← Chapters

အစောင့်အရှောက်တောင်ထွတ်မှ ထူးဆန်းသောဖြစ်ရပ်

Vol. 13 Ch. 128

အစောင့်အရှောက်တောင်ထွတ်မှ ထူးဆန်းသောဖြစ်ရပ်

Vol. 13 Ch. 128

"အီး... ဟီး... ဟီး..."

"မငိုပါနဲ့တော့..."

"ဗြဲ… အီး... ဟီး..."

"ရွှေမွေးဟူက အကောင်ဆိုးကြီး မဟုတ်ပါဘူး... တို့တွေရဲ့ အချစ်ဆုံး သူငယ်ချင်းပါ..."

"အီး... ဟီး... ဟီး..."

"မငိုတော့ရင် စားကောင်းတာတွေ လိုက်ကျွေးမယ်..."

"အီး... ဘာကျွေးမှာလဲ..." လျိုရှောင်ယွီလေးသည် မျက်နှာမော့လာပြီး ချက်ချင်းပင် မျှော်လင့်ချက်များ ပြည့်နှက်သွားလေသည်။

‘ဟူး... ဒီနည်းကသာ အထိရောက်ဆုံးပါလား...’

ချူလျန် သက်ပြင်းချလိုက်မိ၏။ သူမ အငိုတိတ်သွားသည်ကို မြင်မှသာ စိတ်အေးသွားရတော့သည်။

အစောပိုင်းက ဆရာတပည့်နှစ်ယောက် ရွှေမွေးဟူကို စီးပြီး ပြန်ရောက်လာရာ၊ မြေပြင်သို့ ခြေချလိုက်သည်နှင့် လျိုရှောင်ယွီလေးနှင့် တိုးမိလေသည်။ ထိုကောင်မလေးသည် ဧရာမသားရဲကြီး ငွေဓားတောင်ထွတ်သို့ ရုတ်တရက် ရောက်လာသည်ကို မြင်လိုက်ရသဖြင့်၊ ထိုခေါင်းကြီးကောင်ကို ကြောက်လန့်ပြီး ငိုကြွေးတော့သည်။

တိနွီဖုန့်က ထိုအခြေအနေကို မြင်သောအခါ ခေါင်းကိုကုတ်ပြီး "မိန်းမတွေ ငိုတာ စိတ်ရှုပ်စရာအကောင်းဆုံးပဲ... မင်းပဲ ချော့လိုက်တော့... ငါ သွားအနားယူတော့မယ်" ဟု ပြောလိုက်လေသည်။

စကားသံမဆုံးသေးမီ သူမ၏ပုံရိပ်သည် မီးတောက်အဖြစ် ပြောင်းလဲကာ ထွက်ပြေးသွားတော့သည်။

ဘာလုပ်ရမှန်းမသိ ဖြစ်ကျန်ရစ်ခဲ့သော ချူလျန်နှင့် အပြစ်ကင်းစင်ဟန်ဆောင်နေသော ခေါင်းကြီးကောင်တို့သာ နေရာတွင် ကျန်ရစ်ခဲ့လေသည်။

"တို့တွေ ဟော့ပေါ့စားကြမယ်..." ချူလျန်က ပေါ့ပေါ့ပါးပါး ဖြေလိုက်၏။ သို့သော် ရှုတောင်မှ ထွက်ခွာနေသည်မှာ ကြာပြီဖြစ်၍ အငွေ့တထောင်းထောင်းထနေသော ဟော့ပေါ့ဟင်းရည်ကို စားချင်နေမိသည်မှာ အမှန်ပင်။

လျိုရှောင်ယွီလေးသည် ထိုအခါမှသာ မြေကြီးပေါ်မှ ထရပ်လိုက်ပြီး နှုတ်ခမ်းဆူကာ "သမီးက အစပ်မကြိုက်ဘူး..." ဟု ပြောလိုက်သည်။

"နှစ်မယ်စပ်... နှစ်မယ်စပ်ဟော့ပေါ့ မှာလိုက်မယ်..." ချူလျန်က အလျင်အမြန် ပြောလိုက်ရသည်။

