သတိမထားမိလိုက်ချိန်မှာပင် အဆင့်တက်လှမ်းသွားခြင်း
Vol. 13 Ch. 129
"ပိုင်ဇယ်လေးက အစားတွေ အများကြီး ပိုစားနေတယ် ဟုတ်လား...”
အဂ္ဂိရတ်ခန်းမအတွင်း၌ တပည့်ငယ်နှစ်ဦးက ဤသတင်းကို တင်ပြလိုက်သောအခါ၊ အဆင့်မြင့် တာဝန်ခံတပည့်အချို့မှာ ချက်ချင်းပင် စိုးရိမ်တကြီး ဖြစ်သွားကြလေသည်။
တောင်စောင့်အကြီးအကဲလေးဦးအနက် တစ်ဦးဖြစ်သော အဂ္ဂိရတ်အကြီးအကဲသည် ရှုတောင်တစ်ခွင်ရှိ ဆေးလုံးများ၊ ဝိညာဉ်အပင်များ၊ ဝိညာဉ်သားရဲများနှင့် ပတ်သက်သော ကိစ္စရပ်များကို တာဝန်ယူရသဖြင့်၊ ပိုင်ဇယ်ပေါက်စလေးအား ပြုစုပျိုးထောင်ခြင်းကလည်း သူ၏တာဝန်ပင် ဖြစ်ချေသည်။
သို့သော် အဂ္ဂိရတ်အကြီးအကဲ၏ အဆင့်အတန်းမှာ မြင့်မားလွန်းလှသဖြင့်၊ ဤကဲ့သို့သော အသေးအဖွဲကိစ္စများကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်မည်မဟုတ်ဘဲ၊ ယုံကြည်ရသော တပည့်များကိုသာ သီးသန့်စောင့်ရှောက်စေခြင်း ဖြစ်၏။
ဤတာဝန်ခံတပည့်များအတွက်မူ ပိုင်ဇယ်ပေါက်စလေး၏ အသေးအဖွဲကိစ္စတိုင်းသည် သူတို့အတွက် အရေးကြီးသောကိစ္စကြီးများပင် ဖြစ်လေ၏။ ထမင်းတစ်နပ် ပိုစားသည်ဖြစ်စေ၊ လျော့စားသည်ဖြစ်စေ အမြဲတစေ သတိထားနေရမည် ဖြစ်ပေသည်။
"စားတဲ့ပမာဏက ရုတ်တရက်ကြီး နှစ်ဆတိုးသွားတာကတော့ ပုံမှန်အခြေအနေ မဟုတ်ဘူး… ပိုင်ဇယ်လေး အဆင့်တက်လှမ်းတော့မှာများလား...” တာဝန်ခံတပည့်တစ်ဦးက ခန့်မှန်းပြောဆိုလိုက်သည်။
"ဖြစ်နိုင်တယ်...” အခြားတာဝန်ခံတပည့်တစ်ဦးက ခေါင်းညိတ်လိုက်ပြီး "မနက်ဖြန်ကျရင် အစာကျွေးတဲ့ ဝိညာဉ်ဆေးလုံးပမာဏကို အရင်တိုးကြည့်ကြတာပေါ့… တိုက်ဆိုင်လို့ တစ်ရက်တည်းလား ဒါမှမဟုတ် နေ့တိုင်း ဒီလိုပဲလားဆိုတာ ကြည့်ရမယ်… တကယ်လို့ ရေရှည် တိုးစားနေတယ်ဆိုရင်တော့ ပိုင်ဇယ်လေး အဆင့်တက်လှမ်းတော့မှာ သေချာသလောက်ပဲ...” အားတက်သရော ပြောလိုက်သည်။
သူ၏အသံမှာ အနည်းငယ် စိတ်လှုပ်ရှားနေလေ၏။ အဘယ်ကြောင့်ဆိုသော် အစားပိုစားခြင်းက ကောင်းသောလက္ခဏာဖြစ်နိုင်ပြီး၊ ပိုင်ဇယ်လေး လိုအပ်သော ဝိညာဉ်စွမ်းအင်ပမာဏ တိုးပွားလာခြင်းကို ပြသနေသောကြောင့်ပင်။
ပိုင်ဇယ်ပေါက်စလေးသာ ကြီးထွားလာပါက၊ ပြုစုစောင့်ရှောက်ရသော သူတို့အနေဖြင့်လည်း အကျိုးဆောင်မှုရမည်မှာ သေချာလှပေ၏။
"သူခိုးရှိနေတာများ ဖြစ်နိုင်မလား...” အခြားတာဝန်ခံတပည့်တစ်ဦးက ခပ်တိုးတိုး မေးခွန်းထုတ်လိုက်ပြီး "အဆင့်တက်လှမ်းဖို့အတွက် ဝိညာဉ်စွမ်းအင် လိုအပ်ချက်များလာတယ်ဆိုရင်တောင်၊ ရုတ်တရက်ကြီး နှစ်ဆတောင်တိုးသွားတာမျိုးကတော့ နည်းနည်းလွန်မနေဘူးလား...” ဟု ဆိုလေသည်။
"အဲ...” ထိုစကားကို ကြားသောအခါ လူတိုင်း ခေတ္တမျှ စဉ်းစားသွားကြပြီးနောက်၊ ချက်ချင်းပင် လက်များကို ပြိုင်တူခါယမ်းလိုက်ကြကာ "မဖြစ်နိုင်ဘူး… လုံးဝကို မဖြစ်နိုင်ဘူး...”
