင်နိုင်ငံက ကျောက်နိုင်ငံကို တိုက်ရင် ဝေနိုင်ငံက ငြိမ်နေမှာမဟုတ်ဘူး။ သူတို့က စစ်ချီလာမှာသေချာတယ်။ "
" အဲ့ဒါကြောင့် စစ်သေနာပတိချုပ်က ဝေနယ်စပ်မှာ စစ်တပ်တစ်ခုကို ကြိုပြီး နေရာချထားတာပေါ့။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" ဝေမြို့မှာ တပ်စွဲထားတဲ့ ကျောက်ဖုန်းက မင်းရဲ့ အစီအစဉ်ပေါ့။ " မုန့်ဝူက ပြောလိုက်သည်။
" ကျောက်ဖုန်းကို ဝေမြို့မှာ ထားခဲ့တာက ဝေနိုင်ငံကို တားဆီးဖို့ပဲ။ ကျောက်၊ ဝေနဲ့ ဟန်တို့က ကျင့်နိုင်ငံတစ်ခုကနေ ခွဲထွက်လာတာပဲ။ " ဝမ်ကျန့်က ပြောလိုက်သည်။ " သူတို့က နှစ်ပေါင်းများစွာ သူတို့အချင်းချင်း တိုက်ခိုက်ခဲ့ကြပေမယ့် ဝေနိုင်ငံရဲ့ အင်အားဆုတ်ယုတ်လာတဲ့အခါ ကျောက်နိုင်ငံနဲ့ မဟာမိတ်ဖွဲ့ပြီး အကူအညီယူခဲ့ရတယ်။ "
" ဝေနိုင်ငံက ကျောက်နိုင်ငံလောက် မသန်မာပေမယ့် စစ်သည်သုံးသိန်းကျော်ကို ထုတ်သုံးနိုင်တယ်။ ကျွန်တော်တို့ ချင်နိုင်ငံက ကျောက်နိုင်ငံကို တိုက်တာနဲ့ ဝေနိုင်ငံက စစ်တပ်ကို သေချာပေါက် စုစည်းလိမ့်မယ်။ ဒါပေမယ့် တစ်နိုင်ငံလုံးအင်အားတော့မဟုတ်ဘူး။ "
" ဝေနိုင်ငံက လှုပ်ရှားလာရင် ယင်ချွမ်းခရိုင်က သူတို့ရဲ့ ပစ်မှတ်ဖြစ်လာလိမ့်မယ်။ ယင်ချွမ်းခရိုင်ထဲက ဟန်အကြွင်းအကျန်တွေကလည်း ပုန်ကန််ကြလိမ့်မယ်။ ဒါကြောင့် ကျွန်တော်မျိုးရဲ့ ဗျူဟာက ဝေမြို့ကို ပစ်မှတ်ထားတယ်။ ကျောက်ဖုန်းက ဘယ်လိုပဲဖြစ်ဖြစ် ဝေမြို့ကို ကာကွယ်ရမယ်။ "
" ယင်ချွမ်းကို ကာကွယ်ဖို့ လီထန်ကို နေရာချပြီးပြီ။ ခရိုင်ထဲမှာ ဆူပူမှုတစ်ခုခုဖြစ်လာတာနဲ့ လီထန်က ချက်ချင်း နှိမ်နင်းလိမ့်မယ်။ "
" ကျောက်ဖုန်းက ရဲရင့်ပေမယ့် သူက လက်ထောက်စစ်သူကြီးတစ်ယောက်ပဲ။ သူ့လက်အောက်မှာလည်း လူငါးသောင်းပဲရှိလိမ့်မယ်။ သူက အနည်းဆုံး လူတစ်သိန်းရှိတဲ့ ဝေစစ်တပ်ကို တကယ်ပဲ ခုခံနိုင်ပါ့မလား။ " ဟွမ်ယိက သံသယနှင့် မေးလိုက်သည်။ " တကယ်လို့ ဝေမြို့ကျသွားရင် ယင်ချွမ်ခရိုင်တစ်ခုလုံး အန္တရာယ်ရှိသွားလိမ့်မယ်။ "
