အခန်း (၁၂၆)
Vol. 13 Ch. 126
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၁၂၆)
" ဝေစစ်သည်ဘယ်လောက်များ တွေ့ခဲ့လဲ။ " ကျောက်ဖုန်းက ကင်းထောက်ကို မေးလိုက်သည်။
" စစ်သူကြီး ဝေစစ်တပ်ရဲ့ အရေအတွက်ကို အတိအကျမသိပေမယ့် အင်အားက တစ်သိန်းအောက်မနည်းပါဘူး။ " ကင်းထောက်က ပြန်ပြောလိုက်သည်။ "ပြီးတော့ ရှေ့ပြေးတပ်ဖွဲ့တွေကြားမှာ ဘုရင်အလံတော်ကိုလည်း တွေ့ရပါတယ်။ "
" ဘုရင်ရဲ့ အလံတော်လား။ " ချန်တောက်က မျက်နှာပျက်သွားသည်။ " ဝေနိုင်ငံမှာ ဘုရင်ရဲ့ အလံတော်ကို ကိုင်ပြီး စစ်တိုက်နိုင်တာ လူတစ်ယောက်ပဲရှိတယ်။ အဲ့ဒါဝေဝူကျိပဲ။ တကယ်လို့ သူသာ စစ်တပ်ကို ဦးဆောင်ရင် ငါတို့အထူးစစ်သည်ငါးသောင်းနဲ့ အပြစ်သားတပ်ဖွဲ့ငါးသောင်းက တောင့်ခံဖို့ အခွင့်အရေးလုံးဝမရှိဘူး။ "
၎င်းကို ကြားသောအခါ ကျောက်ဖုန်းက မျက်မှောင်ကြုတ်သွားသည်။ " တိုက်ပွဲတောင်မစရသေးဘူး။ ရှုံးဖို့အကြောင်းပြောနေတာလား။ မင်းက တကယ်တော်တဲ့ တပ်မှူးပဲ။ တကယ်လို့ စစ်သေနာပတိချုပ်ကသာ မင်းစကားကို ကြားရင် မင်းကို ပြင်းပြင်းထန်ထန် အပြစ်ပေးလိမ့်မယ်။ "
" ကျွန်တော်မျိုးစကားမှားသွားပါတယ်။ "ချန်တောက်က မျက်နှာပျက်သွားပြီး လျင်မြန်စွာ ဦးညွှတ်လိုက်သည်။
" စစ်သူကြီး " ကျန်ဟန်က ရှေ့တက်လာပြီး ကျယ်လောင်စွာ ပြောလိုက်သည်။ " ဝေဝူကျိဆိုတော့ရော ဘာအရေးလဲ။ စစ်သူကြီး ဒီမှာရှိနေတာ ဘာစိုးရိမ်းရာရှိသေးလို့လဲ။ ကျွန်တော် မြို့တံခါးကို ကာကွယ်ဖို့ တပ်ဖွဲ့ကို ဦးဆောင်ပါမယ်။ ဝေစစ်တပ်တွေ မထိုးဖောက်နိုင်စေရဘူးလို့ ကျိန်ဆိုပါတယ်။ "
" ကျွန်တော်လည်း တိုက်ပွဲဝင်ဖို့ ခွင့်တောင်းပါတယ်။ " တုဆွေ၊ ဝေချွမ်နှင့် တပ်မှူးးများက ရှေ့တက်လာကြပြီး ကြောက်ရွံ့မှုမရှိ ပြောလိုက်သည်။
ချန်တောက်နှင့် ကျောက်ထို့တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ထိုလူများက ဝေဝူကျိကို အထင်သေးနေကြလေပြီ။
