← Chapters

အညွှန်း

Vol. 13 Ch. 130

အညွှန်း

Vol. 13 Ch. 130

နောက်တစ်နေ့ နံနက်မိုးလင်းသောအခါ သူသည် ဓားလဲလှယ်ရေးခန်းမသို့ ထပ်မံရောက်ရှိလာခဲ့လေသည်။

ဝမ်ယွဲ့လုံသည်လည်း ဤနေရာတွင် နေ့စဉ် အလုပ်ဆင်းလေ့ရှိသည်တော့ မဟုတ်ပေ။ ချူလျန်သည် ကြိုတင်၍ စက္ကူကြိုးကြာငှက်ဖြင့် သတင်းမေးမြန်းပြီးမှသာ လာရောက်ခဲ့ခြင်း ဖြစ်ပေ၏။

ဤညီငယ်လေးမှာ မကြာသေးမီက အလုပ်မဖြစ်သေးသည်မှာ သေချာလှပေသည်။ ထိုနေရာတွင် ပျင်းရိငြီးငွေ့စွာ ထိုင်နေရင်း ချူလျန်ရောက်လာသည်ကို မြင်လိုက်ရသောအခါ ဖြူဝင်းသော မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ချက်ချင်း ပေါ်ထွက်လာပြီး နှုတ်ဆက်လိုက်လေသည်။

"မတွေ့ရတာ ကြာပြီနော် ဂိုဏ်းတူအစ်ကိုချူ..."

"သိပ်လည်း မကြာသေးပါဘူးလေ... ရက်အနည်းငယ်လောက်ပဲ ရှိသေးတာကို..." ဟု ချူလျန်က ရယ်မောလျက် ပြန်ပြောလိုက်၏။

သူနှင့် ဝမ်ယွဲ့လုံတို့မှာ အတော်လေး ရင်းနှီးနေပြီဖြစ်ရာ အစပိုင်းကကဲ့သို့ လောကွတ်ချော်နေရန် မလိုအပ်တော့ချေ။

"ဝင်ငွေမရှိတဲ့ အချိန်တွေက အမြဲတမ်း ပိုပြီး ရှည်လျားတတ်တယ်လေ..." ဝမ်ယွဲ့လုံက ရယ်မောလိုက်လေသည်။

သူတို့ကဲ့သို့သော ခန်းမဆောင်အသီးသီးမှ တာဝန်ခံတပည့်များသည် တာဝန်များ သွားရောက်ထမ်းဆောင်ရန် အချိန်မရှိကြပေ။ ဓားဒင်္ဂါးများ ရှာဖွေရသည့် နည်းလမ်းမှာလည်း ကွဲပြားခြားနားကြလေသည်။

သူ၏ မှော်ဝင်ပစ္စည်းများ ကိုယ်စားသန့်စင်ပေးရသော အလုပ်မျိုးမှာ သဘာဝကျကျပင် ကော်မရှင်ခကိုသာ အားထားရခြင်း ဖြစ်၏။

"ကြည့်ရတာ ငါကလွဲရင် မင်းရဲ့ပါရမီကို ဘယ်သူမှ မတွေ့သေးပုံပဲ..." ဟု ချူလျန်က ရယ်မောရင်း ပြောလိုက်ပြီး အိတ်ကပ်ထဲမှ ကျိုးပဲ့နေသော သစ်ရွက်ပျံဓားကို ထုတ်ယူကာ ဆက်ပြောလိုက်သည်။ "ဒီမှာ တစ်ချက်လောက် ကြည့်ပေးပါဦး..."

"အာ..." ဝမ်ယွဲ့လုံသည် ချက်ချင်းပင် နှမြောတသဖြစ်သွားသော အမူအရာကို ပြသလိုက်၏။ ၎င်းကို ကောက်ယူ၍ ဂရုတစိုက် အကဲခတ်ကြည့်ရှုပြီးနောက်မှသာ သူ၏ မျက်မှောင်ကြုတ်ထားမှုမှာ အနည်းငယ် ပြေလျော့သွားလေသည်။ "တော်သေးတယ်... ပျက်စီးသွားတာ သိပ်မဆိုးရွားလို့..."

