အခန်း (၁၂၉)
Vol. 13 Ch. 129
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၁၂၉)
" ဒါပေမယ့် ဝေဝူကျိက ဝေမြို့ကို ထိုးဖောက်နိုင်ရင် ယင်ချွမ်းတစ်ခုလုံး အန္တရာယ်ကျရောက်လိမ့်မယ်။ ပြီးတော့ ကျောက်ဖုန်းက အထူးစစ်သည်ငါးသောင်းနဲ့ လက်နက်ချစစ်သည်ငါးသောင်းကို အားကိုးနေရတာဆိုတော့ စစ်ပွဲအတွင်းမှာ သူတို့သစ္စာမဖောက်အောင်လည်း တားဆီးရဦးမယ်။ သူတို့အတွက် ဝေဝူကျိကို ခုခံဖို့က မဖြစ်နိုင်တဲ့အရာပဲ။ " ယန်တွမ်ဟီက ပြောလိုက်သည်။
နန်းတော်တစ်ခုလုံးတွင် ကျောက်ဖုန်းက ဝေမြို့ကို ကာကွယ်နိုင်သည်ဟု ယုံကြည်သူမှာ ဝမ်ကျန့်တစ်ယောက်သာ ရှိသည်။ အခြားဘယ်သူမှမယုံကြည်ကြပေ။ ရင်ကျန့်ကိုယ်တိုင်ပင် ဝမ်ကျန့်၏ တောင်းဆိုမှုကြောင့်သာ ကျောက်ဖုန်းကို တာဝန်ပေးခဲ့ခြင်းဖြစ်သည်။
" တကယ်လို့ သူမထိန်းနိုင်တော့တဲ့ နောက်ဆုံးအဆင့်ရောက်လာရင် စစ်သေနာပတိချုပ်ဟွမ်ယိက လှုပ်ရှားလာလိမ့်မယ်။ " ဝမ်ကျန့်က ယန်တွမ်ဟီကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။
" နားလည်ပါပြီ။ " ယန်တွမ်ဟီက ခေါင်းညိမ့်လိုက်သည်။
" နယ်စပ်မြို့ကို ကာကွယ်ဖို့ စစ်သည်တွေ ချန်ခဲ့လိုက်။ အဓိကစစ်တပ်ကတော့ ချွီယန်မြို့ကို ချီတက်မယ်။ " ဝမ်ကျန့်က အမိန့်ပေးလိုက်သည်။
" အမိန့်အတိုင်းပါ။ " ယန်တွမ်ဟီက ထွက်ခွာသွားသည်။
ဝမ်ကျန့်က လက်နောက်ပစ်၍ ရပ်ပြီး မြေပုံပေါ်မှ ဝေမြို့ တည်နေရာကို ကြည့်နေသည်။
" ကျောက်ဖုန်း ငါ မင်းအတွက် ဒီတာဝန်ကို ရဖို့ အစွမ်းကုန် ကြိုးစားပေးခဲ့တယ်။ မင်းသာ မြို့ကို ကာကွယ်နိုင်ရင် ဒါက ကြီးမားတဲ့ အောင့်မြင်မှုတစ်ခု ဖြစ်လိမ့်မယ်။ ပြီးတော့ အရှင်မင်းကြီးကလည်း မင်းကို စစ်သူကြီးအဖြစ် ရာထူးတိုးပေးဖို့ ကတိပေးထားတယ်။ ဒါပေမယ့် မင်းသာ ရှုံးနိမ့်ခဲ့ရင် ငါလည်း မင်းနဲ့အတူ အပစ်ပေးခံရလိမ့်မယ်။ " ဝမ်ကျန့်က စိတ်ထဲမှ သက်ပြင်းချလိုက်သည်။
ဝေမြို့.....
