← Chapters

မင်းက ဘာလို့ ဒီလောက် အသံကျယ်နေရတာလဲ

Vol. 13 Ch. 122

မင်းက ဘာလို့ ဒီလောက် အသံကျယ်နေရတာလဲ

Vol. 13 Ch. 122

ချူလျန်သည် လက်ထဲရှိ ရတနာသေတ္တာကို ကိုင်မြှောက်လျက် အတန်ကြာအောင် အကဲခတ်ကြည့်နေမိပြီး၊ ရုတ်တရက် အနေရခက်သလို ခံစားလိုက်ရလေသည်။

အကယ်၍ ထိုအရာသည် ဟိုကလေး (၃)ယောက်၏ ပစ္စည်းသာဆိုလျှင်၊ လမ်းကြုံ၍ ယူလိုက်ခြင်းဖြစ်သဖြင့် သူအားနာနေမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့မှာလည်း လူကောင်းများ မဟုတ်ကြသောကြောင့်ပင်။

သို့သော် ဤရတနာသေတ္တာကို ကြည့်ရသည်မှာ အလွန်တန်ဖိုးရှိလှပြီး၊ ထိုကလေးများအနေဖြင့် ဤကဲ့သို့သော သေတ္တာထဲတွင် ထည့်နိုင်လောက်စရာ ရတနာမျိုးရှိနိုင်ရန်မှာ မဖြစ်နိုင်ချေ။

ဤသည်မှာ သူတို့ တစ်နေရာမှ ခိုးလာသောပစ္စည်းသာ ဖြစ်ရပေမည်။

အကယ်၍ သူတစ်ပါးပစ္စည်းဆိုပါက ချူလျန်အနေဖြင့် မိမိဘာသာ သိမ်းဆည်းထားရန်မှာ မသင့်တော်ပေ။ သို့သော် ထိုကလေးများမှာလည်း အလွန်မြန်ဆန်စွာ ထွက်ပြေးသွားကြပြီဖြစ်ရာ၊ ပိုင်ရှင်မှာ မည်သူဖြစ်ကြောင်း မေးမြန်းရန်လည်း မလွယ်ကူတော့ပေ။

ခေတ္တမျှ စဉ်းစားပြီးနောက်၊ ပထမတန်းစား ဓားလုပ်ငန်းသို့ အရင်ပြန်ပြီး ရွှီစွေ့အား ပိုင်ရှင်ကို ရှာဖွေပေးနိုင်မည့် နည်းလမ်းရှိမရှိ မေးမြန်းရန် ဆုံးဖြတ်လိုက်လေသည်။

ဓားလုပ်ငန်းသို့ ပြန်ရောက်သောအခါ ရွှီစွေ့မှာ ရှိမနေပေ။ ရွှီခွန်းဝူအား စားသောက်ဖွယ်ရာများ ပို့ဆောင်ရန်အတွက် ဓားသွန်းလုပ်ရာ မြက်ဖျာအိမ်လေးထဲသို့ ဝင်သွားပုံရလေသည်။ ချူလျန်သည် ဧည့်ခန်းဆောင်တွင် ထိုင်၍ စောင့်ဆိုင်းနေရင်း ထိုရတနာသေတ္တာကို ကိုင်တွယ်ကြည့်ရှုနေမိသည်။

ထိုအချိန်တွင် တိနွီဖုန့်သည် ပေါ့ပေါ့ပါးပါးပင် လျှောက်လှမ်းဝင်ရောက်လာပြီး မေးလိုက်လေ၏။ "မင်း ဒီမှာ ဘာလုပ်နေတာလဲ...”

