ညီအစ်ကိုချူ… ခင်ဗျားက ကျုပ်ရဲ့ တစ်သက်တာမိတ်ဆွေပါပဲ…
Vol. 13 Ch. 125
မြို့အနောက်ဘက်၊ ဖုန်းယွဲ့လမ်းကြား။
တောက်ထျယ်မြို့ရှိ ဖုန်းယွဲ့လမ်းကြားသည် ကျင့်ကြံခြင်းလောက၌ အလွန်ကျော်ကြားလှပေသည်။ အဘယ်ကြောင့်ဆိုသော် ပြည်နယ်ကိုးခု၏ အခြားနေရာများ၌ မိန်းမပျိုကျင့်ကြံသူများသည် ပြည့်တန်ဆာရုံများတွင် အလှအပဖြင့် ဖျော်ဖြေရန် လုံးဝဆန္ဒရှိကြမည် မဟုတ်သောကြောင့် ဖြစ်၏။
သို့သော် ဤလမ်းကြားရှိ အဆင့်မြင့်ပြည့်တန်ဆာရုံတိုင်း၌ မိန်းမပျိုကျင့်ကြံသူများကို တွေ့မြင်နိုင်ပေသည်။ သေချာသည်မှာလည်း ထိုနေရာများသို့ လာရောက်အပန်းဖြေနိုင်သော စာပေပညာရှင်များနှင့် လူကြီးလူကောင်းများမှာလည်း ကျင့်ကြံသူများပင် ဖြစ်ကြသဖြင့် မိန်းမပျိုတို့၏ တန်ဖိုးကို ညှိုးနွမ်းစေမည် မဟုတ်ပေ။
ရှည်လျားသော လမ်းကြားတစ်လျှောက်တွင် ပန်းမန်များ ဝေဆာနေပြီး လမ်းမအလယ်၌ အရောင်အသွေးစုံလင်သော ဝတ်စုံများ ဝတ်ဆင်ထားသည့် နတ်သမီးအသွင် မိန်းမပျိုများသည် ဝဲပျံကာ ကပြနေကြလေသည်။
လိပ်ပြာများ ပျံဝဲနေသကဲ့သို့ ပေါ့ပါးသွက်လက်သော ဟန်ပန်များဖြင့် ထူးခြားသော နိမိတ်ပုံရိပ်များလည်း ထွက်ပေါ်နေချေ၏။ လမ်းတစ်ခုချင်းစီ၏ အကွာအဝေးတစ်ခု၌ စင်မြင့်သစ်များနှင့် ဖျော်ဖြေမှုများ ရှိနေပြီး၊ ၎င်းတို့မှာ လမ်းဘေးဝဲယာရှိ ပြည့်တန်ဆာရုံများမှ ဧည့်သည်ခေါ်ရန် လွှတ်ထားသော မိန်းမပျိုများပင် ဖြစ်ကြလေသည်။
ထိုမြင်ကွင်းသည် လူတစ်ဦးအား နတ်ဘုံနတ်နန်း၌ ရောက်ရှိနေသကဲ့သို့ ခံစားရစေနိုင်သည်။
ချူလျန်သည် ပျော့ပျောင်းသော ပန်းပွင့်ဖတ်များ ဖုံးလွှမ်းနေသည့် လမ်းထက်၌ ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့သည်။ သူသည် အောက်တန်းစားအပျော်အပါးများမှ ကင်းဝေးသူ၊ အဆင့်မြင့်ပညာ သင်ကြားထားသူ၊ ဆင်းရဲသော်လည်း မြင့်မြတ်သောစိတ်ဓာတ်ရှိသူ ကျင့်ကြံသူတစ်ဦး ဖြစ်သဖြင့်၊ ဤကဲ့သို့သော နေရာမျိုးသို့ ပျော်ပါးရန် လာရောက်မည် မဟုတ်သည်မှာ သေချာလှပေသည်။
လန်ယွဲ့မျှော်စင်ဟု အမည်ရသော မြင့်မားသည့် အဆောက်အအုံတစ်ခုရှေ့သို့ ရောက်သောအခါ လှစ်ခနဲ ခုန်တက်လိုက်သည်။ ဤနေရာသို့ လာရောက်သူများမှာ ကျင့်ကြံသူများသာ ဖြစ်သဖြင့် လန်ယွဲ့မျှော်စင်၌ လမ်းဘေးဘက်သို့ မျက်နှာမူထားသော တံခါးမရှိဘဲ ခေါင်မိုးထက်၌သာ ဖြူဖွေးသော အလင်းကန့်လန့်ကာတစ်ခုကို ချိတ်ဆွဲထားလေသည်။
ချူလျန်၏ ကိုယ်ရိပ်သည် ထိုအလင်းထဲသို့ တိုးဝင်ပျောက်ကွယ်သွားပြီးနောက် မျက်စိတစ်မှိတ်အတွင်းမှာပင် တံခါးနောက်ကွယ်မှ ကမ္ဘာသစ်သို့ ရောက်ရှိသွားတော့သည်။
“အင်မော်တယ်ဆရာသခင် နတ်ပြည်ဆီ တက်လှမ်းလာတာကို ကြိုဆိုပါတယ်ခင်ဗျာ...”