" ကျန်းဟန် ငါ့အမိန့်ကို နာခံ။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" အမိန့်ပေးပါ စစ်သူကြီး။ " ကျန်းဟန်က ချက်ချင်း ပြန်ပြောလိုက်သည်။
" ဝေစစ်တပ်ရောက်လာရင် မင်းရဲ့ တပ်ဖွဲ့ကို ဦးဆောင်ပြီး မြို့တံခါးကို ပထမဆုံးခံစစ်အဖြစ် ကာကွယ်ပါ။ "
" အမိန့်အတိုင်းပါ စစ်သူကြီး။ "
" တုဆွေ၊ ကျွမ်းဝေ၊ လျိုဟွာ၊ လျူဝမ် မင်းတို့က မြို့ရိုးအောက်မှာ အမိန့်ကို စောင့်နေကြ။ တကယ်လို့ အကျအဆုံးများလာရင် မင်းတို့က အစားထိုးဝင်တိုက်ရမယ်။ ချန်တောက်နဲ့ ကျောက်ထို့ မင်းတို့က တပ်ဖွဲ့တွေကို ဦးဆောင်ပြီး မြို့ထဲမှာ ငါအချက်ပေးတာကို စောင့်နေကြ။ " ကျောက်ဖုန်းက အာဏာနှင့် အမိန့်ပေးလိုက်သည်။
" အမိန့်အတိုင်းပါ။ " တပ်မှူးများက ပြန်ပြောလိုက်ကြသည်။
" ကောင်းပြီ။ " ကျောက်ဖုန်းက ပြောလိုက်သည်။ " စစ်တပ်ကို တိုက်ပွဲအတွက် ပြင်ဆင်ပြီး မြို့ကို ပိတ်လိုက်တော့။ တိုက်ပွဲမပြီးမချင်း ငါ့အမိန့်မပါဘဲ မြို့ထဲကို ဘယ်သူမှ အဝင်အထွက်မလုပ်ရဘူး။ "
" တိုက်ပွဲအတွင်းမှာ တစ်မြို့လုံးကို စစ်ဥပဒေနဲ့ အုပ်ချုပ်မယ်။ ငါကိုယ်တိုင် မြို့ရိုးပေါ်ကနေ တိုက်ပွဲကို ကြီးကြပ်မယ်။ "
" တိုက်ရိုက်အမိန့်ကို ဖီဆန်ရင် ခေါင်းဖြတ်မယ်။ ကိုယ့်တာဝန်ကို စွန့်ခွာရင် ခေါင်းဖြတ်မယ်။ ရန်သူနဲ့ ပူးပေါင်းတဲ့ သစ္စာဖောက်တွေကို တစ်မိသားစုလုံး အမြစ်ဖြတ်သုတ်သင်မယ်။ " ကျောက်ဖုန်းက ကျယ်လာင်စွာ အမိန့်ပေးလိုက်သည်။
" နားလည်ပါပြီ။ " တပ်မှူးများက ဦးညွှတ်လိုက်ကြသည်။
" သွားကြတော့။ " ကျောက်ဖုန်းက လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။
ထိုအချိန်မှစ၍ ဝေမြို့က စစ်အုပ်ချုပ်ရေးအောက်သို့ လုံးဝ ရောက်ရှိသွားသည်။ လွန်ခဲ့သော ငါးရက်က ကျောက်ဖုန်းက လန်ထျန်းစခန်းမှ စစ်ရေးအစီရင်ခံစာတစ်ခု ရရှိခဲ့သည်။ ၎င်းက ချင်ဘုရင်၏ တော်ဝင်အမိန့်ဖြစ်ပြီး စစ်သေနာပတိချုပ် ဝမ်ကျန့်ကို စစ်သည်နှစ်သိန်းအား ဦးဆောင်စေပြီး ကျောက်နိုင်ငံကို တိုက်ခိုက်ရန် အမိန့်ပေးထားခြင်းဖြစ်သည်။