"ကျွန်တော် ရတနာသေတ္တာတစ်လုံး ကောက်ရထားတယ်… ပိုင်ရှင်ကို ဘယ်မှာရှာရမှန်းမသိလို့ အစ်ကိုကြီးရွှီကို အကူအညီတောင်းကြည့်မလို့ပါ...” ချူလျန်က ပြန်ဖြေလိုက်သည်။

"အထဲမှာ ဘာရှိလဲဆိုတာ ဖွင့်ကြည့်လိုက်လေ… ဒါဆိုရင် ပိုင်ရှင်က ဘယ်သူလဲဆိုတာ သိရမှာပေါ့...” တိနွီဖုန့်က အကြံပြုလိုက်လေသည်။

"ဒါပေမဲ့ ဒီသေတ္တာက နည်းနည်းတော့ ထူးဆန်းတယ်... အထူးမန္တန်တွေနဲ့မှ ဖွင့်လို့ရမယ့်ပုံပဲ...” ချူလျန်က သေတ္တာကို မြှောက်ပြရင်း ပြောလိုက်၏။

"ဆရာ့တာဝန်သာထားလိုက်... သေတ္တာဖွင့်တဲ့နေရာမှာ မင်းဆရာက အတော်ဆုံးပဲ...” တိနွီဖုန့်က ယုံကြည်မှုအပြည့်ဖြင့် ပြုံးကာ ပြောလိုက်လေသည်။

ပြောပြီးသည်နှင့် သူမသည် လက်ညှိုးတစ်ချောင်းကို မြှောက်လိုက်တော့သည်။

ရွှစ်...

အလွန်တရာ တိကျလှသော ခရမ်းရွှေရောင် မီးလျှံတန်းတစ်ခုသည် ငှက်ငယ်တစ်ကောင်အလား သူမ၏လက်ချောင်းမှ ပျံထွက်သွားပြီး၊ လေထဲတွင် ဝဲပျံကာ ချက်ချင်းပင် ပျောက်ကွယ်သွားလေတော့သည်။

ချူလျန်၏ လက်ဖဝါးပေါ်တွင်မူ ထူထဲသော စာရင်းစာအုပ်တစ်အုပ်သာ ကျန်ရစ်တော့ပြီး၊ သေတ္တာမှာမူ အရိပ်အယောင်ပင် မတွေ့ရတော့ပေ။

"သေတ္တာကရော...” သူ မျက်တောင်ခတ်လိုက်မိပြီး မေးလိုက်လေသည်။

"ဖွင့်လိုက်ပြီလေ...” တိနွီဖုန့်က အေးဆေးစွာ ပြန်ဖြေလိုက်သည်။

"မဟုတ်ဘူးလေ..." ချူလျန်သည် ဗလာဖြစ်နေသော နေရာကို လက်ဖြင့် ဝှေ့ယမ်းပြလိုက်ရင်း "ပွင့်သွားတာကတော့ ဟုတ်ပါပြီ... ဒါပေမဲ့ သေတ္တာကြီးက ဘယ်ရောက်သွားတာလဲ...”

"ပွင့်သွားပြီပဲဟာ... သေတ္တာကို ဘာလုပ်ဖို့ ထပ်လိုသေးလို့လဲ...” တိနွီဖုန့်က နားမလည်နိုင်ဟန်ဖြင့် ပြန်မေးလိုက်လေသည်။

‘ဒါမျိုးကျ ပြောတတ်လိုက်တာ...’

ချူလျန်တစ်ယောက် စကားပြန်မပြောနိုင် ဖြစ်သွားရတော့၏။

သူသည် လက်ထဲမှ စာအုပ်ကိုသာ အာရုံစိုက်လိုက်တော့သည်။ ဤမျှ တန်ဖိုးကြီးသော သေတ္တာထဲတွင် ထည့်သွင်း သိမ်းဆည်းထားသည်ဆိုမှတော့ သေချာပေါက် အဖိုးတန်သည့် အရာတစ်ခု ဖြစ်ရပေမည်။

ဆရာတပည့်နှစ်ဦး ဖွင့်ကြည့်လိုက်ရာ၊ ယင်းမှာ နှစ်အတော်ကြာအတွင်း ပြုလုပ်ခဲ့သော စာရင်းအင်းများအား စေ့စေ့စပ်စပ် ရေးမှတ်ထားသော စာရင်းစာအုပ်ကြီး တစ်အုပ်ဖြစ်နေသည်ကို တွေ့လိုက်ရလေ၏။

"ဒီအပေါ်မှာ ရေးထားတာတွေ အကုန်လုံးက..." တိနွီဖုန့်ကလည်း စိုက်ကြည့်နေရင်း တည်ကြည်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

"ကိန်းဂဏန်းတွေချည်းပဲ...”