အထဲသို့ ဝင်လိုက်သည်နှင့် ပထမဆုံး မြင်တွေ့လိုက်ရသည်မှာ ဝတ်စုံရှည်များ ဝတ်ဆင်ထားသော နတ်သမီးအသွင် မိန်းမပျိုနှစ်တန်းက တစ်ဖက်တစ်ချက်စီ ရပ်နေကြခြင်းပင် ဖြစ်၏။ သူတို့၏ ခြေဖဝါးအောက်တွင် မြူခိုးများ လှိုက်အူနေပြီး ဘေးပတ်လည်၌ လေပြေအေးများ တိုက်ခတ်နေလေသည်။
သူတို့၏ အဝတ်အစားများမှာ သာမန်ပြည့်တန်ဆာများကဲ့သို့ အသားပေါ်လွင်အောင် ဝတ်ဆင်ထားခြင်း မဟုတ်ဘဲ၊ နတ်သမီးတစ်ပါးကဲ့သို့ တင့်တယ်လှပနေကာ ပခုံးသားနှင့် ခြေတံအချို့ကိုသာ ဖော်ပြထားကြချေသည်။
လန်ယွဲ့မျှော်စင်ဟု အမည်ပေးထားခြင်းမှာ အကြောင်းမဲ့မဟုတ်ဘဲ၊ ဤကဲ့သို့ ကောင်းကင်ယံမှ ဝင်ပေါက်နှင့် နတ်သမီးများ၏ ကြိုဆိုမှုမှာ လူတစ်ဦးအား ကောင်းကင်ဘုံကိုးဆင့်သို့ တက်လှမ်းကာ လမင်းကို ဆွတ်ခူးရသကဲ့သို့ ခံစားရစေနိုင်သည်။
တကယ့်ကို စံချိန်စံညွှန်း မီလှပေသည်။
ချူလျန်သည် မနေနိုင်တော့ဘဲ ချီးကျူးလိုက်မိပြီးနောက် လက်ဝှေ့ယမ်းပြကာ ပြောလိုက်သည်။ “ကျုပ်က လူတစ်ယောက်ကို လာရှာတာပါ... ပင်လယ်ဘုရင်ဂိုဏ်းက ဝမ်ရန်မော့ဆိုတဲ့ ညီအစ်ကို ဒီမှာ ရှိသလားဗျ...”
မှန်ပေသည်၊ သူယနေ့ ဤနေရာသို့ လာရခြင်းမှာ ဝမ်ရန်မော့ကို ရှာရန်ပင် ဖြစ်လေ၏။
ယခင်က သူတို့နှစ်ဦး လိပ်စာဖလှယ်ထားခြင်း မရှိသော်လည်း ဝမ်ရန်မော့မှာ မြေကမ္ဘာဂိုဏ်း (၁၀)ဂိုဏ်းဝင် ပင်မတပည့်တစ်ဦး ဖြစ်သဖြင့်၊ အသွားအလာမှာ လူသိထင်ရှားလှသလို ငွေကြေးကိုလည်း လက်ဖွာသူ ဖြစ်ရာ သူ၏သတင်းကို စုံစမ်းရသည်မှာ မခက်ခဲလှပေ။
ချူလျန်သည် အစောပိုင်းကတည်းက ရွှီစွေ့ကို အနည်းငယ် စုံစမ်းခိုင်းလိုက်ရုံဖြင့်၊ သူသည် လန်ယွဲ့မျှော်စင်၌ အခန်းတစ်ခန်းကို ရေရှည်ငှားရမ်းကာ နေထိုင်နေကြောင်း သိရှိလိုက်ရခြင်း ဖြစ်ပေသည်။
ဤသကောင့်သားက ပြည့်တန်ဆာရုံကိုပင် အိမ်သဖွယ် သဘောထားနေခြင်း ဖြစ်ချေ၏။
“ဝမ်ရန်အင်မော်တယ်ကို လာတွေ့တာလား… သူက ဟွမ်ထင်နန်းဆောင်မှာ နေပါတယ်… ကျစ်ယွန်း... သွားပြီး သတင်းပို့လိုက်ပါဦး...”
