← Chapters

ဝူချန်ဓား

Vol. 13 Ch. 127

ဝူချန်ဓား

Vol. 13 Ch. 127

ဓားချီစွမ်းအင်သည် ကောင်းကင်ယံသို့ ထိုးတက်သွားပြီး မဟာတာအိုသံစဉ်များ မြည်ဟိန်းသွားလေသည်။

တောက်ထျယ်မြို့တစ်ခုလုံးရှိ လူတိုင်းမှာ ဤဓားချီတိုင်ကြီးကို မြင်တွေ့လိုက်ကြရသည်။ သူတို့အတွက်မူ ဤမြင်ကွင်းသည် စိမ်းသက်နေခြင်း မရှိတော့ပေ။ ဆရာရွှီခွန်းဝူတစ်ယောက် သမိုင်းတွင်ကျန်ရစ်မည့် ဓားကောင်းတစ်လက်ကို ထပ်မံ၍ သွန်းလုပ်အောင်မြင်လိုက်ပြီဖြစ်ကြောင်း လူတိုင်း သိရှိကြလေ၏။

တောက်ထျယ်မြို့တွင် အကြီးအကဲများနှင့် ပူဇော်ခံပုဂ္ဂိုလ်များ မရေမတွက်နိုင်အောင် များပြားသော်လည်း၊ အထူးတလည် စွမ်းဆောင်ချက်မရှိပါက သာမန် သတ္တမအဆင့် မဟာဆရာသခင်ကြီးများပင်လျှင် ဒုတိယအဆင့် ပူဇော်ခံပုဂ္ဂိုလ်အဖြစ်သာ သတ်မှတ်ခံရလေ့ရှိသည်။ ပထမအဆင့် ပူဇော်ခံပုဂ္ဂိုလ်ဟူ၍ (၄) ဦးသာ ရှိလေသည်။

ရွှီခွန်းဝူသည် ထိုလေးဦးထဲတွင် ပါဝင်ပြီး၊ ဤလောက၏ ထိပ်တန်း ဓားသွန်းလုပ်နိုင်စွမ်းကို မှီခို၍ ရပ်တည်နေခြင်းဖြစ်ရာ မည်သူမျှ သံသယဝင်ရဲခြင်း မရှိကြချေ။

အဘယ်ကြောင့်ဆိုသော် ဓားသွန်းလုပ်ခြင်းသည် အလွန် အရေးပါသောကြောင့်ပင် ဖြစ်သည်။

ကျင့်ကြံခြင်းလောကတွင် လက်ရှိ အများလက်ခံထားသော အယူအဆမှာ တိုက်ခိုက်ရေးစွမ်းရည်အပေါ် သက်ရောက်မှု၌ ပထမမှာ ကျင့်ကြံခြင်းအဆင့်၊ ဒုတိယမှာ မှော်ဝင်လက်နက်၊ တတိယမှာ တန်ခိုးစွမ်းရည်တို့ ဖြစ်ကြပေသည်။

အကယ်၍ လူနှစ်ဦး တိုက်ခိုက်ကြပါက ပုံမှန်အားဖြင့် ကျင့်ကြံခြင်းအဆင့်မြင့်သူက အနိုင်ရလေ့ရှိသည်။ ရှားပါးသော ပါရမီရှင်အချို့နှင့် အထူးအခြေအနေများမှလွဲ၍ အဆင့်ကျော်တိုက်ခိုက်ရန်မှာ အလွန် ခက်ခဲလှပေ၏။ အဆင့်ငယ်လေးတစ်ခု ကွာခြားလျှင်ပင် ကျော်ဖြတ်ရန် ခက်ခဲလှသည်။

အကယ်၍ နှစ်ဦးသား၏ ကျင့်ကြံခြင်းအဆင့် တူညီနေပါက လက်နက်နှင့် မှော်ဝင်ပစ္စည်းများသည် အလွန် အရေးပါလာပြီး၊ တိုက်ပွဲ၏ အဖြေကိုပင် ပြောင်းလဲသွားစေနိုင်လေသည်။

အခြေအနေကို အကောင်းဆုံး ရှင်းပြနိုင်သည်မှာ မြင့်မြတ်ဂိုဏ်း (၉) ဂိုဏ်းနှင့် မြေကမ္ဘာဂိုဏ်း (၁၀) ဂိုဏ်းတို့ပင် ဖြစ်ချေသည်။

မြင့်မြတ်ဂိုဏ်း (၉) ဂိုဏ်း ဖြစ်လာရခြင်းမှာ 'ကမ္ဘာမြေ ရတနာတစ်သောင်း မှတ်တမ်း' ၏ ထိပ်ဆုံးတွင်ရှိသော တန်ခိုးရှင်လက်နက်များကို ပိုင်ဆိုင်ထားသောကြောင့် ဖြစ်၏။ မြေကမ္ဘာဂိုဏ်း (၁၀) ဂိုဏ်းသည် အောက်တွင် နေရခြင်းမှာ ထိုကဲ့သို့သော တန်ခိုးရှင်လက်နက်များ မရှိသောကြောင့်ပင်။