ဘေးနားရှိ ရွှေမွေးဟူကလည်း လိုက်လံပြုံးဖြီးနေပြီး၊ စားကောင်းတာ ကျွေးမည်ဆိုသည်ကို နားလည်ပုံရကာ ၎င်း၏ခေါင်းကြီးကို ပျော်ရွှင်စွာ မော့ထားလေ၏။

"မင်းက ဘာလာပျော်နေတာလဲ... မင်းအတွက် မပါဘူး..." ချူလျန်က ရက်စက်စွာ ပြောလိုက်လေသည်။

ဤသည်မှာ အိမ်မွေးတိရစ္ဆာန်ကို နှိပ်စက်ချင်၍ မဟုတ်ဘဲ၊ ဤခေါင်းကြီးကောင်၏ စားနိုင်စွမ်းမှာ တကယ်ကို များလွန်းသောကြောင့် ဖြစ်သည်။ ပထမတန်းစား ဓားလုပ်ငန်းတွင် တစ်ရက်နေခဲ့စဉ်က ဓားလုပ်ငန်းမှ တပည့်များကိုပင် လန့်သွားစေခဲ့သည်။

ညဘက်အိပ်ရာမဝင်ခင် တောင်ပုံရာပုံ အသားဟင်းများကို ကျွေးမွေးထားသော်လည်း၊ နောက်တစ်နေ့မနက်တွင် ၎င်းသည် ဂိုဒေါင်ထဲသို့သွားပြီး သံတုံးများ ခိုးစားနေသည်ကို တွေ့ခဲ့ရသည်ဟု ဆိုကြ၏။

ဤကောင်သည် သားရဲတစ်သောင်းခန်းမတွင် (၁၀)နှစ်ကြာ နေထိုင်ခဲ့စဉ်က စားသောက်ခဲ့သော တန်ဖိုးမှာ ရွှီနန်လင်း အလွဲသုံးစားလုပ်ခဲ့သော ငွေကြေးပမာဏထက်ပင် များပြားလိမ့်မည်ဟု ချူလျန် သံသယရှိမိသည်။

ချူလျန် လက်မြှောက်လိုက်ရာ ရွှေမွေးဟူသည် ခေါင်းကြီးကို ဝပ်ဆင်းပေးပြီး အကိုင်ခံကာ တိုးညှင်းစွာ အော်မြည်နေလေ၏။ တိနွီဖုန့်ကို အသိအမှတ်ပြုပြီးနောက် ချူလျန်နှင့် အသစ်မိတ်ဆက်ပေးသော လျိုရှောင်ယွီလေးကိုပါ လျင်မြန်စွာ လက်ခံလာခဲ့သည်။

ဝိညာဉ်သားရဲများ၏ ဦးနှောက်မှာ မဆိုးလှပေ။

ကြည့်ရသည်မှာ အူကြောင်ကြောင်နိုင်သော်လည်း ဤခေါင်းကြီးကောင်တွင် ဉာဏ်ရည်အချို့ ရှိနေသည်ဟု ချူလျန် ခံစားမိသည်။ စစ်ဆေးကြည့်လိုက်လျှင် တိနွီဖုန့်ထက်ပင် ဉာဏ်ရည်မြင့်မားနေနိုင်သေးသည်။

"ဘာလို့ သူ့ကို မကျွေးတာလဲ..." လျိုရှောင်ယွီလေးက မေးလိုက်သည်။

စောစောက ထိုခေါင်းကြီးကောင်ကို ကြောက်လန့်ခဲ့သော်လည်း၊ ယခုအခါ ဤကောင်ကြီးမှာ နူးညံ့သိမ်မွေ့သည်ကို တွေ့လိုက်ရသဖြင့် ကောင်မလေး၏ စိတ်နှလုံးမှာ နူးညံ့သွားရရှာသည်။