"ပြီးခဲ့တဲ့တစ်ခေါက်က အပေါက်လေးတစ်ခုပဲ ဖြစ်သွားတာလေ... ဒီတစ်ခေါက်က အကုန်လုံး အပိုင်းပိုင်းအစစ ဖြစ်သွားတာကို..." ချူလျန်ခမျာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရလေသည်။

"ဟဲဟဲ... အစ်ကိုက နားမလည်လို့ပါ..." ဝမ်ယွဲ့လုံက လေးနက်စွာ ရှင်းပြလိုက်၏။

"ပြီးခဲ့တဲ့တစ်ခေါက်က အပေါက်လေးတစ်ခု ဖြစ်သွားပေမဲ့ အစီအရင်ကမ္ပည်းလိုင်းတွေကို လုံးဝ ပျက်စီးသွားစေတယ်... ဒီတစ်ခေါက်က အပိုင်းပိုင်း ကွဲသွားပေမဲ့ အစီအရင်ကမ္ပည်းလိုင်းတွေက အကောင်းတိုင်း ရှိနေသေးတယ်လေ... ကုန်ကြမ်းပစ္စည်း ပျက်စီးသွားတာလောက်ကတော့ ပြန်ပြင်ဖို့ အရမ်းလွယ်ပါတယ်..."

"အဲလိုကိုး..." ချူလျန်က ခေါင်းညိတ်လိုက်ပြီး "ပြီးခဲ့တဲ့တစ်ခေါက်ထက် ပိုဈေးကြီးသွားမလားလို့ စိတ်ပူနေတာ... ဒီလိုဆိုရင်တော့ စိတ်အေးသွားပြီ..." ဟု ဆိုလေ၏။

"အာ..." ဝမ်ယွဲ့လုံတစ်ယောက် နောက်ကျမှ သဘောပေါက်သွားပြီး ရေရွတ်လိုက်မိသည်။ "ကျွန်တော်က နည်းနည်း ပိုဆိုးသယောင် ပြောပြပြီး ဈေးပိုတောင်းခဲ့သင့်တာ..."

"လူငယ်တွေက ဒီလို မကောင်းတဲ့အကျင့်တွေကို မသင်ယူသင့်ဘူး... ဖောက်သည်တွေ အမြဲလာစေချင်ရင် ရိုးရိုးသားသား ဆက်ဆံရမယ်လေ..." ချူလျန်သည် သူ့အား မှန်ကန်သော တန်ဖိုးထားမှုများကို အလျင်အမြန် သွတ်သွင်းပေးလိုက်ပြီးနောက် ကြာနီရတနာပုလဲကို ထုတ်ယူကာ ဆက်ပြောလိုက်သည်။ "ဒီဟာကရော ဘယ်လောက်တန်မလဲဆိုတာ ထပ်ကြည့်ပေးပါဦး..."

ဝမ်ယွဲ့လုံသည် ကျိုးပဲ့နေသော သစ်ရွက်ပိုင်းများကို ဘေးသို့ချထားလိုက်ပြီး ကြာနီရတနာပုလဲကို လှမ်းယူလိုက်သည်။ အကဲခတ်ကြည့်ရှုပြီး အတန်ကြာ ပွတ်သပ်ပြီးနောက် ပြောလိုက်ပြန်သည်။

"ပစ္စည်းကောင်းပဲ... သဘာဝရတနာကို တစ်ကြိမ်လောက် အကြမ်းဖျင်း သန့်စင်ထားရုံနဲ့တင် ဒီလောက် စွမ်းအားရှိနေတာ... တကယ်လို့ ကျွန်တော့်လက်ထဲမှာသာ နောက်တစ်ကြိမ် သေချာပြန်လည် သန့်စင်လိုက်မယ်ဆိုရင် စွမ်းအားတွေ ထပ်တိုးလာနိုင်ဦးမယ်...

အဲဒီအချိန်ကျရင် တန်ဖိုးက ဓားဒင်္ဂါး နှစ်ထောင်ကျော်လောက် ရှိသွားလိမ့်မယ်... တိုက်ခိုက်ရေးစွမ်းအားရှိပြီး အချိန်အကြာကြီး အသုံးပြုလို့ရမယ့် မှော်ဝင်ရတနာ ဖြစ်နေတာမို့ နည်းနည်းတော့ ဈေးပိုကြီးလိမ့်မယ်..."

