← Chapters

ငါးကြင်းဆီဖြင့် ငါးကြင်းကြော်ခြင်း

Vol. 13 Ch. 121

ငါးကြင်းဆီဖြင့် ငါးကြင်းကြော်ခြင်း

Vol. 13 Ch. 121

ရွှေအမြုတေရုပ်သေးတဲ့လား…။

ချူလျန်သည် အသစ်ရရှိထားသော ရုပ်သေး၏အချက်အလက်များကို ဂရုတစိုက်ဖတ်ရှုရင်း အနည်းငယ် ကြောင်အသွားရချေသည်။

သူသည် ဝိညာဉ်အသိအမြင်အဆင့် ကျင့်ကြံသူတစ်ဦးသာဖြစ်သောကြောင့်၊ စတုတ္ထအဆင့် ရွှေအမြုတေနှင့်ပတ်သက်၍ များများစားစားမသိရှိလှသဖြင့်၊ ဤဆုလာဘ်သည် မည်မျှအထိစွမ်းအားကြီးမားမည်ကို ချက်ချင်းမခန့်မှန်းနိုင်သေးပေ။

သို့သော်လည်း ရုပ်သေးတစ်ရုပ်အား အမြုတေတည်ဆောက်ပေးရမည်ဟူသော အချက်မှာ ကျင့်ကြံခြင်းလောက၌ တစ်ခါမျှမကြားဖူးသေးသည့် ထူးဆန်းသောကိစ္စ ဖြစ်နေခြင်းမှာမူ သေချာလှ၏။

ထို့အပြင် ဖော်ပြချက်အရဆိုလျှင် ရုပ်သေးအား အမြုတေတည်ဆောက်ပေးပြီးပါက ပိုင်ရှင်ဖြစ်သူ၏ခန္ဓာကိုယ်၌လည်း နောက်ထပ်အမြုတေတစ်ခု ထပ်မံတည်ဆောက်နိုင်မည်ဖြစ်ကာ၊ ကျင့်ကြံခြင်းနှင့် တိုက်ပွဲများတွင် တစ်ပြိုင်နက်တည်း အသုံးပြုနိုင်မည်ဟု ဆိုပေသည်။

ဤသည်မှာ လူတစ်ယောက်တည်းတွင် ရွှေအမြုတေနှစ်ခု ပိုင်ဆိုင်ထားခြင်းနှင့် အတူတူပင် မဟုတ်ပါလော။

အမြုတေနှစ်ခုရှိခြင်းမှာ တစ်ခုတည်းရှိခြင်းထက် သေချာပေါက် ပိုမိုကောင်းမွန်မည်မှာ ယုံမှားသံသယ ဖြစ်ဖွယ်မရှိပေ။ ရွေးချယ်ခွင့်ရှိပါက မည်သူကမျှ တစ်ခုတည်းကို ရွေးချယ်မည် မဟုတ်ချေ။

သို့သော်လည်း ယင်းသည် ကြီးမားသော ဝန်ထုပ်ဝန်ပိုးတစ်ခုလည်း ဖြစ်လာနိုင်ချေရှိ၏။

လူသားနယ်ပယ်တွင် မိမိကိုယ်ကို ပြုပြင်ပျိုးထောင်ရသော်လည်း မြေကမ္ဘာနယ်ပယ်တွင်မူ အရင်းအမြစ်များကိုသာ အဓိကအားကိုးရလေသည်။ မြေကမ္ဘာနယ်ပယ်၏ အဆင့်သုံးဆင့်လုံးအတွက် အရင်းအမြစ်များသုံးစွဲမှုသည် အမြုတေတည်ဆောက်ခြင်းဟူသော အခြေခံအဆင့်မှ စတင်ခြင်းဖြစ်၏။