ဤသို့ ပြတ်ပြတ်သားသား ကောက်ချက်ချလိုက်ခြင်းမှာလည်း သူတို့ကို အပြစ်တင်၍ မရနိုင်ပေ။
အဘယ်ကြောင့်ဆိုသော် ပိုင်ဇယ်သည် နယ်မြေစိုးမိုးလိုစိတ် အလွန်ပြင်းထန်သော ဝိညာဉ်သားရဲတစ်မျိုး ဖြစ်သောကြောင့်ပင်။ နေ့စဉ် အစာသွားပို့ရသော အဂ္ဂိရတ်ခန်းမမှ တပည့်များကိုပင်၊ အဂ္ဂိရတ်အကြီးအကဲ ကိုယ်တိုင်ကိုယ်ကျ ပိုင်ဇယ်ပေါက်စလေးရှေ့သို့ ခေါ်သွားကာ မတိုက်ခိုက်ရန် သေချာမှာကြားထားရခြင်း ဖြစ်လေ၏။
ပုံမှန်အချိန်များတွင် ရှုတောင်ပေါ်၌ မည်သူကမျှ အစောင့်အရှောက်တောင်ထွတ်အနီးသို့ မကပ်ရဲကြခြင်းမှာ၊ ပိုင်ဇယ်ပေါက်စလေး၏ တိုက်ခိုက်လိုစိတ် ပြင်းထန်လွန်းသောကြောင့် ဖြစ်ပြီး၊ အခြားသူများကို တွေ့ရှိပါက ခေါင်းဖြင့် ဝင်တိုက်တတ်သောကြောင့်ပင်။
ပိုင်ဇယ်ပေါက်စလေးထက် ကျင့်ကြံခြင်းအဆင့် မြင့်မားသူများမှာလည်း ရှုတောင်တွင် အနည်းငယ်သာ ရှိကြရာ၊ ထိုကဲ့သို့သော လူများက အစာကျွေးသော ဝိညာဉ်ဆေးလုံးများကို သွားခိုးစရာ အကြောင်းမရှိချေ။ ထို့အပြင် သူတို့ ခိုးယူနိုင်လျှင်တောင်မှ၊ ပိုင်ဇယ်ပေါက်စလေး သိရှိသွားပါက သေချာပေါက် တုံ့ပြန်မည်ဖြစ်ပြီး ယခုကဲ့သို့ ငြိမ်သက်နေမည် မဟုတ်ပေ။
ရင်းနှီးသူများက ခိုးယူခြင်းဖြစ်နိုင်ခြေ ဆိုလျှင်လည်း...။
ပိုင်ဇယ်၏ မာနကြီးသော အကျင့်စရိုက်ကို ရှုတောင်တစ်ခွင်လုံး သိရှိထားကြပြီး၊ ဤနှစ်များအတွင်း ပိလော့တောင်ထွတ်မှ နတ်သမီးကျန်း တစ်ဦးတည်းနှင့်သာ မိတ်ဆွေဖွဲ့ခဲ့ပုံရလေသည်။
နတ်သမီးကျန်းက တိရစ္ဆာန်အစာကို သွားခိုးမည့်လုပ်ရပ်မျိုး လုပ်ပါမည်လော…။
ဤအဓိပ္ပာယ်မရှိသော ခန့်မှန်းချက်ကြောင့် လူတိုင်း ရယ်မောသွားကြပြီး၊ အဂ္ဂိရတ်ခန်းမအတွင်း၌ ပျော်ရွှင်ရယ်မောသံများ ပြည့်နှက်သွားတော့သည်။
...