" သတ်ကြ... "
" ဝေစစ်သည်တို့ ဝေမြို့ကို ထိုးဖောက်နိုင်ရင် ကြီးမားတဲ့ အောင်မြင်မှုကို ရရှိလိမ့်မယ်။ နောက်ဆုတ်တဲ့ ဘယ်သူမဆို ညှာတာမှုမရှိ ကွပ်မျက်ခံရမယ်။ "
စစ်တပ်၏ အလယ်တွင် ဝေပေါက ဝေစစ်တပ်ကို တိုက်ခိုက်ရန် အမိန့်ပေးနေသည်။ ထိုအချိန်တွင် ဝေမြို့ရိုးအောက်ရှိ မြေပြင်က အလောင်းများနှင့် ပြည့်နှက်နေသည်။ လှေကားများက မြို့ရိုးတွင်ထောင်ထားပြီး ဝေစစ်သည်များက မြားမိုးများကြားတွင် မြို့ရိုးပေါ်သို့ တက်ရန် ကြိုးစားနေကြသည်။
" အပေါ်ကို မြန်မြန်တက်ကြ။ "
" အား ချင်စစ်တပ်ရဲ့ မြားတွေက အရမ်းများလွန်းတယ်။ "
" တံခါးကို ချိုးဖျက်ကြ။ "
မြို့အပြင်ဘက်တွင် နာကျင််စွာ ပေါ်ဟစ်သံများက ပဲ့တင်ထပ်နေသည်။ လှေကားပေါ်မှ ဝေစစ်သည်များက မရပ်မနား ကျဆင်းလာသော မြားမိုးများကြောင့် ပြုတ်ကျသေဆုံးနေကြသည်။ မြို့တံခါး၏ ရှေ့တွင် ဝေစစ်တပ်က မြို့သိမ်းတူကြီးများဖြင့် တိုက်ခိုက်နေကြသည်။
သို့သော် ကျောက်ဖုန်း၏ ကြိုတင်ပြင်ဆင်မှုများကြောင့် မြို့တံခါးမျာက သံရည်များဖြင့် အသေပိတ်ထားခဲ့သည်မှာ ကြာပြီဖြစ်သည်။ မျှော်စင်များပေါ်မှ မရပ်မနား ကျဆင်းလာသော မြားများနှင့် လောင်းချလိုက်သော လောင်စာဆီများကြောင့် အောက်ဘက်တွင် မီးများဟုန်းဟုန်းတောက်လောင်နေသည်။
" ပစ်ကြ.... ချင်စစ်တပ်ကို ချေမှုန်းကြ...."
ဝေပေါက သူ့ဓားက်ု ဝှေ့ရမ်းပြီး ဟိန်းဟောက်လိုက်သောအခါ မြို့ရိုးရှေ့မှ လေးသည်တော်များက မြားများဖြင့် ပစ်ခတ်လိုက်ကြသည်။ သူတို့က အပြန်အလှန်ပစ်ခတ်နေကြသော်လည်း မြို့ရိုးအပြင်ဘက်မှ ဝေစစ်သည်များက အကာအကွယ်မရှိသောကြောင့် အကျအဆုံး ပိုများလေသည်။
ကျောက်ဖုန်းကိုယ်တိုင်၏ ကြီးကြပ်မှုနှင့်အတူ ကံကြမ္မာအရာရှိတံဆိပ်၏ စွမ်းအားကြောင့် ချင်စစ်သည်များက စွမ်းရည်များ မြင့်တက်နေကြသည်။ သူတို့က ဝေစစ်တပ်၏ ပြင်းထန်သော ထိုးစစ်ကို ရက်ပေါင်းများစွာ ရင်ဆိုင်နေရသော်လည်း သူတို့၏ စိတ်ဓာတ်က ကျဆင်းသွားခြင်းမရှိပေ။
ဝေစစ်တပ်၏ ပစ်ခတ်မှုကြောင့် ချင်စစ်သည်တစ်ယောက် ကျဆုံးသွားတိုင်း နောက်တစ်ယောက်က ချက်ချင်း နေရာဝင်ယူကြသည်။ အရာအားလုံးက အပြစ်ပြောစရာမရှိအောင် စနစ်ကျလှသည်။