ကျင့်ကြံသူတစ်ဦးသည် ရွှေအမြုတေကို သွန်းလုပ်လိုပါက မိမိကျင့်ကြံသောကျင့်စဉ်နှင့် ကိုက်ညီသည့် နည်းလမ်းအတိုင်း လိုအပ်သော ကုန်ကြမ်းပစ္စည်းများကို ရှာဖွေစုဆောင်းရမည်ဖြစ်သည်။

ထို့နောက် မိမိ၏ စိတ်၊ ခန္ဓာ၊ စွမ်းအားတို့ကို အသုံးပြု၍ ကိုယ်တွင်းမီးဖိုကို လောင်ကျွမ်းစေကာ ခက်ခဲပင်ပန်းသော လုပ်ငန်းစဉ်များကို ဖြတ်သန်းပြီးမှသာ အမြုတေကို အောင်မြင်စွာ တည်ဆောက်နိုင်မည် ဖြစ်ချေသည်။

ဤလုပ်ငန်းစဉ်တစ်ခုလုံးမှာ စိန်ခေါ်မှုများဖြင့် ပြည့်နှက်နေပြီး ရွှေအမြုတေ၏ အရည်အသွေး မြင့်မားလေလေ တည်ဆောက်ရန် ခက်ခဲလေလေ ဖြစ်သည်။ ရွှေအမြုတေ တည်ဆောက်ရာတွင် အောင်မြင်သော ကျင့်ကြံသူတိုင်းသည် မအောင်မြင်မီက အနည်းဆုံး သုံးကြိမ်မှ ငါးကြိမ်အထိ ကျရှုံးမှု အတွေ့အကြုံများကို စုဆောင်းခဲ့ကြရသည်သာဖြစ်၏။

သိုင်းလောက၏ ထုံးစံအရ အမြုတေတည်ဆောက်လိုသူတိုင်းသည် ကုန်ကြမ်းပစ္စည်းများကို နှစ်စုံစီ ပြင်ဆင်ထားလေ့ရှိကြသည်။ သို့မှသာ ပထမတစ်ကြိမ် မအောင်မြင်ခဲ့ပါက၊ ရရှိထားသော အသိဉာဏ်များကို အသုံးချ၍ ဒုတိယတစ်ကြိမ်အဖြစ် ချက်ချင်းကြိုးပမ်းနိုင်မည် မဟုတ်ပါလော။

သို့သော် ကုန်ကြမ်းပစ္စည်း တစ်စုံစီတိုင်းမှာ အလွန်ပင် တန်ဖိုးကြီးမားလှပေသည်။ ရွှေအမြုတေအဆင့်သည် ကျင့်ကြံသူအများအပြားကို တားဆီးထားနိုင်ခြင်းမှာလည်း ဤအကြောင်းရင်းကြောင့်ပင် ဖြစ်လေ၏။

အဆုံးမရှိသော ကျင့်ကြံခြင်းလမ်းခရီးတွင် ပါရမီမရှိခြင်းက လူကို လက်မလျှော့စေနိုင်သော်လည်း လက်ကျန်ငွေ မလုံလောက်ခြင်းကတော့ လူကို စိတ်ပျက်အားငယ်စေနိုင်သည်မှာ အမှန်ပင်။

တိုက်ဆိုင်သည်မှာ ချူလျန်သည်လည်း ချမ်းသာကြွယ်ဝသူတစ်ဦး မဟုတ်ပေ။

သူသည် ယခုအခါ ဝိညာဉ်အသိအမြင်အဆင့် နှောင်းပိုင်းသို့ ရောက်ရှိနေပြီဖြစ်ရာ၊ မကြာမီတွင် အထွတ်အထိပ်သို့ ရောက်ရှိတော့မည်ဖြစ်၏။ ထိုအချိန်ကျလျှင် အမြုတေတည်ဆောက်ရန်အတွက် ပြင်ဆင်ရတော့မည် ဖြစ်သည်။

မိမိအတွက်ပင် အရင်းအမြစ်များကို မစုဆောင်းရသေးမီ၊ ဤရုပ်သေးအတွက်ပါ အမြုတေတည်ဆောက်ပေးရန် စရိတ်စကများကို မည်သို့ရှာဖွေရပါမည်နည်း။