ချူလျန် ခေါင်းညိတ်လိုက်ပြီး တွေးတောလိုက်လေသည်။ "ဒါ သားရဲတစ်သောင်းခန်းမနဲ့ ဝံပုလွေစွယ်ဂိုဏ်းတို့ လျှို့ဝှက်အရောင်းအဝယ် ပြုလုပ်ထားတဲ့ မှတ်တမ်းပဲ…. ပြီးတော့ ဒါက လူမသိသူမသိ လုပ်ထားတဲ့ စာရင်းတွေပဲ… ရရှိလာတဲ့ အကျိုးအမြတ်တွေကို တခြားနယ်မြေတွေဆီ သယ်ဆောင်… ကျင့်ကြံခြင်း အရင်းအမြစ်တွေနဲ့ လဲလှယ်ပြီးမှ ဝံပုလွေစွယ်ဂိုဏ်းထဲကို ပြန်လည်ထည့်သွင်းထားတာပဲ...”

"ဒါဟာ သားရဲတစ်သောင်းခန်းမရဲ့ အထက်လူကြီးတချို့က မိစ္ဆာသားရဲတွေကို ခိုးထုတ်ရောင်းချပြီး ကိုယ်ကျိုးရှာနေတာလို့ ကျွန်တော် သံသယရှိတယ်… ဘာလို့လဲဆိုတော့ ဝံပုလွေစွယ်ဂိုဏ်းက လမ်းကြောင်းတစ်ခုအနေနဲ့ပဲ ရှိနေပြီးတော့ ဝယ်ယူသူမဟုတ်လို့ပဲ…

တကယ်ဆိုရင် သားရဲတစ်သောင်းခန်းမမှာ ဝေလငါးဂိုဏ်းရဲ့ နောက်ခံရှိနေတာဆိုတော့… တောက်ထျယ်မြို့မှာပဲဖြစ်ဖြစ်၊ ပြည်နယ်ကိုးခုနဲ့ ပင်လယ်လေးစင်းလုံးမှာပဲဖြစ်ဖြစ် ဒီလို ဝန်ဆောင်ခအများကြီးပေးရတဲ့ လမ်းကြောင်းတွေကို သုံးစရာ မလိုဘူးလေ...”

"တကယ်လို့ အထက်ပိုင်းတာဝန်ရှိသူတွေက အဂတိလိုက်စားပြီး ကိုယ်ကျိုးရှာနေတာဆိုရင်တော့ ဒါက ဖြစ်နိုင်တယ်… ဒီစာရင်းစာအုပ်ကို ဒီလောက်အထိ လုံခြုံအောင် သိမ်းထားရတာကလည်း… ဒါဟာ တန်ဖိုးရှိလို့ မဟုတ်ဘဲ… တစ်စုံတစ်ယောက်သာ တွေ့သွားရင် ဒီကလိမ်ကျထားတဲ့ ကိစ္စတွေအကုန် ပေါ်သွားမှာကို ကြောက်နေလို့ပဲ...”

