အခန်း (၁၃၀)
Vol. 13 Ch. 130
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၁၃၀)
" စစ်သူကြီးကို ကျေးဇူးတင်ပါတယ်။ "
" ကျွန်တော်တို့ စစ်သူကြီးနောက်ကို သေသည်အထိလိုက်ဖို့ သစ္စာပြုပါတယ်။ "
မြို့ရိုးပေါ်မှ လက်နက်ချစစ်သည်များက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်နေကြသည်။ လူအများစုက ဒူးထောက်လိုက်ကြပြီး ကျောက်ဖုန်းကို ကျေးဇူးတင်လိုက်ကြသည်။ သူတို့၏ ကျွန်အဆင့်အတန်းကို ပယ်ဖျက်လိုက်ပြီဖြစ်သောကြောင့် သာမန်လူတစ်ယောက်ကဲ့သို့ လွတ်လွတ်လပ်လပ် နေနိုင်ပြီး အချိန်မရွေး သတ်ခံရမည်ကို စိုးရိမ်စရာမလိုတော့ပေ။
" စစ်တရားသူကြီး ခွိုက်ဖု ငါပြောတာကို ကြားရဲ့လား။ " ခွိုက်ဖုက ပြန်မပြောသောကြောင့် ကျောက်ဖုန်းက မေးလိုက်သည်။
" ကြားပါတယ်။ " ခွိုက်ဖုက ချက်ချင်း ပြန်ဖြေလိုက်သည်။ " စာရေးတစ်ယောက်ကို စေခိုင်းလိုက်ပါတယ်။ "
" တုဆွေ " ကျောက်ဖုန်းက ခေါ်လိုက်သည်။
" ကျွန်တော်မျိုး ရှိပါတယ်။ " တုဆွေက ချက်ချင်း ရောက်လာသည်။
" ချက်ပြုတ်ရေးအဖွဲ့ကို အစားအသောက်တွေ အမြန်ပြင်ဆင်ပြီး မြို့ရိုးပေါ်ကို ယူလာခိုင်းလိုက်။ မြို့ထဲက စစ်သည်တွေကိုလည်း ကောင်းကောင်းအနားယူခိုင်းလိုက်ပါ။ "
" အမိန့်အတိုင်းပါ။ " တုဆွေက ပြောပြီး ထွက်ခွာသွားသည်။
ထိုနောက် ကျောက်ဖုန်းက နေရာတစ်ခုရှာပြီး သာမန်စစ်သည်တစ်ယောက်ကဲ့သို့ မြို့ရိုးကို မှီပြီး ထိုင်လိုက်သည်။ ထိုလုပ်ရပ်က စစ်သည်များကို ပို၍ စိတ်အားတက်ကြွစေသည်။ အေးအတူပူအမျှ ခံစားတတ်သော စစ်သူကြီးတစ်ယောက်ရှိခြင်းက သူတို့အတွက် မိသားစုဆန်သော ခံစားချက်ကို ပေးလေသည်။
" ကျန်းမင် " ကျောက်ဖုန်းက ခေါ်လိုက်သည်။
" စစ်သူကြီး " ကျန်းမင်က ရောက်လာသည်။
" ကျန်းဟန်ကို ပြောလိုက်။ ဒီည နောက်ကျရင် ငါတို့လှုပ်ရှားကြမယ်။ စစ်တပ်ကို ငါကိုယ်တိုင် ဦးဆောင်မယ်။ " ကျောက်ဖုန်းက အသံနိမ့်ပြီး ပြောလိုက်သည်။
" ဟုတ်ကဲ့ပါ။ " ကျန်းဟန်က ချက်ချင်း ပြန်ပြောလိုက်သည်။
ဝေစစ်တပ် မလှုပ်ရှားခင်ကတည်းက ကျောက်ဖုန်းက အစီအစဉ်များကို ချမှတ်ပြီးသားဖြစ်သည်။ မြို့ကို ခုခံခြင်းက သူ၏ တစ်ခုတည်းသော ရည်ရွယ်ချက်မဟုတ်ပေ။ အခွင့်အရေးက သူ၏ ရှေ့သို့ ရောက်လာပြီဖြစ်သောကြောင့် ကျောက်ဖုန်းက လက်လွှတ်ခံမည်မဟုတ်ပေ။
