သခင်မလေး၏ ဒေါသ
Vol. 13 Ch. 126
"မင်း ထပ်ရောက်လာပြန်ပြီလား..."
သားရဲတစ်သောင်းခန်းမဆောင်ရှေ့တွင် အကြီးအကဲချန်းရှင်းသည် ဝမ်ရန်မော့ကို ထပ်မံတွေ့ရှိလိုက်ရသောအခါ မျက်မှောင်ကြုတ်လိုက်မိလေသည်။
ရွှီဟုန်ချိုးက အကယ်၍ ဤလူ ထပ်မံနှောင့်ယှက်လာပါက၊ ပြင်းပြင်းထန်ထန် လက်တုံ့ပြန်ရန် စောစီးစွာကတည်းက မှာကြားထားခဲ့ဖူးသည်။ ပြီးခဲ့သည့်တစ်ခေါက်က သူ အတော်လေး လက်လွန်ခြေလွန် လုပ်ခဲ့သော်လည်း၊ ဤလူသည် မမှတ်သေးဘဲ ထပ်ရောက်လာလိမ့်မည်ဟု ထင်မထားမိချေ။
"စီနီယာ..." ဝမ်ရန်မော့က လက်နှစ်ဖက်ကို ချက်ချင်းမြှောက်လိုက်ပြီး အော်ဟစ်လိုက်လေ၏။ "ကျွန်တော့်မှာ သားရဲတစ်သောင်းခန်းမဆောင်ရဲ့ အမှုကိစ္စကို ဖြေရှင်းပေးနိုင်မယ့် အရေးကြီး သက်သေအထောက်အထား ပါလာပါတယ်..."
"ဘာသက်သေလဲ..." အကြီးအကဲချန်းရှင်းက လက်ဝါးစွမ်းအင်ကို စုစည်းလိုက်ပြီး၊ ဝမ်ရန်မော့၏စကား တစ်ခွန်းမှားသည်နှင့် ချက်ချင်းရိုက်သတ်ရန် ပြင်ဆင်လိုက်သည်။
သူသည် လူတိုင်းအပေါ် တိနွီဖုန့်အား ဆက်ဆံသကဲ့သို့ သဘောကောင်းနေမည် မဟုတ်ပေ။
"တကယ့်ကို အရေးကြီးတဲ့ သက်သေပါ... မိန်းကလေးရွှီကို ကိုယ်တိုင်ပေးချင်လို့..." ဝမ်ရန်မော့က ပြုံးပြီး ပြောလိုက်လေ၏။ "ကျေးဇူးပြုပြီး သတင်းပို့ပေးပါဦး..."
အကြီးအကဲချန်းရှင်းသည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် လက်အောက်ငယ်သားတစ်ဦးကို ရွှီဟုန်ချိုးထံ သတင်းပို့ရန် စေလွှတ်လိုက်လေသည်။ ခဏအကြာတွင် ဝမ်ရန်မော့အား အပေါ်ထပ်သို့ တက်ရောက်ရန် ဖိတ်ခေါ်လိုက်တော့သည်။
ဝမ်ရန်မော့တစ်ယောက် နောက်ဆုံးတွင် ဆန္ဒပြည့်ဝသွားပြီး ရွှီဟုန်ချိုးနှင့် မျက်နှာချင်းဆိုင် ထိုင်ခွင့်ရလိုက်လေသည်။
သူ၏ နှောင့်ယှက်မှုများအပေါ် ရွှီဟုန်ချိုးမှာ အလွန် စိတ်ပျက်နေခဲ့ပြီ ဖြစ်ချေ၏။ ဝေလငါးဂိုဏ်း၏ သခင်မလေးသည် အဆင့်အတန်းမြင့်မားခြင်း၊ ရုပ်ရည်ချောမောခြင်း၊ ကျင့်ကြံခြင်းအဆင့် မြင့်မားခြင်းတို့ကြောင့် သူမအနားသို့ ကပ်လိုသူမှာ တစ်ရာမက ရှိနေချေသည်။