ဤကမ္ဘာတွင် ငွေ‌ကြေးခဝါချရန်မှာ အလွန်လွယ်ကူလှပေ၏။ အပြင်သို့ တစ်ခေါက်ထွက်သွားပြီး ပြန်လာသောအခါ တစ်စုံတစ်ရာသော လျှို့ဝှက်နယ်မြေ သို့မဟုတ် အန္တရာယ်ရှိသော နေရာတစ်ခုတွင် ရတနာတစ်ခု တွေ့ခဲ့သည်ဟု ပြောလိုက်ရုံမျှဖြင့် လုံလောက်လေသည်။

မည်သည့်နေရာမှ ရောက်လာမှန်းမသိသော ကြီးမားသော ပိုင်ဆိုင်မှုများကိုလည်း စုံစမ်းရန် ခက်ခဲလှပြီး၊ သဘာဝရတနာတစ်ခုအဖြစ် ပြောင်းလဲလိုက်ရုံဖြင့် လုံခြုံစွာ ဖုံးကွယ်ထားနိုင်ပေသည်။

အကယ်၍ အထက်မှနေ၍ ဤမသမာမှုများကို စစ်ဆေးလိုပါက၊ တစ်ခုတည်းသော သဲလွန်စမှာ သားရဲတစ်သောင်းခန်းမတွင် လက်ရှိရှိနေသော မိစ္ဆာသားရဲ အရေအတွက်သာ ဖြစ်ပေလိမ့်မည်။

ဝေလငါးဂိုဏ်းမှ သခင်မလေး ရွှီဟုန်ချိုး ရောက်ရှိလာခြင်း၊ သားရဲတစ်သောင်းခန်းမ၏ ရုတ်တရက် ဆူပူသောင်းကျန်းမှု၊ မနေ့ညက လူလတ်ပိုင်းအမျိုးသား၏ လူသတ်ရန် အလျင်စလို ကြိုးစားခဲ့ခြင်း...။

ဤစာရင်းစာအုပ်ကြောင့် ချူလျန်၏ စိတ်ထဲတွင် အရာအားလုံးမှာ ကွင်းဆက်တစ်ခုအလား ဆက်စပ်သွားလေတော့သည်။

ဒီလိုကိုး…။

သူသည် သဘောပေါက်နားလည်သွားသော မျက်နှာအမူအရာမျိုး ဖြစ်ပေါ်လာလေသည်။

ဘေးနားရှိ တိနွီဖုန့်မှာမူ ဇဝေဇဝါ ဖြစ်နေဆဲပင်။

"ဒီကိန်းဂဏန်းပုံကြီးကို ကြည့်ပြီးတော့… ဒါတွေအကုန် သိသွားတာလား… ဒါက တစ်ခုခု လျှို့ဝှက်အချက်ပြတာမျိုးလား...”

‘ဟူး...’

ချူလျန် စိတ်ထဲမှ သက်ပြင်းချလိုက်မိ၏။ သူမကိုလည်း အပြစ်တင်၍ မရပေ။

ဆရာသခင်က တိုက်ခိုက်ရေးမှာ ဒီလောက် တော်နေမှတော့... တကယ်လို့ ပညာဉာဏ်မှာလည်း လာတော်နေမယ်ဆိုရင် တခြားလူတွေ ဘာသွား လုပ်စားရတော့မှာလဲ…။

ထိုအချိန်တွင် ရွှီစွေ့လည်း အပြင်မှ ပြန်ရောက်လာသဖြင့် သူတို့ကို မြင်သောအခါ နှုတ်ဆက်လိုက်လေသည်။ "စီနီယာနဲ့ သူရဲကောင်းလေးချူ... ကျွန်တော့်ကို လာရှာတာလား...”

"ဟုတ်ပါတယ်..." ချူလျန် ခေါင်းမော့ပြီး မေးလိုက်လေသည်။ "အစ်ကိုကြီးရွှီ... သားရဲတစ်သောင်းခန်းမရဲ့ တာဝန်ခံက ဘယ်သူလဲဆိုတာ သိလားခင်ဗျာ...”

"ဟင်... သားရဲတစ်သောင်းခန်းမလား..." ရွှီစွေ့ ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ ပြန်ဖြေလေသည်။ "ဒါက ဝေလငါးဂိုဏ်းရဲ့ အရေးပါတဲ့ လုပ်ငန်းတစ်ခုလေ... ရွှီမျိုးနွယ်ဝင်တစ်ယောက်ကပဲ ကြီးကြပ်နေတာ… နာမည်က ရွှီနန်လင်လို့ ထင်တာပဲ...”