နှစ်ထောင်တဲ့လား...။

ဤဈေးနှုန်းမှာ ချူလျန် ထင်မှတ်ထားသည်ထက်ပင် ပိုမို မြင့်မားနေချေ၏။

ထိုသို့တွက်ကြည့်မည်ဆိုပါက ဤတောက်ထျယ်မြို့ ခရီးစဉ်မှာ အမှန်တကယ်ပင် အကျိုးအမြတ် များပြားလှပေ၏။

သောင်းနှင့်ချီ၍ တန်ဖိုးရှိသော ခေါင်းကြီးမှာ လက်ရှိတွင် အရှုံးပေါ်မည့် အရိပ်အယောင်များ ရှိနေသော်လည်း...။

၎င်း၏ မူလတန်ဖိုးမှာ ရှိနေဆဲပင် ဖြစ်၏။

ဝူချန်ဓားမှာမူ ပြောဖွယ်ရာပင် မလိုတော့ချေ။ အကြံအစည်ရှိသူများ မျက်စိကျလာမည်ကို စိုးရိမ်သဖြင့် လူအများရှေ့တွင်ပင် မထုတ်ပြဝံ့ပေ...။

၎င်းတို့အပြင် ယခု ကြာနီရတနာပုလဲပါ ထပ်ပေါင်းလိုက်မည် ဆိုလျှင်။

တကယ့်ကို အချီကြီးပွခြင်းပင် ဖြစ်ချေတော့၏။

"အဲ..." ဝမ်ယွဲ့လုံသည် ကြာနီရတနာပုလဲကို ကြည့်ရင်း ရုတ်တရက် ပြောလိုက်လေသည်။

"ကျွန်တော် သစ်ရွက်ပျံဓားကို ပြင်ဆင်တာနဲ့ ဒီရတနာကို သန့်စင်တာကို တစ်ပြိုင်တည်း လုပ်ဆောင်လို့ ရတယ်... ဒီမှော်ဝင်ရတနာကို သစ်ရွက်ပျံဓားပေါ်မှာ မြှုပ်နှံလိုက်ပြီး အစီအရင်ကမ္ပည်းလိုင်းတစ်ခု ထပ်ဖြည့်ပေးလိုက်ရင်ရော ဘယ်လိုနေမလဲ..."

"ထပ်ဖြည့်ဦးမလို့လား..." ချူလျန် အံ့အားသင့်သွားရလေ၏။

ယခုတွင် သေးငယ်သော သစ်ရွက်လေးတစ်ရွက်မှာပင် ပျံသန်းမှုပုံစံ၊ တိုက်ခိုက်ရေးပုံစံ၊ ကာကွယ်ရေးပုံစံဟူ၍ ပုံစံသုံးမျိုး ရှိနေပြီ ဖြစ်သည် မဟုတ်ပါလော…။

အကယ်၍ နောက်ထပ် တစ်ခုထပ်တိုးလာမည်ဆိုပါက ပြောင်းလဲမှုများ များလွန်းမနေဘူးလော...။

"ဟုတ်တယ်... အဲဒီအချိန်ကျရင် ကျွန်တော့်လက်ထဲကနေ အသွင်မျိုးစုံ ပြောင်းလဲနိုင်တဲ့ ပေါင်းစပ်မှော်ဝင်ပစ္စည်းတစ်ခု ပေါ်ထွက်လာနိုင်တယ်လေ..." ဝမ်ယွဲ့လုံက ပြောလိုက်ရာ သူ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်ရောင်ခြည်များ တောက်ပလာပြန်သည်။

ချူလျန်မှာမူ သူ့လောက် စိတ်အားထက်သန်မှု မရှိဘဲ အကျိုးနှင့် အပြစ်ကိုသာ တိတ်တဆိတ် ချိန်ဆတွက်ချက်နေမိတော့သည်။

ဤကဲ့သို့သော ပေါင်းစပ်မှော်ဝင်ပစ္စည်းမျိုးသည် သဘာဝကျကျပင် ကောင်းကျိုးနှင့် ဆိုးကျိုး ရှိလေသည်။

ကောင်းကျိုးမှာ မှော်ဝင်ပစ္စည်း အများအပြား၏ စွမ်းအားများကို တစ်ခုတည်းအဖြစ် ပေါင်းစပ်နိုင်သဖြင့် ထိန်းချုပ်ရာတွင် စိတ်အင်အားကို များစွာ သက်သာစေပြီး အသုံးပြုရ ပိုမို လွယ်ကူစေလေသည်။

သို့သော် ဆိုးကျိုးမှာ ဤသို့ပေါင်းစပ်လိုက်ခြင်းကြောင့် အချို့သော စွမ်းအားများကို တစ်ပြိုင်နက်တည်း အသုံးပြု၍ မရနိုင်တော့ခြင်းပင် ဖြစ်၏။