အစပိုင်းတွင် ရွှီဟုန်ချိုးသည် ယဉ်ကျေးစွာ ငြင်းပယ်ခဲ့သော်လည်း၊ ထိုနည်းလမ်းမှာ အသုံးမဝင်ကြောင်း မကြာမီ တွေ့ရှိလိုက်ရသည်။ ထိုလူများသည် သူမ၏ ငြင်းပယ်မှုကို နူးညံ့မှုဟု ထင်မှတ်မှားကာ ပိုမို၍ နှောင့်ယှက်လာကြသည်။
နောက်ပိုင်းတွင် သူမသည် ခက်ထန်စွာ မောင်းထုတ်ခဲ့သော်လည်း၊ ထိုလူများသည် ပိုမို၍ပင် သဘောကျလာကြပြီး အချို့ဆိုလျှင် "အစ်မကြီး... ကျွန်တော့်ကို ရိုက်ပါ" ဟုပင် တောင်းဆိုလာကြလေသည်။
ထိုကဲ့သို့သော တောင်းဆိုမှုများကို ရွှီဟုန်ချိုးက ကျေနပ်စွာ ဖြည့်ဆည်းပေးလေ့ရှိသော်လည်း၊ ကိုယ်တိုင် လက်မပါတော့ဘဲ ဒေါသကြီးသော အကြီးအကဲချန်းရှင်းကိုသာ ကိုင်တွယ်စေခဲ့သည်။
သူမသည် ဝမ်ရန်မော့ကို ကြည့်လိုက်ပြီး မျက်နှာအမူအရာမှာ ရေခဲတမျှ အေးစက်နေဆဲပင်။
"ရှင်က သားရဲတစ်သောင်းခန်းမဆောင်ရဲ့ အတွင်းရေးနဲ့ပတ်သက်တဲ့ အရေးကြီးသက်သေကို ပေးမယ်လို့ ကြားတယ်..."
"ဟုတ်ပါတယ်..."
သူမ၏ရှေ့တွင်မူ ဝမ်ရန်မော့သည် ပေါ့ပေါ့ပါးပါး ခေါင်းညိတ်လိုက်ပြီး၊ ရတနာဖြင့် လဲလှယ်ရရှိခဲ့သော စာရင်းအင်းစာအုပ်ကို စားပွဲပေါ်တင်လိုက်လေသည်။
ရွှီဟုန်ချိုး လှန်လှောကြည့်ရှုလိုက်ရာ မျက်ဝန်းအိမ်များ ကျုံ့သွားရလေသည်။ စာအုပ်ထဲမှ အကြောင်းအရာများသည် သားရဲတစ်သောင်းခန်းမဆောင်၏ အမှုကိစ္စကို အမှန်တကယ်ပင် အမြစ်ပြတ် ဖြေရှင်းပေးနိုင်မည့်အရာများ ဖြစ်နေပြီး လိမ်ညာထားခြင်း မဟုတ်ပေ။
အတော်ကြာမှ သူမသည် ခေါင်းမော့လိုက်ပြီး ဝမ်ရန်မော့ကို ကြည့်ကာ မေးလိုက်လေသည်။ "ဒါကို ရှင် ဘယ်ကရတာလဲ..."
ဝမ်ရန်မော့က ပြုံးပြီး ဖြေလိုက်လေ၏။ "ကျွန်တော်က မိတ်ဆွေပေါတယ်လေ... ကျွန်တော့်ရဲ့ မိတ်ဆွေတစ်ယောက်က မိန်းကလေးရွှီအပေါ်ထားတဲ့ ကျွန်တော့်ရဲ့ စေတနာကို သိလို့ ရှာဖွေပေးတာပါ..."