သမိုင်းက အခြေအနေအရပ်ရပ်ကို သက်သေပြပြီးသားဖြစ်သည်။ ယခုတစ်ကြိမ်တွင် ချင်နိုင်ငံက ကျောက်နိုင်ငံကို အမြစ်ပြတ် ချေမှုန်းတော့မည်ဖြစ်သည်။ အကယ်၍ ကျောက်ဖုန်းက ဝေနိုင်ငံကို ထိုးဖောက်ပြီး ကျောက်နိုင်ငံကို အလစ်ငိုက်တိုက်ခိုက်နိုင်လျှင် ကျောက်နိုင်ငံကို အငိုက်မိသွားစေပေလိမ့်မည်။
ညဦးပိုင်းသို့ ရောက်လာသောအခါ ဝေမြို့က တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။ ဒဏ်ရာရစစ်သည်များကို ကုသပေးရန် ကုသရေးစခန်းဆီသို့ ခေါ်သွားကြပြီဖြစ်သည်။
ခုနှစ်ရက်ဆက်တိုက် မြို့ကိုကာကွယ်ပြီးနောက် ချန်တောက်နှင့် ကျောက်ဖို့၏ တပ်ဖွဲ့နှစ်ခုမှလွဲ၍ တပ်ဖွဲ့အားလုံးက အလှည့်ကျ အနားယူခွင့်ရခဲ့ကြသည်။ သူတို့က သူ့ကို ဆန့်ကျင်နေမှတော့ ကျောက်ဖုန်းက သူတို့၏ ဆန္ဒကို ဖြည့်ဆည်းပေးမည်ဖြစ်သည်။
သူ၏ ကွပ်ကဲမှုအောက်တွင် သူတို့က စစ်ရေးစွမ်းဆောင်မှုများရရှိရန် မဖြစ်နိုင်တော့ပေ။ သူကိုယ်တိုင် ရာထူးတက်သွားလျှင်တောင် သူတို့က သူ၏ လက်အောက်တွင် ရှိနေသရွေ့ တပ်မှူးရာထူးအဆင့်မှာသာ ရှိနေပေလိမ့်မည်။
ကျောက်ဖုန်းက ဆုလာဘ်အဖြစ် ရရှိသော အဆင့်တစ် ရတနာသေတ္တာကို ဖွင့်လိုက်သည်။
" သွေးတိတ်ဆေးမှုန့် ဆယ်ပုလင်းရရှိပါတယ်။ "
ကျောက်ဖုန်းက သွေးတိတ်ဆေးမှုန့်များကို ကြည့်ရင်း စဉ်းစားနေသည်။ သွေးတိတ်ဆေးမှုန့်က အပြင်ပိုင်းဒဏ်ရာများအတ့်က် အံ့ဩစရာကောင်းလောက်အောင် သွေးတိတ်စေနိုင်စွမ်းရှိပြီး စစ်ပွဲများအတွက် မရှိမဖြစ်လိုအပ်သည်။
ကျောက်ဖုန်းက သွေးတိတ်ဆေးမှုန့် ဖော်စပ်နည်းကို ယခင်ကတည်းက ရရှိခဲ့ပြီး ဟန်ရှီကို ပေးထားခဲ့ပြီးဖြစ်သည်။ သွေးတိတ်ဆေးမှုန့် ဖော်စပ်နည်းက အရိုးသန့်စင်ခြင်းဆေးမှုန့်ထက် ပိုမိုခက်ခဲလေသည်။
ကျောက်ဖုန်းက ရုတ်တရက် မြို့ရိုးအပြင်ဘက်သို့ ကြည့်လိုက်သည်။ " ရန်သူတွေလာပြီ။ "
မြို့ရိုးပေါ်တွင် အနားယူနေကြသော စစ်သည်များက လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး နိုးလာကြသည်။ သူတို့က လေးများကို ကိုင်ပြီး မြို့ရိုးအပြင်ဘက်သို့ ကြည့်လိုက်ကြသည်။ လရောင်အောက်တွင် အရိပ်များက ဝေမြို့ဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာကြသည်။
" စစ်သူကြီး လူအများကြီး ဟုတ်ပုံမရဘူး။ " ဝေချွမ်က အံ့ဩစွာ ပြောလိုက်သည်။
" သူတို့က အလစ်ငိုက်လာတိုက်ခိုက်တာလား။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ ထရပ်ပြီး မြို့ရိုးအပြင်ဘက်သို့ စိုက်ကြည့်လိုက်သည်။ " လေးသည်တော်တွေ...."