ဥပမာအားဖြင့်၊ သစ်ရွက်ပျံဓား၏ ကာကွယ်ရေးအစီအရင်နှင့် ပျံသန်းမှုအစီအရင်ကို တစ်ပြိုင်နက်တည်း အသက်သွင်းနိုင်သော်လည်း၊ ကာကွယ်ရေးအစီအရင်နှင့် တိုက်ခိုက်ရေးအစီအရင်ကိုမူ တစ်ပြိုင်နက်တည်း အသက်သွင်း၍ မရနိုင်ပေ။

မှော်ဝင်ရတနာများ အများအပြား ပေါင်းစပ်ထည့်သွင်းလိုက်ပါက အချည်းနှီး ဖြစ်သွားနိုင်ချေ ရှိပေသည်။

ထို့ကြောင့် ဤကိစ္စကို အခြေအနေအရ သေချာစွာ ခွဲခြမ်းစိတ်ဖြာရန် လိုအပ်ပေသည်။

ကြာနီရတနာပုလဲ၏ စွမ်းအားကို စဉ်းစားသုံးသပ်ပြီးနောက်၊ ၎င်းကို သစ်ရွက်ပျံဓားထဲသို့ ပေါင်းစပ်ထည့်သွင်းခြင်းက မဆိုးလှဟု ချူလျန် ခံစားလိုက်ရသဖြင့် ခေါင်းညိတ်ကာ "ကောင်းပြီလေ..." ဟု သဘောတူလိုက်၏။

"သဘောတူပြီနော်..." ဝမ်ယွဲ့လုံသည် စိတ်အားထက်သန်စွာဖြင့် စမ်းသပ်ကြည့်ချင်နေတော့သည်။

ချူလျန် ရောက်လာတိုင်း သူ့အတွက် အံ့ဩဖွယ်ရာများကို သယ်ဆောင်လာပေးလေ့ ရှိသည် မဟုတ်ပါလော။

"ပြီးတော့ ဒီအရှိန်အဝါဖုံးကွယ်ပုဝါပါးကိုလည်း ငါ ယူလာခဲ့တယ်..." ချူလျန်သည် အပိုင်းနှစ်ပိုင်းဖြစ်နေသော အရှိန်အဝါဖုံးကွယ်ပုဝါပါး ကုန်ကြမ်းများကိုပါ ထုတ်ယူလိုက်လေသည်။

ယခုအခါ သူသည် ဤလုပ်ငန်းစဉ်ကို ကျင့်သားရနေပြီ ဖြစ်လေသည်။ သူ အပြင်ထွက်၍ စွန့်စားခန်းများ သွားရောက်ပြီး ပြန်လာတိုင်း ဝမ်ယွဲ့လုံထံတွင် အရင်းအမြစ်များကို စုစည်းပေါင်းစပ်ရသကဲ့သို့ ဖြစ်နေချေ၏။

"ပြဿနာမရှိဘူး... မှော်ဝင်ဝတ်ရုံ သန့်စင်ရတာက သိပ်မခက်ခဲဘူး... အစ်ကို့ဆီက ပိုက်ဆံမယူတော့ဘူး..."

ဝမ်ယွဲ့လုံက ရယ်မောလျက် ပြောလိုက်၏။ "ဒါပေမဲ့ သစ်ရွက်ပျံဓားကို သန့်စင်ရတာကတော့ အလုပ်ကြီးဖြစ်လို့... နှစ်ရာ့ငါးဆယ်တော့ ယူရလိမ့်မယ်..."

"ကိစ္စမရှိဘူး..." ချူလျန်က လွယ်ကူစွာပင် သဘောတူလိုက်သည်။

အိတ်ဖောင်းနေချိန်တွင် သူသည်လည်း အမြဲတမ်း တွန့်တိုနေမည် မဟုတ်ချေ။

ယခင်က တောက်ထျယ်မြို့တွင် လူမျက်နှာရှောင်ကို ဝယ်ယူရန် သူ၏ စုဆောင်းငွေများအားလုံး ကုန်ခမ်းသွားသင့်ပေသည်။

သို့သော် မည်သူက ထင်မှတ်ထားမည်နည်း၊ သားရဲတစ်သောင်းခန်းမဆောင်၏ ဆူပူအုံကြွမှုနှင့် ကြုံတွေ့ရပြီး လမ်းခုလတ်တွင်ပင် လူမျက်နှာရှောင်ကို တိုက်ရိုက် သတ်ဖြတ်နိုင်ခဲ့လေသည်။

ရည်ရွယ်ချက်လည်း ပြည့်မြောက်သွားသလို ဝိညာဉ်ကျောက်တုံးဒင်္ဂါးများကိုလည်း ချွေတာနိုင်ခဲ့လေသည်။ ထို့ကြောင့် ယခု ဝမ်ယွဲ့လုံနှင့် ရင်ဆိုင်ရချိန်တွင် သူသည် များစွာ လက်ဖွာနေနိုင်ခြင်း ဖြစ်ပေ၏။