"အေ့...”
ရွှေမွေးဟူသားရဲကြီးသည် ဝပြဲနေအောင် စားသောက်ပြီးနောက်၊ ထိုနေရာတွင် ပျင်းရိလေးတွဲစွာ ဝပ်နေကာ ခေါင်းကြီးကို ဆန့်ထုတ်ပြီး အလွန်ကျေနပ်အားရစွာ လေချဉ်တက်လိုက်လေ၏။ လေချဉ်တက်သံကြီးမှာ ကောင်းကင်ယံအထိ ဟိန်းထွက်သွားရာ၊ ချူလျန်တစ်ယောက် ကြားလိုက်ရပြီး မျက်မှောင်ကြုတ်သွားတော့သည်။
"သွားစမ်း၊ သွားစမ်း… ငါ့အနားကနေ ဝေးဝေးသွားစမ်း...” သူက ထိုခေါင်းကြီးကို တွန်းဖယ်လိုက်ပြီး "ကိုယ့်ဘာသာ သွားဆော့ချေ...” ဟု ပြောလိုက်သည်။
သို့သော် ရွှေမွေးဟူသားရဲကြီးသည် ခေါင်းမာစွာဖြင့် ချူလျန်ထံသို့ ခေါင်းကို မှီချလာပြီး၊ အလွန်ရင်းနှီးစွာဖြင့် ပွတ်သီးပွတ်သပ် လုပ်နေလေတော့သည်။
ချွဲနွဲ့နေခြင်းပင်။
ယခုအခါ ၎င်း၏ရင်ထဲတွင် ချူလျန်၏နေရာမှာ အလွန်မြင့်တက်နေပြီဖြစ်ပြီး၊ အချစ်ရဆုံး နံပါတ်တစ်သခင်လေး ဖြစ်နေချေပြီ။
လူကို ရိုက်နှက်ရာတွင် အလွန်နာကျင်စေသော ထိုသခင်မကိုမူ တိတ်တဆိတ် နံပါတ်နှစ်နေရာ၌ ထားလိုက်ပါက သိရှိသွားမည် မဟုတ်ပေ။
ခေါင်းကြီးသည် ကောက်ကျစ်စဉ်းလဲစွာဖြင့် နောက်သို့လှည့်ကြည့်လိုက်ပြီး တိနွီဖုန့်၏ နန်းဆောင်ရှိရာဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်လေသည်။
ချူလျန်သည် ပန်းခင်းငယ်လေးထဲတွင် သူ၏ ရွှေရောင်အစင်းပါ ပန်းများနှင့် ဘယ်ရီသီးများကို ပြုစုနေလေသည်။ ရက်အနည်းငယ် မြေဆွထားပြီးနောက် ပန်းခင်းထဲရှိ မြေဆီလွှာအင်အားများ ပြန်လည်ပြည့်ဖြိုးလာသဖြင့်၊ သူသည် သစ်ပင်ဝိညာဉ်ဆေးမှုန့်များကို ထပ်မံဖြူးလိုက်ပြီး ယခုအခါ ရေလောင်းကာ ရိတ်သိမ်းရန် စောင့်ဆိုင်းနေခြင်း ဖြစ်လေ၏။
မနက်ဖြန်သို့ ရောက်ရှိပါက သစ်သီး ဒါဇင်နှင့်ချီ၍ သွားရောက်ရောင်းချနိုင်မည် ဖြစ်ရာ၊ မည်ကဲ့သို့သော ဈေးနှုန်းသတ်မှတ်ချက်က အကောင်းဆုံးဖြစ်မည်ကို သူ၏စိတ်ထဲတွင် တွက်ချက်နေလေသည်။
နှမြောစရာကောင်းသည်မှာ၊ သူ ယခင်က စမ်းသပ်ရောင်းချခဲ့သည်မှာ နဂါးချီ ရွှေရောင်အစင်းကြားသစ်သီးများ ဖြစ်ပြီး၊ ယခုမူ သာမန် ရွှေရောင်အစင်းကြားသစ်သီးများသာ ဖြစ်နေသဖြင့် သေချာပေါက် ကွာဟချက် ရှိနေပေလိမ့်မည်။