မြို့ရိုးပေါ်မှ လေးသည်တော်များက သူတို့၏ လေးများကို ဆွဲတင်လိုက်ကြသည်။
" သူတို့ ပိုပြီး နီးလာပါစေဦး။ ပစ်ကွင်းထဲရောက်တာနဲ့ မြားတွေပစ်ကြ။ " ကျောက်ဖုန်းက အေးစက်စွာ အမိန့်ပေးလိုက်သည်။
သူတို့က စမ်းသပ်တိုက်ခိုက်သည်ဖြစ်စေ အမှန်တကယ် တိုက်ခိုက်သည်ဖြစ်စေ ကျောက်ဖုန်းက သူတို့ကို အသက်ရှင်လျက် ပြန်လွှတ်ရန် ရည်ရွယ်ချက်မရှိပေ။ ရန်သူကို သနားညှာတာခြင်းက ကိုယ့်ဒုက္ခကိုယ်ရှာခြင်းသာဖြစ်သည်။
ညအမှောင်ကို အကာအကွယ်ယူပြီး ဝေစစ်တပ်မှ လေးသည်တော် တစ်ထောင်ကျော်က လူစုခွဲပြီး ဝေမြို့ဆီသို့ ချဉ်းကပ်လာကြသည်။ သို့သော် သူတို့က ချင်မြားများ၏ ပစ်ကွင်းထဲသို့ ရောက်သည်နှင့် ကျောက်ဖုန်းက ပစ်ခတ်ရန် အမိန့်ပေးလိုက်သည်။ မြို့ရိုးပေါ်မှ မြားမိုးများက ချက်ချင်း ရွာကျလာသည်။
"အား.... အား...." မြို့အပြင်ဘက်တွင် အော်ဟစ်သံများ ပဲ့တင်ထပ်နေသော်လည်း မြားမိုးများကြားတွင် သူတို့က ဝေမြို့ဆီသို့ ဆက်ပြီး တိုးဝင်လာကြသည်။ ပိုနီးလာချိန်တွင် သူတို့ကလည်း ကမို့ရိုးပေါ်သို့ မြားများဖြင့် အပြန်အလှန် ပစ်ခတ်လိုက်ကြသည်။
" ဆုတ်ခွာကြ။ " ခဏကြာသောပခါ ဝေစစ်တပ်၏ အရာရှိက အမိန့်ပေးလိုက်ပြီး သူတို့က လျင်မြန်စွာ ဆုတ်ခွာသွားကြသည်။
မြို့ရိုးပေါ်မှ စစ်သည်များက မြားမှန်ခံရသော်လည်း သူတို့က နာကျင်ခြင်းမရှိသကဲ့သို့ ဒဏ်ရာရခြင်းလည်း မရှိကြပေ။
"ဟမ် ဝေစစ်တပ်က ရူးသွားပြီလား။ ဒီမြားတွေမှာ မြားထိပ်တွေမပါဘူး။ "စစ်သည်တစ်ယောက်က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
" မြားတံတွေမှာ ပိုးထည်စတွေ ချည်ထားတယ်။ ဒါပေမယ့် ဒါက ဘာစာတွေလဲ။ တစ်လုံးမှ မဖတ်တတ်ဘူး။ "
" ဒါက ဘာတွေလဲ။ "
မြို့ရိုးပေါ်တွင် ဆွေးနွေးသံများ ဆူညံသွားပြီး ဝေချွမ်က ကျောက်ဖုန်းဆီသို့ မြားတစ်စင်းကိုင်ပြီး လျှောက်လာသည်။