သူတို့နှစ်ဦးသည် အဆင်ပြေသော သဘောတူညီချက်တစ်ခုကို လျင်မြန်စွာ ဆောင်ရွက်ပြီးစီးသွားကြလေသည်။

ကိစ္စများ ပြောဆိုပြီးစီးသွားသောအခါ ချူလျန်က ထပ်မံ မေးမြန်းလိုက်လေသည်။ "ဒါနဲ့... ရွှေအမြုတေတည်ဆောက်တာနဲ့ ပတ်သက်ပြီး မင်း သိထားတာများ ရှိလား..."

"ဟင်... အစ်ကိုက ဝိညာဉ်အသိအမြင်အဆင့် အထွတ်အထိပ်ကို ရောက်နေပြီလား..." ဝမ်ယွဲ့လုံ ချက်ချင်း သဘောပေါက်သွားပြီး "ဂုဏ်ယူပါတယ် ဂိုဏ်းတူအစ်ကိုချူ..."

"ဟူး... ဝမ်းသာရမလား၊ ဝမ်းနည်းရမလားတောင် မသိတော့ပါဘူးကွာ..." ချူလျန်က ပြုံးရင်း ခေါင်းခါလိုက်သည်။

"အင်း… တကယ်တော့ ရွှေအမြုတေတည်ဆောက်တာက ဈေးမပေါဘူးလေ..." ဝမ်ယွဲ့လုံက ပြောလိုက်သည်။ "ကျွန်တော်ကလည်း ရွှေအမြုတေအဆင့်ကို မရောက်သေးတော့... အခြေခံအကျဆုံး အချက်လောက်ပဲ သိတာ..."

"ငါက ပိုလို့တောင် မသိသေး... မင်းက ဆေးဖော်စပ်တဲ့အကြောင်းလည်း သိထားတော့ ငါ့ကို ရှင်းပြပေးပါဦး..." ချူလျန်က ပြောလိုက်၏။

"အင်း..." ဝမ်ယွဲ့လုံက ခေါင်းညိတ်လိုက်သည်။

"ရွှေအမြုတေကို ပုံမှန်အားဖြင့် အထက်၊ အလယ်အလတ်၊ အောက်ဆိုပြီး အဆင့်သုံးဆင့် ခွဲခြားထားတယ်... သေချာပေါက် ဒဏ္ဍာရီလာ အထွတ်အထိပ် ရွှေအမြုတေဆိုတာလည်း ရှိသေးတယ်... ဒါပေမဲ့ အဲဒါကတော့ ကံတရားနဲ့ပဲ ဆိုင်တယ်လေ... အလွယ်တကူ ရနိုင်တာမျိုး မဟုတ်ဘူး..." သူသည် စကားလုံးများကို ရွေးချယ်ပြီးနောက် စတင် မိတ်ဆက်ရှင်းပြလေတော့သည်။

"ကျွန်တော်တို့ ရှုတောင်ဂိုဏ်းရဲ့ ကိုးသွယ်ကောင်းကင် နက်ရှိုင်းနှလုံးသားကျင့်စဉ်မှာ အခြေခံအကျဆုံးက ကိုးသွယ်ကောင်းကင် ရွှေအမြုတေပဲ...

လိုအပ်တဲ့ ကုန်ကြမ်းတွေကတော့ တိမ်ပြာခရမ်းရွက်၊ ဟွာယန်ဟင်္သာပြဒါး၊ နက်ရှိုင်းအမြုတေသြသဓ၊ မြေမခမိုးရေစက်၊ နဂါးမြက်ပင်၊ ကိုးမြွှာပုတီး စတဲ့ သဘာဝရတနာ ခြောက်မျိုး... ဒီပစ္စည်းခြောက်မျိုးက သိပ်ပြီး ရှားပါးလှတာ မဟုတ်ဘူး... ဓားလဲလှယ်ရေးခန်းမမှာ အကုန်ဝယ်လို့ရတယ်... ဈေးနှုန်းကလည်း ဓားဒင်္ဂါး တစ်ထောင်ဝန်းကျင်လောက်ပဲ ရှိတယ်..."