" မှားတယ်။ " ဝမ်ကျန့်က ခေါင်းခါလိုက်သည်။ " ကျောက်ဖုန်းက စစ်သည်တစ်သိန်းကို ကွပ်ကဲနေတာပဲ။ "
" သူက စစ်သည်တစ်သိန်းကို ဘယ်ကရတာလဲ။ " မုန့်ဝူကလည်း အံ့ဩစွာ မေးလိုက်သည်။
ဝမ်ကျန့်က မရှင်းပြတော့ဘဲ ရင်ကျန့်ကို ဦးညွှတ်လိုက်သည်။
" ယင်ချွမ်းမှာရှိနေတဲ့ စစ်သည်နှစ်သောင်းကျော်ကို ကျောက်ဖုန်းလက်အောက်ကို ထည့်ပေးဖို့ ကျွန်တော်မျိုး တောင်းဆိုပါတယ်။ "
" လက်နက်ချစစ်သည်တွေလား။ ဒီလိုအရေးကြီးတဲ့အချိန်မှာလား။ သူတို့က တိုက်ပွဲမှာ ရန်သူဘက်ကို ကူးပြောင်းသွားရင် ဝေမြို့ကျဆုံးသွားမှာမဟုတ်လား။ " ဟွမ်ယိက မျက်မှောင်ကြုတ်ပြီး ဝမ်ကျန့်ကို နားမလည်နိုင်စွာ ကြည့်လိုက်သည်။
ဝမ်ကျန့်၏ တောင်းဆိုမှုကို ကြားသောအခါ ရင်ကျန့်ပင် တွေဝေသွားသည်။ စစ်သည်ငါးသောင်း၏ စောင့်ကြပ်မှုအောက်တွင် လက်နက်ချစစ်သည်သုံးသောင်းကို ထိန်းချုပ်ရန် ဖြစ်နိုင်သေးသည်။ သို့သော် နောက်ထပ် လက်နက်ချစစ်သည်နှစ်သောင်းထည့်ပေါင်းလိုက်လျှင် သူတို့၏ အရေအတွက်က တူညီသွားပေလိမ့်မည်။
" အရှင်မင်းကြီး...." ဝမ်ကျန့်က လေးနက်စွာ ပြောလိုက်သည်။ "အပြစ်သားတပ်ဖွဲ့နဲ့ ပက်သက်ပြီး ကျောက်ဖုန်းက ကျွန်တော်မျိုးကို အမြဲတမ်း အစီရင်ခံနေပါတယ်။ သူတို့က တိုက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ "
" ဒီတိုက်ပွဲက ခက်ခဲကောင်းခက်ခဲနိုင်ပေမယ့် ကျွန်တော်မျိုးက ကျောက်ဖုန်းရဲ့ စွမ်းဆောင်မှုကို ယုံကြည်ပါတယ်။ တကယ်လို့ ဝေမြို့ကျဆုံးခဲ့ရင် ဒီကျဆုံးမှုအတွက် တာဝန်အားလုံးကို ကျွန်တော်မျိုး ခံယူပါမယ်။ "
ဝမ်ကျန့်၏ ပြတ်သားသော စကားများကြောင့် မုန့်ဝူနှင့် ဟွမ်ယိတို့နှစ်ယောက်လုံးက အံ့အားသင့်သွားကြသည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၁၂၂)
" ဝမ်ကျန့် မင်းတကယ်ပြောနေတာလား။ ဟန်နိုင်ငံကို အမြစ်ပြတ် ချေမှုန်းတုန်းက ကျောက်ဖုန်းက ထူးထူးချွန်ချွန် စွမ်းဆောင်ခဲ့တာ မှန်တယ်။ သူက ရဲရင့်တယ်ဆိုတာ မှန်တယ်။ ဒါပေမယ့် သူက တပ်ဖွဲ့တွေကို ကျွမ်းကျွမ်းကျင်ကျင် ဦးဆောင်နိုင်တဲ့ စစ်သူကြီးတစ်ယောက်ဖြစ်တယ်ဆိုတာ သက်သေမပြနိုင်သေးဘူး။ "