ထိုသို့ စဉ်းစားနေစဉ်မှာပင် ခေါင်းကြီးက ထပ်မံ၍ တိုးကပ်လာပြန်သည်။
သို့သော် ဤတစ်ကြိမ်တွင် ချူလျန်အား လာရောက်ချွဲနွဲ့ခြင်း မဟုတ်ဘဲ၊ ယခုလေးတင် သီးထားသော သစ်သီးတစ်လုံးအနီးသို့ ကပ်သွားကာ ဟူးဟူးဟားဟားနှင့် ရှူရှိုက်နေပြီး သွားရည်ကျနေပုံရလေ၏။
အရသာသက်သက်ဖြင့် ပြောရလျှင်၊ အစောပိုင်းက အစောင့်အရှောက်တောင်ထွတ်ပေါ်ရှိ ထိုဝိညာဉ်သစ်သီးများသည် ဤရွှေရောင်အစင်းကြားသစ်သီးလောက် စား၍မကောင်းသဖြင့်၊ ခေါင်းကြီးတစ်ကောင် သွားရည်ကျနေသည်မှာလည်း အံ့သြစရာမဟုတ်ချေ။
"ဒီဟာကိုတော့ မင်း ထိလို့မရဘူးနော်...” ချူလျန်က ၎င်း၏နှာခေါင်းကို ဖိထားလိုက်ပြီး၊ ပြစ်မှုကျူးလွန်လိုသော အတွေးကို ကြိုတင် တားဆီးလိုက်ကာ
"မင်းကို စားကောင်းသောက်ဖွယ်တွေ အများကြီး လိုက်ကျွေးပြီးပြီလေ… ဒါတွေက ငါပိုက်ဆံရအောင် ရောင်းဖို့ချန်ထားတာ… မင်းသာ ခိုးစားရဲစားကြည့်၊ မင်းကို သင်းကွပ်ပစ်မယ်...” ဟု ပြောလိုက်လေသည်။
"ဝေါင်း...”
ရွှေမွေးဟူသားရဲကြီးတစ်ကောင်မှာ နားလည်သည်၊ မလည်သည်တော့ မသိရသော်လည်း၊ ချက်ချင်းပင် လန့်ဖျပ်ခုန်တက်သွားပြီး နောက်ခြေနှစ်ချောင်းကို ကုပ်ကာ နောက်လှည့်၍ အဝေးသို့ ထွက်ပြေးသွားတော့သည်။
ရှုတောင်ပေါ်တွင် ကောင်းကောင်းမွန်မွန် စားသောက်နိုင်သည့်အပြင်၊ လှောင်အိမ်ထဲတွင် ပိတ်လှောင်မခံရတော့ဘဲ လွတ်လပ်ခွင့်ရနေသဖြင့်၊ ထိုတုံ့ဆိုင်းဆိုင်း ပြေးလွှားနေသော ခြေလှမ်းများကို ကြည့်ခြင်းအားဖြင့် ၎င်း အလွန်ပျော်ရွှင်နေကြောင်း သိသာလှပေ၏။
ခေါင်းကြီး အဝေးသို့ ပြေးထွက်သွားသည်နှင့်တစ်ပြိုင်နက်၊ ကောင်းကင်ယံမှ တိုးညင်းသော မိုးခြိမ်းသံတစ်သံ ထွက်ပေါ်လာပြီးနောက်၊ မိုးရေစက်များ တဖွဲဖွဲ ကျဆင်းလာတော့၏။ ညအမှောင်ထုထဲတွင် မိုးရေစက်များသည် ရွှေရောင်ကြိုးတန်းလေးများအလား ဖြစ်နေချေသည်။
"ထပ်လာပြန်ပြီလား...”