လူသားတို့၏ အခြေအနေသည် အမြဲ ပြောင်းလဲနေတတ်ပြီး၊ အစွမ်းထက်သူများ ပေါ်ထွက်လာလျှင်လည်း ခေတ်တစ်ခေတ်ကိုသာ လွှမ်းမိုးနိုင်ကြသည်။

ရာစုနှစ်များစွာကြာလာသည်နှင့်အမျှ မျိုးဆက်များ ပြောင်းလဲသွားကြရာ၊ အချို့သော မြေကမ္ဘာဂိုဏ်းများ၏ စုစုပေါင်းအင်အားသည် မြင့်မြတ်ဂိုဏ်းအချို့ထက် သာလွန်သွားခြင်းမှာ ဖြစ်လေ့ဖြစ်ထရှိသော ကိစ္စဖြစ်သည်။ သို့သော် ထိုသို့ဖြစ်လင့်ကစား မည်သည့် မြေကမ္ဘာဂိုဏ်းမှ အထက်သို့ တက်လှမ်းနိုင်ခြင်း မရှိခဲ့ချေ။

အဘယ်ကြောင့်ဆိုသော် တန်ခိုးရှင်လက်နက်များက ပြောင်းလဲခြင်း မရှိသောကြောင့်ပင်။

ကိုးခုမြောက်အဆင့်ဖြစ်သော ကူးပြောင်းခြင်းအဆင့်သည် လောကတွင် ပြိုင်ဘက်ကင်းပြီး လူသားတို့၏ အထွတ်အထိပ်ဖြစ်သော်လည်း၊ နှစ်တစ်ထောင်မှ တစ်ကြိမ်သာ ပေါ်ပေါက်လာတတ်သဖြင့် ထည့်သွင်းပြောဆိုရန် လိုအပ်မည် မဟုတ်ပေ။

၎င်းအောက်ရှိ ရှစ်ခုမြောက်အဆင့် ကောင်းကင်မူလအဆင့်သည်သာ မြင့်မြတ်ဂိုဏ်း (၉) ဂိုဏ်းနှင့် မြေကမ္ဘာဂိုဏ်း (၁၀) ဂိုဏ်းတို့တွင် ရှိတတ်သော ထိပ်တန်းတိုက်ခိုက်ရေးအင်အားများ ဖြစ်ကြလေသည်။

ကောင်းကင်မူလအဆင့်ကို ပိုင်ဆိုင်ထားကြသော ရှစ်ခုမြောက်အဆင့် မဟာဆရာသခင်ကြီးများ အချင်းချင်းတွင် အားနည်းချက်၊ အားသာချက် အနည်းငယ် ကွာခြားမှု ရှိနိုင်သော်လည်း အနိုင်အရှုံး ခွဲခြားရန်မှာမူ ခက်ခဲလှပေသည်။

နှစ်ဖက်စလုံးက သေသည်အထိ တိုက်ခိုက်ရန် ဆုံးဖြတ်မထားသရွေ့၊ ကမ္ဘာပျက်မတတ် တိုက်ခိုက်လျှင်ပင် တစ်ဖက်လူကို သတ်ဖြတ်နိုင်ရန် ခဲယဉ်းလှ၏။ သို့သော် တန်ခိုးရှင်လက်နက်တစ်ခု၏ အားဖြည့်မှုသာ ပါဝင်လာလျှင်မူ အခြေအနေမှာ လုံးဝ ကွာခြားသွားတော့သည်။

ရှစ်ခုမြောက် ကောင်းကင်မူလအဆင့် ကျင့်ကြံသူတစ်ဦးနှင့် တန်ခိုးရှင်လက်နက်တစ်ခု ပေါင်းစပ်လိုက်ပါက တိုက်ခိုက်ရေးစွမ်းရည်ကို နောက်ထပ် အဆင့်တစ်ခုသို့ မြှင့်တင်ပေးနိုင်သည်။

ကူးပြောင်းခြင်းအဆင့်အောက် နိမ့်သော်လည်း ကောင်းကင်မူလအဆင့်ထက် သာလွန်သော အဆင့်တစ်ခုသို့ ရောက်ရှိသွားခြင်း ဖြစ်သည်။ ကျင့်ကြံခြင်းလောကတွင် ယင်းကို "အဆင့်ရှစ်နှင့်တစ်ဝက်" သို့မဟုတ် "ကောင်းကင်မူလသတ်ဖြတ်ခြင်းအဆင့်" ဟု ခေါ်ဝေါ်ကြလေသည်။