" ယင်ချွမ်းရဲ့ ဘေးကင်လုံခြုံမှုကို သူ့လက်ထဲထည့်ထားတာက အန္တရာယ်များလွန်းတယ်။ အသက် ၁၇နှစ်အရွယ် စစ်သူကြီးတစ်ယောက်က ဒီလောက်ကြီးမားတဲ့ တာဝန်ကို ထမ်းဆောင်ဖို့ အရမ်းငယ်ပါသေးတယ်။ " မုန့်ဝူက လေးနက်စွာ ပြောလိုက်သည်။
" တကယ်လို့ ဝေနိုင်ငံက စစ်တပ်ကို လွှတ်ရင် သူတို့ကို ဝေဝူကျိကိုယ်တိုင် ဦးဆောင်လာမှာသေချာတယ်။ သူက ကြောက်စရာကောင်းတယ်ဆိုတာ မင်းသိမှာပါ။ " ဟွမ်ယိကလည်း ဝင်ပြောလိုက်သည်။
ဝမ်ကျန့်က သူတို့ကို ဘာမှမပြောဘဲ ရင်ကျန့်ကိုသာ စိုက်ကြည့်နေသည်။ ခဏကြာသောအခါ ရင်ကျန့်က စကားစပြောလိုက်သည်။
" ဒါက စစ်သေနာပတိချုပ်ဝမ်ရဲ့ တောင်းဆိုမှုဖြစ်လို့ ငါခွင့်ပြုလိုက်မယ်။ "
" ကျွန်တော်မျိုးကို ယုံကြည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။ " ဝမ်ကျန့်က ချက်ချင်း ဦးညွှတ်လိုက်၏။
" ကျောက်ဖုန်းကို ပြောလိုက်ပါ။ သူသာ ဝေနိုင်ငံရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်ပြီး ငါ့အတွက် ယင်ချွမ်းကို ကာကွယ်ပေးနိုင်ခဲ့ရင် အနာဂတ်မှည ချင်က ကျောက်ကို အောင်နိုင်တဲ့အခါ သူ့ကို ပင်မစစ်သူကြီးအဖြစ် ရာထူးတိုးပေးမယ်။ ဒါပေမယ့် သူသာ ကျရှုံးခဲ့ရင် သူ့ရဲ့ အပြစ်ကို ခံရလိမ့်မယ်။ " ရင်ကျန့်က လေးနက်စွာ ပြောလိုက်သည်။
" အမိန့်အတိုင်းပါ။ " ဝမ်ကျန့်က ချက်ချင်း ပြန်ပြောလိုက်သည်။
" ဟွမ်ယိ " ရင်ကျန့်က ဟွမ်ယိကို လှည့်ကြည့်လိုက်သည်။ " ဟန်ကုစစ်တပ်က စစ်သည်နှစ်သိန်းက ယင်ချွမ်းကို စစ်ကူပေးဖို့ အဆင်သင့်ဖြစ်နေရမယ်။ ဝေမြို့ရဲ့ ခံစစ်ကျိုးပေါက်သွားတာနဲ့ မင်းတို့ စစ်ချီရယ်။ " ရင်ကျန့်က လေးနက်စွာ ပြောလိုက်သည်။
" အမိန့်အတိုင်းပါ။ " ဟွမ်ယိက ပြန်ပြောလိုက်သည်။
" အရှင်မင်းကြီး အခု ယန်အိမ်ရှေ့မင်းသားကို နှင်ထုတ်လိုက်တာဆိုတော့ နောက်တစ်ခေါက် သူလာရင် နိုင်ငံတော်အဆင့် လက်ဆောင်ပစ္စည်းတွေ ပြင်ဆင်လာမှာသေချာတယ်။ အဲ့ဒီအချိန်ကျရင် ကျောက်နဲ့ယန်ကြားက စစ်ပွဲက အကျပ်အတည်း ဖြစ်နေလောက်ပြီ။ အဲ့ဒါက ချင်နိုင်ငံအတွက် စစ်ချီဖို့ အကောင်းဆုံးအချိန် ဖြစ်လာလိမ့်မယ်။ "