"ဘယ်မိတ်ဆွေလဲ... ဘယ်လိုရလာတာလဲ... အသေးစိတ် ပြောပြနိုင်မလား..." ရွှီဟုန်ချိုးက ထပ်မေးလိုက်သည်။
"အသေးစိတ်ကိုတော့ သူ မပြောပြပါဘူး... အတိုချုပ်ပြောရရင် ရှုတောင်ဂိုဏ်းက မိတ်ဆွေတစ်ယောက်ပါ... သူလည်း တိုက်ဆိုင်လို့ ရခဲ့တာလို့ ထင်ပါတယ်..." ဝမ်ရန်မော့ စကားမဆုံးသေးမီ ရွှီဟုန်ချိုး၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို တွေ့လိုက်ရလေသည်။
"ချူလျန်လား..." သူမ သံသယဖြင့် မေးလိုက်လေ၏။
တောက်ထျယ်မြို့တွင် ရှုတောင်ဂိုဏ်းသားဟူ၍ များများစားစား မရှိလှသဖြင့်၊ သူမ စဉ်းစားလိုက်သည်နှင့် ထိုဆရာတပည့်နှစ်ယောက်ကို ချက်ချင်း သတိရလိုက်ခြင်း ဖြစ်သည်။
"မိန်းကလေးရွှီက သူ့ကို သိတာလား..." ဝမ်ရန်မော့က ပြန်မေးလိုက်သည်။ ရွှီဟုန်ချိုး၏ တုံ့ပြန်မှုမှာ ထူးဆန်းနေပြီး သူ မသိရှိသေးသော ဇာတ်လမ်းတစ်ပုဒ် ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။
"သူပဲ ဖြစ်ရမယ်..." ရွှီဟုန်ချိုး စဉ်းစားလိုက်ပြီးနောက် မျက်မှောင်ကြုတ်လိုက်မိလေ၏။
ခဏတာအတွင်း သူမ စဉ်းစားမိလိုက်သည်မှာ ချူလျန်သည် အဘယ်ကြောင့် ဤအရာကို အစောပိုင်း လာရောက်ပြဿနာရှာစဉ်က မထုတ်ဘဲ၊ ယခုမှ ဝမ်ရန်မော့မှတဆင့် ပေးပို့ရသနည်းဟူသော အချက်ပင်။
ဤသက်သေသည် ရွှီနန်လင်အား ချက်ချင်း သေစေနိုင်လောက်သော အရာဖြစ်သည် မဟုတ်ပါလော။
သို့သော် မကြာမီ သူမ သဘောပေါက်သွားတော့သည်။
ချူလျန်သည် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းပင်။
အကယ်၍ သူတို့ လာရောက်ကလဲ့စားချေစဉ်၊ ဤသက်သေကို ထုတ်ပြခဲ့ပါက ရွှီနန်လင်၏ ပြစ်မှုများ ပေါ်ပေါက်သွားမည်ဖြစ်ပြီး၊ ရွှီနန်လင် သေချာပေါက် သေလမ်းသို့ ရောက်သွားမည် ဖြစ်ချေ၏။
မိမိအနေဖြင့် သူ့ကို သေချာပေါက် ကာကွယ်ပေးတော့မည် မဟုတ်ပေ။
သူတို့ဆရာတပည့်ကို တရားမျှတမှု ပေးရန်အတွက် မိမိကိုယ်တိုင် ရွှီနန်လင်ကို သတ်ဖြတ်မိလိမ့်မည်။ ထိုသို့ဆိုလျှင် သူတို့အတွက်လည်း ကျေနပ်စရာဖြစ်သလို၊ ဝေလငါးဂိုဏ်းအတွက်လည်း သစ္စာဖောက်ကို ရှင်းလင်းပြီးသား ဖြစ်သွားပေလိမ့်မည်။
သို့သော် ထိုသို့ဖြစ်ခဲ့လျှင် သူတို့ လျော်ကြေးတောင်း၍ ရတော့မည် မဟုတ်ပေ။
အပြစ်ရှိသော ရွှီနန်လင်သည် တန်ဖိုးမရှိပေ။ အပြစ်ကင်းသော ရွှီနန်လင်ကိုသာ မိမိက မဖြစ်မနေ ကာကွယ်ပေးရမည်ဖြစ်ပြီး၊ ထိုမှတဆင့် သူတို့က ပဉ္စမအဆင့် မိစ္ဆာသားရဲတစ်ကောင်ကို လျော်ကြေးအဖြစ် တောင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ကိစ္စပြီးဆုံးသွားပြီဟု ထင်ရချိန်ကျမှ ဤသက်သေကို ထုတ်ပေးလိုက်ခြင်းဖြင့်၊ သူမ မြင်တွေ့လိုက်သည်နှင့် ရွှီနန်လင် သေချာပေါက် သေရမည် ဖြစ်၏။
ချူလျန်၏ ကလဲ့စားချေမှုလည်း အောင်မြင်သွားမည် ဖြစ်ချေသည်။
ဤလုပ်ရပ်ကြောင့် သူတို့သည် သားရဲတစ်သောင်းခန်းမဆောင်ထံမှ ပဉ္စမအဆင့် မိစ္ဆာသားရဲတစ်ကောင်ကို အလကားရယူသွားခြင်းနှင့် တူညီနေပေသည်။
"ချူလျန်..."