ထိုနာမည်၏ အဓိပ္ပာယ်မှာ နားလည်ရန် လွယ်ကူလှပေသည်။

ကောင်းကင်မူလအဆင့် ကျင့်ကြံသူနှစ်ဦး တိုက်ခိုက်ရာတွင် တစ်ဦးက တန်ခိုးရှင်လက်နက်၏ အားဖြည့်မှုကို ရရှိထားပါက၊ တစ်ဖက်လူကို သတ်ဖြတ်နိုင်သော စွမ်းအားကို ပိုင်ဆိုင်သွားပြီဖြစ်သဖြင့် "ကောင်းကင်မူလသတ်ဖြတ်ခြင်း" ဟု ခေါ်ဆိုခြင်း ဖြစ်၏။

လူသားအထွတ်အထိပ်အဆင့်များ မပေါ်ထွန်းသေးသော ယခုခေတ်ကာလတွင် "ကောင်းကင်မူလသတ်ဖြတ်ခြင်း" သည်သာ လူ့လောက၏ အစစ်အမှန် တိုက်ခိုက်ရေးစွမ်းအား အထွတ်အထိပ်ပင် ဖြစ်ချေသည်။

ရှုတောင်ဂိုဏ်းသည် တစ်ချိန်က လောက၏ လမ်းမှန်ဂိုဏ်းများကို ဦးဆောင်နိုင်ခဲ့ခြင်းမှာ သူတို့၏ 'မိစ္ဆာနှိမ်စေတီ' သည် လူ့လောက၏ အစွမ်းအထက်ဆုံး တန်ခိုးရှင်လက်နက် ဖြစ်ခဲ့သောကြောင့်ပင်။

ကောင်းကင်မူလအဆင့် ကျင့်ကြံသူအနည်းငယ် ပူးပေါင်း၍ မိစ္ဆာနှိမ်စေတီကို အသက်သွင်းလိုက်ပါက ကူးပြောင်းခြင်းအဆင့်ရှိ မိစ္ဆာနတ်ဘုရားကိုပင် စိန်ခေါ်အနိုင်ယူနိုင်ခဲ့သည်။ ထိုသမိုင်းဝင်မှတ်တမ်းများကြောင့် မည်သူမျှ မယှဉ်ပြိုင်ရဲခဲ့ကြချေ။

ယခုခေတ်တွင် ရှုတောင်ဂိုဏ်း ကျဆင်းလာရခြင်းမှာ ရှုတောင်ဂိုဏ်းသားများ အားနည်းသွားသောကြောင့် မဟုတ်ဘဲ၊ ဂိုဏ်းတွင် ထိပ်တန်း "ကောင်းကင်မူလသတ်ဖြတ်ခြင်း" အဆင့်အင်အား ကင်းမဲ့သွားသောကြောင့်သာ ဖြစ်လေသည်။

ထို့ကြောင့် အခြားသော မြင့်မြတ်ဂိုဏ်းများနှင့် ယှဉ်ပြိုင်ရာတွင် ပဋိပက္ခအသေးစားများ၌ မရှုံးနိမ့်နိုင်သော်ငြား၊ ထိပ်တန်းအရင်းအမြစ်များ လုယူရာတွင်မူ အမြဲတမ်း အရေးနိမ့်နေရပြီး တဖြည်းဖြည်း ကျဆင်းလာရခြင်းမှာ ရှောင်လွှဲ၍မရသော ကိစ္စဖြစ်နေချေသည်။

သို့သော် ဘိုးဘေးများ၏ အမွေအနှစ်များ ရှိနေသေးသဖြင့် ရှုတောင်ဂိုဏ်း မည်မျှကျဆင်းစေကာမူ မြေကမ္ဘာဂိုဏ်း (၁၀) ဂိုဏ်းကို ဖိနှိပ်ထားနိုင်သော ကြီးမားသည့် အင်အားရှိနေဆဲဖြစ်ရာ၊ အနေရခက်သော အခြေအနေဖြင့် ဆက်လက် ရပ်တည်နေနိုင်ခြင်း ဖြစ်သည်။

ကျင့်ကြံခြင်းလောက၏ လက်ရှိအခြေအနေကို ရှေးထုံးစံအတိုင်း "မြင့်မြတ်ဂိုဏ်း (၉) ဂိုဏ်း၊ မြေကမ္ဘာဂိုဏ်း (၁၀) ဂိုဏ်း" ဟု ပြောနိုင်သလို၊ "မြင့်မြတ်ဂိုဏ်း (၈) ဂိုဏ်း၊ မြေကမ္ဘာဂိုဏ်း (၁၁) ဂိုဏ်း" ဟု ပြောလျှင်လည်း ရနိုင်ပေသည်။ သို့သော် ထိုသို့ခေါ်ဝေါ်ခြင်းမှာ နားထောင်ရ ဆိုးလွန်းလှ၏။

မူလကျင့်ကြံခြင်းအဆင့်အပေါ်တွင် နောက်ထပ် အဆင့်တစ်ဝက် ထပ်ပေါင်းပေးနိုင်ခြင်း၊ ဤသည်မှာ မှော်ဝင်လက်နက်များ၏ စွမ်းအားပင် ဖြစ်ချေသည်။

ထို့ကြောင့် ထူးချွန်သော ဓားသွန်းလုပ်သူတစ်ဦးသည် အင်အားစုတစ်ခုအတွက် အလွန်အရေးပါပြီး၊ မည်မျှပင် လေးစားသမှုပြုသည်ဖြစ်စေ လွန်သည်မဟုတ်ပေ။

……

"အဖေ..."

