အခန်း (၁၂၄)
Vol. 13 Ch. 124
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၁၂၄)
" မင်းလာမယ်ဆိုတာ ငါသိနေတယ်။ " ကျောက်ဖုန်းက တုဆွေကို ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
ယနေ့ ကျောက်ဖုန်းက ကျန်းဟန်နှင့် အခြားသူများကို ယနေ့ညတွင် စစ်ရေးခန်းမအတွင်းသို့ လာတွေ့ရန် ပြောခဲ့သည်။ တုဆွေက ၎င်းကို သဘာဝအတိုင်း ကြားခဲ့သည်။ အကယ်၍ တုဆွေက ပါးနပ်လျှင် ကျောက်ဖုန်းက ၎င်းကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့သည်ကို သိပေလိမ့်မည်။
ကျောက်ဖုန်းက တုဆွေကို သိမ်းသွင်းရန် ရည်ရွယ်နေခြင်းဖြစ်သည်။ ချန်တောက်နှင့် ကျောက်ထို့တို့နှင့် ယှဉ်လျှင် ကျောက်ဖုန်းက တုဆွေကို လပေါင်းများစွာ ကြည့်ရှုခဲ့ပြီး သူက သစ္စာရှိသူတစ်ယောက်ဖြစ်သည်ကို သိခဲ့ရသည်။
" ကဲ မင်းဘယ်လိုထင်လဲ။ " ကျောက်ဖုန်းက ပြုံး၍ မေးလိုက်သည်။
တုဆွေက စိတ်ကို ထိန်းချုပ်ပြီး ကျောက်ဖုန်းရှေ့တွင် ဒူးထောက်လိုက်သည်။ " ကျွန်တော် တုဆွေ အရှင်ကို အလုပ်အကျွေးပြုချင်ပါတယ်။ ကျွန်တော်ကို လက်ခံပေးပါ။ "
" မင်းရဲ့ သစ္စာခံမှုကို ငါလက်ခံတယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
ထို့နောက် သူက တုဆွေ၏ သစ္စာရှိမှုမှာ ၇၈ ဖြစ်သည်ကို တွေ့လိုက်ရသည်။ ၎င်းက သစ္စာရှိသည်ဟု ယူဆနိုင်ပေသည်။
" ဒီနေ့ကစပြီး မင်းလည်း ကျန်းဟန်တို့လို ငါ့လူတွေထဲက တစ်ယောက်ပဲ။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ် အရှင်။ " တုဆွေက ချက်ချင်း ဦးညွှတ်လိုက်သည်။
" မင်းအခုမြင်တွေ့ခဲ့ရတာကို သိုင်းပညာလို့ခေါ်တယ်။ အဲ့ဒါကို ကျင့်ကြံရင် သာမန်လူတွေ စိတ်ကူးမယဉ်နိုင်တဲ့ စွမ်းအားတွေကို ရရှိိစေလိမ့်မယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
" အရှင် " တုဆွေက ထိတ်လန့်စွာဖြင့် ပြောလိုက်သည်။ " ဒါက နတ်ဘုရားတွေရဲ့ စွမ်းအားလား။ "
" မင်း အဲ့ဒီလိုပဲ တွေးလို့ရပါတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" ဒီကျင့်စဉ်ကို ကျွန်တော်ကို ပေးဖို့ တောင်းဆိုပါတယ်။ ကျွန်တော် အရှင်အပေါ် အသက်နဲ့ရင်းပြီး သစ္စာရှိသွားပါမယ်။ " တုဆွေက ရိုသေစွာ ပြောလိုက်သည်။
" ငါမင်းကို လက်ခံပြီးပြီဆိုတော့ ကျင့်စဉ်တစ်ခုကို သင်ပေးဖို့ ရည်ရွယ်ပြီးသားပဲ။ ဒါပေမယ့် မင်း ငါ့လက်အောက်ကို ရောက်လာပြီဆိုတော့ တစ်ခုကို နားလည်ထားရမယ်။ ဒီနေ့ကစပြီး မင်းရဲ့ အသက်က ငါ့အပိုင်ပဲ။ ဘုရင်အာဏာနဲ့ ရင်ဆိုင်ရရင်တောင် ငါက ပထမပဲ။ မင်းနားလည်လား။ " ကျောက်ဖုန်းက တုဆွေကို သေချာကြည့်ပြီး ပြောလိုက်သည်။