ချူလျန်က ပြုံးလိုက်မိသည်။

တကယ်ပဲ သူဖြစ်နေတာကိုး…။

...

ညနေစောင်းအချိန်တွင် သားရဲတစ်သောင်းခန်းမသို့ မဖိတ်ခေါ်ထားသော ဧည့်သည်နှစ်ဦး ရောက်ရှိလာလေ၏။

တစ်ဖက်လူ ပြောဆိုသောအမည်မှာ ရှုတောင်ဂိုဏ်းမှ တိနွီဖုန့်ဖြစ်နေသဖြင့်၊ ရွှီဟုန်ချိုးသည် လက်ရှိ လုပ်ဆောင်နေသော ကိစ္စများကို ရပ်တန့်ကာ ကိုယ်တိုင်ကိုယ်ကျ ထွက်လာကြိုဆိုလိုက်ရလေသည်။

သူမ၏နောက်တွင် ရွှီနန်လင်နှင့် အကြီးအကဲချန်းရှင်းတို့အပြင်၊ ဝေလငါးဂိုဏ်းမှ အစောင့်အဖွဲ့ နှစ်ဖွဲ့လည်း လိုက်ပါလာကြသည်။

ဆိုရလျှင် သားရဲတစ်သောင်းခန်းမအတွင်းရှိ တိုက်ခိုက်နိုင်စွမ်းရှိသူ အားလုံး ရောက်ရှိလာကြခြင်းပင်။

"ဝေလငါးဂိုဏ်း ဂျူနီယာရွှီဟုန်ချိုးက စီနီယာရဲ့ နာမည်ကြီးမှုကို ကြားဖူးတာ ကြာပါပြီ...” သူမသည် တိနွီဖုန့်ကို မြင်သည်နှင့် ဦးစွာ ဂါရဝပြုလိုက်လေသည်။

ထို့နောက် တောက်ပသော မျက်ဝန်းများဖြင့် တိနွီဖုန့်ကို တိုက်ရိုက် စိုက်ကြည့်နေသည်မှာ၊ အရှိန်အဝါအရလည်း နိမ့်ကျခြင်း မရှိပေ။

တိနွီဖုန့်ကမူ သူမကို ဖိအားမပေးဘဲ၊ လက်ကို အင်္ကျီလက်စထဲသို့ ထည့်ကာ ပျင်းရိစွာ ကြည့်လိုက်ပြီး ပြုံးကာ ပြောလိုက်လေ၏။ "အိုက်ယား... မင်းက ရွှီပါ့ရှန်းရဲ့ သမီးလား… သူက ဒီလောက် ရုပ်ဆိုးတာကို… မင်းလို အလှလေး ဘယ်လိုများ မွေးလိုက်တာလဲ... တကယ့်ကိုပါပဲ..."

"ဆရာသခင်..." ချူလျန်က သူမ၏ အင်္ကျီလက်စကို ညင်သာစွာ ဆွဲလိုက်ရလေ၏။

"ဘာဖြစ်လို့လဲ... ငါက သူမကို အရင်ဆုံး ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်နေတာလေ... ယဉ်ကျေးမှုပြပြီးမှ အင်အားသုံးရတာ ထုံးစံပဲ မဟုတ်လား...” တိနွီဖုန့်က ခေါင်းလှည့်ပြီး ခပ်တိုးတိုး ပြန်ပြောလိုက်သည်။

ကောင်းပါလေစွ... 'ယဉ်ကျေးမှု' ရဲ့ အဓိပ္ပာယ်သစ်ကို သိလိုက်ရပါပြီလေ...။

"အရင် တောင်တံခါးမြို့အမှုတုန်းက စီနီယာတို့ ဆရာတပည့်နှစ်ယောက်ရဲ့ အကူအညီကြောင့် ဝေလငါးဂိုဏ်းက သစ္စာဖောက်တွေကို ရှင်းလင်းနိုင်ခဲ့တာပါ… အမြဲတမ်း ကျေးဇူးတင်စကားပြောဖို့ အခွင့်အရေး စောင့်နေတာ... အခုမှပဲ စီနီယာက အိမ်တိုင်ရာရောက် လာတွေ့တော့တာပဲ... ကျွန်မ တကယ့်ကို အားနာမိပါတယ်...”