ရွှီစွေ့သည် တိနွီဖုန့်နှင့် ချူလျန်တို့ကို ခေါ်ဆောင်ပြီး တဲအိမ်လေးထဲသို့ ဝင်ရောက်လာခဲ့သည်။ ဝင်လိုက်သည်နှင့် ပင်လယ်ကဲ့သို့နက်ရှိုင်းပြီး တောင်တန်းကဲ့သို့မြင့်မားသော တားမြစ်အစီအရင်တစ်ခု ရှိနေသော်လည်း သူ့တွင် ဝင်ရောက်နည်း ရှိပြီးသား ဖြစ်သည်။ လက်ဟန်တစ်ချက် ပြုလုပ်လိုက်ရာ လေထုသည် လှုပ်ခတ်သွားလေ၏။

ဝုန်း...

မျက်စိရှေ့မှ မြင်ကွင်းများ ပြောင်းလဲသွားပြီး တံခါးခုံကို ကျော်ဖြတ်လိုက်သည်နှင့်၊ သူတို့သုံးဦး၏ ခန္ဓာကိုယ်သည် မြစ်ကမ်းပါးတစ်ခု၏ ဘေးသို့ ရောက်ရှိသွားလေသည်။ တောင်နံရံအောက်တွင် ကြီးမားသော မီးဖိုကြီးတစ်ခု ရှိနေပြီး၊ ကြီးမားသော ဓားချီတိုင်ကြီးသည် ထိုနေရာမှ ပန်းထွက်နေခြင်း ဖြစ်၏။

ရွှီခွန်းဝူသည် အပေါ်ပိုင်းဗလာကျင်းထားပြီး ကြေးနီရောင် ကြွက်သားများကို ထုတ်ဖော်ကာ၊ မီးဖိုကြီးအောက်ရှိ ကြီးမားသော အစီအရင် လည်ပတ်မှုကို ဦးဆောင်နေလေသည်။

ဘေးပတ်လည်တွင် ကျင့်ကြံခြင်းအဆင့် မနိမ့်ကျသော ကျင့်ကြံသူ (၁၆) ဦးက နေရာယူထားပြီး အစီအရင်ကို ကူညီထိန်းချုပ်ပေးနေကြသည်။ ၎င်းတို့အားလုံးမှာ သူ၏တပည့်များဖြစ်ကြကာ၊ ဓားသွန်းလုပ်ရာတွင် မရှိမဖြစ်လိုအပ်သော အကူအညီများ ဖြစ်ကြလေသည်။

ဓားချီများ ပန်းထွက်ခြင်း ပြီးဆုံးသွားသောအခါ ရွှီခွန်းဝူ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ပေါ်လာပြီး၊ လက်ညှိုးထောင်ကာ အော်ဟစ်လိုက်လေသည်။

"ဓားကို ဆွဲတင်စမ်း..."

ချူလျန်က အနည်းငယ် စိုးရိမ်တကြီးဖြင့် တိုးတိုးလေး မေးလိုက်မိသည်။ "မပြီးသေးဘူးလား..."

"အောင်မြင်သွားပါပြီ... အခုက အချောသတ်နေတာ..." ရွှီစွေ့၏ မျက်နှာတွင်လည်း စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပြီး "အဖေ့လက်ထဲမှာ သမိုင်းတွင်မယ့် ဓားကောင်းတစ်လက် ထပ်ပြီး ပေါ်ထွက်လာတော့မယ်..." ဟု ပြောလိုက်လေသည်။

ဘုန်း...

မီးဖိုထဲမှ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး၊ အနီရောင်အလင်းတန်းများ လွှမ်းခြုံထားသော ဓားပုံရိပ်တစ်ခုသည် မီးဖိုထဲမှ ဖြည်းညှင်းစွာ ပျံတက်လာလေသည်။

"ဓားကို ဆေးကြောမယ်..."

ရွှီခွန်းဝူက ထပ်မံ အော်ဟစ်လိုက်ပြီး၊ လက်ညှိုးညွှန်ကာ ဓားအလင်းတန်းကို ဘေးနားရှိ စီးဆင်းနေသော မြစ်ရေထဲသို့ ဆွဲချလိုက်ရာ ရေခိုးရေငွေ့များ ချက်ချင်း ပန်းထွက်လာတော့သည်။

ရှဲ...