ဦးဆောင်နေသော အမျိုးသမီးကြီးမှာ တည်ကြည်သော ဟန်ပန်ရှိပြီး လက်အောက်မှ မိန်းမပျိုတစ်ဦးကို စေလွှတ်လိုက်လေသည်။ ခေတ္တအကြာတွင် ကျစ်ယွန်းဟု အမည်ရသော မိန်းမပျိုလေး ပြန်ရောက်လာပြီး “ဝမ်ရန်မဟာအင်မော်တယ်က ဒီတာအိုရောင်းရင်းကို ဖိတ်ခေါ်လိုက်ပါတယ်ရှင်...” ဟု သာယာသော အသံဖြင့် ပြောလိုက်သည်။
“ကောင်းပြီ... လမ်းပြလိုက်ပါ...” အမျိုးသမီးကြီးက လက်ဟန်ပြလိုက်၏။
“ကျေးဇူးတင်ပါတယ်...” ချူလျန်သည် ထိုမိန်းမပျိုလေးနောက်မှ လိုက်ပါသွားရာ မြူခိုးများ ဖုံးလွှမ်းနေသော လမ်းတလျှောက်ရှိ မျှော်စင်နန်းဆောင်များကို ဖြတ်ကျော်ပြီးနောက် ရွှေရောင်နှင့် အပြာရောင် ရောယှက်တည်ဆောက်ထားသော အိမ်ဆောင်တစ်ခုရှေ့သို့ ရောက်ရှိလာခဲ့တော့သည်။
အပေါ်ရှိ ဆိုင်းဘုတ်တွင် ‘ဟွမ်ထင်နန်းဆောင်’ ဟု လှပသော လက်ရေးဖြင့် ရေးထွင်းထားလေသည်။
‘ဟူး... တော်တော်လေးကို အားစိုက်ထားတာပဲ…’
ချူလျန် အံ့အားသင့်သွားပြီးနောက် တံခါးကို တွန်းဖွင့်ဝင်လိုက်ရာ ‘ဝမ်ရန်အင်မော်တယ်’ ကို တွေ့လိုက်ရတော့၏။
ထိုသကောင့်သားမှာ အခန်းထဲ၌ ဆေးဖော်စပ်နေခြင်း ဖြစ်ပြီး ရွှေနီရောင် နတ်မီးတောက်များကို မမှိတ်မသုန် စိုက်ကြည့်နေလေသည်။ ချူလျန် ရောက်လာသည်ကို မြင်သောအခါမှ ပြုံးပြလိုက်ပြီး “ညီအစ်ကိုချူ...” ဟု နှုတ်ဆက်လိုက်သည်။
“ညီအစ်ကိုဝမ်ရန်...” ချူလျန်ကလည်း နှုတ်ဆက်လိုက်ပြီးနောက် ခေါင်းယမ်းကာ ချီးကျူးလိုက်မိသည်။
“ဒါက တော်တော်လေးကို စံချိန်မီလွန်းတယ်ဗျာ... အင်မော်တယ်တွေ ဆေးဖော်စပ်တဲ့ အခန်းကဏ္ဍတောင် ပါဝင်နေသေးတယ်လား...”
“ဘာတွေ ပြောနေတာလဲဗျာ...” ဝမ်ရန်မော့က လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
“ကျုပ်က တကယ် ဆေးဖော်နေတာပါ... ကျုပ်က မိန်းကလေးရွှဲ့ကို လက်ဆောင်ပေးဖို့အတွက် ‘နုပျိုဆေးလုံး’ ဖော်စပ်နေတာဗျ...”