သူမ ထိုနာမည်ကို ရေရွတ်လိုက်ရင်း စိတ်ခံစားချက်များ ရှုပ်ထွေးနေမိလေသည်။
ဒင်းက မိမိအတွက် အတွင်းသစ္စာဖောက်ကို ရှင်းထုတ်ပေးပြီး အမှုကိစ္စကို ဖြေရှင်းပေးခဲ့သော်လည်း လုံးဝ ပျော်ရွှင်၍ မရနိုင်ချေ။
ရွှီဟုန်ချိုးက မိမိရှေ့တွင် ချူလျန်၏နာမည်ကို နှစ်ကြိမ်တိုင်တိုင် ရေရွတ်နေသည်ကို ကြားသောအခါ၊ ဝမ်ရန်မော့က မျက်တောင်ခတ်လိုက်ပြီး မျက်နှာသာယူလိုဇောဖြင့် ပြောလိုက်လေသည်။
"ညီအစ်ကိုချူ ဘယ်လိုရခဲ့လဲဆိုတာတော့ မသိပေမဲ့၊ ကျွန်တော် ဒီစာရင်းအင်းစာအုပ်ကို ရဖို့အတွက် အများကြီး ပေးဆပ်ခဲ့ရတာပါ... ကျွန်တော် သူ့ကိုပေးခဲ့တဲ့ ရတနာက..."
"ဘာ..." ရွှီဟုန်ချိုးခမျာ ထပ်မံအံ့သြသွားရပြန်သည်။ "ဒီစာရင်းအင်းစာအုပ်ကို ရှင်က ရတနာနဲ့ လဲလှယ်ခဲ့ရတာလား..."
"ဟုတ်တာပေါ့... ဘယ်သူကများ ကျွန်တော့်ကို အလကား ပေးမှာလဲ..." ဝမ်ရန်မော့က ပြောလိုက်လေသည်။
ရွှီဟုန်ချိုးခမျာ မူလက ချူလျန်သည် သားရဲတစ်သောင်းခန်းမဆောင်ကို ခြိမ်းခြောက်ငွေညှစ်ပြီးနောက်၊ မိတ်ဆွေတစ်ယောက်မှတဆင့် သက်သေကို ပို့ပေးလိုက်သည်ဟု ထင်မှတ်ခဲ့မိ၏။
တကယ်တမ်းတွင်မူ ဤသက်သေတစ်ခုတည်းဖြင့်ပင် သူသည် ရတနာတစ်ခုကိုပါ ထပ်မံ ရယူသွားခဲ့သည်လော...။
သူနှင့် ရွှီနန်လင်တို့တွင် ရန်ငြိုးရှိသဖြင့် ဤပစ္စည်းကို မည်သို့ပင်ဖြစ်စေ မိမိလက်ထဲသို့ ရောက်အောင် ပေးပို့ရမည် ဖြစ်သော်လည်း၊ ထိုအခွင့်အရေးကိုပင် အသုံးချပြီး အကျိုးအမြတ် ရယူသွားသေးသည်။
‘တကယ့်ကို...’