နတ်မီးတောက်ထဲမှ ထွက်လာသော ဓားသည် မြစ်ရေထဲသို့ ကျရောက်သွားသည်နှင့် တပြိုင်နက်၊ ရေခိုးရေငွေ့ဖြူများ ဖုံးလွှမ်းသွားပြီး လှိုင်းတံပိုးများ ပြင်းထန်စွာ ဖြစ်ပေါ်လာကာ မြစ်ရေစီးဆင်းမှုပင် ရပ်တန့်လုနီးပါး ဖြစ်သွားရ၏။

မြစ်ကမ်းပါးရှိ လူများနှင့် ရွှီခွန်းဝူ၏ ပုံရိပ်ကို မမြင်ရတော့သည့်အထိ ဖြစ်သွားပြီးမှသာ ထိုရေငွေ့ပျံသံများ ရပ်တန့်သွားလေသည်။

ထို့နောက် သူ၏ ခန့်ညားထည်ဝါသော ပုံရိပ်သည် ရေခိုးရေငွေ့များကြားမှ ထွက်ပေါ်လာသည်။ သူသည် အဝတ်အစားများကို ဝတ်ဆင်ပြီးဖြစ်ကာ၊ မျက်လုံးများသည် မီးဖိုထဲမှ မီးတောက်များကဲ့သို့ တောက်ပနေလေသည်။

သူ၏ လက်ဖဝါးပေါ်တွင် ဓားတစ်လက်ကို ကိုင်ဆောင်ထားသည်။

ထိုဓားသည် (၄) ပေခန့် ရှည်လျားပြီး လက်သုံးလုံးခန့် ဗျက်ကျယ်ကာ၊ ဓားကိုယ်ထည်မှာ သလင်းကျောက်ကဲ့သို့ ကြည်လင်တောက်ပနေပြီး နေရောင်အောက်တွင် ဖောက်ထွင်းမြင်ရလုနီးပါး ဖြစ်နေချေသည်။ အတွင်းထဲတွင် ရွှေရောင်မြူခိုးကဲ့သို့သော လှိုင်းဂယက်များ ပါဝင်နေသောကြောင့်သာ ဓားသွား၏ တည်နေရာကို ရှင်းလင်းစွာ မြင်တွေ့နိုင်ခြင်း ဖြစ်လေသည်။

"အခုမှပဲ စီနီယာရဲ့ ရည်ရွယ်ချက်ကို နားလည်တော့တယ်..." ရွှီခွန်းဝူသည် တိနွီဖုန့်ကိုကြည့်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။

"ရှောင်းယွင်ရှေးဟောင်းဓားထဲမှာ ပါဝင်တဲ့ ရှေးဟောင်းမိုးတိမ်တာအိုအငွေ့အသက်တွေကို ထပ်မံရရှိနိုင်တော့မှာ မဟုတ်ပေမဲ့၊ သူ့ရဲ့ ပုံတူကို သွန်းလုပ်တဲ့အခါမှာတော့ အနည်းငယ် ဉာဏ်အလင်းရနိုင်တာပဲ... အနည်းငယ် ကူးယူနိုင်လိုက်ရင်တောင်မှ လူ့လောကအတွက် ကံကောင်းခြင်းတစ်ခုပါပဲ... ဒါက တာအိုရဲ့ အဆင့်အတန်းပဲလေ..."

"ဒီဓားက မိုးတိမ်တာအိုအငွေ့အသက် အနည်းငယ်ကို ရယူနိုင်ခဲ့တဲ့အတွက်၊ သူ့ရဲ့ အဆင့်အတန်း မြင့်တက်သွားရုံသာမက၊ ကျုပ်အတွက်လည်း အကျိုးကျေးဇူးတွေ အများကြီး ရရှိစေတယ်... ကျင့်ကြံခြင်းအဆင့်တောင် တိုးတက်လာနိုင်ခဲ့ပြီ..." ရွှီခွန်းဝူက စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။

"တကယ့်ကို စေတနာထားပြီး စီစဉ်ပေးခဲ့တာပါပဲ…"

သူသည်လည်း သတ္တမအဆင့် တာအိုသိရှိခြင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ၊ အနည်းငယ် တိုးတက်မှုရရှိခြင်းသည်ပင် အလွန်တန်ဖိုးရှိသော ကိစ္စဖြစ်လေသည်။ ထို့အပြင် လက်ထဲတွင် ဓားကောင်းတစ်လက် ဖြစ်ပေါ်လာပြီဖြစ်ရာ ဝမ်းသာပီတိ ဖြစ်နေမိသည်။

တိနွီဖုန့်သည် ထိုစကားကို ကြားသောအခါ ခေတ္တမျှ စဉ်းစားဟန်ပြုလိုက်ပြီးနောက် ခေါင်းညိတ်လိုက်လေ၏။ "ဟုတ်တယ်... ငါ အဲဒီလိုပဲ စဉ်းစားထားခဲ့တာလေ…"

‘အဟွတ်… ဆရာသခင်ကတော့ သေချာပေါက် အဲဒီလို တွေးခဲ့မှာ မဟုတ်ဘူး...’