“ဒီပစ္စည်းက ကျုပ်ရဲ့ ဝှက်ဖဲပဲ… လူသားပဲဖြစ်ဖြစ်၊ ကျင့်ကြံသူပဲဖြစ်ဖြစ် ဘယ်အမျိုးသမီးမဆို ဒါကို မြင်ရင် စိတ်မလှုပ်ရှားဘဲ မနေနိုင်ဘူး… အစက သူမနဲ့ ကတိသစ္စာပြုတဲ့ အချိန်မှ ပေးမလို့ စိတ်ကူးထားတာ... ဒါပေမဲ့ အခုတော့ အစကတည်းက အခြေအနေမကောင်းတော့ စောစောစီးစီးပဲ ထုတ်သုံးရတော့မယ်...”
ချူလျန်သည် သူ၏လေးနက်သော မျက်နှာပေးကို ကြည့်လိုက်ရင်း သိချင်စိတ်ဖြင့် မေးလိုက်သည်။ “ဘယ်လောက်အထိ အခြေအနေ ဆိုးနေလို့လဲဗျ… ညီအစ်ကိုဝမ်ရန်နဲ့ မိန်းကလေးရွှဲ့တို့ ဘယ်အဆင့်အထိ ရောက်နေပြီလဲ...”
“အကယ်၍ ဒီဆေးလုံးသာ သူမကို စိတ်ကျေနပ်အောင် လုပ်နိုင်ရင်တော့... စကားတစ်ခွန်းလောက် ပြောရတဲ့ အဆင့်ကို ရောက်နိုင်လောက်မှာပါ...” ဝမ်ရန်မော့က ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်လေသည်။
“...”
‘သောက်ကျိုးနည်း… ဒါဆို စကားတစ်ခွန်းတောင် မပြောဖူးသေးဘူးပေါ့…’
သို့သော် စဉ်းစားကြည့်လျှင်လည်း သဘာဝကျပေသည်။ ထိုရွှီဟုန်ချိုးမှာ ကြည့်လိုက်သည်နှင့် စိတ်ဓာတ်ခိုင်မာပြီး ပြတ်သားသော သူရဲကောင်းတစ်ဦး ဖြစ်ကြောင်း သိသာလှရာ သာမန်မိန်းကလေးများကဲ့သို့ မဟုတ်ပေ။
ထိုကဲ့သို့သော အမျိုးသမီးမျိုးသည် ချစ်ရေးချစ်ရာကိစ္စများကို စိတ်ဝင်စားမည် မဟုတ်သလို၊ လူယုတ်မာတို့၏ လှည့်ဖြားမှုကိုလည်း ခံရမည် မဟုတ်ပေ။
ဝမ်ရန်မော့အနေဖြင့် ဤကဲ့သို့သော ပစ်မှတ်ကို ရွေးချယ်မိခြင်းမှာ နှစ်တစ်ရာကြာလျှင်ပင် မျှော်လင့်ချက် ရှိလိမ့်မည် မဟုတ်ပေ။
သေချာသည်မှာလည်း သူ၌သာ မျှော်လင့်ချက် အနည်းငယ်ရှိနေမည်ဆိုပါက ချူလျန် ယနေ့ လာမည် မဟုတ်ပေ။
ရွှီဟုန်ချိုးက ဝမ်ရန်မော့ကို လုံးဝ စိတ်ဝင်စားမည် မဟုတ်ကြောင်း သေချာနေသဖြင့်သာ ချူလျန်သည် သူ၏အစီအစဉ်ကို ယုံကြည်ချက်ရှိရှိ လုပ်ဆောင်နိုင်ခြင်း ဖြစ်၏။
“ကျုပ်ဆီမှာ ပစ္စည်းတစ်ခု ရှိတယ်... အဲဒါက ခင်ဗျားရဲ့ ဒီဆေးလုံးအိုးကို ယာယီ သိမ်းထားနိုင်စေမှာ ဖြစ်သလို အနည်းဆုံးတော့ မိန်းကလေးရွှဲ့နဲ့ စကားပြောရတဲ့ အဆင့်ကို သေချာပေါက် ရောက်စေမှာပဲ...” ချူလျန်က ပြုံးပြီး ပြောလိုက်သည်။
“အိုး...” ဝမ်ရန်မော့မှာ ချက်ချင်း စိတ်ဝင်စားသွားပြီး မေးလိုက်သည်။ “အဲဒါက ဘာလဲဗျ...”