သူမသည် လက်ကိုဆန့်ထုတ်ပြီး ရွှေမွေးဟူ၏ နှာခေါင်းလုံးလုံးလေးကို ဂရုတစိုက် ထိတွေ့လိုက်ရာ စိုစွတ်နူးညံ့ပြီး နွေးထွေးနေသည်ကို ခံစားလိုက်ရသည်။

ကောင်မလေးနှင့် ခေါင်းကြီးကောင်တို့ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ပြုံးလိုက်ကြလေ၏။

"ဘာလို့လဲဆိုတော့ သူက ဝိညာဉ်သားရဲ ဖြစ်နေလို့လေ..." ချူလျန်က သက်ပြင်းချကာ ပြောလိုက်သည်။

ဤကဲ့သို့သော ဝိညာဉ်သားရဲများကို မွေးမြူရခြင်းမှာ အမှန်တကယ်ပင် ခက်ခဲသော ပြဿနာတစ်ရပ် ဖြစ်လေသည်။ ဝိညာဉ်သားရဲများ ကြီးထွားလာရန်အတွက် လိုအပ်သော ဝိညာဉ်ချီစွမ်းအင်နှင့် စွမ်းပကားမှာ သာမန်မိစ္ဆာသားရဲများထက် များစွာ ပိုမိုကြီးမားသောကြောင့် ဖြစ်၏။

အဂ္ဂိရတ်ခန်းမတွင် အထူးသီးသန့် ဝိညာဉ်သားရဲအစာများကို ရောင်းချလေ့ရှိပြီး ဝိညာဉ်အသားနှင့် ဝိညာဉ်အပင်များကို ရောစပ်ဖော်စပ်ထားခြင်း ဖြစ်သည်။ တစ်လုံးတည်းနှင့် သာမန် မိစ္ဆာသားရဲတစ်ကောင်အတွက် တစ်ရက်စာ လုံလောက်ပေသည်။ သို့သော် ဝိညာဉ်သားရဲဆိုလျှင်မူ ဆယ်ဆခန့် ပိုစားနိုင်ပေလိမ့်မည်။

ဒါကို ဘယ်လိုလုပ် ကျွေးနိုင်မှာလဲ...။

"ဝိညာဉ်သားရဲတွေက အများကြီး စားကြတာလား..." လျိုရှောင်ယွီလေးက ထပ်မေးလိုက်သည်။

"ဟုတ်တယ်..." ချူလျန် ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် မျက်လုံးထဲတွင် ဉာဏ်အလင်းတစ်ခု လက်ခနဲ ဖြစ်သွားသည်။ "ခဏလေး..."

ဟုတ်တာပေါ့...။

ဝိညာဉ်သားရဲတွေက အများကြီး စားကြတာပဲ...။

သူသည် လျိုရှောင်ယွီလေးကို ကြည့်ပြီး ရုတ်တရက် ပြောလိုက်သည်။ "ကျေးဇူးပဲ... ရှောင်ယွီရေ... ရွှေမွေးဟူ... ငါ့နောက်လိုက်ခဲ့..."

"ဟင်..." လျိုရှောင်ယွီလေး နားမလည်နိုင် ဖြစ်သွားရသည်။ "ဘာကို ကျေးဇူးတင်တာလဲ..."

ကျေးဇူးအကြီးကြီးတင်ပါတယ်နော်...။

ပေါ့ပေါ့ပါးပါး စကားတစ်ခွန်းက ငါ့ရဲ့သံသယတွေကို ဖြေရှင်းပေးလိုက်ပြီလေ...။

......