ဘေးနားမှ ချူလျန်တစ်ယောက် စိတ်ထဲတွင် ကျိတ်ပြီး ရေရွတ်လိုက်မိလေသည်။

ဆရာသခင်၏ အကြောင်းကို သူ သိထားသည်မှာ၊ အကယ်၍ သူမသာ ဤအကြောင်းကို နားလည်ခဲ့လျှင် စောစောစီးစီးကတည်းက ကြွားလုံးထုတ်နေလောက်ပြီ ဖြစ်၏။ သူများလာပြောပြမှ ဟုတ်သယောင် လုပ်နေစရာ မလိုချေ။

ရွှီခွန်းဝူကမူ ထိုမျှလောက်အထိ တွေးတောမနေဘဲ ဓားကို ကမ်းပေးလိုက်ရင်း ခေါင်းခါကာ သက်ပြင်းချလိုက်သည်။

"နှမြောစရာကောင်းတာက ဒီဓားက ပုံတူဖြစ်နေလို့ ရတနာမှတ်တမ်းထဲ ဝင်ခွင့်မရှိတာပဲ... မဟုတ်ရင် ကျုပ်ခန့်မှန်းချက်အရဆို အနည်းဆုံးတော့ ထိပ်တန်း (၁၀၀) ဝန်းကျင်၊ ဒါမှမဟုတ် ထိပ်တန်း (၁၀၀) စာရင်းထဲဝင်ဖို့တောင် အခွင့်အရေး ရှိနိုင်တယ်... တကယ်လို့ ကျုပ်သာ ထိပ်တန်း (၁၀၀) ဝင်တဲ့ ဓားကောင်းတစ်လက်ကို သွန်းလုပ်နိုင်ခဲ့ရင်၊ ရင်ထဲက ဆန္ဒတစ်ခု ပြည့်ဝသွားမှာပဲ…"

လောက၏ ထိပ်တန်း ဓားသွန်းဆရာကြီးသုံးဦးအနက်၊ ချန်ပုယန် သွန်းလုပ်သော ဓားများသာ ထိပ်တန်း (၁၀၀) ဝင်စာရင်း၌ ပါဝင်လေသည်။ ရွှီခွန်းဝူနှင့် ပိုင်လီထုန်တို့မှာ ဒုတိယနေရာအတွက် အပြင်းအထန် ယှဉ်ပြိုင်နေကြပြီး၊ မည်သူက ထိပ်တန်း (၁၀၀) ဝင် ဓားကို ဦးစွာ သွန်းလုပ်နိုင်မည်နည်း ဆိုသည်မှာ အဆုံးအဖြတ်ပင် ဖြစ်လေ၏။

"ဟားဟား... စိတ်လျှော့ပါ..." တိနွီဖုန့်က သူ၏ ပခုံးကို ပုတ်ပြီး နှစ်သိမ့်လိုက်သည်။

"ရှောင်းယွင်ရှေးဟောင်းဓားရဲ့ ပုံတူသာ မဟုတ်ရင်၊ ရှင်ရဲ့ အရည်အချင်းနဲ့ ဒီလောက်အဆင့်ရှိတဲ့ ဓားမျိုးကို သွန်းလုပ်နိုင်မှာ မဟုတ်ဘူး... အဲဒီလို တွေးလိုက်ရင် စိတ်သက်သာရာ ရသွားပြီ မဟုတ်လား..."

‘သောက်ကျိုးနည်း… ဒီလိုကြီး အားပေးတာကို… ဘယ်သူက စိတ်သက်သာရာ ရမှာတုန်း...’

ချူလျန်က ဆရာသခင်ကို အမြန်ဆွဲလိုက်ရလေသည်။ သူများက ကိုယ့်အတွက် ဓားသွန်းလုပ်ပေးထားခြင်း ဖြစ်လေရာ၊ လူလိုသူလိုလေး ပြောပေးသင့်သည် မဟုတ်ပါလော...။

ရွှီခွန်းဝူသည် ထိုနှစ်သိမ့်စကားကြောင့် မျက်နှာအမူအရာ တင်းမာသွားပြီး၊ ဘာပြန်ပြောရမှန်းမသိ ဖြစ်နေရှာသည်။

ချူလျန်က ဓားကို လက်နှစ်ဖက်ဖြင့် လှမ်းယူလိုက်ပြီး ပြုံးကာ ပြောလိုက်လေသည်။

"ခွန်းဝူဆရာရဲ့ ဓားသွန်းလုပ်ခြင်း တာအိုလမ်းစဉ်က အထွတ်အထိပ် ရောက်နေပါပြီ... ဒီတစ်ခေါက်မှာလည်း တိုးတက်မှုတွေ ရရှိခဲ့တယ်ဆိုတော့၊ ကိုယ်ပိုင်အရည်အချင်းနဲ့ နတ်ဘုရားဓားတစ်လက် သွန်းလုပ်နိုင်မယ့်နေ့က မဝေးတော့ပါဘူး..."