" မင်းတို့ သေချာပြင်ဆင်ထားကြပါ။ စစ်ချီဖို့အတွက် လိုအပ်တဲ့ရိက္ခာတွေကို ပြင်ဆင်ဖို့ ဝမ်ဝမ်နဲ့ ဖုန်းချွီကျိတို့ကို ငါအမိန့်ပေးထားပြီးပြီ။ ကျောက်နိုင်ငံကို ချေမှုန်းဖို့ ဒီအခွင့်အရေးကို လက်လွှတ်ခံလို့မရဘူး။ ငါ့ရဲ့ စစ်သေနာပတိချုပ်သုံးယောက်ကို ငါယုံကြည်ပါတယ်။ " ရင်ကျန့်က လေးနက်စွာ ပြောလိုက်သည်။
" ကျွန်တော်မျိုးတို့ အရှင်မင်းကြီးကို စိတ်ပျက်အောင် မလုပ်ပါဘူး။ " စစ်သေနာပတိချုပ်သုံးယောက်က လေးနက်စွာ ဦးညွှတ်လိုက်ကြသည်။
" စစ်သေနာပတိချုပ် ဝမ် မင်းရဲ့ သမီးမှာ ကျောက်ဖုန်းရဲ့ ရင်သွေးရှိနေပြီမဟုတ်လား။ " ရင်ကျန့်က ရုတ်တရက် မေးလိုက်သည်။
ထိုစကားကို ကြားသောအခါ ဝမ်ကျန့်က စိတ်ထဲတွင် ထိတ်လန့်သွားသည်။ သူ၏ အိမ်မှ ယုံကြည်ရသော အစေခံများမှလွဲ၍ ဝမ်ယန်ကိုယ်ဝန်ရှိသည်ကို ဘယ်သူမှမသိသကဲ့သို့ အပြင်သို့ သတင်းလည် မပျံ့ခဲ့ပေ။ သို့သော် ဝမ်ကျန့်က ချက်ချင်း နားလည်လိုက်သည်။ သူ၏ အိမ်ထဲတွင် ရင်ကျန့်၏ မျက်စိနှင့် နားများ ရှိပေလိမ့်မည်။
" မှန်ပါတယ် အရှင်မင်းကြီး " ဝမ်ကျန့်က သူ၏ စိတ်ကို ထိန်းချုပ်ပြီး ပြန်ဖြေလိုက်သည်။ သူ၏ ဘေးမှ မုန့်ဝူနှင့် ဟွမ်ယိတို့က သူ့ကို ထူးဆန်းစွာ ကြည့်လိုက်ကြသည်။
" ကျောက်နိုင်ငံကို တိုက်ပြီးလို့ အောင်ပွဲရပြီးရင် မင်းရဲ့ သမီးနဲ့ ကျောက်ဖုန်းကို လက်ထပ်ပေးဖို့ ငါအမိန့်ထုတ်ပေးမယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။ " ဝမ်ကျန့်က ဝမ်းသာသွားပြီး ချက်ချင်း ဦးညွှတ်လိုက်သည်။
ချင်ဘုရင်ကိုယ်တိုင် လက်ထပ်ပေးခြင်းက နှိုင်းယှဉ်၍ မရသော ဂုဏ်ပြုမှုဖြစ်သည်။ သူ၏ သားကြီးကိုလည်း ချင်ဘုရင်က မင်းသမီးတစ်ပါးနှင့် စေ့စပ်ပေးထားပြီး မင်္ဂလာရက်ကောင်းကို စောင့်နေခြင်းဖြစ်သည်။ ယခု သူ၏ သမီးကပါ တော်ဝင်အမိန့်နှင့် လက်ထပ်ခွင့်ရလျှင် ဝမ်မိသားစုအတွက် ကြီးမားသော ဂုဏ်သိက္ခာတစ်ခု ဖြစ်လာပေလိမ့်မည်။