အစောင့်အရှောက်တောင်ထွတ်...။

စိမ်းလန်းသော တောင်တန်းများနှင့် သစ်ပင်ပန်းမန်များ ဝေဆာနေလေသည်။

ဤနေရာသည် ရှုတောင်၏ မူလအကျဆုံးနှင့် ထိန်းသိမ်းမှုအကောင်းဆုံး တောင်ထွတ်တစ်ခု ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာသည် ရှုတောင်၏ ဂိုဏ်းစောင့်နတ်သားရဲ ပိုင်ဇယ် နေထိုင်ရာနေရာ ဖြစ်သောကြောင့်ပင်။

အရွယ်ရောက်ပြီးသော ပိုင်ဇယ်ကြီး ကိုယ်ထင်မပြသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်ပြီး ဘယ်ရောက်နေမှန်း မသိရပေ။ ယခုအခါ အစောင့်အရှောက်တောင်ထွတ်တွင် တစ်ကောင်တည်း ကျန်ရစ်ခဲ့သော အထီးကျန်ကလေးငယ်တစ်ဦးသာ ရှိလေတော့သည်။

အထီးကျန်ဆန်သောကြောင့်ပင် ပိုင်ဇယ်ပေါက်စလေးသည် အပြင်ထွက်ပြီး သူငယ်ချင်း ရှာဖွေကစားတတ်ခြင်း ဖြစ်ပေသည်။

အစောပိုင်းက ၎င်းတွင် ကိုယ်သင်းနံ့မွှေးကြိုင်သော သူငယ်ချင်းတစ်ယောက်သာ ရှိခဲ့ပြီး၊ ပိုင်ဇယ်ပေါက်စလေးသည် လတိုင်း ရတနာစေတီတောင်ထွတ်သို့ သွားရောက်ပြီး သူမနှင့် ရက်အနည်းငယ်ကြာ ကစားလေ့ရှိသည်။ နောက်ပိုင်းတွင် ရင်းနှီးသော အငွေ့အသက်ရှိသည့် သူငယ်ချင်းတစ်ယောက်နှင့် ထပ်မံ တွေ့ဆုံခဲ့ပြီး ငယ်စဉ်ကတည်းက တွေ့ဖူးသကဲ့သို့ ခံစားရလေသည်။

သူတို့နှစ်ယောက် အဖော်ပြုပေးသဖြင့် ၎င်းခမျာ အမြဲတမ်း ပျော်ရွှင်ရသည်။

သို့သော်ငြား သူတို့နှစ်ဦးလုံးမှာ ဆယ်ကျော်သက် လူကြီးများ ဖြစ်နေကြပြီး အလုပ်ကိစ္စများ များပြားကြသဖြင့်...။

အသက်ခြောက်ရာတောင် မပြည့်သေးသော ပိုင်ဇယ်ပေါက်စလေးကဲ့သို့ အားလပ်မနေကြပေ။

ပိုင်ဇယ်ပေါက်စလေးသည် အစောင့်အရှောက်တောင်ထွတ်ရှိ ကိုယ်ပိုင်တောအုပ်ထဲတွင် ပျင်းရိငြီးငွေ့နေစဉ် ရုတ်တရက် ရင်းနှီးသော အငွေ့အသက်တစ်ခုကို ရရှိလိုက်ပြီးနောက် ခေါ်သံတစ်ခုကို ကြားလိုက်ရသည်။

"ချစ်လှစွာသော ပိုင်ဇယ်လေးရေ... အိမ်မှာ ရှိလား..."

သူပဲ...။

ပိုင်ဇယ်ပေါက်စလေးသည် ချူလျန်၏အသံကို မှတ်မိလိုက်ပြီး ဝှစ်ခနဲဆိုသလို အဖြူရောင်အလင်းတန်းတစ်ခု အသွင်ပြောင်းလဲကာ မျက်စိတစ်မှိတ်အတွင်း သူ့ရှေ့သို့ ရောက်ရှိလာလေသည်။

ချူလျန်သည် အစောင့်အရှောက်တောင်ထွတ်ရှိ ကွင်းပြင်တစ်ခုတွင် ရပ်နေပြီး၊ သူ့နောက်တွင် ရိုးအသောပုံစံဖြင့် ခေါင်းကြီးကောင် ရှိနေလေ၏။