"ဟားဟား..." ရွှီခွန်းဝူက ထိုအခါမှ ပြုံးလိုက်ပြီး ဆက်ပြောလိုက်သည်။ "ဒီဓားက နောက်ဆိုရင် မင်းရဲ့ဓား ဖြစ်သွားပြီ... နာမည်လေး ပေးလိုက်ပါဦး..."

ချူလျန်က ခေါင်းခါလိုက်ပြီး လေးနက်စွာ ပြောလိုက်လေသည်။

"ကျွန်တော်က ဒီဓားကို အသုံးပြုမယ့်သူ ဖြစ်ပေမဲ့၊ ဒီဓားက မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းသွားရမှာပဲလေ... ကျွန်တော်က တစ်ဦးတည်းသော ဓားသခင် မဟုတ်ပါဘူး... ဒါပေမဲ့ ခွန်းဝူဆရာကတော့ ဒီနေ့ ဒီဓားကို သွန်းလုပ်ခဲ့တဲ့ တစ်ဦးတည်းသော ဓားသွန်းဆရာပါ... ဒါကြောင့် နာမည်ပေးတဲ့ကိစ္စကို ခွန်းဝူဆရာပဲ ပေးပါ..."

ရွှီခွန်းဝူ၏ မျက်လုံးများ အရောင်တောက်သွားပြီး ပြုံးကာ ပြောလိုက်လေ၏။ "ကောင်းပြီ..."

"ဒီဓားကို တောက်ပကျောက်စိမ်းရွှေအမြုတေနဲ့ သွန်းလုပ်ထားပြီး... ကြည်လင်သန့်ရှင်းလို့ အညစ်အကြေး ကင်းစင်တယ်... မိစ္ဆာတွေ မကပ်ငြိနိုင်ဘူး..."

သူသည် ဖြည်းညှင်းစွာ စဉ်းစားလိုက်ပြီးနောက် "ဒီဓားကို ဒီလို နာမည်ပေးလိုက်မယ်..."

"ဝူချန်..."

(စကားချပ် - အညစ်အကြေးကင်းစင်သောဓားလို့ အဓိပ္ပါယ်ရပါတယ်။)

……

"ဟူး..."

လျိုရှောင်ယွီလေးသည် ရေဘူးလေးကို ချလိုက်ကာ၊ လေထဲတွင် ယိမ်းနွဲ့နေသော ရွှေရောင်အစင်းကြား ပန်းခင်းလေးကို ကြည့်ပြီး၊ ရင်ထဲတွင် ဂုဏ်ယူဝင့်ကြွားနေမိလေသည်။

"ငါလေး တကယ်ကို ဝီရိယရှိတာပဲ..."

ချူလျန်နှင့် တိနွီဖုန့်တို့ ထွက်ခွာသွားကတည်းက၊ ငွေဓားတောင်ထွတ်တွင် မိုးမရွာတော့သဖြင့် သူမသည် နေ့တိုင်း ပန်းခင်းလေးကို ရေလောင်းပေးနေရသည်။

မထွက်ခွာမီက အစ်ကိုကြီးချူလျန်သည် သူမအား ငွေဓားတောင်ထွတ်၏ ယာယီတောင်သခင်အဖြစ် ခန့်အပ်ခဲ့သဖြင့်၊ သူမခမျာ အချိန်အတော်ကြာ ပျော်ရွှင်နေခဲ့သေးသည်။

သို့သော် ဤရက်ပိုင်းမှသာ သတိထားမိလိုက်သည်မှာ၊ တောင်ထွတ်တစ်ခုလုံးတွင် သူမ ငါးတစ်ကောင်တည်းသာ ရှိနေသဖြင့်၊ ဤယာယီတောင်သခင် ရာထူးမှာ ဘာမှအသုံးမဝင်ကြောင်းပင် ဖြစ်ချေသည်။

တောင်ပေါ်ရှိ သစ်ပင်ပန်းမန်များကလည်း သူမ၏ အမိန့်ကို နာခံကြသည် မဟုတ်ပေ။

သူမ၏ လက်ထဲတွင် ရှိသောအာဏာမှာ ပန်းခင်းလေးကို ရေလောင်းခွင့် ရှိမရှိဆိုသည်သာ ဖြစ်လေ၏။

တိနွီဖုန့်အစ်မကြီးက မထွက်ခွာမီ သူမအတွက် ပုံပြင်စာအုပ်အထပ်လိုက် ပေးခဲ့ပြီး၊ ပျင်းလျှင် ဖတ်ရှုရန် ပြောခဲ့သည်။