မည်သို့ပင်ဖြစ်စေ ဤသည်မှာ ကောင်းမြတ်သော ကိစ္စတစ်ခု ဖြစ်သည်မှာတော့ သေချာလှပေသည်။ သို့သော် ဤကဲ့သို့သော ကံကောင်းခြင်းမှာ ချူလျန်အတွက်တော့ ဆင်းရဲသောမိသားစုမှ လူရည်ချွန်တစ်ဦး ပေါ်ထွက်လာသကဲ့သို့လည်းကောင်း၊ အသက် (၇၀) အရွယ် အဘိုးအိုက လှပနုပျိုသော ဇနီးငယ်လေးကို ယူလိုက်ရသကဲ့သို့လည်းကောင်း ခံစားနေရရှာသည်။

‘မကျွေးနိုင်သော်လည်း အံကြိတ်၍ ကျွေးရတော့မည်’ ဟူသော အခြေအနေမျိုးပင် ဖြစ်ချေတော့၏။

ကိုယ်ထည်တစ်ခု၊ အမြုတေနှစ်ခုဟူသော ဖြစ်စဉ်မှာ ယခင်က တစ်ခါမျှမရှိခဲ့ဖူးသဖြင့် ရရှိလာမည့် အကျိုးကျေးဇူးမှာ ပေးဆပ်ရသည်နှင့် ထိုက်တန်မှု ရှိ၊ မရှိ ဆိုသည်မှာလည်း စဉ်းစားစရာပင်။

ချူလျန်သည် အသက်မဲ့နေသော ဤခေါင်းကြီးရုပ်သေးအသစ်ကို၊ မီးခိုးများထွက်ပေါ်နေသော ခေါင်းကြီးရုပ်သေးဟောင်း၏ဘေးတွင် ချထားလိုက်လေသည်။ ရုပ်သေးနှစ်ရုပ်စလုံးမှာ ခေါင်းကြီးကိုယ်ပု ပုံစံချင်း တူညီနေကြပြီး အာနိသင်မှာလည်း တစ်မျိုးနွယ်တည်း ဖြစ်ပုံရ၏။

သို့သော် ချူလျန်၏စိတ်ထဲတွင်မူ ရုပ်သေးအဟောင်းကိုသာ ပို၍ချစ်ခင်မိလေသည်။

အခြားအရာများကို ထည့်မတွက်လျှင်ပင်၊ ရုပ်သေးအဟောင်းမှာ တစ်နေ့လျှင် ချီစုစည်းဆေးလုံး (၃) လုံးသာ လိုအပ်သော်လည်း၊ ရုပ်သေးအသစ်မှာမူ ဝိညာဉ်စုစည်းဆေးလုံး (၃) လုံး တောင်းဆိုနေခြင်းဖြစ်၏။

ဓားဒင်္ဂါးတစ်ပြားပေးလျှင် ချီစုစည်းဆေးလုံး တစ်အိုးကြီး ရနိုင်သဖြင့် ရက်ပေါင်းများစွာ အသုံးခံသော်လည်း၊ ဝိညာဉ်စုစည်းဆေးလုံးမှာမူ တစ်ပြားလျှင် (၂) လုံးသာ ရရှိသဖြင့် တစ်ရက်စာ ကုန်ကျစရိတ်ကိုပင် မကာမိချေ။

ထိုမျှမကသေး၊ ညဘက်အချိန်ပို အလုပ်လုပ်လျှင် လစာနှစ်ဆ တောင်းဆိုသည့်အပြင် ရုပ်သေးအသစ်တွင်မူ တိုက်ပွဲဝင်နေစဉ်အတွင်း စွမ်းအင်သုံးစွဲမှုမှာလည်း နှစ်ဆ တိုးမြှင့်ရမည်ဟူသော တောင်းဆိုချက်တစ်ခု ထပ်တိုးလာပြန်သည်။