ယနေ့က ဝေစစ်တပ် မြို့ကို တိုက်ခိုက်သည်မှာ ခုနှစ်ရက်မြောက်နေ့ဖြစ်သည်။ ကျောက်ဖုန်း၏ ကွပ်ကဲမှုအောက်မှ စစ်သည်များနှင့်မတူဘဲ ဝေစစ်သည်များ၏ စိတ်ဓာတ်များက ကျဆင်းနေပြီဖြစ်သည်။
ဝေဝူကျိကိုယ်တိုင် ဦးဆောင်နေသော်လည်း ဝေမြို့လေးက မထိုးဖောက်နိုင်သော ခံတပ်ကြီးတစ်ခုကဲ့သို့ ဖြစ်နေသည်။ ခုနှစ်ရက်အတွက် ဝေစစ်တပ်မှ စစ်သည်သောင်းချီ သေဆုံးသွားခဲ့သည်။ သို့သော် ဝေစစ်တပ်၏ ထိုးစစ်က အမှန်တကယ် ပြင်းထန်လှသည်။
မြို့ရိုးပေါ်တွင် ကျောက်ဖုန်းက သူ၏ သံနက်လေးကို ကိုင်ထားပြီး မြို့ပြင်မှ ဝေစစ်တပ်ဆီသို့ တစ်ခါပစ်လျှင် မြားငါးစင်းစီ ပစ်ခတ်နေသည်။ ကြီးမားသော စွမ်းအားများ ပါဝင်နေသော မြားတစ်စင်းစီက ဝေစစ်သည်များကို အလွယ်တကူ သတ်ဖြတ်နေသည်။
၎င်းက ဝေဝူကျိ၏ အရာရှိများကို ဖုံးကွယ်သော နည်းဗျူဟာကြောင့်လည်း ပါဝင်သည်။ သူတို့၏ စစ်ဝတ်စုံများကို ကြည့်ပြီး ခွဲခြား၍ မရသောကြောင့် ကျောက်ဖုန်းက ဝေစစ်သည်တိုင်းကို ခွဲခြားမှုမရှိဘဲ ပစ်ခတ်သတ်ဖြတ်နေသည်။
" ဝေစစ်သည်တစ်ယောက်ကို သတ်ဖြတ်ပြီး ခွန်အား ၅မှတ် ရရှိပါတယ်။ "
" ဝေစစ်သည်တစ်ယောက်ကို သတ်ဖြတ်ပြီး ရုပ်ခန္ဓာ ၅မှတ် ရရှိပါတယ်။ "
ကျောက်ဖုန်း၏ ရှေ့တွင် အသိပေးချက်များ ထွက်ပေါ်လာသည်။
" မကြာခင် ငါ့ရဲ့ အရည်အချင်းတွေအားလုံး သုံးထောင်ကျော်တော့မယ်။ " ကျောက်ဖုန်းက စိတ်လှုပ်ရှားနေသည်။
ဝေစစ်တပ်က ခုနှစ်ရက်တိုင် တိုက်ခိုက်ခဲ့ပြီး ကျောက်ဖုန်းက မြို့ရိုးပေါ်မှ တစ်ခါမှမဆင်းခဲ့ပေ။ သူကိုယ်တိုင် ရှေ့တန်းတွင် ရှိနေသောကြောင့် ကံကြမ္မာအရာရှိ၏ စွမ်းရည်အပြင် စစ်သည်တိုင်း၏ လေးစားမှု ရရှိနေသည်။ သူတို့၏ စစ်သူကြီးက အသက်ကို မနှမြောဘဲ သူတို့နှင့်အတူ ရပ်တည်နေသည်။
ကျောက်ဖုန်းက ပင်ပန်းခြင်းမရှိဘဲ မြားများကို အဆက်မပြတ် ပစ်ခတ်နေသည်။ နောက်ဆုံးတွင် အသိပေးချက်အသစ်များ ထွက်ပေါ်လာသည်။
" ဂုဏ်ပြုပါတယ်။ စွမ်းရည်အားလုံး ၃၀၀၀ ကျော်သွားပါပြီ။ အဆင့်တစ် ရတနာသေတ္တာကို ရရှိပါတယ်။ "