ပိုင်ဇယ်ပေါက်စလေးသည် ချူလျန်ထံသို့ ခုန်တက်ပြီး လျှာဖြင့်လျက်ရန် ပြင်လိုက်သော်လည်း နောက်ဘက်ရှိ ရွှေမွေးဟူကို သတိထားမိလိုက်သဖြင့်၊ ချက်ချင်း ရပ်တန့်သွားပြီး ထိုခေါင်းကြီးကောင်ကို သတိထားကာ ကြည့်လိုက်လေသည်။

ချူလျန်က လက်ကာပြပြီး ပြောလိုက်သည်။ "မစိုးရိမ်ပါနဲ့... ဒီနေ့ မင်းကို သူငယ်ချင်းသစ်တစ်ယောက်နဲ့ မိတ်ဆက်ပေးမလို့ပါ... ရွှေမွေးဟူ... လာ... လက်ဆွဲနှုတ်ဆက်လိုက်ဦး..."

သူ အမိန့်ပေးလိုက်သည်နှင့် ရွှေမွေးဟူသည် ထူထဲသော ညာဘက်လက်ကို လိမ္မာစွာ ဆန့်ထုတ်ပေးလိုက်လေသည်။

ဤမျှ နာခံရခြင်းမှာ ယဉ်ပါးသောကြောင့်သာမက၊ ချူလျန် မလာခင်က ပြောထားသော စကားကြောင့်လည်း ဖြစ်လေသည်။

"နောင်ကျရင် မင်း ရှုတောင်မှာ ထမင်းစားရမလား မစားရဘူးလား ဆိုတာ မင်းရဲ့ အပြုအမူပေါ်မှာ မူတည်တယ်..."

စားသောက်ခြင်း...။

ယင်းသည် အရေးကြီးဆုံး ကိစ္စပင် ဖြစ်၏။

‘ဦးအောင် လက်ဆွဲနှုတ်ဆက်လိုက်တာက ရှက်စရာ မဟုတ်ပါဘူးလေ...’

ရွှေမွေးဟူသည်လည်း ဝိညာဉ်သားရဲတစ်ကောင် ဖြစ်ပြီး၊ ပိုင်ဇယ်ရှေ့တွင် အဆင့်အတန်း နိမ့်ပါးသော်လည်း အလွန်အမင်း နိမ့်ကျသည်တော့ မဟုတ်ပေ။

တစ်ဖက်သားက ဖော်ရွေသည်ကို တွေ့ရသလို ချူလျန်လည်း ရှိနေသဖြင့် ပိုင်ဇယ်ပေါက်စလေးသည်လည်း သတိထားမနေတော့ဘဲ၊ ပျော်ရွှင်စွာဖြင့် ခေါင်းပေါ်မှ ဦးချိုလေးဖြင့် ရွှေမွေးဟူ၏ လက်ဝါးကို သွားရောက်ထိတွေ့လိုက်လေသည်။

"ဟီးဟီး... ဒီနေ့ကစပြီး တို့တွေ မိတ်ဆွေတွေ ဖြစ်သွားပြီ... ညီအစ်ကိုတွေပဲ..." ချူလျန်က ရင်ဘတ်ကို ပုတ်လိုက်သည်။

"အတူတူ ထမင်းစားကြရင် မကောင်းဘူးလား..."

ရွှေမွေးဟူက ခေါင်းကို တဆတ်ဆတ် ညိတ်လိုက်သည်။

ပိုင်ဇယ်ပေါက်စလေးကလည်း "အိုလိုလို..." ဟု သဘောတူသော အသံပြုလိုက်ပြီး ချူလျန်ကို ပတ်၍ ပျော်ရွှင်စွာ ခုန်ပေါက်နေတော့သည်။

"ဒီနေရာက မင်းအိမ်ဆိုတော့... မင်းပဲ ဧည့်ခံရမှာပေါ့..." ချူလျန်က ၎င်း၏ခေါင်းကို ပွတ်သပ်ရင်း လမ်းကြောင်းပေးလိုက်သည်။