ထိုသို့ဆိုလျှင် ညဘက်တွင်သာ တိုက်ပွဲဝင်ရပါက လစာလေးဆ ပေးရတော့မည် မဟုတ်ပါလော။

‘တရားမျှတမှု ရှိပါသေးရဲ့လား… ဥပဒေဆိုတာရော ရှိပါသေးရဲ့လား…’

‘အချိန်ကြာကြာ ခိုင်းရင်လည်း ပိုက်ဆံပိုပေးရသလို၊ အလုပ်ကြမ်းခိုင်းရင်လည်း ပိုက်ဆံပိုပေးရမည်ဆိုမှတော့... ကျုပ်ကပဲ ခင်ဗျားအတွက် အလုပ်လုပ်ပေးရမယ့်ပုံ ပေါက်နေပြီလေ…’

နှမြောစရာကောင်းသည်မှာ လက်ရှိတွင် ရုပ်သေးတစ်မျိုးလျှင် တစ်ရုပ်စီသာ ရှိနေခြင်းပင်။ အကယ်၍သာ ဤကဲ့သို့သော ရုပ်သေးများ နေရာတိုင်းတွင် ရှိနေခဲ့လျှင် သူတို့ကို ပြိုင်ဆိုင်ခိုင်းပြီးမှ အလုပ်ခန့်လိုက်မည်ဖြစ်၏။

“တစ်နေ့ကို ဝိညာဉ်စုစည်းဆေးလုံးတစ်လုံးပဲပေးမယ်၊ အလုပ်လုပ်မလား... မလုပ်ဘူးလား... မလုပ်ရင်လည်း လစ်လိုက်တော့... တခြားရုပ်သေးတွေ အစားဝင်လာလိမ့်မယ်” ဟုသာ ပြောပစ်လိုက်ချင်တော့သည်။

“စည်းကမ်းကတော့ တစ်နေ့ (၃) လုံး၊ တိုက်ပွဲဝင်ရင် နှစ်ဆဆိုတာ ငါ သိပါတယ်... ဒါပေမဲ့ တခြားလူတွေက စည်းကမ်းမလိုက်နာဘဲ ဈေးလျှော့ပေးနေကြတာကို... မင်းတစ်ယောက်တည်းက စည်းကမ်းလိုက်နာနေတော့ ငါလည်း ဘယ်လိုလုပ်ရမလဲ… ဟူး... ငါလည်း တော်တော် ခက်ခဲနေရတယ်ကွာ...”

...

နောက်တစ်နေ့ နံနက်ခင်း…။

ရွှီစွေ့သည် ဆရာတပည့်နှစ်ဦးအတွက် ခမ်းနားသော နံနက်စာကို ပြင်ဆင်ပေးထားသော်လည်း၊ တိနွီဖုန့်မှာမူ ဤအချိန်တွင် နိုးထလာရန် လုံးဝ မဖြစ်နိုင်သည်မှာ ထင်ရှားလှပေသည်။ မည်သူကမျှလည်း သူမကို သွားရောက်နှိုးရဲခြင်း မရှိသဖြင့် ချူလျန်တစ်ယောက်တည်းသာ အရသာရှိစွာ သုံးဆောင်လိုက်ရလေတော့သည်။

ဓားသွန်းလုပ်နေသော ခွန်းဝူဆရာမှာမူ မြက်တဲထဲတွင် ရှိနေသော်လည်း မည်သည့်အသံမျှ ထွက်ပေါ်လာခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ထိုနေရာမှာ သာမန်မြက်တဲငယ်လေး မဟုတ်ဘဲ တားမြစ်ချက်များ စီရင်ထားသော 'တောင်တန်းပင်လယ်ဖုံးကွယ်ခြင်း' ဟူသော အင်မော်တယ်နည်းစနစ်ဖြင့် ဖန်တီးထားသည့် ကမ္ဘာငယ်တစ်ခု ဖြစ်နေသောကြောင့်ပင်။