ဟန်နိုင်ငံ၏ လက်နက်ချစစ်သည်များက ဝေမြို့သို့ ရောက်ရှိလာကြသည်။ ဝေမြို့ရိုးပေါ်တွင် ကျန်းဟန်က လက်နက်ချစစ်သည်များ ဝင်လာသည်ကို လေးနက်စွာ ကြည့်နေသည်။
" စစ်သူကြီး ဟန်လက်နက်ချစစ်သည်တွေအားလုံး ဝေမြို့ထဲကို ရောက်လာပါပြီ။ သူတို့အရေအတွက်က ကျွန်တော်တို့ရဲ့ စစ်သည်တွေနဲ့ တန်းတူလောက် ဖြစ်နေပါပြီ။ တကယ်လို့ ဝေစစ်တပ်က လာတိုက်ရင် သူတို့ကို တကယ်ပဲ အသုံးချမှာလား။ " ကျန်းဟန်က စိုးရိမ်တကြီး မေးလိုက်သည်။
မြို့ကို ကာကွယ်နေတုန်း လက်နက်ချစစ်သည်တွေက ရန်သူဘက်ပြောင်းသွားမှာကို သူက အမှန်တကယ် စိုးရိမ်နေသည်။
" အခုလက်နက်ချစစ်သည်တွေကို အပြစ်သားတပ်ဖွဲ့တွေအဖြစ် ဖွဲ့စည်းထားတာ သူတို့ရဲ့ စိတ်ဓာတ်တွေက အရမ်းတက်ကြွနေတာ မင်းမမြင်ဘူးလား။ " ကျောက်ဖုန်းက ပြုံး၍ ပြန်မေးလိုက်သည်။
" လေ့ကျင့်နေတုန်း စိတ်ဓာတ်တက်ကြွတာက ဟုတ်ပါတယ်။ ဒါပေမယ့် စစ်သူကြီးခန့်မှန်းသလို ဝေစစ်တပ်က လာတိုက်ရင် ကျွန်တော်တို့က ရန်သူသိန်းချီကို ရင်ဆိုင်ရမှာ။ အရေးကြီးတဲ့အချိန်ကျမှ သူတို့ကို တကယ်ယုံကြည်လို့မရမှာ ကျွန်တော်စိုးရိမ်မိတယ်။ " ကျန်းဟန်က လေးနက်စွာ ပြောလိုက်သည်။
" မစိုးရိမ်နဲ့။ " ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။ " ငါသူတို့ကို အသုံးချရဲတယ်ဆိုကတည်းက သူတို့ကို မကြောက်လို့ပဲ။ သူတို့သာ ပြဿနာရှာရဲရင် သတ်ပစ်လိုက်။ ဒါက သူတို့အတွက် တစ်ခုတည်းသော အခွင့်အရေးပဲ။ ဖြုန်းတီးပစ်ရင်တော့ သူတို့ကိုသူတို့ပဲ အပြစ်တင်ခံရလိမ့်မယ်။ "
ကျောက်ဖုန်းက သမိုင်းကြောင်းကို ကောင်းစွာ သိထားသောကြောင့် ကံတရားက ချင်ဘက်တွင်ရှိသည်ကို ကောင်းစွာနားလည်ထားသည်။ အပြစ်သားတပ်ဖွဲ့ကို အသုံးချလျှင် ဘာဖြစ်လာမည်ကို သူသိပြီးသားဖြစ်သည်။
လက်နက်ချစစ်သည်ငါးသောင်းကျော်ရှိသည်။ သူတို့ကသာ ထိုအခွင့်အရေးကိူ အသုံးချပြီး စွမ်းဆောင်မှုပြုနိုင်လျှင် ကျွန်ဘဝမှလွတ်မြောက်ပြီး စစ်မှန်သော စစ်သည်များ ဖြစ်လာရုံသာမက မိသားစုနှင့်လည်း ပြန်လည်ဆုံတွေ့နိုင်ပေလိမ့်မည်။ သို့သော် တိုက်ပွဲတွင် ရန်သူဘက်ကူးပြီး သစ္စာဖောက်ရဲလျှင် သူတို့၏ မိသားစုတစ်ခုလုံး သတ်ဖြတ်ခံရပေလိမ့်မည်။