ထိုဆရာတပည့်တို့ ထွက်ခွာသွားစဉ်က ကျောပြင်များကို ပြန်လည် မြင်ယောင်မိလိုက်သည်။
ယခုပြန်တွေးကြည့်လျှင် ထိုအရာမှာ မြေခွေးတစ်ကောင်နှင့် ကျားကြီးတစ်ကောင်၏ ကျောပြင်များသာ ဖြစ်ချေ၏။
ဝေလငါးဂိုဏ်းသခင်မလေး၏ လက်သီးဆုပ်များ တင်းကျပ်သွားပြီး၊ အံကိုကြိတ်ကာ သွားကြားမှ ထိုနာမည်ကို ရေရွတ်လိုက်မိတော့သည်။
"ချူလျန်..."
... ...
"ဟတ်ချိုး... ဟတ်ချိုး... ဟတ်ချိုး..."
ချူလျန် သုံးကြိမ်ဆက်တိုက် နှာချေလိုက်ပြီး၊ နှာခေါင်းကိုပွတ်ကာ အဝေးသို့ သံသယဖြင့် လှမ်းကြည့်လိုက်မိလေသည်။ ထို့နောက်မှ နောက်လှည့်ပြီး ပထမတန်းစားဓားလုပ်ငန်း၏ တံခါးပေါက်ထဲသို့ ဝင်ရောက်လာခဲ့လေ၏။
ဓားလုပ်ငန်းထဲသို့ ပြန်ရောက်သောအခါ တိနွီဖုန့်ကို မတွေ့ရသဖြင့်၊ ရှေ့ခန်းမသို့ သွားရောက်ကာ ရွှီစွေ့ကို မေးမြန်းလိုက်လေသည်။ "အစ်ကိုကြီးရွှီ... ကျုပ်ရဲ့ဆရာသခင်ရော..."
"စီနီယာတိနွီဖုန့်က..." ရွှီစွေ့က ထူးဆန်းသောမျက်နှာပေးဖြင့် ပြောလိုက်လေ၏။ "သူမ နောက်ဖေးဘက် တောင်ကုန်းမှာ ရွှေရောင်ဟူကောင်နဲ့ တစ်ယောက်ချင်း ချနေတယ်..."
"အမ်..."
ဟူကောင်နဲ့ တစ်ယောက်ချင်း ချနေတယ်တဲ့လား...။
ဒါ ဘာဇာတ်လမ်းကြီးလဲ...။
ချူလျန်သည် နောက်ဖေးတောင်ကုန်းသို့ အလျင်အမြန် ပြေးသွားလိုက်လေသည်။ တိုက်ပွဲဇာတ်လမ်းကို မမှီလိုက်သော်လည်း၊ 'ဆရာမေတ္တာနှင့် ဟူကောင်လေး၏ ရိုသေမှု' ဇာတ်လမ်းကို မြင်တွေ့လိုက်ရလေ၏။
တိနွီဖုန့်သည် လက်ကိုမြှောက်ပြီး ပြုံးရွှင်စွာဖြင့် အမိန့်ပေးနေသည်ကို တွေ့လိုက်ရသည်။ "လက်ပေး... ဟုတ်ပြီ... ဘယ်ဘက်လက်... လာ... ထိုင်... လှိမ့်လိုက်..."
ရှေ့ဘက်တွင် တစ်ကျန်းခန့်မြင့်မားသော ဧရာမခန္ဓာကိုယ်ကြီးသည် ရွှေရောင်အမွေးများ လှုပ်ခတ်သွားအောင် လှိမ့်နေပြီး သူမ၏ အမိန့်မှန်သမျှကို လိုက်နာနေလေသည်။
ရွှေရောင်ဟူကောင်ကြီး၏ ခေါင်းပေါ်တွင် အဖုအပိမ့်များဖြင့် ပြည့်နှက်နေသော်လည်း၊ မျက်နှာတွင်မူ အချိုသပ်သော အပြုံးများ ရှိနေလေသည်။
ပြောရလျှင် ထိုခေါင်းကြီးကြီးနှင့် ပြုံးနေသည်မှာ အတော်လေး ရယ်စရာကောင်းလှပေသည်။
"ဆရာသခင်... ဘာလုပ်နေတာလဲ..." ချူလျန် ရှေ့တိုးပြီး မေးလိုက်လေသည်။
"ငါက သူနဲ့ စိတ်ချင်းဆက်သွယ်နေတာလေ..." တိနွီဖုန့်က ရယ်မောပြီး ပြောလိုက်လေသည်။ "သားရဲတစ်သောင်းခန်းမဆောင်က လူတွေ မလိမ်ဘူး... ဒီကောင်လေးက တကယ်ကို လိမ္မာသား..."