ရွှီဟုန်ချိုးသည် မျက်နှာမပျက်ဘဲ တည်ငြိမ်စွာပင် ယဉ်ကျေးပျူငှာစွာ ပြန်လည်ပြောဆိုလိုက်လေ၏။

"အဲဒါတွေက ထားလိုက်ပါ..." တိနွီဖုန့်က လက်ဝှေ့ယမ်းလိုက်ပြီး ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

"မကောင်းမှုတွေကို နှိမ်နင်းတာက ငါ့ရဲ့ အလုပ်ပဲလေ... တစ်နှစ်ကို အမှုပေါင်း ရာနဲ့ချီ ရှင်းနေရတာ... ဒီနေ့ ငါလာတာက… မနေ့ညက ကိစ္စကို မေးချင်လို့...”

"မနေ့ညကလား..." ရွှီဟုန်ချိုးက ချူလျန်ကို လှည့်ကြည့်လိုက်လေသည်။

"ဟူး..." ချူလျန်က သက်ပြင်းချလိုက်ပြီး အားငယ်ဟန်ဖြင့် ပြောလိုက်လေ၏။ "ကျွန်တော်ကတော့ ကိစ္စမရှိပါဘူး… အထင်လွဲတာပါလို့ ပြောပေမဲ့... ဆရာသခင်ကတော့ သေသေချာချာ လာမေးမှ ဖြစ်မယ်ဆိုပြီး ခေါ်လာတာပါ… အဟွတ် အဟွတ်...”

ပြောရင်းနှင့် သူသည် ပြင်းပြင်းထန်ထန်ပင် ချောင်းအနည်းငယ် ဆိုးပြလိုက်သေးသည်။

မတတ်သာပေ။ မနေ့ညက ထိုမျှ သူရဲကောင်းဆန်ဆန် ထွက်ခွာသွားပြီးမှ၊ ယခုတွင် ရုတ်တရက် ပြန်လာပြီး ရန်ရှာရန်မှာ သူ့အတွက် အနည်းငယ် ရှက်စရာကောင်းနေသဖြင့်၊ ဆရာတပည့်နှစ်ဦး ကြိုတင်တိုင်ပင်ထားသည့်အတိုင်း တစ်ယောက်က လူကောင်း၊ တစ်ယောက်က လူဆိုးလုပ်ရန် ဆုံးဖြတ်ထားခြင်း ဖြစ်လေ၏။

"ငါ့တပည့်က စိတ်ထားကောင်းပြီး ရိုးသားလွန်းတယ်...” တိနွီဖုန့်က နာကျင်ခံစားနေရသော ပုံစံဖြင့် ပြောလိုက်လေသည်။

"အပြင်ထွက်လိုက်တိုင်း သူများအနိုင်ကျင့်တာကို အမြဲခံရတာ... ဆရာတစ်ယောက်အနေနဲ့ သူ့ကို ကာကွယ်ပေးရမှာပေါ့… ငါ မေးချင်တာက မနေ့ညတုန်းက ငါ့တပည့်ကို ဘယ်သူ ရိုက်လိုက်တာလဲ...”