"ဒါပေမဲ့ ဒီအရာတွေက အခြေခံအကျဆုံး အနိမ့်ဆုံးအဆင့် ရွှေအမြုတေကိုပဲ ဖန်တီးနိုင်တာ... တကယ်လို့ အလယ်အလတ်အဆင့် ရွှေအမြုတေကို လိုချင်ရင်တော့... ကြိုးကြာမိုးတိမ်ဆေးမှုန့်နဲ့ စစ်မှန်ယန်ကျောက်တုံး ဆိုတဲ့ ရှားပါးပစ္စည်း နှစ်မျိုးကို ထပ်ပေါင်းထည့်ရမယ်...

အဲဒါတွေ ထည့်လိုက်ရင် အလယ်အလတ်အဆင့် နတ်မိုးကြိုး ရွှေအမြုတေအဖြစ် အဆင့်မြှင့်တင်နိုင်တယ်... ဒီပစ္စည်းနှစ်မျိုးကိုလည်း ဓားလဲလှယ်ရေးခန်းမမှာ ရနိုင်ပါတယ်... အရင်ဟာတွေနဲ့ ပေါင်းလိုက်ရင် နည်းနည်းလေး ပိုဈေးကြီးသွားမယ်... စုစုပေါင်းက ဓားဒင်္ဂါး တစ်ထောင်ကျော်ကျော်လောက် ရှိမယ်..."

"ကျွန်တော်တို့ ရှုတောင်ဂိုဏ်းသားတွေက အနည်းဆုံးတော့ အလယ်အလတ်အဆင့် ရွှေအမြုတေကနေ စတင်ကြရတာပါပဲ... အထက်အဆင့် ရွှေအမြုတေကတော့... အစ်ကို့ရဲ့ ဆန္ဒပေါ်မှာပဲ မူတည်တော့တယ်..."

ဝမ်ယွဲ့လုံသည် စဉ်းစားရင်းဖြင့် ဖြည်းညင်းစွာ ပြောပြနေလေ၏။ ဤအရာများကို မှတ်မိရန်မှာလည်း လွယ်ကူလှသည် မဟုတ်ကြောင်း ထင်ရှားလှပေသည်။

"အထက်အဆင့် ရွှေအမြုတေမှာတော့ ယင်ယန်နဲ့ ဓာတ်ကြီးငါးပါးကို ပေါင်းထည့်ရတယ်... ဥပမာအားဖြင့် မီးဝိညာဉ်မှို ဒါမှမဟုတ် လီယန်စေ့လိုမျိုး မီးဓာတ်ပါတဲ့ သဘာဝရတနာတစ်မျိုးမျိုးကို ပေါင်းထည့်လိုက်ရင်... နတ်မိုးကြိုးမီးတောက် ရွှေအမြုတေကို တည်ဆောက်နိုင်တယ်... ဒီလိုမျိုး အမျိုးမျိုးသော ဝိညာဉ်စွမ်းအားတွေ ပါဝင်လာပြီဆိုရင် အထက်အဆင့်လို့ ခေါ်ဆိုနိုင်ပြီပေါ့..."

"ဒီပစ္စည်းတွေက ဓားလဲလှယ်ရေးခန်းမမှာ လက်ကျန် သိပ်မရှိတော့ဘူး... အများစုက ကိုယ့်ဘာသာ သွားရှာယူမှ ရတာ..." ဝမ်ယွဲ့လုံက ဆက်ပြောလေသည်။

"နောက်ဆုံးတစ်ခုကတော့ အထွတ်အထိပ် ရွှေအမြုတေပဲ... ဒါက အထက်အဆင့် ရွှေအမြုတေရဲ့ အခြေခံအပေါ်မှာ နတ်ဆေးတစ်မျိုးဖြစ်တဲ့ အင်မော်တယ်တက်လှမ်းမြက်ပင်ကို ထပ်ပေါင်းထည့်နိုင်ခဲ့ရင်၊ ရွှေအမြုတေတစ်လုံးလုံးရဲ့ အရည်အသွေးကို နောက်ထပ် အဆင့်တစ်ဆင့် ထပ်မြှင့်တင်နိုင်တာမျိုး... ဒါပေမဲ့ ဒီပစ္စည်းက ကံတရားနဲ့ပဲ ဆိုင်တာဆိုတော့... ရနိုင်မရနိုင်က ကုသိုလ်ကံအပေါ်မှာပဲ မူတည်တော့တယ်..."

"ဂိုဏ်းတူအစ်ကိုချူ..."