ထိုသေးငယ်လှသော မြက်တဲထဲသို့ ဝင်ရောက်သွားပါက တောက်ထျယ်မြို့ထက်ပင် ကြီးမားသော မြို့ကြီးတစ်မြို့ ရှိနေနိုင်ပြီး၊ အတွင်းမှ ပုံရိပ်များနှင့် အသံများမှာလည်း အပြင်သို့ လုံးဝ ပေါက်ကြားနိုင်ခြင်း မရှိပေ။

“ကျေးဇူးတင်ပါတယ် အစ်ကိုကြီးရွှီ” ချူလျန်က ရွှီစွေ့၏ ဧည့်ဝတ်ကျေပွန်မှုအတွက် ယဉ်ကျေးစွာ ကျေးဇူးတင်စကား ဆိုလိုက်ပြီးနောက် မေးမြန်းလိုက်သည်။ “ခွန်းဝူဆရာ ဓားသွန်းလုပ်လို့ ပြီးဖို့ ဘယ်လောက်လောက် ကြာဦးမလဲ မသိဘူးနော်...”

“အဖေက နောက်ထပ် နှစ်ရက်လောက်တော့ ကြာဦးမယ် ထင်တယ်... ချူသူရဲကောင်းလေးအနေနဲ့ ပျင်းနေရင် အပြင်ထွက်ပြီး လည်ပတ်လို့ ရပါတယ်... တောက်ထျယ်မြို့ထဲမှာ လည်ပတ်စရာနေရာတွေ အများကြီး ရှိပါတယ်...” ရွှီစွေ့က ပြုံး၍ ပြန်ပြောလိုက်သည်။

“အိုး... အစ်ကိုကြီးရွှီမှာ အကြံပြုချင်တဲ့ နေရာများ ရှိမလား...” ချူလျန် မေးလိုက်သည်။

ခဲရာခဲဆစ် ရောက်လာခဲ့ရခြင်း ဖြစ်သဖြင့် ဤမျှ စည်ကားလှသော တောက်ထျယ်မြို့ကို လှည့်လည်မကြည့်ရလျှင် အနည်းငယ် နှမြောစရာ ကောင်းပေလိမ့်မည်။ မနေ့က အပြင်ထွက်စဉ်တွင် မတော်တဆ ကိစ္စရပ်များနှင့် ကြုံတွေ့ခဲ့ရသော်လည်း ယင်းမှာ မမျှော်လင့်ထားသော မတော်တဆမှုသာ ဖြစ်ပေသည်။

“တောက်ထျယ်မြို့ဆိုတဲ့ နာမည်အတိုင်းပဲ... အစားအသောက်အပိုင်းမှာတော့ တစ်လောကလုံးမှာ ထိပ်တန်းပါပဲ... မြို့အရှေ့ဘက်မှာ “လျှာကဝေ”ဆိုတဲ့ အစားအစာဈေးတန်း ရှိတယ်... အဲဒီမှာ ပြည်နယ်ကိုးခုလုံးက နာမည်ကြီး ဟင်းလျာမျိုးစုံကို ရနိုင်တယ်... ညဘက်ဆိုရင်လည်း စည်ကားလှတဲ့ စားသောက်တန်းလေးတွေ ရှိသေးတယ်...” ရွှီစွေ့က စတင် မိတ်ဆက်ပေးလေသည်။

“ဓားလုပ်ငန်းရဲ့ မြောက်ဘက်နားမှာတော့ “ထူးဆန်းလမ်းသွယ်”ဆိုတာ ရှိတယ်... အဲဒီမှာ ကျင့်ကြံသူတွေက ပစ္စည်းမျိုးစုံ ခင်းကျင်းရောင်းချနေကြတာ... ဆိုင်ကြီးတွေထက် ဈေးသက်သာသလို ကံကောင်းရင် တန်ဖိုးရှိတဲ့ ရတနာတွေကို ဈေးပေါပေါနဲ့ ရနိုင်တတ်တယ်...”