"အိုလိုလို..." ပိုင်ဇယ်ပေါက်စလေးက ခေါင်းခါလိုက်ပြီး ပြဿနာမရှိကြောင်း ပြောဆိုဟန်ဖြင့် ကိုယ်ကိုလှည့်ကာ အခြားဘက်သို့ ဦးဆောင်ခေါ်သွားလေသည်။

"လိုက်သွားကြစို့..." ချူလျန်သည် ရွှေမွေးဟူ၏ ကျောပေါ်သို့ ခုန်တက်လိုက်ရာ ရွှေမွေးဟူကလည်း "ဟောက်... ဟောက်..." ဟု ပျော်ရွှင်စွာ အော်မြည်လိုက်လေသည်။

ထမင်းစားရမည့် လမ်းခရီးတွင် လေပြည်လေညင်းများကပင် မွှေးပျံ့နေသကဲ့သို့ ခံစားရ၏။

မဟုတ်သေးချေ... တကယ်ကို မွှေးနေခြင်းပင်...။

တကယ့်ကို မွှေးပျံ့သော အနံ့အရသာပါလား...။

ပိုင်ဇယ်ပေါက်စလေးသည် သူတို့ကိုခေါ်ဆောင်ပြီး တောအုပ်တစ်ခုကို ဖြတ်ကျော်ကာ အလွန်ကျယ်ဝန်းသော လေဟာပြင်အဆောက်အအုံတစ်ခုရှေ့သို့ ရောက်ရှိလာလေသည်။

ဤအဆောက်အအုံမှာ ရိုးရှင်းလှပြီး ကြီးမားသော တိုင်လုံးကြီးလေးတိုင်က မျက်နှာကြက်တစ်ခုကို ထောက်မထားကာ၊ ဇရပ်နှင့်တူသော်လည်း တစ်ခုလုံးကို ဟန်ပိုင်ကျောက်စိမ်းဖြူများဖြင့် တည်ဆောက်ထားသဖြင့် ဖြူဖွေးသန့်စင်နေလေသည်။

ဇရပ်အောက်တွင်မူ တောင်ကုန်းငယ်တစ်ခုပမာ ပုံထားသော ကျောက်စိမ်းရောင်ဖွေးနေသည့် ဆေးလုံးများ ရှိနေလေသည်။ ဝိညာဉ်အငွေ့အသက်များ မွှေးပျံ့နေရုံသာမက ရနံ့သည်လည်း တောင်တစ်ဝက်ခန့်အထိ ပျံ့လွင့်နေလေသည်။

အဓိကအစားအစာ ဆေးလုံးများအပြင် ဘေးနားတွင် ဝိညာဉ်အပင်များနှင့် ဝိညာဉ်သစ်သီး အပုံလိုက်ကြီးလည်း ရှိနေသေးရာ၊ ကြည့်ရသည်မှာ ချူလျန်ရောင်းချသော ဘယ်ရီသီးများထက်ပင် အရည်အသွေး ပိုကောင်းမွန်ပုံ ရလေသည်။

ရွှေမွေးဟူသည် မြင်လိုက်သည်နှင့် မနေနိုင်တော့ဘဲ၊ ခေါင်းကြီးကို ရှေ့သို့အတင်းတိုးကာ ခြေသည်းများဖြင့် မြေကြီးကို ယက်နေတော့သည်။

ရှုတောင်ဂိုဏ်းက ဂိုဏ်းစောင့်နတ်သားရဲကို ကျွေးမွေးသော အစားအစာများမှာ သေချာပေါက် လူ့လောက၏ အကောင်းဆုံးအရာများ ဖြစ်ပြီး ဝိညာဉ်စွမ်းအင်နှင့် အရသာမှာ အထွတ်အထိပ် ဖြစ်ပေသည်။ ရွှေမွေးဟူအနေဖြင့် တစ်သက်နှင့်တစ်ကိုယ် ဤမျှမွှေးပျံ့သော ထမင်းပွဲကို စားဖူးမည် မဟုတ်ချေ။

ရွှေမွေးဟူမပြောနှင့်၊ ချူလျန်မြင်လျှင်ပင် တစ်လုပ်နှစ်လုပ်လောက် ဝင်စားချင်စိတ် ပေါက်သွားမိသည်။