“မိန်းကလေးရွှဲ့ ဒီကိုလာတာက သားရဲတစ်သောင်းခန်းမကိစ္စကို စုံစမ်းဖို့လေ… မနေ့က သားရဲတစ်သောင်းခန်းမမှာ ဖြစ်ခဲ့တဲ့ ဆူပူမှုကလည်း အဲဒီကိစ္စနဲ့ ပတ်သက်နေတယ်... ဒါပေမဲ့ သူမမှာ အခုထိ ဘာသဲလွန်စမှ ရဦးမှာ မဟုတ်ဘူးဆိုတာ ကျုပ် သိထားတယ်...” ချူလျန်က ပြောလိုက်သည်။
“ကျုပ်ဆီမှာတော့ သားရဲတစ်သောင်းခန်းမကိစ္စကို တိုက်ရိုက် ဖြေရှင်းနိုင်မယ့် ခိုင်မာတဲ့ သက်သေရှိတယ်... ဒါက သူမကို အောင်မြင်မှု ရစေမှာပဲ...”
“ဘာပစ္စည်းလဲဗျ...” ဝမ်ရန်မော့ အနည်းငယ် စိတ်လှုပ်ရှားသွားရသည်။ သူသည် ရွှီဟုန်ချိုးနောက်သို့ ခြေရာချင်းထပ်မတတ် လိုက်နေသူဖြစ်ရာ၊ သားရဲတစ်သောင်းခန်းမကိစ္စကို ကြားသိထားပြီး ဖြစ်သလို လုံးဝ မသိနားမလည်သူလည်း မဟုတ်ပေ။
သို့သော် ချူလျန်ထံတွင် ခိုင်မာသော သက်သေရှိနေသည်ဟု ကြားလိုက်ရသဖြင့် သူ အလွန် အံ့အားသင့်သွားရသည်။
“သားရဲတစ်သောင်းခန်းမရဲ့ အတွင်းလူတွေက အပြင်လူနဲ့ ပူးပေါင်းပြီး မိစ္ဆာသားရဲတွေကို ခိုးထုတ်ရောင်းချနေတဲ့ စာရင်းမှတ်တမ်းစာအုပ်ပါ...” ချူလျန်က ပြောလိုက်သည်။
“ဒီလိုပစ္စည်းမျိုးက ခင်ဗျားလက်ထဲမှာ ရှိနေတာလား...” ဝမ်ရန်မော့က ချူလျန်၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး “မိန်းကလေးရွှဲ့သာ ဒါကို ရရင် သေချာပေါက် ဝမ်းသာမှာပဲ... ချူလျန်... ခင်ဗျားသာ ဒါကို ကျုပ်ကို ပေးမယ်ဆိုရင်... ကျုပ် ခင်ဗျားကို တစ်သက်လုံး ကောင်းကောင်း ပေါင်းသွားမှာပါ...”
“ကျုပ် လာတာကလည်း ဒါကို ညီအစ်ကိုဝမ်ရန်ကို ပေးဖို့ပါပဲ...” ချူလျန်က ပြုံးလိုက်သည်။
“ဒီလိုပစ္စည်းမျိုးကို ရဖို့အတွက် ညီအစ်ကိုချူ တော်တော်လေး ပေးဆပ်ခဲ့ရမှာ သေချာတယ်... ခင်ဗျားကို အလကားသက်သက်တော့ အရှုံးမခံနိုင်ပါဘူး...” ဝမ်ရန်မော့က ချက်ချင်းပင် စဉ်းစားလိုက်တော့သည်။ “ကျုပ် ဘာပြန်ပေးရင် ကောင်းမလဲ...”