သူ၏ စွမ်းရည်အားလုံး အဆင့်တက်သွားသည်နှင့် သူ၏ ခန္ဓာကိုယ်ထဲမှ သက်သောင့်သက်သာရှိသော ခံစားချက်တစ်ခု ထွက်ပေါ်လာသည်။ ၎င်းက ပိုမိုသန်မာလာသော ခံစားချက်ပင်ဖြစ်၏။
" ငါတို့ ခုနှစ်ရက်တောင် ခုခံခဲ့ပြီးပြီ။ အချိန်ကျပြီ။ " ကျောက်ဖုန်းက တွေးလိုက်သည်။
" တိုက်ကြ။ ဒီမြို့ကို မသိမ်းနိုင်မချင်း နောက်မဆုတ်နဲ့။ " ဝေပေါက စစ်တပ်အလယ်မှ ရူးသွပ်စွာဖြင့် အော်ဟစ်နေသည်။
သို့သော် ဝေစစ်သည်များ၏ စိတ်ဓာတ်က အန္တရာယ်ရှိလောက်အောင် ကျဆင်းနေသည်မှာ ထင်ရှားနေသည်။ ခုနှစ်ရက်ဆက်တိုက် တိုက်ခိုက်မှုများက ကြီးမားသော ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေခဲ့သည်။
ဝေဝူကျိက ၎င်းကို ကြည့်ပြီး မျက်မှောင်ကြုတ်နေသည်။ ဝေမြို့ကို ထိုးဖောက်နိုင်ရန် မယုံကြည်နိုင်လောက်အောင် ခက်ခဲသည်ကို သူနားလည်သွားပြီဖြစ်သည်။ သို့သော် ယင်ချွမ်း၏ တံခါးပေါက်ဖြစ်နေသောကြောင့် ဝေမြို့ကို ကျော်ဖြတ်သွား၍ မရပေ။
" အရှင် " တပ်မှူးတစ်ယောက်က ပြောလိုက်သည်။ " ကျွန်တော်တို့ ဒီအတိုင်းဆက်သွားလို့မဖြစ်တော့ဘူး။ ကျွန်တော်တို့ ခုနှစ်ရက်ဆက်တိုက် တိုက်ခဲ့ပေမယ့် ကျွန်တော်စစ်တပ်က ချင်စစ်တပ်နဲ့ အနီးငပ်တိုက်ခိုက်ဖို့ မြို့ရိုးပေါ်ကို မရောက်နိုင်သေးပါဘူး။ "
" ဒီချင်စစ်တပ်က အရမ်းကြောက်စရာကောင်းတယ်။ သူတို့က တကယ်ပဲ ချင်စစ်သည်တွေနဲ့ ဟန်လက်နက်ချစစ်သည်တွေကို ဖွဲ့စည်းထားတာဟုတ်ရဲ့လား။ ဒီလောက် ရက်အကြာကြီး တိုက်နေတာတောင် အဲ့ဒီလက်နက်ချစစ်သည်တွေက ပုန်ကန်မယ့် အရိပ်အယောင်တောင်မပြဘူး။ "
" ကျွန်တော်တို့ သတင်းအချက်အလက်တွေ မှားနေတာများလား။ ဝေမြို့ထဲမှာ လက်နက်ချစစ်သည်တွေ မရှိတာလား။ " နောက်ထပ်တပ်မှူးတစ်ယောက်က နားမလည်နိုင်စွာ ပြောလိုက်သည်။
ဝေဝူကျိကိုယ်တိုင်ပင် သတင်းအချက်အလက်များကို သံသယဝင်လာပြီး ပို၍ မျက်မှောင်ကြုတ်သွားသည်။ လက်နက်ချစစ်သည်များနှင့် စစ်တပ်ဖွဲ့စည်းသောအခါ တိုက်ပွဲစသည်နှင့် ထွက်ပြေးခြင်းနှင့် သစ္စာဖောက်ခြင်းများ မလွဲမသွေ ဖြစ်ကြသည်။