ချူလျန်သည် ကောင်းကင်ယံရှိ မိုးတိမ်များကို မော့ကြည့်ရင်း အမှန်တကယ်ပင် နားမလည်နိုင် ဖြစ်သွားရသည်။
အဘယ်ကြောင့်ဆိုသော် ရှောင်ယွီလေးက ဤရက်ပိုင်းအတွင်း ငွေဓားတောင်ထွတ်ပေါ်တွင် မိုးမရွာခဲ့ကြောင်း ပြောခဲ့သော်လည်း၊ သူ ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် မိုးရေများက ဤနေရာတွင် ထပ်မံ ရွာသွန်းလာပြန်သည်။
ဤနဂါးချီမိုးရွာသွန်းမှုသည် သူ့နောက်ကိုသာ လိုက်၍ ရွာနေခြင်းများ ဖြစ်နေမည်လော…။
အလွန်ပင် ထူးဆန်းလှပေ၏။
ဆရာသခင်၏နောက်သို့ လိုက်နေသည်ဟု မထင်ရခြင်းမှာ၊ တိနွီဖုန့်သည် ယခုအခါ တောင်ထွတ်ပေါ်တွင် မရှိဘဲ၊ ပိလော့တောင်ထွတ်သို့ ရှောင်းယွင်ရှေးဟောင်းဓားကို သွားရောက် ပြန်ပေးနေသောကြောင့်ပင် ဖြစ်လေ၏။
ချူလျန်သည် နဂါးမျှားရေကန်ရှိရာ အရပ်ဆီသို့ အဝေးမှ လှမ်းကြည့်လိုက်မိသည်။
နဂါးစစ်ကြီးက ဘာလို့ ဒီလိုလုပ်နေရတာလဲ…။
...
"နဂါးအစစ်ဖြစ်ဖြစ် အတုဖြစ်ဖြစ်၊ ငါ့ကို လာရှုပ်ရဲရင် လက်သီးတစ်ချက်တည်းနဲ့ နားပင်းသွားအောင် ထိုးပစ်မယ်...” တိနွီဖုန့်က ပေါ့ပေါ့ပါးပါး ပြောလိုက်လေသည်။
သူမ၏ရှေ့တွင် ကြည်လင်နေသော ငွေရောင်ရေကန်တစ်ခုရှိပြီး၊ လရောင်အောက်တွင် ပြန့်ပြူးနေသော ကျောက်စိမ်းဖြူတစ်ချပ်နှင့် တူလှပေသည်။
ယင်းမှာ အထီးကျန်တောင်ထွတ်ရှိ နဂါးမျှားရေကန်ပင် ဖြစ်ချေသည်။
အမှန်တကယ်တွင် သူမသည် ပိလော့တောင်ထွတ်သို့ ဓားသွားပြန်ပေးရာမှ၊ တာအိုသခင်ယန်မှာ အထီးကျန်တောင်ထွတ်သို့ သွားရောက်နေကြောင်း သိရှိရသဖြင့် ဤနေရာသို့ ထပ်မံ လိုက်လာခဲ့ခြင်း ဖြစ်လေသည်။
သူမ၏ မီးတောက်အလင်းရောင် ရောက်ရှိလာသည်နှင့်၊ မူလက ငြိမ်သက်နေသော နဂါးမျှားရေကန်ထဲတွင် လှိုင်းဂယက်များ ထွက်ပေါ်လာခဲ့သည်။
စီကုန်းအဘိုးအိုက ရယ်မောရင်း "မင်းရဲ့ တစ်ကိုယ်လုံးက ဖီးနစ်မီးတောက်အရှိန်အဝါတွေနဲ့ နဂါးအစစ်ကို သွားမလန့်စေနဲ့ဦး" ဟု ပြောလိုက်သောကြောင့်သာ တိနွီဖုန့်က ဤသို့ ပြန်လည် တုံ့ပြန်လိုက်ခြင်း ဖြစ်လေ၏။
ဤစကားကို ပြောလိုက်ပြီးနောက်၊ ရေကန်ထဲရှိ နဂါးဖြူကြီး ကြားသွားသည်လား မသိရသော်လည်း၊ ရေပြင်မှာမူ ပြန်လည်၍ ငြိမ်သက်သွားခဲ့ချေပြီ။
"နဂါးအစစ်က ရှုတောင်ရဲ့ ကံတရားကို ထိန်းသိမ်းစောင့်ရှောက်ပေးထားတာ… ဂိုဏ်းသားတပည့်တွေအားလုံးက ပိုင်ဇယ်လိုပဲ ရိုသေလေးစားရမယ်လေ...” စီကုန်းအဘိုးအိုကမူ သူမနှင့် ဒေါသတကြီး မငြင်းခုံဘဲ ဖြည်းညင်းစွာ ပြောလိုက်၏။
"ဂိုဏ်းချုပ်ကြီးရဲ့ တင်းကျပ်တဲ့အမိန့်ကို မင်း မေ့သွားပြန်ပြီလား...”