"..." ချူလျန် ပါးစပ်ဟသွားရလေသည်။
"ဒီကောင်လေး" ဆိုသည်၏ ယခင်တုန်းက သံကြိုးများ ဝါးစားနေခဲ့သော ပုံစံကို ပြန်တွေးမိပြီး စိတ်ကူးယဉ်မှုများ ပျက်စီးသွားရလေသည်။
အမှန်တကယ်တွင် သားရဲတစ်သောင်းခန်းမဆောင်မှ လူများက သူတို့ကို မလိမ်ညာခဲ့ကြပေ။
"ဟူ" ဟူသော ဝိညာဉ်သားရဲများသည် သခင်နှင့် မိသားစုဝင်များအပေါ် အလွန်ရင်းနှီးပြီး၊ သူစိမ်းများကိုလည်း ရန်မမူတတ်ပေ။ မကောင်းသောရည်ရွယ်ချက်ရှိသည့် ရန်သူများနှင့် တွေ့မှသာ ပြင်းထန်သော တိုက်ခိုက်လိုစိတ်များ ပေါက်ကွဲထွက်လာတတ်ပြီး၊ ရည်ရွယ်ချက်မှာလည်း ကိုယ့်သခင်ကို ကာကွယ်ရန်သာ ဖြစ်လေသည်။
အစောပိုင်းက တိနွီဖုန့်၏ အရှိန်အဝါဖြင့် ဖိနှိပ်လိုက်ခြင်းကြောင့် ရွှေရောင်ဟူကောင်က သူမကို ရန်သူဟု အထင်မှားသွားပြီး တိုက်ခိုက်လိုစိတ်များ ပြသခဲ့ခြင်း ဖြစ်သည်။
သို့သော်...။
တိနွီဖုန့်၏ စိတ်ရှည်လက်ရှည် "စိတ်ချင်းဆက်သွယ်မှု" ပြီးနောက်၊ ယခုအခါ ရွှေရောင်ဟူကောင် နားလည်သွားခဲ့ချေပြီ။
ဘယ်မှာ ရန်သူရှိလို့လဲ... ဒါက ငါ့ရဲ့ ချစ်လှစွာသော သခင်ကောင်းကြီးပါ...။
သခင်က ငါ့ကို လှိမ့်ခိုင်းရင်၊ ငါက နှစ်ပတ် လှိမ့်ပြရမှာပေါ့...။
ဂါး... ဂါး... ဂါး...။
ချူလျန်နှင့် ကြမ်းကြုတ်သော သတ္တဝါနှစ်ကောင် နောက်ဖေးတောင်ကုန်းတွင် ပျော်ရွှင်နေကြစဉ်၊ ရုတ်တရက် ဓားလုပ်ငန်းဘက်မှ ကောင်းကင်ကွဲမတတ် ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာလေ၏။
ဝုန်း...
ကောင်းကင်ပြာကို ထိုးဖောက်သွားသော ဓားချီအလင်းတန်းကြီးတစ်ခုသည် မိုးကောင်းကင်ထက်သို့ ထိုးတက်သွားပြီး၊ ကောင်းကင်ကိုးဆင့်အထိ ရောက်ရှိသွားလေသည်။ ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေပြီး၊ မျက်စိဖြင့်မြင်နိုင်သော အရှိန်အဝါကြီးမားသည့် စွမ်းအားများ ပါဝင်နေချေသည်။
ဓားချီ မိုးသို့ပျံတက်ခြင်း...။
ချူလျန်သည် ထိုအရာက ဘာကိုဆိုလိုသည်ကို သေချာပေါက် သိရှိလိုက်လေတော့သည်။
"ဓားအောင်မြင်သွားပြီလား..."