ပြဿနာမှာ...။

သူမသည် ကျောင်းမနေဖူးသော ငါးတစ်ကောင်ဖြစ်ပြီး စာမတတ်ချေ။ ပုံသက်သက်ကြည့်ရုံဖြင့်လည်း ဇာတ်လမ်းကို မည်သို့ နားလည်နိုင်ပါမည်နည်း။

သို့သော် မည်သို့ပင်ဖြစ်စေ၊ ဤနေရာရှိ ဘဝမှာ အေးချမ်းတည်ငြိမ်ပြီး စားဝတ်နေရေး ပူစရာမလိုသဖြင့်၊ ရံဖန်ရံခါ အစ်မကို သတိရမိသည်မှလွဲ၍ ကျင်းဟွာမြစ်ထဲတွင် နေရသည်ထက်တော့ ပိုကောင်းလှပေသည်။

‘ဒါပေမဲ့ ဟိုအဘိုးကြီး ပြောတာကတော့ အစ်မက နဂါးဖြစ်လာမယ့် ကံကြမ္မာနဲ့ တွေ့ဆုံရမယ်တဲ့... အဲဒီလိုဆိုရင်တော့ မဆိုးပါဘူးလေ... နေဦး...’

‘နဂါး...’

‘ပြီးခဲ့တဲ့ရက်ပိုင်းက ကောင်းကင်ပေါ်မှာ ရုတ်တရက် ပေါ်လာတဲ့ အဲဒီသန်ကောင်ကြီးလား...’

‘တကယ်လို့ အစ်မက အဲဒီပုံစံ ပြောင်းသွားမယ်ဆိုရင်တော့...’

နဂိုပုံစံအတိုင်းကသာလျှင် ပိုမို၍ ကြည့်ကောင်းသည်ဟုသာ သူမ ထင်မိလေသည်။

ရေတစ်ခေါက် လောင်းပြီးသွားပြီဖြစ်၍ သူမ၏ တစ်နေ့တာ လုပ်ငန်းဆောင်တာများ ပြီးဆုံးသွားပြီ ဖြစ်လေသည်။ အသီးအနည်းငယ်ကို ဆွတ်ခူးလိုက်သည်၊ ဤသည်မှာ ချူလျန်ကတိပေးထားသော လုပ်အားခပင် ဖြစ်ချေသည်။

သူမသည် အခန်းထဲသို့ ပြန်သွားပြီး ကုတင်ပေါ်တွင် လှဲလျောင်းကာ၊ စောင်အသေးလေးဖြင့် ကိုယ်ကို တင်းကျပ်စွာ ပတ်ထားလိုက်ပြီး နေ့လယ်ခင်း တရေးတမောအိပ်စက်ရန် ပြင်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် သူမသည် ဖက်ထုပ်ကဲ့သို့ အကြိမ်ကြိမ် ထုပ်ပိုးခံရပြီးနောက်၊ ထိုကဲ့သို့ နေရသည်မှာ သက်သောင့်သက်သာ ရှိသည်ဟု ခံစားမိလာသောကြောင့် ဖြစ်လေ၏။

ထို့ကြောင့် မကြာသေးမီက အိပ်စက်တိုင်း စောင်ဖြင့် ပတ်ထားလေ့ရှိပြီး၊ ကုတင်ပေါ်တွင် လူးလှိမ့်ကာ အလိပ်လိုက်ဖြစ်သွားမှသာ အိပ်စက်လေ့ ရှိသည်။

သူမ ကိုယ်ကို လှည့်လိုက်သောအခါ၊ မိန်းမငယ်လေး၏ မျက်လုံးအိမ်များ ကျယ်သွားရလေသည်။

ဤရက်ပိုင်းအတွင်း ငွေဓားတောင်ထွတ်သို့ အခြားသက်ရှိများ ရောက်လာခြင်း မရှိသဖြင့်၊ သူမတစ်ကောင်တည်း နေသားကျနေခဲ့ပြီ ဖြစ်သည်။ သို့သော် ယခု လှည့်ကြည့်လိုက်သောအခါ ကြောက်မက်ဖွယ်ကောင်းသော ဧရာမသတ္တဝါကြီးတစ်ကောင်ကို တွေ့လိုက်ရလေသည်။

၎င်း၏ ခန္ဓာကိုယ်တစ်ဝက်မှာ တောင်ကုန်းတစ်ဖက်တွင် ရှိနေပြီး၊ လျိုရှောင်ယွီလေး သေချာ မမြင်လိုက်ရပေ။ သူမ မြင်လိုက်ရသည်မှာ ရွှေရောင်ဦးခေါင်းကြီးတစ်ခုသာ ဖြစ်လေ၏။

အကြီးကြီးပဲ...။

"အား..."

All Chapters