‘တကယ့်ကို လိမ္မာပါးနပ်တဲ့သူပါလား…’
ချူလျန် စိတ်ထဲမှ ချီးကျူးလိုက်မိ၏။ လူမှုဆက်ဆံရေး ကျွမ်းကျင်သော သူများနှင့် အလုပ်လုပ်ရသည်မှာ အလွန် သက်သောင့်သက်သာ ရှိလှပေသည်။
တစ်ဖက်လူသည် မိမိဘက်က တောင်းဆိုနေစရာမလိုဘဲ အပြန်အလှန် ပေးဆပ်ရန် အလိုလို သိရှိနေခြင်း ဖြစ်၏။ စီးပွားရေးအရ ကြည့်လျှင်လည်း ဤကဲ့သို့သော ဆက်ဆံရေးမျိုးက စိတ်ချမ်းသာစေသည် မဟုတ်ပါလော။
“ညီအစ်ကိုဝမ်ရန်နဲ့ ကျုပ်က မိတ်ဆွေတွေမဟုတ်လားဗျာ... ငွေတွေ ဘာတွေ ပြောနေရင် စိမ်းကားရာ ကျနေမှာပေါ့...” ချူလျန်က ပြုံးပြီး ပြောလိုက်သည်။
ဤစကားမှာ အမှန်တကယ်တွင် ဝမ်ရန်မော့ကို အရိပ်အမြွက် ပေးလိုက်ခြင်းပင် ဖြစ်၏။ ဆိုလိုသည်မှာ ဝိညာဉ်ကျောက်တုံးဒင်္ဂါးများကို မပေးရန် ပြောလိုက်ခြင်း ဖြစ်လေသည်။
ယခင်က သားရဲတစ်သောင်းခန်းမတွင် ပြဿနာရှာစဉ်က အဘယ်ကြောင့် မိစ္ဆာသားရဲဖြင့် ဆေးဖိုးပေးရန် တောင်းဆိုခဲ့ပါသနည်း…။
တစ်ချက်မှာ ဝိညာဉ်ကျောက်တုံးနှင့် ဆိုပါက ပဉ္စမအဆင့် မိစ္ဆာသားရဲတစ်ကောင်၏ ဈေးနှုန်းကို ရရန် ခက်ခဲသောကြောင့် ဖြစ်ပြီး၊ နောက်တစ်ချက်မှာ ဝိညာဉ်ကျောက်တုံးဒင်္ဂါးများသာ ရရှိခဲ့လျှင် အဆုံးသတ်ရလဒ်မှာ ထင်ရှားနေသောကြောင့် ဖြစ်ပေ၏။
ဆရာသခင် ပါဝင်ပတ်သက်နေသော မည်သည့် အကျိုးအမြတ်မဆို နောက်ဆုံးတွင် သုံးပုံခုနစ်ပုံ ခွဲတမ်းနှင့်သာ အဆုံးသတ်ရလေ့ ရှိသည် မဟုတ်ပါလော။
ပြီးခဲ့သည့်အခေါက်က နာကျင်စရာ အမှတ်တရများမှာ ချူလျန်၏ ရင်ထဲ၌ ရှိနေဆဲပင်။
ထို့အစား ဝိညာဉ်သားရဲများ သို့မဟုတ် ရတနာပစ္စည်းများ တောင်းဆိုလိုက်ခြင်းက ပို၍ ကောင်းမွန်လေသည်။ ထိုကဲ့သို့သော ပစ္စည်းများကို တိနွီဖုန့်က မျက်စိမကျသလို အသုံးလည်းမဝင်သဖြင့်၊ နောက်ဆုံးတွင် မိမိလက်ထဲ၌သာ ကျန်ရစ်မည် မဟုတ်ပါလော။
ဝမ်ရန်မော့သည် ချူလျန်၏ စကားထဲမှ ဆိုလိုရင်းကို ချက်ချင်း နားလည်လိုက်သည်။
‘ငွေ မလိုချင်ဘူးတဲ့လား…’
ဤသို့သာဆိုလျှင် အမှန်တကယ်တမ်း ပိုပြီး ခက်ခဲလှပေသည်။ အဘယ်ကြောင့်ဆိုသော် မိမိဘက်မှ ပေးမည့်ပစ္စည်းမှာ တန်ဖိုးမနည်းစေရန်နှင့် ချူလျန်ကို စိတ်ကျေနပ်မှုပေးနိုင်ရန်မှာ ကိုယ်တိုင် ဆုံးဖြတ်ရမည် ဖြစ်သောကြောင့်ပင်။
ခေတ္တအကြာတွင် သူသည် လက်သီးဆုပ်ခန့်ရှိသော နီရဲတောက်ပနေသည့် ပုလဲလုံးတစ်လုံးကို ထုတ်ယူလိုက်ရာ ဆန်းကြယ်သော အလင်းတန်းများ ထွက်ပေါ်နေလေသည်။
“ဒီ ကြာနီပုလဲကို ကျုပ် ပြီးခဲ့တဲ့ ရက်ပိုင်းက မတော်တဆ ရထားတာ... တန်ဖိုးကြီးမားပေမဲ့ ကျုပ်ကျင့်ကြံတဲ့ ပညာရပ်နဲ့ သိပ်မကိုက်ညီလို့ ထုတ်ရောင်းမလို့ လုပ်နေတာ... ဒါကို ညီအစ်ကိုချူအတွက် လျော်ကြေးအဖြစ် ပေးမယ်ဆိုရင် အသင့်တော်ဆုံး ဖြစ်လိမ့်မယ်...”