" ကျွန်တော် အသက်ထက်ဆုံး သစ္စာရှိပါမယ်။ " တုဆွေက ချက်ချင်း ပြန်ဖြေလိုက်သည်။ ၎င်းက ကြီးမားသော အခွင့်အရေးတစ်ခု ဖြစ်သည်ကို သူနားလည်သည်။
" ကောင်းပြီ။ " ကျောက်ဖုန်းက ခေါင်းညိမ့်ပြီး ကျုံးကျိအတွင်းအားကျင့်စဉ် ဟောက်ထျန်းအဆင့်ကို တုဆွေဆီ လွှဲပြောင်းပေးလိုက်သည်။
ကျင့်စဉ်တစ်ခုက သူ၏ စိတ်ထဲတွင် ရုတ်တရက် ပေါ်လာသောအခါ တုဆွေက ကျောက်ဖုန်းကို ပို၍ လေးစားလာသည်။
" သိုင်းပညာက ငါအယုံကြည်ရဆုံး နောက်လိုက်တွေပဲ သိတဲ့ လျို့ဝှက်ချက်ပဲ။ ငါ့ရဲ့ အမိန့်မပါဘဲ ဘယ်သူ့ကိုမှ ထုတ်မပြောရဘူး။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
" ကျွန်တော် နားလည်ပါပြီ။ " တုဆွေက ခေါင်းညိမ့်လိုက်သည်။
" ကျန်းဟန် " ကျောက်ဖုန်းက ခေါ်လိုက်သည်။
" အမိန့်ပေးပါ အရှင် " ကျန်းဟန်က ချက်ချင်း ပြန်ပြောလိုက်သည်။
" ဝေမြို့နဲ့ လီငါးဆယ်အကွာမှာ ဟုန်ဇီဆိပ်ကမ်းဆိုတဲ့နေရာရှိတယ် မင်းကြားဖူးလား။ " ကျောက်ဖုန်းက မေးလိုက်သည်။
"ကြားဖူးပါတယ်။ " ကျန်းဟန်က ခေါင်းညိမ့်လိုက်သည်။ " အဲ့ဒီနေရာက အခုအသုံးမပြုတော့ပါဘူး။ အဲ့ဒီမှာ ရေစီးက သန်လွန်းတော့ ကုန်သည်တော်တော်များများတောင် အသက်ဆုံးရှုံးခဲ့ရတယ်။ အဲ့ဒါကြောင့်ပဲ ဆိပ်ကမ်းကို ဝေပိုင်နက်ထဲက ပိုင်ဝေမြို့ဆီကို ပြောင်းရွှေ့လိုက်ကြတာပဲ။ "
" လှေတွေ သင်္ဘောတွေကို လျို့ဝှက်တည်ဆောက်ထားကြ။ ဒီကိစ္စကို မင်းတို့ပဲ သိရမယ်။ အခြားဘယ်သူ့ကိုမှ မပြောရဘူး။ ဝေမြို့ပတ်ပတ်လည်ကို ကင်းလှည့်ဖို့အတွက် မင်းတို့တပ်ဖွဲ့တွေသွားဖို့ ငါအမိန့်ထုတ်ပေးမယ်။ အဲ့ဒါက မင်းတို့အတွက် အခွင့်အရေးပဲ။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" အရှင်...." ကျန်းဟန်က ကျောက်ဖုန်း၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားသည်။ " အရှင်က မြစ်ကို ဖြတ်ပြီး ဝေနိုင်ငံထဲကို ဝင်တိုက်ဖို့ သင်္ဘောတွေ ဆောက်ခိုင်းတာလား။ "
" ငါတို့က ခံစစ်ပဲဆင်နေရမှာလား။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။ " ဒီလို ခံစစ်အောင်မြင်မှုတွေက သေးငယ်လွန်းတယ်။ အခွင့်အရေးက ငါတို့ရှေ့ရောက်လာပြီ ငါက ဘာလို့မစွန့်စားရဲရမှာလဲ။ "
ကျောက်ဖုန်း၏ စကားများကို ကြားသောအခါ သူ၏လူများက စိတ်လှုပ်ရှားသွားကြသည်။ ကျောက်ဖုန်း၏ ရည်ရွယ်ချက်ကို သူတို့ နားလည်ကြသည်။ ၎င်းက ဝေနိုင်ငံကို ကျူးကျော်တိုက်ခိုက်ပြီး ပိုမိုကြီးမားသော စစ်ရေးစွမ်းဆောင်မှုများ ရယူရန်ဖြစ်သည်။