တစ်ချိန်တည်းတွင် မြောက်ပိုင်းနယ်စပ်စခန်းမှ စစ်သေနာပတိချုပ်မုန့်ဝူက စစ်သည်တစ်သိန်းကို ဦးဆောင်ပြီး ကျောက်နိုင်ငံ၏ တိုက်နယ်မြေကို တိုက်ခိုက်မည်ဖြစ်သည်။ စုစုပေါင်းချင်စစ်သည်သုံးသိန်းက စစ်ချီနေကြပြီဖြစ်သည်။
ကျောက်ဖုန်းကလည်း ထိုသတင်းကို ရရှိကတည်းက ပြင်ဆင်မှုများ ပြုလုပ်ထားပြီးသားဖြစ်သည်။
တစ်ချိန်တည်းတွင် ဝေမြစ်ပေါ်တွင် ဝေဝူကျိ၏ စစ်ရထားက ရောက်ရှိလာသည်။
" အရှင်..." ဝေပေါက မြင်းစီးလာရင်း လှောင်ပြောင်လိုက်သည်။ " ဒီကျောက်ဖုန်းက တကယ်ကို အပြောရှိပြီး အလုပ်မရှိတဲ့လူပဲ။ ကျွန်တော်တို့စစ်တပ်က ဝေမြစ်ကို မဖြတ်ရသေးပေမယ့် သူက ဘာခံစစ်မှမပြင်ဆင်ထားဘူး။ သူက တကယ်အရည်အချင်းမရှိတဲ့သူပဲ။ "
" တကယ်လို့ သူက ငါ ဝေမြစ်ကို ဖြတ်မှာမဟုတ်ဘူးဆိုတဲ့ ရည်ရွယ်ချက်ကို ကြိုမြင်နေရင်ရော။ " ဝေဝူကျိက တည်ငြိမ်စွာ မေးလိုက်သည်။
" အဲ့ဒါက မဖြစ်နိုင်လောက်ပါဘူး။ " ဝေပေါက အံ့အားသင့်သော အမူအရာနှင့် ပြောလိုက်သည်။
" တကယ်လို့ သူက ငါဝေမြစ်ကို ဖြတ်မှာမဟုတ်ဘူးဆိုတာ တကယ်ပဲ ကြိုမြင်နေခဲ့ရင်တော့ ဒီကျောက်ဖုန်းက အတော်လေး ကြောက်စရာကောင်းတဲ့သူပဲ။ " ဝေဝူကျိက လေးနက်စွာ ပြောလိုက်သည်။
" အရှင်က ကျောက်ဖုန်းကို အထင်းကြီးလွန်းနေပါပြီ။ ဝေမြို့က သေးသေးလေးပါ။ ကျွန်တော်တို့ ကင်းထောက်တွေရဲ့ စကားအရ မြို့ထဲမှာ ချင်စစ်သည်တစ်သိန်းရှိပေမယ့် ငါးသောင်းက ဟန်နိုင်ငံက လက်နက်ချစစ်သည်တွေပါ။ လက်နက်ချစစ်သည်တွေနဲ့ မြို့ကို ကာကွယ်ရင်တော့ ချင်စစ်တပ်က သေချာပေါက် ပုန်ကန်မှာပဲ။ "
" ကျွန်တော်ကို ဆယ်ရက်အချိန်ပေးပါ။ ကျွန်တော် ဝေမြို့ကို ထိုးဖောက်ပြီး ကျောက်ဖုန်းရဲ့ ခေါင်းကို ဖြတ်ယူခဲ့ပါမယ်။ " ဝေပေါက ယုံကြည်မှုရှိစွာ ပြောလိုက်သည်။
" အင်း " ဝေဝူကျိက ခေါင်းညိမ့်လိုက်သည်။ " စစ်ပွဲမှာ အချိန်က အရေးကြီးဆုံးပဲ။ စစ်တပ်ကို ချီတက်ခိုင်းလိုက်။ မနက်ဖြန်ကျရင် ဝေမြို့ကို စတိုက်မယ်။ "
" ဟုတ်ကဲ့ပါ အရှင် " ဝေပေါက ချက်ချင်း ပြန်ပြောလိုက်သည်။