သူသည် ကြာနီပုလဲကို ချူလျန်ထံ ကမ်းပေးလိုက်သည်။
“ဒီပစ္စည်းက ငရဲဘုံအထိ ထိုးဖောက်နိုင်တဲ့ အလင်းတန်းကို ထုတ်လွှတ်နိုင်ပြီး မှောင်မိုက်တဲ့ ညမှာတောင် မိုင်ပေါင်းထောင်ချီ လင်းထိန်စေနိုင်တယ်... ပြီးတော့ ကြာပန်းပုံစံ နတ်မီးတောက်တွေကိုလည်း ဖန်တီးပေးနိုင်လို့ အမှောင်စွမ်းအားတွေနဲ့ မိစ္ဆာတွေကို နှိမ်နင်းရာမှာ အရမ်းစွမ်းတယ်… ညီအစ်ကိုချူအတွက် အသုံးဝင်မယ်ဆိုရင် လက်ခံပေးပါ... ကျေးဇူးပြုပြီး မငြင်းပါနဲ့…”
“အိုက်ယား... ဒီလိုဆိုရင်လည်း… ကောင်းပါပြီလေ...” ချူလျန်က မတတ်သာသလိုနှင့် လက်ခံလိုက်လေသည်။
ကြာနီပုလဲကို စစ်ဆေးကြည့်လိုက်ရာ ဝမ်ရန်မော့ပြောသည်မှာ အမှန်ပင် ဖြစ်ချေသည်။ ဤပစ္စည်းသည် အလွန် ပြင်းထန်သော ယန်စွမ်းအားရှိသည့် ပစ္စည်းတစ်ခု ဖြစ်၏။ အခြေခံချီစွမ်းအင် ထည့်သွင်းလိုက်ပါက အလင်းတန်း သို့မဟုတ် မီးတောက်များကို ထုတ်လွှတ်နိုင်ပြီး ကျင့်ကြံခြင်းအဆင့် မြင့်မားလေလေ၊ စွမ်းအား ကြီးမားလေလေ ဖြစ်ရာ ရေရှည်အသုံးပြုနိုင်သော ရတနာတစ်ခုပင် ဖြစ်ချေသည်။
ထို့နောက် သူသည် စောစောပိုင်းက သကောင့်သားသုံးဦးထံမှ ရရှိထားသော စာရင်းမှတ်တမ်းစာအုပ်ကို ဝမ်ရန်မော့ထံ ပေးအပ်လိုက်ပြီး “ဒါဆို ဒီသက်သေကို ညီအစ်ကိုဝမ်ရန်ကနေတဆင့် မိန်းကလေးရွှဲ့ဆီ ပေးလိုက်ပါဗျာ...” ဟု ပြောလိုက်သည်။
ကိစ္စများ ပြီးဆုံးသွားပြီ ဖြစ်သဖြင့် သူလည်း ပြန်ရန် ပြင်လိုက်တော့သည်။ လမ်းခွဲခါနီးတွင် ဝမ်ရန်မော့က စိတ်အားထက်သန်စွာဖြင့် တားလိုက်သေးသည်။
“ညီအစ်ကိုချူ... ရောက်တုန်းရောက်ခိုက် နတ်သမီးတစ်ပါးကို ရွေးပြီး နတ်ပြည်တက်ရတဲ့ ခံစားချက်ကို မြည်းစမ်းမကြည့်ချင်ဘူးလားဗျ...” သူက ရယ်မောပြီး မေးလိုက်သည်။
“နေပါစေ... နေပါစေ...” ချူလျန် အလျင်အမြန် လက်ခါလိုက်သည်။
“နတ်ပြည်တက်ဖို့ကို နောက်တစ်ခေါက်မှပဲ လုပ်ပါရစေတော့...”