သူ အကုန်ရှင်းပြပြီးနောက်တွင်မူ ချူလျန်တစ်ယောက် ငေးငိုင်နေသည်ကို တွေ့လိုက်ရသဖြင့် အလျင်အမြန် ခေါ်လိုက်ရလေသည်။

"ဟူး..." ချူလျန် သတိပြန်ဝင်လာပြီး သက်ပြင်းချကာ ပြောလိုက်သည်။ "ဒီရွှေအမြုတေတည်ဆောက်တာက တကယ့်ကို ဒုက္ခများတာပဲနော်..."

"ဒုက္ခများပေမဲ့လည်း တန်ပါတယ်..." ဝမ်ယွဲ့လုံက ပြောလိုက်သည်။

"ဘာလို့လဲဆိုတော့ ကျင့်ကြံသူတစ်ယောက်က တစ်သက်လုံးမှာ ဒီရွှေအမြုတေတစ်လုံးပဲ လိုအပ်တာလေ... ခွန်အားနည်းနည်း ပိုစိုက်ထုတ်ရတာက မလွန်ပါဘူး..."

"တစ်လုံးတည်းတဲ့လား..." ချူလျန်ခမျာ ခါးသက်သက်သာ ပြုံးလိုက်မိတော့သည်။

...

ငွေဓားတောင်ထွတ်သို့ ပြန်ရောက်လာသောအခါ ချူလျန်သည် လေးလံသော ခံစားချက်ကို ရရှိနေဆဲ ဖြစ်၏။

အကယ်၍ ရွှေအမြုတေရုပ်သေးအတွက်ပါ ရွှေအမြုတေတစ်လုံး တည်ဆောက်ပေးရမည်ဆိုလျှင် သူသည် အနည်းဆုံး နှစ်ကြိမ် တည်ဆောက်ရမည် ဖြစ်ချေ၏။

အကယ်၍ ဖြစ်နိုင်မည်ဆိုပါက မည်သူကများ တစ်သက်လုံးတွင် တစ်ကြိမ်တည်းသာ မတည်ဆောက်လိုဘဲ နေပါမည်နည်း...။

တစ်ကြိမ်တည်းနှင့် နှစ်လုံး တည်ဆောက်လို့ရရင် သိပ်ကောင်းမည်မဟုတ်ပါလော...။

မူလက ရက်အနည်းငယ်လောက် အနားယူနိုင်မည်ဟု တွေးထားခဲ့သော်လည်း ယခုကြည့်ရသည်မှာ အလုပ်တွေ ရှုပ်လာတော့မည့်ပုံ ပေါက်နေချေ၏။

ပိုက်ဆံစုရမည်... ဆေးရှာရမည်... ရွှေအမြုတေ တည်ဆောက်ရမည်...။

အကယ်၍ ရှုတောင်ထိပ်သီးဆွေးနွေးပွဲ မတိုင်မီ ရွှေအမြုတေအဆင့်သို့ ဝင်ရောက်လိုပါက၊ မိမိအတွက် ကျန်ရှိနေသော အချိန်မှာ အမှန်တကယ်ပင် ကျပ်တည်းလှပေသည်။

သူ အချိန်ကို တွက်ချက်နေစဉ် ရင်ဘတ်ထဲမှ တုန်ခါမှုတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။ ဤခံစားချက်မှာ အချိန်အတိုင်းအတာတစ်ခုအထိ မဖြစ်ပေါ်ခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း သူ ချက်ချင်းပင် သတိပြုမိလိုက်လေသည်။

‘ဝိညာဉ်ချုပ်တံဆိပ်ပြားလား...’

သူသည် ဝိညာဉ်ချုပ်တံဆိပ်ပြားကို ထုတ်ယူလိုက်ပြီး ဝိညာဉ်အာရုံကို ထိုဟင်းလင်းပြင်ထဲသို့ စေလွှတ်လိုက်ရာ မျက်စိဖမ်းစားနိုင်သော စာလုံးကြီးတစ်ကြောင်း လွင့်မျောနေသည်ကို တွေ့လိုက်ရလေသည်။

[ မိစ္ဆာ ] : "တောင်ပိုင်းလမ်းပြသူက အမိန့်ပြန်ထားတယ်..."

[ မိစ္ဆာ ] : "(၇)ရက်အတွင်း ကျန်းနန်တောင်တန်း အပြင်ဘက်မှာ စုဝေးကြ..."

‘တောင်ပိုင်းလမ်းပြသူ...’