သို့သော် ဝေမြို့အတွင်း အရာအားလုံးက တည်ငြိမ်နေပြီး လက်နက်ချစစ်သည်များမရှိသကဲ့သို့ ဖြစ်သည်။ မြို့ရိုးပေါ်တွင် ချင်စစ်ဝတ်စုံမဝတ်ထားသော စစ်သည်အများအပြားရှိနေပြီး သူတို့က ဟန်လက်နက်ချစစ်သည်များဖြစ်နိုင်သော်လည်း သူတို့က မြို့ကို ကာကွယ်ရန် အသည်းအသန် တိုက်ခိုက်နေကြသည်။
" ဆုတ်ခွာဖို့ မောင်းတီးလိုက်တော့။ " ဝေဝူကျိက ခဏစဉ်းစားပြီး မှောင်လာသော ကောင်းကင်ကို ကြည့်ကာ ဆုံးဖြတ်ချက်ချလိုက်သည်။
တပ်ဆုတ်ရန် အချက်ပေးသံက စစ်မြေပြင်တစ်ခုလုံး ပဲ့တင်ထပ်သွားပြီး ဝေစစ်တပ်က ပြန်လည်ဆုတ်ခွာသွားကြသည်။ သူတို့က မြို့ကို မထိုးဖောက်နိုင်သေးသော်လည်း ဝေနိုင်ငံ၏ စစ်သည်များအနေဖြင့် ကြောက်စရာကောင်းသော တိုက်ခိုက်ရေးစွမ်းရည်ရှိသည်ကို ငြင်၍မရပေ။
" ဝေစစ်တပ်က ဆုတ်ခွာသွားပြီ။ " ကျောက်ဖုန်းက သူတို့ထွက်သွားသည်ကို ကြည့်ပြီး ဟိန်းဟောက်လိုက်သည်။
" ချင်နိုင်ငံတော် အဓွန့်ရှည်တည်တံ့ပါစေ။ " မြို့ရိုးပေါ်မှ ချင်စစ်သည်များက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြသည်။
သူတို့၏ အကြည့်များက အလယ်တွင် ရပ်နေသော ကျောက်ဖုန်းကို အံ့ဩလေးစားမှုများဖြင့် ကြည့်နေကြသည်။
" မြို့ကို ကာကွယ်ခဲ့တဲ့ ညီအကိုတို့ မင်းတို့ရဲ့ ရဲစွမ်းသတ္တိကို ငါကိုယ်တိုင် မြင်တွေ့ခဲ့ရတယ်။ " ကျောက်ဖုန်းက အာဏာအပြည့်နှင့် ပြောလိုက်သည်။ " စစ်တရားသူကြီး ဘယ်မှာလဲ။ "
စစ်တရားသူကြီး ခွိုက်ဖုက ရှေ့တက်လာပြီး ဦးညွှတ်လိုက်သည်။ " စစ်သူကြီးကျောက်။ "
" မြို့မျှော်စင်ပေါ်တက်ပြီး ကာကွယ်ခဲ့တဲ့ စစ်သည်အားလုံးရဲ့ အမည်စာရင်းကို မှတ်တမ်းတင်ပေးဖို့ စစ်တရားသူကြီးခွိုက်ဖုကို အကူအညီတောင်းပါတယ်။ မြို့ကို ကာကွယ်ခဲ့တဲ့ စစ်သည်တိုင်းကို တရားဝင် စစ်တပ်စွမ်းဆောင်မှုအဖြစ် သတ်မှတ်မယ်။ "
" အပြစ်သားတပ်ဖွဲ့က စစ်သည်တိုင်းအတွက် ကျွန်အဆင့်အတန်းကို ပယ်ဖျက်ပြီး သူတို့အားလုံးက ချင်နိုင်ငံရဲ့ သာမန်စစ်သည်တွေဖြစ်လာလိမ့်မယ်။ " ကျောက်ဖုန်းက ကျယ်လောင်စွာ ကြေညာလိုက်သည်။
သူ၏ စကားဆုံးသောအခါ အထူးစစ်သည်များက ပျော်ရွှင်သွားကြသော်လည်း စိတ်လှုပ်ရှားခြင်းတော့မရှိကြပေ။ သို့သော် အပြစ်သားတပ်ဖွဲ့မှ စစ်သည်များအတွက် ထိုအခိုက်အတန့်တွင် အလွန်စိတ်လှုပ်ရှားသွားကြသည်။