“မြို့အနောက်ဘက်မှာတော့ “ဖုန်းယွဲ့လမ်းကြား”ဆိုတာ ရှိတယ်... တစ်လမ်းလုံးက ပြည့်တန်ဆာအိမ်တွေနဲ့ ဖျော်ဖြေရေးစံအိမ်တွေချည်းပဲ... အကြီးအသေး၊ အလင်းအမှောင်ပေါင်းစပ်ထားတဲ့ ဆိုင်ပေါင်းရာချီ ရှိတယ်… ရာသီဥတုကောင်းတဲ့နေ့ဆိုရင် လှပတဲ့ ကချေသည်မလေးတွေ လမ်းပေါ်ထွက်ပြီး ဖျော်ဖြေရင်း ဧည့်သည်ဖိတ်ခေါ်တာမျိုးတောင် ရှိတတ်တယ်… ဒါပေမဲ့ ချူသူရဲကောင်းလေးက မွန်မြတ်တဲ့ ဂိုဏ်းကြီးကဆိုတော့၊ ဒီလိုနေရာမျိုးတွေကို စိတ်ဝင်စားမှာ မဟုတ်ပါဘူးလေ...”

“မြို့တောင်ဘက်ကတော့ နည်းနည်း ရှုပ်ထွေးတယ်... လူတန်းစားပေါင်းစုံ ဝင်ထွက်သွားလာနေတဲ့ နေရာဆိုတော့... ဥပဒေစိုးမိုးရေးအဖွဲ့က တင်းတင်းကျပ်ကျပ် စောင့်ကြည့်နေပေမဲ့ ပြဿနာတွေကတော့ ခဏခဏ ဖြစ်နေတုန်းပဲ... ကျုပ်တို့ တောက်ထျယ်မြို့က ဒေသခံတွေတောင် အကြောင်းကိစ္စမရှိရင် တောင်ဘက်ပိုင်းကို သိပ်မသွားကြဘူး...”

“အဲလိုကိုး... ဒါကြောင့်မလို့ မနေ့က ကျွန်တော် အဲဒီမှာ ပြဿနာနဲ့ ကြုံခဲ့ရတာပေါ့...” ချူလျန် ခေါင်းညိတ်လိုက်ပြီးနောက် “ကျေးဇူးတင်ပါတယ်ဗျာ...”

“ညီလေးချူကလည်း စိမ်းကားလိုက်တာ... တကယ်လို့ အပြင်ထွက်ချင်ရင် ငါ့ကို ပြောပါ... လမ်းပြပေးမယ့်သူ စီစဉ်ပေးပါ့မယ်...” ရွှီစွေ့က ချူလျန်အပေါ် အမြင်ကောင်း‌ရှိလေသည်။ ဤလူငယ်လေးမှာ ယဉ်ကျေးပျူငှာပြီး သူ၏ဆရာသခင်ကဲ့သို့ ‘လူမိုက်’ ဟူသော စာလုံးကို မျက်နှာတွင် ရေးထားသူမျိုး မဟုတ်သောကြောင့် ဖြစ်လေ၏။

“ဒုက္ခမပေးတော့ပါဘူး... ကျွန်တော့်ဘာသာ လမ်းလျှောက်ကြည့်တာက ပိုပြီး လွတ်လပ်ပါတယ်...” ချူလျန်က ပြုံး၍ ငြင်းပယ်လိုက်လေသည်။

ခေတ္တအကြာတွင် သူသည် ဓားလုပ်ငန်းထဲမှ ထွက်ခွာလာခဲ့တော့သည်။

လမ်းဘေးတွင် ခဏတာ စောင့်ဆိုင်းပြီးနောက် မြို့အနောက်ဘက်သို့ ဦးတည်နေသော တောင်ထိုင်သားရဲ ဆွဲသည့် ရထားလုံးတစ်စီးပေါ်သို့ တက်လိုက်လေသည်။