နောက်တစ်နေ့တွင် ဝေစစ်သည်တစ်သိန်းခွဲက မြို့ရိုးရှေ့သို့ ရောက်ရှိလာသည်။ မြို့ရိုးရှေ့တွင် အဆုံးမရှိသော စစ်ဗျူဟာများကို ခင်းကျင်းထားပြီး ကြောက်စရာကောင်းသော အရှိန်အဝါတစ်ခုက ထွက်ပေါ်နေသည်။
ဝေစစ်တပ်ရှေ့တွင် ကျောက်လုံးပစ်စက်တစ်ရာကျော်နှင့် ဒူးလေးကြီးတစ်ရာကျော်ရှိနေသည်။ ဝေဝူကျိက ဝေမြို့ကို ထိုးဖောက်ပြီး ဝေနိုင်ငံ၏ ကံကြမ္မာကို ပြောင်းလဲပစ်ရန် အစွမ်းကုန်ကြိုးစားနေသည်မှာ ရှင်းနေသည်။
" ဝေစစ်သည်တို့...." ဝေဝူကျိက စစ်ရထားပေါ်မှ ဟိန်းဟောက်လိုက်သည်။
" ဟေ့ ဟေ့ ဟေ့...." စစ်သည်အားလုံးက တစ်ညီတစ်ညွတ်တည်း အော်ဟစ်လိုက်ကြသည်။
" ငါ့လို အဖိုးကြီးတစ်ယောက်က စစ့တပ်ကို ဦးဆောင်ပြီး ဘာလို့တိုက်ပွဲဝင်နေရတာလဲ။ ပထမအချက်က ဝေနိုင်ငံရဲ့ နယ်မြေ တည်ငြိမ်ဖို့အတွက်ပဲ။ ဒုတိယအချက်က ဝေပြည်သူတွေ အေးချမ်းဖို့အတွက်ပဲ။ "
" ဝေနိုင်ငံရဲ့ ကံကြမ္မာက မှေးမှိန်နေပြီ။ ဒါပေမယ့် အခု ငါတို့က အဲ့ဒါကို အသစ်ပြန်ရေးဖို့ အခွင့်အရေးရလာပြီ။ ဒီဝေမြို့ကို ထိုးဖောက်ပြီး ဟန်နယ်မြေကို သိမ်းပိုက်လိုက်ရင် ငါတို့ရဲ့ ဝေနိုင်ငံက နောက်တစ်ကြိမ် အင်အားကြီးမားလာလိမ့်မယ်။ "
" ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ ဝေမြို့ကို တိုက်ခိုက်ကြ။ မြို့ရိုးကို ပထမဆုံး ထိုးဖောက်နိုင်တဲ့သူကို ရာထူးသုံးဆင့်တိုးပေးပြီး ရွှေစတစ်ထောင် ဆုချမယ်။ ချင်အလံကို ချိုးနိုင်တဲ့ သူကို ရာထူးနှစ်ဆင့်တိုးပြီး ရွှေစတစ်ရာဆုချမယ်။ ရန်သူစစ်သူကြီးကို အရှင်ဖမ်းမိရင် ရာထူးသုံးဆင့်တိုးပေးပြီး ရွှေစတစ်သောင်းဆုချမယ်။ "
" သတ်ကြ...." ဝေဝူကျိက ဓားကို ဆွဲထုတ်ပြီး ဝေမြို့ဆီသို့ တိုက်ရိုက်ချိန်ရွယ်လိုက်သည်။ ဘေးမှ သတင်းပို့သူများကလည်း ချက်ချင်း မြင်းစီးထွက်ခွာသွားကြသည်။
ဝေမြို့ရိုးပေါ်တွင် ကျောက်ဖုန်းက စစ်ဝတ်စုံအပြည့်နှင့် သူ၏ ကိုယ်ရံတော်များ ဝန်းရံလျက်ရှိနေသည်။ မြို့ရိုးတစ်ခုလုံးတွင် ချင်လေးသည်တော်များ ရှိနေပြီး အချို့က ချပ်ဝတ်အပြည့်နှင့် ရှိပြီး အချို့က သာမန်ချင်ဝတ်စုံကို ဝတ်ဆင်ထားကြသည်။ သူတို့က ချင်အထူးစစ်သည်များနှင့် အပြစ်သားတပ်ဖွဲ့များဖြစ်ကြသည်။