" စစ်သူကြီး " ဝေချွမ်က မြားတံမှ ပိုးထည်စကို ဖယ်လိုက်သည်။ " ဝေစစ်တပ်က အလစ်ငိုက် တိုက်ခိုက်တာမဟုတ်ဘူး။ သူတို့က ဒီအဝတ်စတွေကို မြို့ထဲရောက်အောင် မြားနဲ့ တမင်ပစ်လိုက်တာပဲ။ "
ကျောက်ဖုန်းက အဝတ်စကို ယူ၍ ဖြန့်ကြည့်လိုက်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။
" ဝေဝူကျိက တကယ်စိတ်ဝင်စားဖို့ကောင်းတာပဲ။ သူက စိတ်ဓာတ်စစ်ဆင်ရေးကို သုံးနေတာပဲ။ "
ဝေချွမ်က အဝတ်စကို ကြည့်လိုက်သော်လည်း အပေါ်မှစာများကို တစ်လုံးမှမဖတ်တတ်ပေ။ ဤကမ္ဘာတွင် စာတကယ်တတ်သူ အလွန်ရှားပါးသည်။ ယနေ့ခေတ်တွင် စာတတ်ခြင်းက အရာရှိဖြစ်ရန် အခွင့်အရေး ရှိသကဲ့သို့ အဆင့်နိမ့်စာရေးများပင် သာမန်လူများထက် များစွာသာလွန်ပေသည်။
" ဒါက ဟန်စာနဲ့ ရေးထားတာပဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။ " ဒါက မြို့ထဲက ဟန်လက်နက်စစ်သည်တွေကို ချင်နိုင်ငံအတွက် မြို့ကို မကာကွယ်ပေးဖို့ စည်းရုံးတာထက် မပိုဘူး။ ဝေစစ်တပ်က သူတို့ရဲ့ နိုင်ငံကို ပြန်လည်ထူထောင်ပေးဖို့ လာကူညီတာလို့ ပြောထားတယ်။ "
ကျောက်ဖုန်းအတွက် ထိုစာများကို နားလည်ရန် မခက်ခဲပေ။ သို့သော် သူက ဝေဝူကျိ၏ စိတ်ဓာတ်စစ်ဆင်ရေးကို စိတ်မပူပေ။ အကယ်၍ မြို့ထဲမှ လက်နက်ချစစ်သည်များကို စနစ်ဟောင်းအတိုင်း ကျွန်များကဲ့သို့ ဆက်ဆံနေလျှင်တော့ ထိုပရိယာယ်က အမှန်တကယ် ထိုးနှက်ချက်ကြီးတစ်ခုဖြစ်ပေလိမ့်မည်။
သို့သော် ယခု အပြစ်သားတပ်ဖွဲ့ကို ပြန်လည်ဖွဲ့စည်းပြီးနောက် ဝေဝူကျိ၏ လှည့်ကွက်က အဝတ်စုတ်တစ်ခုထက် မပိုပေ။ လက်နက်ချစစ်သည်များက အရူးများမဟုတ်ကြပေ။ ကျောက်ဖုန်းက သူတို့ကို အနာဂတ်တစ်ခု ပေးထားပြီးသားဖြစ်သည်။
ကျောက်ဖုန်း မျှော်လင့်ထားသည့်အတိုင်းပင် ဟန်လက်နက်ချစစ်သည်များထံမှ အသံများ ထွက်ပေါ်လာကြသည်။