" စစ်သူကြီး လက်နက်ချစစ်သည်တွေအားလုံးကို စခန်းဆီပို့ဆောင်ပြီးပါပြီ။ " တုဆွေက လာရောက်အစီရင်ခံလေသည်။
" သွားကြစို့ စခန်းဆီသွားကြမယ်။ " ကျောက်ဖုန်းက ချက်ချင်း ပြောလိုက်သည်။
တပ်စခန်းအတွင်း လက်နက်ချစစ်သည် နှစ်သောင်းကျော်က စုဝေးနေပြီး အခြားစစ်သည်များက သူတို့ကို ဝန်းရံထားကြသည်။
" ငါက ချင်နိုင်ငံရဲ့ ဒုစစ်သူကြီး ကျောက်ဖုန်းပဲ။ " ကျောက်ဖုန်း၏ အသံက ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ကိုယ်ရံတော်များက စစ်သည်အားလုံးကြားအောင် နောက်မှထပ်အော်လိုက်ကြသည်။ " တော်ဝင်အမိန့်အရ ငါ့ကို ဝေမြို့ကို ကာကွယ်ဖို့ တာဝန်ပေးထားတယ်။ "
" စကားတွေအများကြီးမပြောတော့ဘူး။ မင်းတို့ကို ဝိုင်းထားတဲ့ စစ်သည်တွေကို မြင်လား။ သူတို့ထဲမှာ မင်းတို့ရဲ့ အရင်က ရဲဘော်ရဲဘက်တွေ မပါဘူးလား။ "
အသစ်ရောက်ရှိလာသော ဟန်လက်နက်ချစစ်သည်များက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ကြသည်။ ထိုစစ်သည်များထဲတွင် အများစုက သူတို့၏ အသိဟောင်းများကို ချက်ချင်း မှတ်မိလိုက်ကြသည်။ သို့သော် သူတို့ကဲ့သို့ စိတ်ဓာတ်ကျပြီး အားအင်ချည့်နဲ့နေ့ခင်းမျိုးမဟုတ်ဘဲ သူတို့၏ ရဲဘော်ရဲဘက်ဟောင်းများက တက်ကြွနေပြီး ချင်စစ်တပ်ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။
" ကျန်းဟန် အပြစ်သားတပ်ဖွဲ့အတွက် စည်းမျဉ်းစဉ်းကမ်းတွေ ကြေညာလိုက်တော့။ "
" နားလည်ပါပြီ။ " ကျန်းဟန်က ပြန်ပြောလိုက်ပြီး စင်မြင့်၏ အစွန်းတစ်ဖက်သို့ လျှောက်သွားသည်။
" ငါက စစ်သူကြီးကျောက်ဖုန်း လက်အောက်က စစ်သည်တစ်သောင်းကို ကွပ်ကဲတဲ့ တပ်မှူးကျန်းဟန်ပဲ။ အခု လက်နက်ချစစ်သည်တွေကို ဆုပေးဒဏ်ပေးစည်းမျဉ်တွေကို ကြေညာပေးမယ်။ " ကျန်းဟန်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