မမျှော်လင့်ဘဲ ဝေါယာဉ်ပေါ် ရောက်သည်နှင့် ရင်းနှီးသော ပုံရိပ်အချို့ကို မြင်တွေ့လိုက်ရသဖြင့် ချူလျန်၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားတော့သည်။

ဝေါယာဉ်၏ ထောင့်တစ်နေရာတွင် လူငယ်သုံးဦးမှာ ကပ်ထိုင်နေကြလေသည်။

အလယ်တွင် ထိုင်နေသော အရပ်ရှည်ရှည်လူငယ်မှာ မျက်လုံးများကား ကြောင်တောင်တောင် ဖြစ်နေပြီး တစ်ခုခုကို စဉ်းစားနေပုံ ရ၏။ ဘယ်ဘက်မှ ပိန်ပိန်ညှောင်ညှောင် လူငယ်မှာမူ ဖုံးကွယ်၍ မရနိုင်သော ထိတ်လန့်ကြောက်ရွံ့မှုများ မျက်နှာတွင် ပြည့်နှက်နေပြီး၊ ညာဘက်မှ ဝဝတုတ်တုတ် လူငယ်မှာမူ အသက်ရှူသံပင် အားနည်းနေချေပြီ။

“အဟမ်း… တိုက်ဆိုင်လိုက်တာနော်...” ချူလျန်က နှုတ်ဆက်လိုက်သည်။

“အာ...” သူတို့ သုံးဦးလုံးမှာ ချူလျန်ကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် ထိတ်လန့်တုန်လှုပ်သွားကြရလေသည်။

အထူးသဖြင့် ထိုဝဝတုတ်တုတ် လူငယ်မှာ မြေကြီးပေါ်သို့ ဒလိမ့်ခေါက်ကွေး လဲကျသွားပြီး ထိုင်ခုံအောက်သို့ တိုးဝင်ကာ ပါးစပ်မှလည်း “ခုတောင် 'ကန်း' (干) စာလုံး ဖြစ်နေပြီ... နောက်တစ်ချက် ထပ်ခြစ်လိုက်ရင် 'ဝမ်' (王) စာလုံး ဖြစ်သွားတော့မှာ... မရတော့ဘူး... မရတော့ဘူး...” ဟူသော ထူးဆန်းသည့်စကားများကို တတွတ်တွတ် ရေရွတ်နေတော့သည်။

( စကားချပ် - အထက်ပါ ကန်းဆိုတဲ့ စာလုံးအဓိပ္ပါယ်က မြန်မာလိုဆို ငါလခွီး လို့ ထွက်ပါမယ်။ ဆဲဆိုတာမျိုးပေါ့။ ဝမ်ကကျတော့ ဘုရင်ပါ။ )

ချူလျန်သည် ထိုသူ၏ ထူးဆန်းသော အပြုအမူကို ကြည့်ပြီး ကျန်နှစ်ယောက်ဘက်သို့ လှည့်ကာ မေးမြန်းလိုက်သည်။ “ဘာဖြစ်နေကြတာလဲ...”

“ကျုပ်... ကျုပ် ညီအစ်ကိုက ဒီရက်ပိုင်း စိတ်ဒဏ်ရာလေး နည်းနည်း ရထားလို့ပါ...” အရပ်ရှည်ရှည် လူငယ်က အားတင်း၍ ပြန်ဖြေလိုက်ပြီး “ခင်ဗျား... ခင်ဗျား ဘာလုပ်ချင်လို့လဲ...” ဟု မေးလိုက်သည်။

ဘေးနားမှ ပိန်ညှောင်ညှောင် လူငယ်ကလည်း တိုးညင်းသော လေသံဖြင့် ဝင်ပြောရှာသည်။ “ဟုတ်တယ်... ခင်ဗျား ကျုပ်တို့ကို နောက်ထပ် မရိုက်တော့ဘူးလို့ ကတိပေးထားတယ်လေ...”