"ထားစမ်းပါ… ရှင်တို့ရဲ့ ရှုပ်ထွေးလှတဲ့ စည်းကမ်းတွေကို ဂရုမစိုက်နိုင်ပါဘူး...” တိနွီဖုန့်က ပေါ့ပေါ့ပါးပါး လက်ဝှေ့ယမ်းလိုက်ပြီး ဓားသေတ္တာကို မြေကြီးပေါ်သို့ ချလိုက်ကာ ပြောလိုက်သည်။ "ယန်ဇီ… နင့်ရဲ့ အဖိုးတန်နတ်ဘုရားဓားကို ငါပြန်ယူလာပေးပြီနော်...”
တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော တာအိုသခင်ယန်သည် ဖြူစင်သန့်ရှင်းသော ကြာပန်းခုံကြီးတစ်ခုပေါ်တွင် ထိုင်နေပြီး၊ သူမသည် လက်ကိုဝှေ့ယမ်းကာ ဓားသေတ္တာကို ဆွဲယူလိုက်သည်။
သေတ္တာကိုဖွင့်၍ အတွင်းရှိ ရှောင်းယွင်ရှေးဟောင်းဓားကို တစ်ချက် ကြည့်ရှုလိုက်ပြီးနောက် ခေါင်းကို ညင်သာစွာ ညိတ်လိုက်ပြီး "နင်က အစစ်ကိုယူထားပြီး အတုကို ငါ့ဆီပြန်ပို့ပေးမလားလို့ ငါတကယ်ပဲ စိတ်ပူနေခဲ့တာ… ကြည့်ရတာ နင့်အကျင့်က အဲဒီလောက်ထိတော့ မဆိုးရွားသေးဘူးပဲ...”
"ဟာ...” တိနွီဖုန့်၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားပြီး၊ နဖူးကို လက်ဖြင့်ရိုက်ကာ "အဲဒါကို ငါဘာလို့ မတွေးမိလိုက်ပါလိမ့်...” ဟု ရေရွတ်လိုက်လေ၏။
"မင်း မတွေးမိတာပဲ ကံကောင်းတယ်...” စီကုန်းအဘိုးအိုက ဘေးမှနေ၍ ရယ်မောကာ ပြောလိုက်သည်။
"မဟုတ်ရင် ဒီနှစ်တွေထဲမှာ ငါတို့သိချင်နေခဲ့တဲ့ ရှုတောင်ရဲ့ နံပါတ်တစ် တောင်ထွတ်သခင်က ဘယ်သူလဲဆိုတဲ့ကိစ္စက အခု အဖြေပေါ်သွားလောက်ပြီ...”
"ဟွန့်...” တိနွီဖုန့်က သူ့ကို မျက်စောင်းထိုးလိုက်ပြီး "ငါနဲ့ ယန်ဇီနဲ့က ဘယ်လိုဆက်ဆံရေးလဲ… ငါ ဘယ်သူ့ကိုပဲရိုက်ရိုက် သူမကိုတော့ သွားရိုက်မှာမဟုတ်ဘူး… ယန်ဇီကလည်း ငါ့အပေါ် ဒီလိုပဲဆိုတာ ငါယုံကြည်တယ်...”
တာအိုသခင်ယန်သည် မျက်တောင်တစ်ချက်ခတ်လိုက်ပြီး ဘာမှ ဝင်မပြောချေ။
"..." တိနွီဖုန့်၏ အပြုံးမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားရလေတော့၏။
"ဟားဟား… နောက်မနေတော့ဘူး...” စီကုန်းအဘိုးအိုက ခေါင်းယမ်းလိုက်ပြီး "စောစောက ငါနဲ့ တာအိုသခင်ယန်တို့ ပြဿနာတစ်ခုအကြောင်း ဆွေးနွေးနေကြတာ… မင်းလည်း နားထောင်ကြည့်ပါဦးလား...”