" အကျဉ်းသားတပ်ဖွဲ့ရဲ့ စည်းမျဉ်းတွေကို စစ်သူကြီးကျောက်က သူ့အသက်နဲ့ အာမခံပြီး အရှင်မင်းကြီးထံ တင်ပြခဲ့တယ်။ အဲ့ဒါက လက်နက်ချစစ်သည်အားလုံးကို အပြစ်သားတပ်ဖွဲ့အဖြစ် စစ်တပ်အတွင်းမှာ ပြန်လည်ဖွဲ့စည်းဖို့ပဲ။ " ကျန်းဟန်က လက်နက်ချစစ်သည်များ ရရှိနိုင်မည့် အခွင့်အရေးများကို ကြေညာပေးလိုက်သည်။
ယခင်လက်နက်ချစစ်သည်များကဲ့သို့ပင် ယခုလူနှစ်သောင်းကျော်ကလည်း ထိုစကားများကြောင့် အံ့အားသင့်သွားကြသည်။ သူတို့၏ စိတ်ထဲတွင် မျှော်လင့်ချက်အလင်းရောင်လေးတစ်ခု ထွက်ပေါ်လာသည်။
" အပြစ်သားတပ်ဖွဲ့အဖြစ် ပြန်လည်ဖွဲ့စည်းပြီးရင် မင်းတို့က ရန်သူကို သတ်ဖြတ်ပြီး စွမ်းဆောင်မှုတွေနဲ့အတူ ကျွန်ဘဝက လွတ်မြောက်နိုင်တယ်။ ဒါပေမယ့် အထက်လူကြီးရဲ့ အမိန့်ကို ဖီဆန်ရဲတဲ့သူရှိရင် ရာထူးချပြီး အလုပ်ကြမ်းခိုင်းစေမှုကို ခံရလိမ့်မယ်။ တကယ်လို့ တိုက်ပွဲထဲမှာ သစ္စာဖောက်ရင် ကိုယ့်ရဲဘော်ကိုယ်ပြန်သတ်ခဲ့ရင် ညှာတာမှုမရှိ ကွပ်မျက်ပြီး မင်းတို့ရဲ့ မိသားစုတစ်ခုလုံးကိုပါ အပြစ်ပေးခံရလိမ့်မယ်။ "
ကျန်းဟန်က စည်းမျဉ်းစည်းကမ်းများကို ကြေညာပြီးနောက် ပြန်လည်ဖွဲ့စည်းခြင်းကို စတင်ခဲ့သည်။ ထိုသို့ဖွဲ့စည်းခြင်းက သူတို့ကို လူစုခွဲပြီး တပ်ဖွဲ့အသီးသီးသို့ ရောနှောထည့်သွင်းခြင်းဖြစ်သည်။
" စစ်သူကြီး ဝေမြို့မှာ အခု စစ်သည်တစ်သိန်းရှိနေပြီ။ ဒါပေမယ့် ကျွန်တော်တို့မှာ တပ်မှူးခြောက်ယောက်ပဲရှိပါတယ်။ စစ်တပ်ဖွဲ့သည်းပုံက မလုံလောက်တော့ပါဘူး။ " ကျောက်ထို့က ကျောက်ဖုန်းအနီးသို့ လာပြီး ပြောလိုက်သည်။
" ဒီကိစ္စနဲ့ ပက်သက်ပြီး ငါဆုံးဖြတ်ပြီးသားပါ။ " ကျောက်ဖုန်းက ပြောလိုက်သည်။ ထို့နောက် သူက တပ်မှူးခြောက်ယောက်ကို ကြည့်ပြီးပြောလိုက်သည်။ " ဒီတစ်ခါ ပြန်လည်ဖွဲ့စည်းမှုအတွက် ငါတို့က စစ်တပ်ကို တပ်ဖွဲ့တွေအလိုက် ဆက်ပြီး ဖွဲ့စည်းသွားမယ်။ မင်းတို့ခြောက်ယောက်က ကိုယ့်တပ်ဖွဲ့ကို ဆက်ပြီး ဦးဆောင်ပါ။ ကျန်တဲ့ တပ်ဖွဲ့လေးခုကို ဝေချွမ်၊ လျိုဟွာ၊ လျူဝမ်နဲ့ ကျွမ်းဝေတို့က ယာယီကွပ်ကဲကြလိမ့်မယ်။ "
၎င်းကို ကြားသောအခါ စင်မြင့်ပေါ်မှ လူလေးယောက်က ချက်ချင်း စိတ်လှုပ်ရှားသွားကြသည်။