သူ ပိုင်ဇယ်ပေါက်စလေးကို ကြည့်ပြီး "တို့တွေ စားလို့ရပြီလား... စားပြီးရင် အတူတူ ထွက်ကစားကြတာပေါ့..." ဟု မေးလိုက်သည်။

"အိုလိုလို..." ပိုင်ဇယ်ပေါက်စလေးက ဂရုမစိုက်သလို ခေါင်းခါလိုက်ပြီး သူငယ်ချင်းများကို စိတ်ကြိုက်စားသုံးရန် ဖိတ်ခေါ်လိုက်လေသည်။

ချူလျန်လည်း ဟန်ဆောင်မနေတော့ဘဲ လက်ဝှေ့ယမ်းလိုက်တော့သည်။

"ရွှေမွေးဟူရေ... မြန်မြန်သွားစား... အားရပါးရသာ စားပစ်လိုက်... မကုန်ရင် ပါးစောင်ထဲ ထည့်ပြီးယူခဲ့... ပြန်ရောက်မှ ညလယ်စာအဖြစ် ဆက်စား..."

......

နောက်တစ်နေ့ နံနက်ခင်း...။

အဂ္ဂိရတ်ခန်းမမှ တပည့်နှစ်ဦးသည် တိမ်တိုက်စီး၍ ဆင်းသက်လာကြပြီး အစောင့်အရှောက်တောင်ထွတ်ရှိ ဖြူဖွေးသောဇရပ်ဘေးသို့ ရောက်ရှိလာကြသည်။

ထုံးစံအတိုင်း တစ်ယောက်က ဗူးသီးခြောက်ထဲမှ ဖြူဖွေးသော ဆေးလုံးများကို အဆက်မပြတ် လောင်းထည့်လိုက်ပြီး၊ အခြားတစ်ယောက်က သိုလှောင်ရေးမှော်ဝင်ပစ္စည်းထဲမှ ဝိညာဉ်သစ်သီး အမြောက်အမြားကို ထုတ်ယူလိုက်လေသည်။

သို့သော် အလုပ်စလုပ်သည်နှင့် နှစ်ယောက်သားမှာ သံသယဖြင့် ရေရွတ်လိုက်မိကြသည်။

"ဟေ့..." ဘယ်ဘက်မှလူက ပြောလိုက်သည်။ "ပုံမှန်ဆိုရင် ပိုင်ဇယ်လေးက တစ်ရက်ကို ဝိညာဉ်အာဟာရဆေးလုံး ကန်တစ်ဝက်လောက်ပဲ စားတာပါ... ဘာလို့ ဒီနေ့ ကန်တစ်ခုလုံး ပြောင်သလင်းခါနေရတာလဲ... တစ်လုံးမှတောင် မကျန်ပါလား..."

"ငါ့ရဲ့ ဝိညာဉ်သစ်သီးတွေလည်း အတူတူပဲ... ပုံမှန်ဆို သူ သိပ်မစားချင်ဘူး... အဂ္ဂိရတ်အကြီးအကဲကတောင် သူ့ရဲ့ အစားအသောက်အလေ့အထက ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ ပြောနေတာ... ဘယ်လိုဖြစ်ပြီး... ဒီနေ့ အကုန်စားပစ်လိုက်ရုံမကဘူး... ကန်ထဲက ကြမ်းခင်းတွေကိုတောင် ပြောင်လက်နေအောင် လျက်ထားပါလား..." ညာဘက်မှလူကလည်း ပြောလိုက်လေသည်။

အဂ္ဂိရတ်ခန်းမမှ တပည့်နှစ်ဦး၏ ခေါင်းပေါ်တွင် မေးခွန်းသင်္ကေတများ ပေါ်ထွက်လာပြီး အံ့အားသင့်နေကြတော့သည်။

"တကယ့်ကို ထူးဆန်းတဲ့ကိစ္စပါလား..."

All Chapters