" ချင်ဘုရင်ရဲ့ တော်ဝင်အမိန့်က ဝေမြို့က တပ်ဖွဲ့တွေအပေါ် အပြည့်အဝ ကွပ်ကဲခွင့် ပေးထားတဲ့အပြင် ငါသာ ဝေမြို့ကို ကာကွယ်နိုင်ရင် စစ်သူကြီး ရာထူးပေးမယ်လို့ ပြောထားတယ်။ " ကျောက်ဖုန်းက ရယ်လိုက်သည်။
" တကယ်လို့ ငါသာ ပိုကြီးမားတဲ့ စွမ်းဆောင်မှုတွေရရင် စစ်သူကြီးရာထူးအတွက် အခွင့်အရေး ပိုမရနိုင်ဘူးလား။ "
" ဝေချွမ်နဲ့ ကျွမ်းဝေ မင်းတို့က အခုမှ ယာယီတပ်မှူးဖြစ်လာတာပဲ။ မင်းတို့နှစ်ယောက်က ငါတို့လူဟောင်းတွေကို ရာထူးမြှင့်ပေးလိုက်ကြ။ မင်းတို့ ကွပ်ကဲမှုအောက်က ရာထူးတွေကို ငါတို့ယုံကြည်ရတဲ့ လူတွေပဲ ဖြည့်ထားလိုက်။ "
" ဒါပေမယ့် အရာအားလုံးက စွမ်းဆောင်မှုအပေါ်မှာပဲ မူတည်တယ်။ အဲ့ဒါဆိုရင် ချန်တောက်နဲ့ အခြားသူတွေက ကန့်ကွက်ချင်ရင်တောင် သူတို့မှာ အကြောင်းပြချက်ရှိမှာမဟုတ်ဘူး။ "
" အရှင်က အမြော်အမြင် ကြီးလှပါတယ်။ " အားလုံးက ပြောလိုက်ကြသည်။
" စစ်ပွဲက နောက်နှစ်လအတွင်း သေချာပေါက် ဖြစ်လာလိမ့်မယ်။ မင်းတို့လည်း ကိုယ့်ရဲ့ ခွန်အားကို မြှင့်တင်ဖို့ ကြိုးစားကြဦး။ " ကျောက်ဖုန်းက သးတို့ကို ညွှန်ကြားလိုက်သည်။ " စစ်မြေပြင်က ရှုပ်ထွေးလွန်းတယ်။ ခွန်အားပိုရှိလေ အသက်ရှင်ဖို့ အခွင့်အရေးပိုရှိလေပဲ။ "
" နားလည်ပါပြီ။ "
" ပြီးတော့ တုဆွေ..." ကျောက်ဖုန်းက လက်ဝှေ့ရမ်းလိုက်သောအခါ ဆေးမှုန့်ထုတ်တစ်ထုတ်က ပေါ်လာသည်။ " ဒါက အရိုးသန့်စင်ခြင်းဆေးမှုန့်ပဲ။ ဒါကို ရေနဲ့ရောပြီး ခန္ဓာကိုယ်တစ်ခုလုံး စိမ်ပေး။ ဒါက မင်းရဲ့ အရိုးအကြောတွေကို မြှင့်တင်ပေးပြီး သိုင်းပညာကို လေ့ကျင့်ရလွယ်ကူအောင် ကူညီပေးလိမ့်မယ်။ "
" လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ် အရှင်။ " တုဆွေက ချက်ချင်း လက်ခံလိုက်သည်။
" ကောင်းပြီ။ မင်းတို့အားလုံး သွားကြတော့။ " ကျောက်ဖုန်းက ခေါင်းညိမ့်ပြီး ပြောလိုက်သည်။
ရှန်ယန်မြို့တော်၊ ညီလာခံခန်းမအတွင်း ကျိတန် သို့မဟုတ် ယန်တန်က ရပ်နေသည်။ လွန်ခဲ့သော တစ်လကျော်က သူက ဒေါသတကြီး ထွက်သွားခဲ့သော်လည်း ယခု သူက ပို၍ တည်ငြိမ်နေသည်။ ပလ္လင်ပေါ်မှ ရင်ကျန့်ကို ကြည့်သော အကြည့်ထဲတွင် နက်ရှိုင်းသော အမုန်းတရားများ ရှိနေသော်လည်း ၎င်းတို့ကို ဖုံးကွယ်ထားသည်။
သူက နိုင်ငံတော်စာချွန်လွှာကို ကိုင်ပြီး လေးနက်စွာ ပြောလိုက်သည်။ " ကျောက်နိုင်ငံက အရမ်းသောင်းကျန်းနေပါတယ်။ ယန်နိုင်ငံရဲ့ မြို့ပေါင်းဆယ်မြို့ကို သိမ်းပိုက်ထားပြီး ကျောက်စစ်တပ်က ကျွန်တော်တို့ ကျောက်ပြည်သူ သိန်းချီကို သတ်ဖြတ်ခဲ့ပါတယ်။ ယန်နဲ့ချင်ကြားက ချစ်ကြည်ရေးကို ထောက်ထားပြီး စစ်ကူလွှတ်ပေးဖို့ တောင်းဆိုပါတယ်။ "