ခရမ်းရွှေမြို့စား၏ လက်အောက်တွင် လမ်းပြသူ(၈)ဦး၊ မိစ္ဆာ(၂၄)ကောင်နှင့် ဝိညာဉ်ချုပ်သူ (၇၂)ဦး ရှိလေသည်။ ဤတောင်ပိုင်းလမ်းပြသူမှာ အမှောင်ဘုရင်ဂိုဏ်း၏ အထက်ပိုင်းခေါင်းဆောင်များနှင့် အလွန် နီးစပ်သော မိစ္ဆာကျင့်ကြံသူတစ်ဦး ဖြစ်ချေ၏။

သူကိုယ်တိုင် ခေါ်ယူနေသည်ဆိုခြင်းမှာ မည်သို့သော အရေးကြီးကိစ္စများ ဖြစ်ပျက်နေသနည်း...။

သူကိုယ်တိုင် ဝင်ရောက်မေးမြန်းစရာ မလိုလိုက်ဘဲ၊ သဘာဝကျကျပင် လမ်းသရဲတစ်ယောက်က ချက်ချင်း ဝင်ရောက်စာပြန်လိုက်သည်ကို တွေ့လိုက်ရလေ၏။

[ ၅၉ ] : "မိစ္ဆာသခင်... ဘာကိစ္စတွေ ဖြစ်နေလို့လဲ..."

[ မိစ္ဆာ ] : "ကိစ္စအားလုံးကို မင်းတို့ရောက်လာမှပဲ ဆက်ပြီး အသိပေးမယ်... တောင်ပိုင်းလမ်းပြသူက မိမိလက်အောက်ခံ ဝိညာဉ်ချုပ်သူ အသီးသီးကို (၇)ရက်အတွင်း ကျန်းနန်တောင်တန်း အပြင်ဘက်ကို မဖြစ်မနေ ရောက်ရှိဖို့ အမိန့်ပေးထားတယ်... မင်းတို့ သတင်းရတာနဲ့ ချက်ချင်း ခရီးထွက်ကြ..."

[ ၆၀ ] : "သတင်းရပါပြီ..."

ဤသတင်းမှာ ရုတ်တရက်ဆန်လွန်းလှသဖြင့်၊ ချူလျန်တစ်ယောက် အချိန်အတော်ကြာ စဉ်းစားနေပြီးနောက်တွင်ပင် ပြန်စာမပို့ရသေးချေ။ အဘယ်ကြောင့်ဆိုသော် သဘောတူလိုက်သည်နှင့် (၇)ရက်အကြာတွင် သူတို့နှင့် သွားရောက်တွေ့ဆုံရမည် ဖြစ်သောကြောင့်ပင်။

အမှန်တကယ်ပင် လူကို အနည်းငယ် စိတ်လှုပ်ရှားစေလေ၏။

‘ဒီလောက်ရက်အကြာကြီး အဆက်အသွယ်မလုပ်ဘဲ နေပြီးကာမှ... ရောက်လာတာနဲ့ တစ်ခါတည်း ဒီလောက်ကြီးမားတဲ့ ဖိအားတွေ ပေးနေရသလား...’

သူသည် ဤလူများကို တစ်ခါတည်း အမြစ်ပြတ်ချေမှုန်းနိုင်ရန် ဂိုဏ်းသို့ ကြိုတင်သတင်းပို့၍ ရနိုင်သော်လည်း၊ အလွန် သတိကြီးသော မိစ္ဆာဂိုဏ်း ကျင့်ကြံသူများအတွက်မူ ပိုက်ကွန်သိမ်းရန် အခွင့်အရေးမှာ တစ်ကြိမ်သာ ရှိမည် ဖြစ်လေ၏။

ယခု ခေါ်ယူနေသူမှာ တောင်ပိုင်းလမ်းပြသူ တစ်ဦးသာ ဖြစ်ပြီး၊ ဆရာသခင်၏ ပစ်မှတ်ဖြစ်သော ခရမ်းရွှေမြို့စားမှာ ထွက်ပေါ်လာခြင်း မရှိသေးပေ။ ထို့ကြောင့် ဤသူ့ကို ဖမ်းဆီးရန် တန်ဖိုးရှိမရှိ ချူလျန် စိတ်ထဲတွင် တွက်ချက်ကြည့်ရပေမည်။

[ ၅၉ ] : "လမ်းပြသူသခင်က ကျန်းနန်တောင်တန်းထဲက ထူးခြားတဲ့ ရတနာတစ်ခုခုကို မျက်စိကျသွားလို့၊ အဲဒါကို သွားယူဖို့ လူစုနေတာ ဖြစ်လောက်မယ်နော်..."

[ ၅၉ ] : "အရမ်းကို စိတ်လှုပ်ရှားဖို့ ကောင်းတာပဲ..."

[ ၅၈ ] : "သတင်းရပါပြီ..."

All Chapters