"စီနီယာ... ဒီကိစ္စက ကျွန်မတို့ရဲ့ အမှားပါ...” ရွှီဟုန်ချိုးသည်လည်း အနေရခက်စွာဖြင့် တိနွီဖုန့်ကို ရှင်းပြရန် ပြင်လိုက်လေသည်။

သို့သော် သူမနောက်မှ ရွှီနန်လင်၏ မျက်နှာမှာမူ ပျက်ယွင်းသွားလေသည်။ သူသည်လည်း အရူးမဟုတ်သဖြင့် ဤဆရာတပည့်နှစ်ဦးမှာ ပြဿနာလာရှာခြင်း ဖြစ်ကြောင်း ချက်ချင်း ရိပ်မိလိုက်သည်။

သူတို့သည် သေချာပေါက် ငွေညှစ်ရန် ကြံစည်နေခြင်းသာ ဖြစ်ရပေမည်။

သို့တိုင် သူသည် ယခုအချိန်တွင် ကြောက်ရွံ့ခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် မနေ့ညက သားရဲတစ်သောင်းခန်းမ၏ ဆူပူမှုအတွင်း မိစ္ဆာသားရဲများ ပျောက်ဆုံးမှုအားလုံးကို ဆုံးရှုံးမှုစာရင်းထဲသို့ ထည့်သွင်းထားပြီးဖြစ်ရာ၊ သံသယဖြစ်စရာ ရှိနေသော်လည်း ခိုင်မာသော သက်သေအထောက်အထား မရှိသရွေ့ သူ၏ရာထူးမှာ မြဲမြံနေဆဲ ဖြစ်သောကြောင့်ပင်။

ရွှီဟုန်ချိုးက အာဏာရှိသော တံဆိပ်ပြားကို ယူဆောင်လာခဲ့လျှင်ပင် သူ့ကို ဘာမှလုပ်နိုင်မည် မဟုတ်ပေ။

အမှန်တကယ်တွင် သူသည် ရွှီဟုန်ချိုးကို အမြဲတမ်းပင် အထင်သေးခဲ့ခြင်း ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူမမှာ သူ ကြည့်ရှုခဲ့ရပြီး ကြီးပြင်းလာခဲ့သော ကလေးမလေးတစ်ဦးသာဖြစ်ပြီး၊ အသက် (၂၀) ပင် မပြည့်သေးသဖြင့် မည်သည့်စွမ်းရည်များ ရှိနိုင်မည်နည်းဟု တွေးတောထားသောကြောင့် ဖြစ်လေသည်။

ယခုအခါတွင် ရွှီဟုန်ချိုးက ဦးအောင် တောင်းပန်လိုက်သည်ကို မြင်သောအခါ သူ အနည်းငယ် မကျေမနပ် ဖြစ်သွားရသည်။

အကယ်၍ သားရဲတစ်သောင်းခန်းမ၏ အမှားဟု ဝန်ခံလိုက်ပါက၊ ယင်းမှာ သူ ရွှီနန်လင်တစ်ယောက်တည်း၏ အမှားဖြစ်သွားမည် မဟုတ်ပါလော။

ဤကလေးမလေး၏ လုပ်ရပ်မှာ ပြင်ပလူကို အလျော့ပေးရုံသာမက၊ သူ့ကိုပါ သစ္စာဖောက်လိုက်ခြင်းပင် ဖြစ်ချေသည်။

အတွေ့အကြုံမရှိသော ကလေးမလေး ပီသပါပေသည်...။

ဤသို့သော ကိစ္စမျိုးကို သိုင်းလောကအတွေ့အကြုံရှိသူများသာ ကိုင်တွယ်မည်ဆိုပါက၊ မိမိတွင် အမှားမရှိကြောင်းနှင့် အထင်လွဲမှုသာ ဖြစ်ကြောင်း ပြတ်သားစွာ ငြင်းဆိုရမည် မဟုတ်ပါလော...။

ထို့ကြောင့် သူသည် ခြေလှမ်းတစ်လှမ်း ရှေ့တိုးလိုက်ပြီး ရွှီဟုန်ချိုး၏ စကားကို အသံကျယ်ကြီးဖြင့် ဖြတ်ပြောလိုက်လေသည်။ "ကျုပ် ရိုက်လိုက်တာ...”