“ကျုပ်မှာ မကောင်းတဲ့ရည်ရွယ်ချက် မရှိပါဘူး...” ချူလျန်က ပြုံးပြရင်း ပြောလိုက်လေသည်။

“မတော်တဆ ဆုံမိတာဆိုတော့ မကြောက်ကြပါနဲ့... ဒါထက်... ကျုပ်တို့ လက်ဆွဲနှုတ်ဆက်ပြီး ပြေငြိမ်းလိုက်ကြရအောင်...”

ပြောပြောဆိုဆိုနှင့် သူသည် အရပ်ရှည်ရှည်လူငယ်ထံသို့ လက်တစ်ဖက် ကမ်းပေးလိုက်လေသည်။

“ဟင်း...” ထိုလူငယ်မှာ မချိပြုံး ပြုံးလိုက်ပြီး ချူလျန်နှင့် လက်ဆွဲနှုတ်ဆက်လိုက်ရလေသည်။

ထိုအချိန်တွင် ရထားလုံးမှာ ရပ်တန့်သွားသဖြင့် ကျန်နှစ်ယောက်မှာ ထိုင်ခုံအောက်မှ ဝတုတ်တုတ်လူငယ်ကို အလျင်အမြန် ဆွဲထုတ်ကာ “ကျုပ်တို့ ရောက်ပြီ... သွားတော့မယ်...” ဟု ပြောဆိုကာ မျက်စိတစ်မှိတ်အတွင်း ဆင်းပြေးသွားကြတော့သည်။

“ထူးဆန်းလိုက်တာ...” ချူလျန် တီးတိုး ရေရွတ်လိုက်မိသည်။ “ဒါနဲ့... ဟိုလူဝလေးရဲ့ အသံက ဘာလို့ ဒီလောက်တောင် ရင်းနှီးနေရတာလဲ မသိဘူး...”

သူသည် များစွာတွေးမနေတော့ဘဲ လက်ကို ပြန်လှန်လိုက်ရာ လက်ဖဝါးပေါ်တွင် လက်ရာမြောက်လှသော ရတနာသေတ္တာငယ်တစ်ခု ပေါ်လာလေသည်။ အနီရောင်အသားပေါ်တွင် အလင်းတန်းများ စီးဆင်းနေပြီး ပစ္စည်းအမျိုးအစားမှာ အလွန်ပင် ခိုင်ခံ့ပုံရ၏။

သေတ္တာပြင်ပတွင် သောခတ်ထားခြင်း မရှိသော်လည်း တစ်ခုလုံးကို ကျောက်စိမ်းပြားတစ်ချပ် စီခြယ်ထားသဖြင့်၊ ၎င်းကို ဖွင့်ရန်အတွက် သီးသန့်မန္တန်အတတ်တစ်ခု လိုအပ်မည်မှာ သေချာလှပေသည်။

မနေ့ညက သူသည် ထို “ဆန်းကြယ်လက် နတ်ဘုရားစွမ်းရည်”ကို လေ့လာခဲ့သော်လည်း စမ်းသပ်ရန် နေရာရှာမတွေ့ ဖြစ်နေခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ဤလူငယ်သုံးဦးနှင့် ဆုံမိလိုက်သဖြင့် စိတ်ကူးပေါက်ကာ သူတို့အပေါ်တွင် စမ်းသပ်ကြည့်လိုက်ရာ အမှန်တကယ်ပင် အောင်မြင်သွားခဲ့ချေသည်။

မည်သို့ပင်ဖြစ်စေ ဤနတ်ဘုရားစွမ်းရည်မှာလည်း သူတို့ထံမှ ရရှိခဲ့ခြင်း ဖြစ်သဖြင့်၊ သူတို့အပေါ်တွင်ပင် ပြန်လည် အသုံးချလိုက်ခြင်းမှာ အသင့်လျော်ဆုံးပင် မဟုတ်ပါလော။

ငါးကြင်းဆီဖြင့် ငါးကြင်းကြော်ခြင်းပင် ဖြစ်ချေတော့သည်။

All Chapters