"ဘာပြဿနာလဲ...” တိနွီဖုန့်က မေးလိုက်၏။
"ရှုတောင်မှာ သစ္စာဖောက်ရှိနေတယ်...” တာအိုသခင်ယန်က စကားစလိုက်လေသည်။
"ဟင်...” တိနွီဖုန့်တစ်ယောက် အံ့သြသွားရလေသည်။
"အရင်တုန်းက ငါ့တပည့် ကျန်းယွဲ့ပိုင် တောင်ပေါ်မှာ မိစ္ဆာသားရဲရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတယ်… အဲဒါက တစ်ယောက်ယောက်က တမင်တကာ လုပ်ထားတာ ထင်ရှားတယ်လေ… ငါ စုံစမ်းကြည့်ပေမဲ့ ဘယ်သူလုပ်တာလဲဆိုတာ မတွေ့ခဲ့ရဘူး...” တာအိုသခင်ယန်က သူမကို ပြောပြလိုက်သည်။
"နောက်ပိုင်းမှာ ဦးလေးစီကုန်းရဲ့ နဂါးမျှားတဲ့ကိစ္စ အောင်မြင်သွားတော့ သူ့ကို ဗေဒင်တွက်ပေးဖို့ အကူအညီ တောင်းလိုက်တာ...”
"ဗေဒင်တွက်တဲ့ရလဒ်က နည်းနည်းမှုန်ဝါးနေတယ်… စိတ်ထားမဖြောင့်မမှန်တဲ့သူ၊ ဂိုဏ်းထဲမှာ ပုန်းအောင်းနေတဲ့ သစ္စာဖောက်ဆိုတာလောက်ပဲ သိရတယ်...” စီကုန်းအဘိုးအိုက ဝင်ပြောလိုက်၏။
"ဒါပေမဲ့ တစ်ဖက်လူက ငါ့ရဲ့ တွက်ချက်မှုကိုတောင် အပြည့်အဝ မသိရအောင်လုပ်နိုင်တဲ့ ကျင့်ကြံခြင်းစွမ်းအားမျိုး ရှိနေတယ်ဆိုတော့၊ ခန့်မှန်းရသလောက် ဆဌမအဆင့် ဒါမှမဟုတ် သတ္တမအဆင့် သိုင်းပညာရှင်တွေ ဖြစ်ဖို့များတယ်… တောင်ထွတ်သခင်တွေထဲက တစ်ယောက်ယောက်တောင် ဖြစ်နိုင်ခြေရှိတယ်...”
"ဒါဆိုရင် ငါကတော့ ဝမ်ရွှမ်လင်းကို ပထမဆုံး သံသယဝင်တယ်...” တိနွီဖုန့်က ချက်ချင်းပင် ပြောလိုက်လေသည်။
"အခွင့်ကောင်းယူပြီး ပြိုင်ဘက်ကို မဖယ်ရှားစမ်းပါနဲ့ကွာ...” စီကုန်းအဘိုးအိုက ကူကယ်ရာမဲ့စွာဖြင့် သူမကို ကြည့်လိုက်မိသည်။
"ဘယ်သူမဆို ဖြစ်နိုင်တယ်ဆိုမှတော့ ငါလည်း ဒီအတိုင်း သံသယဝင်ကြည့်တာပါ...” တိနွီဖုန့်က ရယ်မောလိုက်ပြီး "ဒါနဲ့ ရှင်တို့ကရော ငါ့ကို ဘာလို့ သံသယမဝင်ကြတာလဲ...” ဟု မေးလိုက်ပြန်၏။
စီကုန်းအဘိုးအိုက ဘာမှမပြောဘဲ တာအိုသခင်ယန်ကို လှည့်ကြည့်လိုက်ရာ၊ တာအိုသခင်ယန်ကမူ အားနာခြင်းမရှိဘဲ ပြောလိုက်လေသည်။ "ငါတို့ တညီတညွတ်တည်း သဘောတူထားတာက သစ္စာဖောက်လုပ်ဖို့ ဆိုတာကလည်း ဦးနှောက်ရှိမှ ရမှာလေ...”
...