" ချင်တပ်မတော် စစ်ချီဖို့အတွက် ရိက္ခာအဖြစ် ရွှေနှစ်သိန်းနဲ့ ဆန်စပါးတင်းငါးသိန်းကို ပေးအပ်ဖို့ ယန်နိုင်ငံက ပြင်ဆင်ထားပါတယ်။ တကယ်လို့ ကျောက်နိုင်ငံကို အောင်အောင်မြင်မြင် မေးထုတ်နိုင်ရင် ချင်နိုင်ငံကို လက်ဆောင်အဖြစ် ရွှေတစ်သိန်းကို ထပ်ပေးပါမယ်။ "
ယန်နိုင်ငံက ထိုသို့ ဆိုးရွားသော အခြေအနေနှင့် မကြုံတွေ့ရလျှင် ယန်ဘုရင်က ထိုမျှနာကျင်စရာကောင်းသော ကမ်းလှမ်းမှုမျိုးကို လုပ်မည်မဟုတ်ပေ။
ရင်ကျန့်က လက်တစ်ချက်ဝှေ့ရမ်းလိုက်သောအခါ ကျောက်ကောင်းက ရှေ့သို့ တက်လာသည်။ သူက ယန်တန်၏ လက်ထဲမှ နိုင်ငံတော်စာချွန်လွှာကို ယူကြီး ရင်ကျန့်ကို ဆက်သလိုက်သည်။
ရင်ကျန့်က စာကို တစ်ချက်ကြည့်လိုက်သည်။ စာထဲတွင် ယန်တန်ပြောခဲ့သော စကားများကို အသေးစိတ် ရေးသားထားပြီး တော်ဝင်တံဆိပ်လည်း ခတ်နှိပ်ထားသည်။ ၎င်းက နောက်တစ်ချိန် ယန်က ကတိဖျက်ခဲ့လျှင် ချင်က ထိုစာကို အကြောင်းပြပြီး စစ်တပ်ကိုညစေလွှတ်နိုင်သည်။
" ယန်ဘုရင်က တကယ်ရက်ရောတာပဲ။ ဒါပေမယ့် ချင်နဲ့ကျောက်ကြားမှာ လက်မှတ်ထိုးထားတဲ့ စာချုပ်ရှိနေတယ်။ တကယ်လို့ ငါက စာချုပ်ကို ဖျက်ရင် ကမ္ဘာကြီးကို ဘယ်လိုမျက်နှာပြရမလဲ။ " ရင်ကျန့်က စိတ်ညစ်သော အမူအရာနှင့် ပြောလိုက်သည်။
ယန်တန်က စိတ်ထဲတွင် အလွန်ဒေါသထွက်သွားသော်လည်း သူက ဘာမှမတတ်နိုင်ပေ။ သူက အခြေအနေကို ပြောင်းလဲရန် နည်းလမ်းမရှိပေ။
" ကျောက်နိုင်ငံရဲ့ စစ်တပ်က မတရားတဲ့ စစ်တပ်ပါ။ ကောင်းကင်အောက်က နိုင်ငံအားလုံး စုပေါင်းပြီး သူတို့ကို အပြစ်ပေးသင့်ပါတယ်။ တကယ်လို့ ချင်ဘုရင်က စစ်တပ်ကို စေလွှတ်ပေးဖို့ ဆန္ဒရှိရင် ဒီလက်ဆောင်တွေအပြင် နောက်ထပ် စစ်မြင်းငါးထောင် ထပ်ပေးပါမယ်။ "
" ဒါ့အပြင် ယန်နိုင်ငံက ကျောက်နိုင်ငံရဲ့ မတရားမှုကို အခြားနိုင်ငံတွေဆီ ကြေညာပေးပါမယ်။ ချင်စစ်တပ်ကလည်း ယန်နိုင်ငံကို ကယ်ဖို့လာတာဖြစ်ကြောင်း အတည်ပြုပေးပါမယ်။ ဒါတွေအားလုံးက ကျောက်နိုင်ငံရဲ့ အပြစ်ဖြစ်ပါလိမ့်မယ်။ " ယန်တန်က ဒူးထောက်ပြီး ပြောလိုက်သည်။
" ကျွန်တော်မျိုး အရှင်မင်းကြီးကို တောင်းပန်ပါတယ်။ စစ်တပ်လွှတ်ပြီး ယန်နိုင်ငံကို ကယ်တင်ပေးပါ။ ယန်နိုင်ငံက ထာဝရကျေးဇူးတင်နေမှာပါ။ " သူက ရင်ကျန့်ကို ဒေါသထွက်နေသော်လည်း ယန်နိုင်ငံကို ကယ်တင်ရန်အတွက် သူ၏ အိမ်ရှေ့စံဂုဏ်သိက္ခာများကို စွန့်လွှတ်ရန် ဆန္ဒရှိနေသည်။