"ဝေဝူကျိ မင်းက စစ်တပ်ကို ဦးဆောင်တဲ့နေရာမှာ ကျွမ်းကျင်ချင်ကျွမ်းကျင်လိမ့်မယ်။ ဒါပေမယ့် အခု ငါက မြို့ရိုးပေါ်ကနေ ခုခံနေတာဆိုတော့ မင်းက တိုက်ရိုက်ထိုးစစ်ပဲဆင်နိုင်မှာပါ။ " ကျောက်ဖုန်းက ချဉ်းကပ်လာသော ဝေစစ်တပ်ကို ဘာမှမဖြစ်သကဲ့သို့ တည်ငြိမ်စွာ ကြည့်နေသည်။
" တပ်ဖွဲ့တွေအားလုံး ငါ့အမိန့်ကို နာခံကြ။ ကျောက်လုံးပစ်စက်တွေနဲ့ လေးသည်တော်တွေ အသင့်ပြင်။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။
" ချင်အပြစ်သားတပ်ဖွဲ့က စစ်သည်တို့။ " ကျောက်ဖုန်းက အော်ဟစ်လိုက်သည်။ " မင်းတို့အားလုံးအတွက် ကံကြမ္မာကို ပြောင်းလဲဖို့ အခွင့်အရေးက ရောက်လာပြီ။ ရန်သူတစ်ယောက်ကို သတ်ရင် မင်းတို့ ကျွန်ဘဝက လွတ်မယ်။ ငါးယောက်ကို သတ်ရင် မင်းတို့ ဘွဲ့ထူးတစ်ဆင့် တိုးမယ်။ "
" ပြီးတော့ ဒီနေ့ အပြစ်သားတပ်ဖွဲ့က စစ်သည်တိုင်းကို ငါနောက်ထပ် ကတိတစ်ခု ပေးမယ်။ တကယ်လို့ မင်းတို့က ချင်နိုင်ငံအတွက် တိုက်ပွဲမှာ ကျဆုံးသွားရင် မင်းတို့ရဲ့ မိသားစုတွေက ချင်စစ်သည်တစ်ယောက် ရသလိုမျိုး ထောက်ပံ့ကြေးကို ရရှိစေရမယ်။ "
သတင်းပို့သူများက ထိုအမိန့်ကို ဖြန့်လိုက်သောအခါ အပြစ်သားတပ်ဖွဲ့မှ စစ်သည်များက မယုံကြည်နိုင်ဖြစ်သွားကြပြီး သူတို့၏ စိတ်ဓာတ်များက တဟုန်ထိုး မြင့်တက်သွားသည်။
" ချင်နိုင်ငံအတွက် ကျွန်တော်တို့ အသက်ကို ပေးဆပ်ပါမယ်...." အပြစ်သားတပ်ဖွဲ့မှ စစ်သည်များက စိတ်အားတက်ကြွသွားကြပြီး စိုးရိမ်ပူပန်မှုများ လုံးဝမရှိတော့ပေ။
ကျောက်ဖုန်းက ချီတက်လာသော ဝေစစ်တပ်ကို စိုက်ကြည့်လိုက်သည်။ စစ်မြေပြင်တွင် အရင်ဆုံးတိုက်ခိုက်ခြင်းက အရေးကြီးဆုံးဖြစ်သည်။ ဝေစစ်တပ်က ပစ်ကွင်းထဲသို့ ရောက်လာသည်နှင့် သူတို့ အရင်ပစ်တာကို သူမစောင့်တော့ပေ။
" သတ်ကြ..." ကျောက်ဖုန်းက ဟိန်းဟောက်လိုက်သည်။