အရှိန်အဝါကို ဦးစွာ ရယူလိုက်ခြင်းပင်…။

မျက်စိတစ်မှိတ်အတွင်းမှာပင်၊ သူ၏စိတ်ထဲ၌ ဖြစ်ပေါ်လာနိုင်သော အခြေအနေများအားလုံးကို တွက်ချက်ပြီးသား ဖြစ်၏။

တိနွီဖုန့်က မည်သို့ပင် မေးမြန်းစေကာမူ၊ သူသည် အချက်အလက်များဖြင့် ပြန်လည် ချေပနိုင်မည်ဖြစ်ပြီး၊ တစ်ဖက်လူအား ဘာမျှမရဘဲ ပြန်သွားစေရန် ယုံကြည်ချက်အပြည့် ရှိနေလေသည်။

နှမြောစရာကောင်းသည်မှာ၊ သူ စိတ်ကူးထားသကဲ့သို့ စကားစစ်ထိုးပွဲမှာမူ ဖြစ်ပေါ်မလာခဲ့ပေ။

တိနွီဖုန့်သည် သူ ရှေ့ထွက်လာပြီး အော်ဟစ်လိုက်သည်ကို မြင်သောအခါ၊ ပြုံးနေသော မျက်နှာမှာ ချက်ချင်းပင် တည်ကြည်သွားပြီး၊ ဘယ်ခြေကို အနည်းငယ်အားပြုကာ ညာခြေကို လွှဲပြီး ကန်လိုက်လေတော့သည်။

ဘန်း...

ဝုန်း... အုန်း... ဒုန်း...

ထိုကန်ချက်မှာ မြန်ဆန်ခြင်း သို့မဟုတ် ပြင်းထန်ခြင်း မရှိဟု ထင်ရသော်လည်း၊ ရွှီနန်လင်၏ ရင်ဘတ်ကို တည့်တည့်ထိမှန်သွားပြီး၊ သူ၏ပုံရိပ်မှာ ချက်ချင်းပင် ခန်းမထဲမှ ပျောက်ကွယ်သွားလေတော့၏။

ထို့နောက် ခန်းမနံရံကြီး ပြိုကျသံ၊ ခြံစည်းရိုးနံရံ ပြိုကျသံ၊ လမ်းတစ်ဖက်ရှိ ဆိုင်ခန်းနံရံများ ပြိုကျသံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာတော့သည်။

ပေါက်ကွဲသံတစ်ချက် ထွက်လာတိုင်း သားရဲတစ်သောင်းခန်းမမှ လူများ၏ မျက်နှာမှာလည်း တစ်ချက်စီ တုန်ခါသွားရလေသည်။ နောက်ဆုံးတွင် ဆဌမ သို့မဟုတ် သတ္တမမြောက်သောအသံ ထွက်ပေါ်ပြီးနောက်မှသာ ငြိမ်သက်သွားတော့သည်။

ပေါ့ပေါ့ပါးပါး ကန်လိုက်သော ဤတစ်ချက်သည်၊ ရွှီနန်လင်အား လမ်းသုံးလမ်းကျော်အထိ လွင့်ထွက်သွားစေခဲ့ခြင်းပင် ဖြစ်ချေ၏။

တိနွီဖုန့်သည် ခြေထောက်ကို ပြန်ချလိုက်ပြီး ဘယ်လက်ဖြင့် နားကို ကလော်ကာ၊ မျက်နှာမသာမယာဖြင့် ထိုလူ ပျောက်ကွယ်သွား‌သည့်ဘက်သို့ ကြည့်ရင်း မည်သူ့ကို ပြောလို့ ပြောမှန်းမသိသော စကားတစ်ခွန်းကို ပြောလိုက်လေတော့သည်။

"မင်းက ဘာလို့ ဒီလောက် အသံကျယ်နေရတာလဲ...”

All Chapters