ညဉ့်နက်ပိုင်းတွင်။
ချူလျန်သည် ခုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး၊ ချီစက်ဝန်းကို ကိုယ်တိုင် လှည့်ပတ်ကာ ကျင့်စဉ်ကို စတင် ကျင့်ကြံလိုက်လေသည်။
ခေါင်းကြီးအရုပ်၏ အစွမ်းကုန် ကျင့်ကြံပေးမှုကို အားကိုးနေရသော်လည်း၊ သူသည်လည်း မိမိ၏ ကိုယ်ပိုင်ကျင့်ကြံမှုကို မည်သည့်အခါမျှ လျှော့ပေါ့ခဲ့ခြင်း မရှိပေ။
အဘယ်ကြောင့်ဆိုသော် ကျင့်စဉ်ကို ကျင့်ကြံခြင်းသည် လက်ရှိ ကျင့်ကြံခြင်းအဆင့် တိုးတက်စေရုံသာမက၊ အနာဂတ် ကျင့်ကြံမှုအတွက် အခြေခံအုတ်မြစ် ချပေးခြင်းလည်း ဖြစ်ကြောင်း သူ သိထားသောကြောင့်ပင်။
အကယ်၍ မိမိကိုယ်တိုင်က ကျင့်စဉ်အပေါ် လုံလောက်သော ကျွမ်းကျင်ပိုင်နိုင်မှု မရှိပါက၊ အလကားရလာသော ကျင့်ကြံခြင်းစွမ်းအားများ မည်မျှပင် မြင့်မားနေစေကာမူ၊ လေထဲတွင် တည်ဆောက်ထားသော တိုက်အိမ်တစ်ခုသာ ဖြစ်နေပေလိမ့်မည်။
သူ၏ အတွေးမှာ မည်သည့်ကိစ္စတွင်မဆို ဖြတ်လမ်းကို ရှာဖွေနိုင်သော်လည်း၊ ထိုဖြတ်လမ်းကိုလည်း ခြေလှမ်းမှန်မှန်ဖြင့် လျှောက်လှမ်းရမည်သာ ဖြစ်သည်ဟူ၍ပင်။
ကိုးသွယ်ကောင်းကင် နက်ရှိုင်းနှလုံးသားကျင့်စဉ်သည် ဖြောင့်မတ်တည်ငြိမ်ပြီး၊ အတွင်း၌ မဟာတာအို၏ နက်ရှိုင်းသော သဘောတရားများ ပါဝင်နေသဖြင့်၊ သေချာစွာ လေ့လာစူးစမ်းပါက အနာဂတ်တွင် ကောင်းကင်တံခါးသို့ ရောက်ရှိလာချိန်၌ တာအိုသိရှိခြင်းအဆင့်သို့ တက်လှမ်းရာတွင် အထောက်အကူ ဖြစ်နိုင်ပေ၏။
သို့သော် ယနေ့ သူ၏ ကျင့်ကြံမှုမှာ အနည်းငယ် ထူးဆန်းနေလေသည်။
သူ မည်မျှပင် ကျင့်စဉ်ကို လှည့်ပတ်စေကာမူ၊ ကျင့်ကြံခြင်းစွမ်းအား တိုးတက်လာခြင်းမရှိချေ။
ယခင်က ကျင့်ကြံခြင်းစွမ်းအား တိုးတက်မှုမှာ အလွန်နှေးကွေးသော်လည်း၊ အခြေခံချီစွမ်းအင်များ ချီပင်လယ်အတွင်းသို့ ဝင်ရောက်သွားသည်နှင့်အမျှ ခိုင်မာအားကောင်းလာသော ခံစားချက်ကို သိသိသာသာ ခံစားရလေ့ရှိသည်။
ယနေ့တွင်မူ အားလုံးမှာ လွင့်စင်ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေချေ၏။
ခေါင်းကြီးအရုပ်ထံမှ လွှဲပြောင်းပေးလာသော အခြေခံချီစွမ်းအင်များမှာလည်း ထိုနည်းတူပင် ဖြစ်နေသည်။ ချီစက်ဝန်းရုပ်သေးလေးသည် မီးခိုးများထွက်မတတ် အပြင်းအထန် လည်ပတ်နေသော်လည်း၊ ကျင့်ကြံခြင်းစွမ်းအား တစ်စက်မျှပင် တိုးတက်လာခြင်းမရှိချေ။
ခန္ဓာကိုယ်ကို အနည်းငယ် စစ်ဆေးကြည့်လိုက်ရာ၊ သူ၏ ခန္ဓာကိုယ်တွင် မည်သည့်ပြဿနာမျှ မရှိကြောင်းနှင့် ကျင့်စဉ်လည်ပတ်မှုမှာလည်း မည်သည့်ပြဿနာမျှ မရှိကြောင်း သေချာသွားလေသည်။
ထိုသို့ဆိုလျှင် အကြောင်းရင်း တစ်ခုတည်းသာ ရှိတော့ပေသည်။
ဝိညာဉ်အသိအမြင်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားခြင်းပင်။
"ဟူး...” ချူလျန်သည် သက်ပြင်းကို ညင်သာစွာ ချလိုက်မိသည်။
သတိမထားမိလိုက်ချိန်မှာပင် အဆင့်တက်လှမ်းသွားပြန်ပြီ။