" အဲ့ဒါတွေကို ကြည့်မနေနဲ့။ ဒါက ငါတို့ကို လှည့်စားဖို့ ရန်သူတွေက ဝါဒဖြန့်နေတာပဲ။ "
" အဲ့ဒါတွေကို လျစ်လျူရှုလိုက်။ ရန်သူတွေပြောတာ တစ်ခွန်းမှမယုံရဘူး။ "
" အဲ့ဒီအဝတ်စတွေ ငါ့ကို ပေးစမ်း။ ငါစစ်သူကြီးကို သွားပေးလိုက်မယ်။ " အရာရှိတစ်ယောက်က အော်ဟစ်လိုက်သည်။
ထို့နောက် စစ်သည်တစ်ယောက်က အထုပ်ကြီးတစ်ထုပ်ကို သယ်ပြီး ကျောက်ဖုန်းဆီသို့ ရောက်လာသည်။
" စစ်သူကြီး ဒီအဝတ်စတွေပေါ်မှာ ရန်သူတွေရဲ့ သွေးထိုးလှုံ့ဆော်တဲ့စာတွေ ရေးထားပါတယ်။ ကျွန်တော်က အဲ့ဒါတွေကို စုပြီး စစ်သူကြီးကို လာပေးတာပါ။ "
"ထပါ။ "ကျောက်ဖုန်းက ထိုလူကို ကြည့်ပြီး ပြုံးလိုက်သည်။ " မင်း စာဖတ်တတ်လား။ "
" စာလုံးအချို့တော့ သိပါတယ်။ " စစ်သည်က ရိုးသားစွာ ပြန်ဖြေလိုက်သည်။
" မင်းနာမည်ဘယ်သူလဲ။ "
" စစ်သူကြီး ကျွန်တော်နာမည် ဟန်ချန်းယန်ပါ။ "
"ဟန်ချန်းယန်...." ကျောက်ဖုန်းက စစ်သည်ကို တစ်ချက်ကြည့်လိုက်သည်။
" ငါ သမိုင်းကို သိတယ်။ ဒီနာမည်က ရင်းနှီးနေတယ်ဆိုတော့ တစ်နေရာရာမှာ မှတ်တမ်းတင်ခံထားရလို့ပဲ။ မဟုတ်ရင် ငါသိစရာအကြောင်းမရှိဘူး။ "
" မင်းက ဟန်တော်ဝင်မိသားစုကလား။ " ကျောက်ဖုန်းက ပြုံး၍ မေးလိုက်သည်။
"တစ်ချိန်တုန်းက ဟုတ်ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကျွန်တော်အဖေရဲ့ လုပ်ရပ်တွေကြောင့် အဆင့်အတန်း သိမ်းခံရပြီး သာမန်လူဖြစ်သွားခဲ့ပါတယ်။ " ဟန်ချန်းယန်က လိမ်ညာခြင်းမရှိဘဲ ပြောလိုက်သည်။
" ဟန်ချန်းယန်။ မဆိုးဘူး။ ငါမှတ်ထားလိုက်မယ်။ မင်း ကျွန်အဆင့်အတန်းက လွတ်သွားပြီမဟုတ်လား။ " ကျောက်ဖုန်းက ဟန်ချန်းယန်ကို သေချာကြည့်ပြီး ပြုံး၍ မေးလိုက်သည်။
" စစ်သူကြီး ကျေးဇူးကြောင့် ကျွန်တော် ကျွန်တစ်ယောက်မဟုတ်တော့ပါဘူး။ " ဟန်ချန်းယန်က ကျေးဇူးတင်မှုအပြည့်နှင့် ပြောလိုက်သည်။